ဂိမ်းအကြောင်းမိတ်ဆက်ခြင်း
Vol. 16 Ch. 210
လအနည်းငယ်အကြာတွင် မာထန်၏ ဂိမ်းကို စတင်မိတ်ဆက်တော့သည်။ ရှောင်းရီ၏ အကူအညီဖြင့် ဖန့်ကြွယ်ယွီသည် ဆာဗာကို နှစ်ပတ်အတွင်း အပြီးတည်ဆောက်သည်။ ထန်းရွှမ်ကုမ္ပဏီ၏ ဝန်ထမ်းများက နေ့မအိပ်ညမအိပ် ကြိုးစားသဖြင့် ဂိမ်းကို တရုတ်နှစ်သစ်ကူးမရောက်ခင် တစ်လအလိုတွင် စတင်မိတ်ဆက်နိုင်ခဲ့သည်။
ထိုဂိမ်းက စျေးကွက်ထဲတွင် မည်သို့မည်ပုံရှိမည်ဆိုတာ မသိပေ။ ထို့ကြောင့် ပထမဆုံးအသုတ်အနေဖြင့် ဂိမ်းစက်ပေါင်းတစ်သိန်းကိုသာ ထုတ်လုပ်သည်။
ထိုဂိမ်းအကြောင်းနှင့် ပတ်သက်သော ကြော်ငြာများသည် အင်တာနက်တခွင် စိုးမိုးထားခဲ့သည်။
၈၀% ပြင်ပထိတွေ့မှုအတိုင်းခံစားရမည်…
ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း။
ခေတ်မီနိုင်ငံကြီးများမှာတောင် ထိုနည်းပညာကို တီထွင်နိုင်လို့လား..
လူသားအထိအတွေ့ အာရုံခံစားမှုစနစ်သည် အလွန်ပင် ရှုပ်ထွေးသည်။ ဦးထုပ်တစ်လုံးဆောင်းထားရုံဖြင့်ပြင်ပကမ္ဘာမှာ ဖြစ်နေသလိုမျိုး အထိအတွေ့ကို ဘယ်လိုလုပ်ခံစားရမည်နည်း။
အပြောထက် လက်တွေ့က ပိုပြီးခက်ပေလိမ့်မည်။
ဒါတင်မကသေးပဲ ထန်းရွှမ်ကုမ္ပဏီသည် လူအား ငွေအား စိုက်ထုတ်ပြီး ထိုဂိမ်းအပေါ် ရင်းနှီးမြှုပ်နှံခဲ့သည်။
ထိုဂိမ်းသာ အရှုံးနှင့်ရင်ဆိုင်ပါက ထန်းရွှမ်ကုမ္ပဏီ၏ အနာဂတ်လည်း မသေချာတော့ပေ။
ထန်းရွှမ်ကုမ္ပဏီ၏ စတော့ရှယ်ယာများက စျေးကျနေသည်မှာကြာမြင့်ခဲ့ပြီဖြစ်သည်။
သို့သော်ဖန့်ကြွယ်ယွီနှင့်မာထန်တို့က ထိုဂိမ်းအပေါ်အပြည့်အဝယုံကြည်သည်။ သို့သော် ထိုဂိမ်းက ကျဆင်းနေသော စတော့ရှယ်ယာစျေးနှုန်းကို ဆွဲတင်နိုင်လိမ့်မည်ဟု တော်တော်များများက မထင်ကြပေ။
တချို့က ထန်းရွှမ်ကို အလိမ်အညာကုမ္ပဏီဟု ထင်ကြသည်။
အင်တာနက်ကုမ္ပဏီတစ်ခုက နိုင်ငံတစ်ခုတောင် မစွမ်းဆောင်နိုင်သောနည်းပညာကို ထုတ်လုပ်နိုင်သနည်း။
သို့သော် ဖန့်ကြွယ်ယွီနှင့် မာထန်တို့က ထိုအခွင့်အရေးကို အသုံးချပြီး ရှယ်ယာအများစုကို ရယူရန် ပြင်ဆင်ထားကြသည်။ သူတို့နှစ်ယောက်ပေါင်းရှယ်ယာသည် ၉၅% ကျော်လိမ့်မည်။
နောက်ဆုံးတော့ ဂိမ်းစတင်ဖြန့်ချီသည့်ရက်ကို ရောက်လာတော့သည်။
ထိုနေ့တွင် ဂိမ်းကို လက်တွေ့ခံစားနိုင်ရန် ကမ္ဘာအနှံ့မှ ဧည့်သည် ၁၀၀ကို ဖိတ်ခေါ်ထားပြီး ဂိမ်းကို အစမ်းဆော့ခိုင်းဖို့ ပြင်ထားကြသည်။
