ပိုက်ဆံရှာဖို့ မတွေးထားဘူး…
Vol. 16 Ch. 211
ဆင်းသည် မြောက်အမေရိကားတိုက်မှလာခဲ့သော ဂိမ်းအကြောင်းစိတ်ဝင်စားသူတစ်ဦးဖြစ်သလို သေနတ်ပစ်ဂိမ်းများတွင် ပရော်ဖက်ရှင်နယ်ဂိမ်းကစားသမားတစ်ဦးလည်းဖြစ်သည်။ သူက ဂိမ်းလောကမှ အနားယူခဲ့ပြီဆိုသော်လည်း စျေးကွက်မှာဖြန့်ချီသမျှ ဂိမ်းအသစ်တိုင်းကို စမ်းသပ်ပြီး ကြော်ငြောပေးနေဆဲဖြစ်သည်။
စျေးကွက်ထဲမှာ လက်ရှိရှိနေသော VR ဂိမ်းများက ပေးစွမ်းနိုင်သော ခံစားချက်သည် ရယ်စရာကောင်းပေသည်။ ထိုဂိမ်းများကို ကြေငြာထားသလို လက်တွေ့မှာ ဆန်းသစ်သောခံစားချက်နှင့် စစ်မှန်သောရသတို့ကို မပေးစွမ်းနိုင်ပေ။
ဤဂိမ်းထဲတွင် မြေပြင်ပေါ်ခြေချသောအခါ ခံစားရသော မာကျောမှုအနေအထားသည် ယခင်ဂိမ်းများနှင့်မတူပေ။ သူ၏ ခြေထောက်များကို ထိုင်ခုံနှင့် ကပ်ထားသလို မလှုပ်ရှားနိုင်သည့် ခံစားချက်မျိုး ရနေတာကို သူသေချာမှတ်မိသည်။ ထိုအချက်ကိုကြည့်ခြင်းဖြင့် သူခံစားရသော အရာများသည် ပြင်ပခန္ဓာကိုယ်ကြီးမှ လာတာမဟုတ်ဘဲ တခြားသောနည်းလမ်းများဖြင့် ခံစားသိရှိနေခြင်းဖြစ်သည်။
“ကြည့်ပါဦးသူတို့ကိုယ်အပူချိန်တွေ သိသိသာသာတက်လာတာ”
“ပြီးတော့ နှလုံးခုန်နှုန်းတွေလည်း မြန်လာပြီ”
“အံ့ဩစရာပဲ။ သူတို့တကယ်ပဲ သဲကန္တာရထဲကို ရောက်သွားကြတာလား”
စက်ကဖော်ပြသော အညွှန်းကိန်းများက မညာနိုင်ပေ။
“ဟာ..ဒီမှာလက်နက်တွေရှိနေပါလား”
ဆင်းသည် ပစ်စတို၊ ရိုင်ဖယ်၊ စနိုက်ပါရိုင်ဖယ် စသည့် သေနတ်မျိုးစုံရှိနေသော ဂိုဒေါင်ငယ်လေးတစ်လုံးကို ရှာတွေ့သည်။
သူက ရိုင်ဖယ်ကိုဆွဲယူသောအခါ သတ္ထုကိုယ်ထည်နှင့် သေနတ်အလေးချိန်ကို သူအမှန်တကယ် ခံစားလိုက်ရသဖြင့် မျက်လုံးများပင် ပြူးလာမိသည်။
သူ၏ အားလပ်ချိန်များတွင် သေနတ်ပစ်ကွင်းကို သွားတာမို့ သေနတ်တစ်ခုကိုကိုင်လိုက်ရသည့် အချိန်မှာ ဖြစ်သည့် ခံစားချက်ကို ဆင်းက သေချာသိသည်။ယခုခံစားချက်သည် ပြင်ပမှာခံစားရသည်နှင့် တစ်ထပ်ထဲဖြစ်သည်။
“ဒါက တကယ် ပုံရိပ်ယောင်ကမ္ဘာ ဟုတ်ရဲ့လား”
