မကောင်းဆိုးဝါးနှစ်ဖွဲ့
Vol. 30 Ch. 421
…
အာရန်သည် လီယို ရိုတန်ဟိမ်း၏ အချက်အလက်မျက်နှာပြင်ကြောင့် အာရုံပျံ့လွင့်နေဆဲမှာပင် မျက်နှာပြင်အသစ်တစ်ခုသည် သူ့ရှေ့တွင် ထပ်မံပေါ်လာခဲ့ပြီး ယခင်မျက်နှာပြင်အား ထပ်မံပိတ်ဆို့သွားခဲ့သည်။
[ဂုဏ်ယူပါတယ်။ သင်သည်ရွေးချယ်စရာအသစ်များ ရရှိခဲ့ပါပြီ]
[ရွေးချယ်မှု (၁): လီယို ရိုတန်ဟိမ်းနှင့် အန်ညာ ဂရေရန်ဒေါ်တို့ကို သတ်ပါ။
ဆုလာဘ်- နစ်ခရိုမန်ဆာမျှော်စင်၏ အတွင်းပိုင်းမြေပုံ]
[ရွေးချယ်မှု (၂): လီယို ရိုတန်ဟိမ်းအား အန်ညာ ဂရေရန်ဒေါ်ကို သတ်မိစေရန်ဖိအားပေးပါ။
ဆုလာဘ်- နစ်ခရိုမန်ဆာမျှော်စင်၏ တရားဝင်ထောက်ခံချက် (ညာလက်ရုံးအစောင့်အရှောက်)]
[ရွေးချယ်မှု (၃): အန်ညာ ဂရေရန်ဒေါ်အား လီယို ရိုတန်ဟိမ်းကို သတ်မိစေရန်ဖိအားပေးပါ။
ဆုလာဘ်- နစ်ခရိုမန်ဆာမျှော်စင်၏ တရားဝင်ထောက်ခံချက် (ဘယ်လက်ရုံးအစောင့်အရှောက်)]
[ရွေးချယ်မှု (၄): အန်ညာနှင့် လီယိုနှစ်ဦးစလုံးကို မသတ်ဘဲ နစ်ခရိုမန်ဆာမျှော်စင်သို့ တရားဝင်အဖွဲ့ဝင်အဖြစ် ဝင်ရောက်နိုငန်ရန် နည်းလမ်းရှာပါ။
ဆုလာဘ်- နှစ်ဖက်မျက်နှာဖုံး (ထူးခြားအဆင့်)]
....
“သူ့ကို မမေးတော့နဲ့။ ကျွန်မ တရားခံကို တွေ့ပြီ”
လီယိုသည် ရူဘီ၏ အဖြေကို စောင့်ဆိုင်းနေဆဲမှာပင် အန်ညာ၏အသံကို ကြားလိုက်သည်။
အန်ညာသည်လည်း အဝတ်အစားများဝတ်ဆင်ထားသည့် ထူးခြားသော အလောင်းတစ်ခုအား ကိုင်ဆောင်၍ ကောင်းကင်မှ ခုန်ဆင်းလိုက်သည်။
သူမသည် ခန္ဓာကိုယ် ကိုအနည်းငယ်ကိုင်း၍ အလောင်းကောင် ရင်ဘတ်အတွင်းဘက်မှ လက်ဝါးကပ်တိုင်ပုံစံ တံဆိပ် တစ်ခုကို ထုတ်ယူလိုက်၏။
သူမသည် ထိုပစ္စည်းကို လီယိုဘက်သို့ ပြင်းထန်သော ခွန်အားတစ်ခုဖြင့် ပစ်ပေးလိုက်သည်။
ထိုပစ္စည်း၏ အရှိန်သည် အကယ်၍ လီယိုသာ ၎င်းရှောင်တိမ်းရန် အနည်းငယ် နောက်ကျခဲ့ပါက သူ၏လည်ပင်းကို ဖြတ်သန်းသွားစေနိုင်လောက်သည်အထိအင်အားကြီးမားဟန်ရသည်။
အန်ညာသည် ရည်ရွယ်ချက်ရှိရှိ ပစ်လွှတ်လိုက်ဟန် ရသော်လည်း လီယိုသည် အလွယ်တကူပင် ထိုအမှတ်အသားကို ဖမ်းယူလိုက်နိုင်သည်။
ထိုလုပ်ဆောင်ချက်သည် သူ့အား ခြေတစ်လှမ်းမျှပင် နောက်သို့ မရွှေ့စေနိုင်ခဲ့ပေ။