ဧည်သည့်များကို အာရှ၊ ဥရောပနှင့် အမေရိကားဘက်မှ ရွေးချယ်ထားခြင်းဖြစ်သည်။ ဧည့်သည်များအားလုံးသည် VR ဂိမ်းသမားများဖြစ်ကြသည်။
ဧည့်သည်များက ထန်းရွှမ်ကုမ္ပဏီ၏ နည်းပညာအပေါ် အနည်းငယ် သံသယစိတ်ရှိကြသည်။ ပြင်ပလောကမှာ ခံစားရသည့် အထိအတွေ့နှင့် ၈၀% တူအောင် ဂိမ်းက ပေးစွမ်းနိုင်သည်ဆိုသော အချက်ကို သံသယဖြစ်နေကြသည်။
ထိုဂိမ်းမျိုးကို အချိန်ကာလတိုအတွင်း ဖန်တီးထုတ်လုပ်နိုင်သည့်အချက်ကိုလည်း အံ့အားသင့်နေကြသည်။
သို့သော် ထန်းရွှမ်က သူတို့ကို ဖိတ်ခေါ်ပြီး လက်တွေ့ခံစားစေသည်။ တချို့က ဂိမ်းအသစ်အဆန်းတစ်ခုကို စမ်းသပ်လိုစိတ်ဖြင့်လာကြသည်။ တချို့က ထိုဂိမ်းက ဖြစ်နိုင်ပါ့မလားဟူသော သံသယစိတ်ဖြင့် ပွဲတက်လာကြသည်။
ဂိမ်းစတင်မိတ်ဆက်သည့်အခမ်းအနားကို အွန်လိုင်းပေါ်မှ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သည်။ ဂိမ်းကို အစမ်းဆော့နိုင်ရန် ဂိမ်းစက်ပေါင်း ၁၀၀ကိုလည်းပြင်ထားသည်။ ဂိမ်းမှာဖြစ်ပျက်သမျှ အရာများကို ပြသနေသော ဖန်သားပြင် အကြီးကြီးတစ်ခုလည်းရှိသည်။
တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုက ၇:၃၀မှ စတင်မည်ဆိုသော်လည်း ၇:၀၀ထဲက ကြည့်ရှုသူများစွာ ရောက်နေကြပြီးဖြစ်သည်။
“၈၀%လောက် ထပ်တူ အပြင်မှာဖြစ်နေသလိုခံစားရမယ်ဆိုတာဘယ်လိုလဲ”
“မဖြစ်နိုင်တာ။ ပုံရိပ်ယောင်နည်းပညာက အဆင့်မြင့်လာပြီဆိုပေမဲ့ အဲ့လောက်ထိ လုပ်နိုင်ပါ့မလား။ ဒါက နည်းပညာတစ်ခုထဲနဲ့ ရနိုင်လို့လား”
“ဟုတ်တယ်။ သူပြောတာထောက်ခံတယ်။ထန်းရွှမ်က ငါတို့ကိုဘယ်လိုအရူးလုပ်မလဲဆိုတာ ကြည့်ကြတာပေါ့ကွာ”
“ဒီပွဲကို တက်တဲ့လူတွေကတော့ အရူးလုပ်ခံရတော့မှာပဲ သေချာတယ်”
“ဥက္ကဌဖန့်က ဒီပရောဂျက်ထဲ ပါတယ်ပြောတယ်။အဲ့လူက နယ်နယ်ရရလူမဟုတ်ဘူး”
“ပိုက်ဆံရှိတာနဲ့ ဘာဆိုင်လို့လဲ။ ချမ်းသာတိုင်း နည်းပညာကို ဝယ်လို့ရတာမှမဟုတ်တာ။နည်းပညာက မစွမ်းဆောင်နိုင်တဲ့ အရာတွေရှိသေးတယ်လေကွာ”
“ဒီလူတွေ နောက်ပိုင်း ဒီဂိမ်းကို ဘယ်လိုမှတ်ချက်ပြုကြမယ်လို့ထင်လဲ..မစ္စတာမာ”
ဖန့်ကြွယ်ယွီနှင့် မာထန်သည် ကော်ဖီလက်ဆုံသောက်ရင်း စကားပြောနေကြသည်။