ဆင်းက သူ့ကိုယ်သူ မေးခွန်းပြန်ထုတ်နေမိသည်။
သူတို့အားလုံးမှာ တိုက်ပွဲဝင်အတွေ့အကြုံလည်းမရှိပေ။ အကယ်၍ သေနတ်ပစ်ခံရပါက တကယ်သေနိုင်မလားဟု ထင်ယောင်ထင်မှားဖြစ်ကြသည်အထိ ခံစားမှုများက စစ်မှန်လွန်းနေသည်။
တစ်ဖက်စီမှာရှိနေသော နေရာများကမီတာ ၁၀၀ ကွာဝေးသည်။ ဆင်းက ရန်သူ၏ စခန်းဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။ ရုတ်တရက်ဆိုသလို သူတို့ဖက်ကို သတိကြီးစွာထားပြီး လာနေသော ရန်သူကိုလည်း တွေ့လိုက်ရသည်။
သူ့မှာရှိသော စနိုက်ပါရိုက်ဖယ်ကိုထုတ်ပြီး ပစ်မှတ်ကိုတည့်တည့်ချိန်ကာ မောင်းတံကိုဆွဲလိုက်သည်။
“ဘန်း”
ကျည်ဆံက ရန်သူ၏ ရင်ဝတည့်တည့်ကို ထိမှန်ပြီး သွေးများအဆက်အပြတ်စီးကျလာသည်။
“ကောင်းလိုက်တဲ့ပစ်ချက်”
သေနတ်ပစ်ခံလိုက်ရသော ကစားသမားနှင့် ချိတ်ဆက်ထားသော နာကျင်မှုပြစက်ကို အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
ထိုအချိန်မှာ နာကျင်မှုကိုပြသော နံပါတ်က ၂၀ဖြစ်သည်။ ထိုနံပါတ်သည် ဆေးထိုးအပ်နှင့် ထိုးခံရသည့်အချိန်ဖြစ်ပေါ်သော နာကျင်မှုနှင့် အတူတူဖြစ်သည်။. ကစားသမား၏ ရင်ဘတ်တည့်တည့်ကို သေနတ်မှန်ပြီးနောက် ဖြစ်ပေါ်လာသော နာကျင်မှုကို ၉၀% ထိ လျော့ချထားပေးဟန်တူသည်။
အထုတ်ခံလိုက်ရသော ကစားသမားက ရုတ်တရက်မျက်လုံးဖွင့်လာသည်။ ဂိမ်းကထွက်သည်နှင့် ဂိမ်းထဲမှာ ခံစားရသော နာကျင်မှုက ယူပစ်သလို ချက်ချင်းပျောက်သွားသည်။အနည်းငယ်နှလုံးခုန်မြန်သည်ကလွဲပြီး ကျန်သည့်အရာများက ပုံမှန်ပဲဖြစ်သည်။
“ကဲ တစ်ယောက်တော့ ပြန်ရောက်လာပြီ။ သူ့ကိုအင်တာဗျူးကြမယ်”
အစီအစဉ်တင်ဆက်သူက ထိုကစားသမားအနားကို သွားသည်။
“ဒီဂိမ်းနဲ့ပတ်သက်ပြီး တွေ့ကြုံခဲ့ရတဲ့ ခံစားချက်လေးတွေကို ပရိတ်သက်တွေသိအောင် မျှဝေပေးပါဦးရှင့်”
ထိုကစားသမားက ဇဝေဇဝါဖြစ်နေပုံရသည်။ သူ၏ ရင်ဘတ်နေရာကို ကျည်ဆံအမှန်တကယ် မှန်သွားတာလားဟုထင်ပြီး အကြိမ်ကြိမ်စစ်ဆေးနေသည်။
“မိုက်လှချည်လား”