“မင်း ဒီနေ့ ဘာမှ မစားရသေးဘူးလား။ ဘာလို့ ဒီလောက်တောင် အားနည်းရတာလဲ”
လီယိုသည် သူမ၏ ခွန်အားကို အလေးအနက်မထားဟန်ပြုကာ လှောင်ပြောင်သောလေသံဖြင့် ပြန်မေးလိုက်သည်။
သူတို့နှစ်ဦး၏ ဆက်ဆံရေးသည် အမြဲတမ်း ထိုကဲ့သို့ပင်ဖြစ်၏။
သူတို့၏ အပြန်အလှန်ဆက်ဆံမှုကို မြင်ပြီးနောက် အာရန်သည် ဒုတိယ သို့မဟုတ် တတိယရွေးချယ်မှုကို လွယ်ကူစွာ ပြီးမြောက်နိုင်ခြေရှိမှန်း သေချာသွားခဲ့သည်။
သူ လိုအပ်သည်မှာ သူရွေးချယ်ထားသော တစ်ဘက်ဘက်သို့ အနည်းငယ် လှုံ့ဆော်မှု လေးပေးလိုက်ရုံသာ ဖြစ်လေသည်။
ထိုသို့ဖြင့် သူသည် နစ်ခရိုမန်ဆာမျှော်စင်အတွင်းသို့ အလွယ်တကူ ဝင်ရောက်နိုင်လိမ့်မည်ဖြစ်၏။
သို့သော် ၎င်းသည် အတော်လေး ကန့်သတ်ချက်လည်းများလေသည်။
သူက အစောင့်အလျှောက်တစ်ဦးဦး၏ ထောက်ခံချက်ဖြင့် ဝင်ရောက်ပါက အခြားအစောင့်အလျှောက်တစ်ဦးမှ သူ့အား စောင့်ကြည့်နေနိုင်လေသည်။
သူ ဘာလုပ်ခဲ့သည်ကို စုံစမ်းသိရှိသွားခဲ့ပါက သူ့အား သတ်ဖြတ်ရန်ပင် ကြိုးစားနိုင်ပေသည်။
ထိုသို့သော အန္တရာယ်များကို ရင်ဆိုင်ရနိုင်သဖြင့် နစ်ခရိုမန်ဆာမျှော်စင်သို့ ဝင်ရောက်ခွင့် ထောက်ခံချက်ပေးခြင်းသည် ဆုလာဘ်အနေဖြင့်မူ လုံလောက်မှုမရှိပေ။
ပထမနှင့် စတုတ္ထရွေးချယ်စရာနှစ်ခုသာ သူ့အတွက် အဓိပ္ပာယ်ရှိတော့ဟန်တူသည်။
ထို့နောက် အမွေဆက်ခံသူ နှစ်ဦးစလုံးသည် သူတို့ဟာနှင့် သူ့အား အလုပ်ရှုပ်နေကြသည်ကိုအခွင့်ကောင်းယူ၍ အာရန်သည် သူ၏လက်ကို အနည်းငယ်မြှောက်လိုက်ကာ ရွေးချယ်စရာတစ်ခုကို မသိမသာ ရွေးချယ်လိုက်၏။
“ဘုရားကျောင်းက ကာဒီနယ်ရဟန်းအမတ်တစ်ယောက်လား”
လီယိုသည် ထိုတံဆိပ်အမှတ်အသားကို မြင်သည်နှင့် တပြိုင်နက် အံ့အားသင့်သွားလေသည်။
၎င်းသည် ဘုန်းတော်ကြီးတစ်ပါး၏ အော်ရာ အကြွင်းအကျန်များ ရှိနေဆဲပင် ဖြစ်သော အချက်အလက် တံဆိပ်တစ်ခုပင်ဖြစ်နေသည်။
၎င်းကို အတုအယောင်လုပ်၍ မရနိုင်ပေ။
လီယိုသည် ထိုလက်ဝါးကပ်တိုင်သဏ္ဍာန်တံဆိပ်ကို ကိုင်ထားမိစဉ်မှာပင် သူ၏လက်ထဲတွင် ပူလောင်သော ခံစားချက်တစ်ခုကို ခံစားမိလိုက်သည်။
အဘယ်ကြောင့်ဆိုသော် နတ်ဘုရားအော်ရာများသည် သူတို့အတွက် အဆိပ်အတောက်များပင် ဖြစ်သောကြောင့်တည်း။