“သေချာတော့ မသိဘူး။ ဒါပေမဲ့ အရမ်းမိုက်တဲ့ဂိမ်းဆိုတာ လက်ခံသွားကြမှာပါ”
ထိုဂိမ်းကို ဆော့သည့်သူတိုင်း သဘောကျနှစ်ခြိုက်လိမ့်မည်ဆိုတာ မာထန်လောင်းရဲသည်။
“ဒါပေမဲ့ ဒီဂိမ်းကိုလာစမ်းဆော့တဲ့ လူတွေနဲ့ ငါတို့က ကြိုတင်ပြီးဇာတ်တိုက်ထားတယ်လို့ စွပ်စွဲကြရင် ဘယ်လိုလုပ်မလဲ”
“မစ္စတာဖန့်..အဲ့အတွက်မပူပါနဲ့။ အဲ့အချက်ကိုကြိုပြီးစဉ်းစားမိလို့ နည်းလမ်းရှာထားပါတယ်”
မစ္စတာမာက ဂိမ်းစက်နားမှာ ထားပေးထားသောစက်အသေးလေးတစ်လုံးကို ညွှန်ပြသည်။
“အဲ့တာ ဘာစက်လဲ”
ဖန့်ကြွယ်ယွီက ထိုစက်ကို တစ်ခါမှမမြင်ဖူးပေ။
“ဒီစက်က လူတစ်ယောက်ခံစားရတဲ့ နာကျင်မှုပမာဏနဲ့ အဆင့်ကို တိုင်းတာပေးနိုင်တယ်။ခန္ဓာကိုယ်အပူချိန် ၊ နှလုံးခုန်နှုန်း၊စတာတွေကိုလည်းတိုင်းတာနိုင်တယ်။ ဒီစက်ကိုကြည့်ပြီး သူတို့ခံစားရတာတွေက အစစ်ဆိုတာ သက်သေပြနိုင်တယ်”
“မိုက်တယ်” လုပ်ငန်းကျွမ်းကျင်မှုနှင့် ထောင့်စေ့အောင် တွေးခေါ်နိုင်မှုတွင် မာထန်ကို သူမမီပေ။
ဂိမ်းစတင်မိတ်ဆက်သည့်အချိန်ရောက်လာသည်။ အစီအစဉ်တင်ဆက်သူက ဂိမ်းအကြောင်းမိတ်ဆက်ပေးပြီး အခမ်းအနားကို စဖွင့်သည်။
“ဒီကနေ့မှာ တိုက်ပွဲအသေးစားမြေပုံလေးတစ်ခုကို ဖန်တီးထားပါတယ်”
“ဒီပွဲကို ကြွရောက်လာတဲ့ ဧည့်သည်တော်ကြီးများက ဂိမ်းကိုစမ်းပြီးဆော့နိုင်ဖို့ စီစဉ်ထားပါတယ်ရှင်။ ဂိမ်းထဲမှာ ဖြစ်ပျက်နေတာတွေက ပြင်ပလောကမှာ ၈၀% လောက် ခံစားသိရှိနိုင်ပါတယ်။ ဂိမ်းရဲ့ စစ်မှန်တဲ့ သဘောသဘာဝကို ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်နိုင်ပါပြီရှင်”
“မိုက်တယ်။ ထန်းရွှမ်က အပြောထက် လက်တွေ့နဲ့သက်သေပြတာပဲ။ ခံစားရတဲ့ နာကျင်မှုတွေက အစစ်ဆိုတာ သက်သေပြနိုင်တဲ့ စက်တွေပါ ထားပေးထားတာ မိုက်တယ်”
“သူတို့က တကယ့်ကို ယုံကြည်ချက် အပြည့်ရှိတဲ့ပုံပဲ။ ဒီဂိမ်းကို ဘယ်လိုလုပ်ပြီး ဖန်တီးနိုင်တာပါလိမ့်”
“ဒီဂိမ်းသာ ကြေညာထာသလို အမှန်တကယ်ဆိုရင် ဂိမ်းလောကတော့ ဇောက်ထိုးမိုးမျှော်ဖြစ်ပြီ”
ဖိတ်ခေါ်ထားသော ဧည့်သည်တော်များက ဂိမ်းကို အစမ်းဆော့ရန် အသင့်ဖြစ်နေကြသည်။
“ဂိမ်းပွဲစမယ်”
ရုတ်တရက်ဆိုသလို သူတို့အားလုံး၏ အမြင်များမှောင်မိုက်ကုန်သည်။ ခဏကြာသောအခါ ဖန်သားပြင်ပေါ်တွင် ပြထားသည့်အတိုင်း သူတို့ရှေ့မှာ သဲကန္တာရ တစ်ခုပေါ်လာသည်။