သူက ဂိမ်းကို စမ်းပြီးဆော့ကြည့်ဖို့အတွက် ဒီပွဲကိုတက်လာရခြင်းဖြစ်သည်။ သို့သော် ဂိမ်းကိုဆော့ပြီးနောက် ဂိမ်းအတွင်းခံစားရသော ခံစားမှုများက အစစ်အမှန်နီးပါးတူသည်ဆိုတာ သူနားလည်သဘောပေါက်လာသည်။ ဒီဂိမ်းကိုသာ သူကိုယ်တိုင်မဆော့ကြည့်ပါက ဂိမ်းအတွင်းရရှိသော ခံစားချက်များက အစစ်အမှန်ဆိုတာ သူ မယုံကြည်နိုင်ပေ။
သိပ်မကြာခင်မှာ ကစားသမားတစ်ယောက်ပြီးတစ်ယောက် ဂိမ်းထဲမှ ထွက်လာကြသည်။ စက်ပေါ်မှာပြနေသော ကိန်းဂဏန်းများက ဂိမ်းမှာကြုံတွေ့ရသော သူတို့၏ ခံစားချက်အစစ်အမှန်များကို ဖော်ပြနေသည်။
ထိုဂိမ်းကို အစမ်း ဆော့ချင်များလူများက တဖြည်းဖြည်းများလာသည်။ သို့သော် ယခုချိန်ထိ တချို့က သံသယဝင်နေဆဲဖြစ်သည်။ ထိုလက်နက်များကို လူတွေက ဖန်တီးထားသဖြင့် အလိမ်အညာလည်းဖြစ်နိုင်သည်ဟု ဆိုကြပြန်သည်။
ထိုအချိန်မှာ ထန်းရွှမ်က နောက်ထပ်စိတ်ဝင်စားဖွယ်အစီအစဉ်တစ်ခုကို ကြေညာသည်။
မနက်ဖြန်ကနေစပြီး ထန်းရွှမ်ကုမ္ပဏီသည် နိုင်ငံအနှံ့မြို့ကြီးများတွင် ဂိမ်းကို စမ်းသပ်ဆော့ကစားနိုင်မည့် အစီအစဉ်များ လုပ်ဆောင်တော့မည်။
ထန်းရွှမ်ကုမ္ပဏီက ထုတ်သော ဂိမ်းအကြောင်းသည် နေ့ချင်းညချင်းဆိုသလို နာမည်ကြီးလာသည်။ ဧည့်သည်တော်များ၊ ဂိမ်းကစားသူများနှင့် တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရှုသူများ၏ မှတ်ချက်က ဂိမ်းကို လူထုက ပိုပြီးစိတ်ဝင်စားလာစေသည်။
ထိုဂိမ်းစက်၏ တန်ဖိုးကလည်း မနည်းမနောပင်ဖြစ်သည်။ ၇၀% ခံစားရစေသည့် ဂိမ်းစက်က ဒေါ်လာ ၅၉၉၉ ဖြစ်ပြီး ၈၀% ခံစားချက်ကို ပေးစွမ်းနိုင်သည့် ဂိမ်းက ဒေါ်လာ ၆၉၉၉ ကျသင့်သည်။ ထိုပမာဏသည် အဆင့်မြင့်ကွန်ပျူတာတစ်လုံး၏ စျေးနှင့် အတူတူပင်ဖြစ်သည်။ဒါတင်မကသေးဘဲ ဤဂိမ်းစက်ဝယ်ထားရုံနှင့် ထန်းရွှမ်က နောက်ထပ်ထုတ်လုပ်မည့် ဂိမ်းများကိုလည်း ဆက်လက်ဆော့ကစားနိုင်မည်။
ထိုဗျူဟာသည် ပိုက်ဆံများများပိုဝင်စေရန် မာထန်သုံးနေကျ အကွက်ဖြစ်သည်။ ဂိမ်းကစားသမားများက ပိုက်ဆံပိုသုံးလေလေ သူ့အတွက်အမြတ်ပိုကျန်လေလေဖြစ်သည်။