အန်ညာသည် ထိုတံဆိပ်ကို အဘယ့်ကြောင့် သူ့ဆီသို့ ထိုမျှမြန်မြန်ဆန်ဆန် ပစ်ပေးလိုက်သည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
ထို့နောက်လီယိုသည် အဝတ်စတစ်စကို ထုတ်ယူ၍ ထိုတံဆိပ်ကို ပတ်ထားလိုက်သည်။
ဤသည်မှာ နစ်ခရိုမန်ဆာမျှော်စင်အတွက် အရေးကြီးသော သက်သေအထောက်အထားတစ်ခုပင်ဖြစ်လေ၏။
ဤအရာဖြင့် ဘုရားကျောင်းက မြောက်ပိုင်းတိုက်ကြီးသို့ သူတို့၏လက်တံများ ဆန့်ထုတ်ရန် ကြိုးစားနေသည်အား လုံးဝအတည်ပြုပေလိုက်သကဲ့သို့ပင်။
ထိုအရာကို သေချာစွာ သိမ်းဆည်းထားလိုက်ပြီးနောက် လီယိုသည် သူ၏ အိတ်ကပ်ထဲတွင် ထည့်ထားလိုက်သည်။
“ဒီဖျက်ဆီးမှုရဲ့နောက်ကွယ်က လူကို ငါတို့ တွေ့ရှိခဲ့ပြီပေ့ါ”
လီယိုသည် ကာဒီနယ်ရဟန်းအမတ်၏ အလောင်းနားသို့ ချဉ်းကပ်သွားလိုက်သည်။
“ဒါဆို မိသားစုခေါင်းဆောင်အားလုံး သေဆုံးသွားရတာ အဓိပ္ပာယ်ရှိသွားပြီ။ ပိုအံ့သြစရာကောင်းတာက သူတို့ သေဆုံးချိန်မှာတောင် ကာဒီနယ်ရဟန်းအမတ်လို နဂါးတစ်ကောင်ကို ပြန်သတ်နိုင်ခဲ့တာပဲ”
“ဘယ်လောက်တောင် စိတ်ဝင်စားစရာကောင်းလိုက်လဲ။ ငါက မိသားစုခေါင်းဆောင်တွေကို အထင်သေးမိတာလား ဒါမှမဟုတ် ကာဒီနယ်ရဟန်းအမတ်တွေကိုပဲ အထင်ကြီးမိလွန်းသွားတာလား” ဟု သူသည် အလောင်းကို သေချာစွာ ဂရုတစိုက်ကြည့်ရင်း ပြောလိုက်သည်။
အလောင်းပေါ်ရှိ လက္ခဏာများသည် မိသားစုခေါင်းဆောင်များ၏ ပေါင်းစပ်တိုက်ခိုက်မှုများကြောင့် သေဆုံးသွားခြင်းဖြစ်ကြောင်းကို ညွှန်ပြနေသည်။
သို့သော် ၎င်းကပင် ကာဒီနယ်ရဟန်းအမတ်တစ်ဦးကိုသတ်ဖို့အတွက် အနည်းငယ် လွယ်ကူလွန်းနေသည် ဟု သူခံစားမိနေဆဲပင်။
“ဒီမှာ လူတိုင်းကို သတ်ခဲ့တာ တကယ်ပဲ ကာဒီနယ်ရဟန်းအမတ်လား။ ဒါမှမဟုတ် တခြားတစ်ယောက်ယောက်များ ဒီမှာထပ်ပြီး ရှိနေခဲ့သေးတာလား။ ဥပမာ... မိစ္ဆာဂိုဏ်းက တစ်စုံတစ်ဦးပေ့ါ”
လီယိုသည် ရူဘီအား ထိုသို့ကောက်မေးလိုက်ရာ ရူဘီသည် သူမ၏ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်ဟု ခံစားလိုက်ရသည်။
လီယိုသည် ထိုအရာကို မည်သို့ရိပ်မိသိသွားသည်ကို သူမ နားမလည်နိုင်ခဲ့ပေ။
သူသည် အာရန်အကြောင်းကို သိနှင့်ပြီးသားလား။
ထိုသို့တွေးလိုက်မိသဖြင့် သူမ၏မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားခဲ့သည်။