တစ်ရက်အတွင်းမှာ ဂိမ်းစက် အလုံးပေါင်း တစ်သိန်းရောင်းထွက်သွားသည်။ စျေးကွက်လိုအပ်ချက်ကို ဖြည့်တင်းနိုင်ရန် ကုမ္ပဏီဘက်က ဂိမ်းစက်များကို အလျင်မီထုတ်နိုင်ရန် ကြိုးပမ်းရတော့သည်။
ထိုဂိမ်းပေါ်လာပြီးနောက် ဂိမ်းကုမ္ပဏီအတော်များများလည်း ထိုဂိမ်းလိုမျိုး တီထွင်နိုင်ရန် အပြင်းအထန်ကြိုးစားကြတော့သည်။ သူတို့အနေနှင့် ထိုဂိမ်းမျိုးထုတ်နိုင်ရန် အချိန်ဘယ်လောက်ယူရမလဲဆိုသော မေးခွန်းကို ထပ်ခါတလဲလဲ မေးနေမိသည်။
ထွက်လာသောအဖြေက အံ့အားသင့်စရာကောင်းပေသည်။ နောက်ဆယ်နှစ်ကြာသည်အထိ ထိုဂိမ်းမှာသုံးထားသော နည်းပညာကို ရဖို့ မသေချာပေ။
ထိုအချိန်မှာ ထန်းရွှမ်က ဂိမ်းကုမ္ပဏီအားလုံးကိုကျော်တက်ပြီး VRဂိမ်းလောကတွင် ဆရာတစ်ဆူဖြစ်လာတော့မည်။
ထန်းရွှမ်က ဂိမ်းမှာသုံးသောနည်းပညာကို ဘယ်ကနေရခဲ့တာလဲ။ နောက်ဆယ်နှစ်လောက်မှ ရနိုင်မည့် နည်းပညာကို သူတို့က ဘယ်ကနေရခဲ့တာလဲ။ ဂြိုဟ်သားတွေကပေးခဲ့တာလား။
အင်တာနက်တစ်ခွင်တွင် ထန်းရွှမ်၏ VRဂိမ်းက နာမည်ကြီးနေသည်။
ထန်းရွှမ်၏ ရှယ်ယာစျေးများသည် ညတွင်းချင်း တိုးတက်လာသည်။ မူလရှယ်ယာစျေးထက် ၃၀% တက်လာခဲ့သည်။ တတိယမြောက်နေ့တွင် ထန်းရွှမ်၏ ရှယ်ယာစျေးသည် နှစ်ဆဖြစ်လာသည်။ ငါးရက်မြောက်နေ့တွင် စျေးကွက်တန်ဖိုးသည် ဘီလီယံ၅၀၀ကျော်လာသည်။ ဆယ်ရက်မြောက်နေ့တွင် ၆၀၀ ဘီလီယံထိ စျေးတက်လာသည်။
“ဟားး”
ဤကာလမှာ မာထန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခါမှမပျက်သွားပေ။သူပိုင်ဆိုင်သော ရှယ်ယာရာခိုင်နှုန်းနည်းသွားသော်လည်း ရှယ်ယာစျေးနှုန်းက အဆပေါင်းများစွာတက်လာခဲ့သည်။
“မစ္စတာဖန့် ဂုဏ်ယူပါတယ် ဂုဏ်ယူပါတယ်”
မာထန်က ဂိမ်းမှရသော အကျိုးအမြတ်ပေါင်းများစွာကို ဖန့်ကြွယ်ယွီအား မျှဝေသည်။
“ဘာဂုဏ်ယူစရာရှိလို့လဲဗျာ။ ကျွန်တော်က ဂိမ်းဆော့မယ်။ ပိုက်ဆံတွေ သုံးဖြုန်းဖို့ပဲ စိတ်ကူးထားတာ။ပိုက်ဆံရှာဖို့ အတွေးမှ မရှိတာ”