သို့သော် ကံကောင်းစွာဖြင့် သူမသည် ခေါင့်ငုံ့ထားလျက်ရှိသည့်အပြင် လီယိုသည် သူမ၏မျက်နှာကို လှည့်၍ပင် မကြည့်ခဲ့ပေ။
‘ဟေ့ သိပ်ကြောက်မသွားနဲ့နော်။ သူက မိစ္ဆာဂိုဏ်းက ဘုရားကျောင်းနဲ့ ပူးပေါင်းနေတယ်ဆိုတဲ့ ကောလာဟလတွေကိုပဲ ကြားထားလို့ ခန့်မှန်းနေတာ။ ငါတို့ ဆွေးနွေးထားတဲ့ ဇာတ်လမ်းအတိုင်းပဲ ဆက်ပြောနော်’
အာရန်သည် ရူဘီတစ်ယောက် ကြောက်လန့်တကြားဖြစ်နေသည်ကို သတိပြုမိလိုက်ရာ စိတ်ထဲတွင်တီးတိုးရေရွတ်လိုက်မိ၏။
ထိုအရာသည် သူ့အတွက်လည်း ပြဿနာတစ်ခုဖြစ်လာနိုင်သည်မဟုတ်ပါလော...။
သူမသည်သာ သူ့အား ဖော်ထုတ်လိုက်မိပါက ထိုလူငယ်နှစ်ဦးကို သတ်ပစ်မှတစ်ပါး သူ့တွင် အခြားရွေးချယ်စရာမရှိတော့ပေ။
“ကြောက်နေစရာ မလိုပါဘူး။ အကို က နစ်ခရိုမန်ဆာမျှော်စင်ကို သတင်းပြန်ပို့ထားပြီးပါပြီ။ အဲ့က ကိုယ်စားလှယ်တစ်ဦး ဆယ်မိနစ်အတွင်း ဒီကို ရောက်လာလိမ့်မယ်။ မိစ္ဆာဂိုဏ်းကလူတွေ ဒီနားမှာ ပုန်းနေရင်တောင် အကိုတို့တွေ ပူးပေါင်းတိုက်ခိုက်ရင် သူ့ကို ရင်ဆိုင်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့်ညီမ စိတ်အေးအေးထားပြီး စိတ်ချလက်ချအကုန်ပြန်ပြောလို့ရပါတယ်”
လီယိုသည် ရူဘီအား အားပေးစကားပြော၍ ထပ်မံမေးလိုက်ရာ ဤတစ်ကြိမ်တွင် အာရန်ပင် အံ့အားသင့်သွားရသည်။
နစ်ခရိုမန်ဆာမျှော်စင်မှ တစ်စုံတစ်ဦး အမှတ်တကယ်ပင် ဤနေရာသို့ လာနေပြီလား။
အာရန်သည် ယခင်က နစ်ခရိုမန်ဆာမျှော်စင်မှ လူတစ်ဦးကိုသာ မြင်ဖူးထားသေးသည်။
၎င်းမှာ ဝိညာဥ်လောကကို ဝင်ရောက်တိုက်ခိုက်ခဲ့သော လစ်ချ်ပင် ဖြစ်၏။
လစ်ချ်သည်ပင် ထိုမျှရင်ဆိုင်ရခက်ခဲ့သူတစ်ဦးဖြစ်ခဲ့ပါက အခြား ကျန်နစ်ခရိုမန်ဆာများသည်လည်း ထိုသို့ပင် သို့မဟုတ် ပို၍ပင် အစွမ်းထက်ကာ ရင်ဆိုင်ရခက်ခဲနိုင်မည်ဟု သတ်မှတ်၍ရသည်မဟုတ်ပါလော..။
ကျန်နစ်ခရိုမန်ဆာများသည်သာ လစ်ချ်ထက်အားနည်းကြပါက သူတို့၏ အားနည်းချက်ကို ဂရုမစိုက်ပဲ ထင်တိုင်းကြဲဝံ့ကြမည်မဟုတ်ပေ။
သူ လိမ်နေတာလား။ သို့မဟုတ် နစ်ခရိုမန်ဆာမျှော်စင်မှ ကာဒီနယ်ရဟန်းအမတ်နှင့် သက်ဆိုင်သော ကိစ္စဖြစ်နေသောကြောင့် တကယ်ပင် တစ်စုံတစ်ဦးအား စေလွှတ်လိုက်ခြင်းလော..။
၎င်းသတင်းသာ မှန်ကန်ပါက နစ်ခရိုမန်ဆာမျှော်စင်သို့ဝင်ရောက်ရန် သည် သူ ထင်ထားသည်ထက် ပိုမိုမြန်ဆန်သွားပေလိမ့်မည်။
“သူတစ်ယောက်တည်းပါပဲ။ သူ ရောက်လာပြီး လူတိုင်းကို စသတ်တာပဲ”
ရူဘီသည် နောက်သို့ မသိမသာလှည့်ကြည့်ပြီး သူမ၏အတွေ့အကြုံကို ပြန်ပြောရင်း မျက်ရည်များ စီးကျလာခဲ့သည်။
သူမသည် အာရန်ကို ကာဒီနယ်ရဟန်းအမတ်အဖြစ် ပြောင်းလဲဖော်ပြခဲ့ပြီး သတ်ဖြတ်မှုမြင်ကွင်းများကို အာရန်ပြောထားသည့်အတိုင်း ဖော်ပြလိုက်သည်။
သူမ၏အသံသည် စိတ်ဒဏ်ရာရနေဆဲဖြစ်ဟန်ရပြီး ထိုအရာအတွက် များစွာကြောက်နေဆဲဖြစ်သည်မှာ ထင်ရှားနေခဲ့သည်။
လီယိုပင် သူမ၏အသံရှိ ကြောက်ရွံ့မှုကြောင့် သူမကို သံသယမဖြစ်ခဲ့မိပေ။
အဘယ်ကြောင့်ဆိုသော် ထိုကြောက်ရွံ့မှုသည် အတုအယောင်လုပ်၍ မရသောကြောင့်ပင်တည်း။
သူမ၏ အမှန်တကယ်ကြောက်ရွံ့မှုမှာ လီယိုမှ အမှန်တရားကို သိနှင့်ပြီးသားဖြစ်ကာ သူမ၏စကားဆုံးသည်နှင့် သူမအား သတ်ပစ်တော့မည်ဟု မှန်းဆထားခဲ့သောကြောင့် ဖြစ်လေ၏။
နောက်ဆုံးတွင် လီယိုသည် သက်ပြင်းချကာ စိတ်သက်သာရာ ရသွားခဲ့သည်။
“ငါတို့က အဆိုးဆုံးအခြေအနေကို မရောက်သေးဘူးထင်တာပဲ။ ဒါက ဘုရားကျောင်းရဲ့ လက်ချက်ပဲ။ မိစ္ဆာဂိုဏ်းပါ ဒီကို ရောက်လာရင်တော့ တကယ်ပဲ...” လီယိုသည် သူ၏စကားကို ပြီးဆုံးအောင်မပြောခဲ့သော်လည်း အာရန်သည် သူ ဘာကိုဆိုလိုသည်အား နားလည်ထားလေသည်။
လူများသည် နစ်ခရိုမန်ဆာမျှော်စင်အား ကြောက်ရွံ့သကဲ့သို့ပင် တခြားတိုက်ကြီးများတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော မိစ္ဆာဂိုဏ်းအတွက်လည်း အတူတူပင်ဖြစ်သည်မဟုတ်ပါလော..။
ဖုတ်ကောင်ဝိညာဥ်များနှင့် မိစ္ဆာများ နှစ်ခုစလုံးသည် ဆိုးယုတ်မှု၍ ပြယုဒ်သင်္ကေတများ ဖြစ်သည်ဟု အများက သတ်မှတ်ထားခဲ့ကြလေသည်။
တစ်ချိန်တည်းတွင် သူရဲကောင်းသွေးမျိုးဆက်စွမ်းရည်ရှိသူများနှင့် နတ်ဘုရားမ၏ ကောင်းချီး စွမ်းရည်ကို ပိုင်ဆိုင်ထားသူများကိုမူ ကြီးမြတ်ကောင်းမွန်မှု၏ သင်္ကေတအဖြစ် အများက လက်ခံသတ်မှတ်ထားလေ၏။
အကယ်၍ ထိုမကောင်းဆိုးဝါးနှစ်ဖွဲ့သာ ထိပ်တိုက်တွေ့ကြမည်ဆိုပါက ဤတိုက်ကြီးများအားလုံးအတွက် မည်သို့သော ကပ်ဘေးကြီးများ ဖြစ်လာနိုင်မည်ကို မည်သူမျှ မသိနိုင်ခဲ့ကြပေ။
#Catfoot