← Chapters

အရေးမပါတဲ့ အမှိုက်တွေ

Vol. 30 Ch. 424

အရေးမပါတဲ့ အမှိုက်တွေ

Vol. 30 Ch. 424

..

အန်ညာနှင့် လီယိုတို့သည် တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေး ကောင်းမွန်ခြင်း မရှိကြသော်လည်း နက်ခရိုမန်ဆာမျှော်စင်မှ ကိုယ်စားလှယ်တစ်ဦး ရောက်ရှိလာတော့မည် ဖြစ်သောကြောင့် အတွင်းပဋိပက္ခများကို ဤအချိန်တွင် မဖြေရှင်းချင်ကြ‌ပေ။

သို့သော်လည်း လီယိုသည် အန်ညာ၏အပြုအမူကို မနှစ်သက်ချေ။

အန်ညာတစ်ယောက် ရူဘီအား အနိုင်ကျင့်နေသည့်မြင်ကွင်းကို မြင်သောအခါ ဝင်ရောက်စွက်ဖက်ရန်ပင် စဉ်းစားမိခဲ့သည်။

သို့သော် သူ ဘာမှမလုပ်ဆောင်နိုင်ခင်မှာပင် အာရန်က ထပြောလိုက်ခြင်းဖြစ်၏။

ထိုဖြစ်ရပ်ကြောင့် အန်ညာသာမက သူကိုယ်တိုင်ပင် အံ့အားသင့်ခဲ့သည်။

သူသည် ဤလူငယ်ကို သူ့ဆရာ၏ ဒုတိယဂျူနီယာ တပည့်ဖြစ်လာစေရန် စိတ်ဝင်စားပြီးသား ဖြစ်သော်လည်း ယခုအခါ သူအား ပို၍ပင် သဘောကျသွားခဲ့သည်။

ပုံမှန်အားဖြင့် သာမန်လူများသည် သူနှင့်အန်ညာတို့ကို မြင်ရုံနှင့်ပင် ကြောက်ဒူးတုန်သွားတတ်ကြပြီး သူတို့၏ လုပ်နိုင်စွမ်းနှင့် ကြောက်မက်ဖွယ်အော်ရာအားထိတွေ့မိလျှင်မူ ပြောရန်ပင်မလိုပေ။

မြို့တော်တွင်ပင် မည်သူမျှ သူတို့ထဲမှ တစ်ဦးဦးကို မဆန့်ကျင်ရဲကြပေ။

အကယ်၍ သဘောမကျပါက ချက်ချင်း အသတ်ခံရမည်ကို စိုးရိမ်သောကြောင့်လည်းဖြစ်လေသည်။

သို့သော်လည်း အာရန်သည် သူ၏အသက်ကိုပင် ပဓာနမထားဘဲ ရူဘီအား ကူညီရန် တွန့်ဆုတ်မနေခဲ့ပေ။

ဤ‌ကောင်လေးသည် သေခြင်းအော်ရာကို ခံနိုင်ရည်ရှိခြင်းနှင့် ပတ်သက်၍ ထူးချွန်နေရုံသာမက သေခြင်းတရားကို ရင်ဆိုင်ရာတွင်လည်း ရဲရင့်သူဖြစ်လေသည်။

၎င်းကလည်း အော်ရာထိန်းချုပ်မှုကဲ့သို့ အရေးကြီးသော အရည်အချင်းတစ်ရပ်ဖြစ်ပြီး အထူးသဖြင့် သေခြင်းနှင့် နက်ရှိုင်းစွာ ပတ်သတ်နေရသော နက်ခရိုမန်ဆာမျှော်စင်မှ လူများအတွက် ပို၍ အရေးပါလေသည်။

သူတို့သည် သေခြင်းတရားကိုသာ ကြောက်ရွံ့နေပါက သေခြင်းကို မည်သို့ အောင်နိုင်မည်နည်း။

လီယို၏ အာရန်အပေါ် အကြည့်များသည် ထပ်မံ၍ ပြောင်းလဲသွားခဲ့သည်။

ယခင်က သူသည် မပြုပြင်ရသေးသော စိန်ရိုင်းတုံးတစ်ခုကို စောင့်ကြည့်နေသကဲ့သို့ ဖြစ်နေခဲ့ပါက ယခုအခါ ပို၍ပင် အဖိုးတန်သော ကျောက်မျက်ရတနာတစ်ခုကို ကြည့်နေသကဲ့သို့ ဖြစ်နေပြီဖြစ်၏။

သူသည် ဝင်ရောက်စွက်ဖက်လိုသော စိတ်ဆန္ဒကို မနည်းထိန်းချုပ်ထားရပြီး ဤမြင်ကွင်းကို ဘာဆက်ဖြစ်မလဲသိရှိရန် စောင့်ဆိုင်းနေခဲ့သည်။

အာရန်သည် ဤပရမ်းပတာအခြေအနေကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်အား သူ မြင်လိုခဲ့သည်။

သူ့တွင် အစီအစဉ်တစ်ခုရှိနေ၍လော.... သို့မဟုတ် သေခြင်းတရားကို ရှာဖွေနေခြင်းသက်သက်လော...။

“ငါ နားကြားမှားတာလားဟ”

အန်ညာသည် လီယိုကို ကြည့်ရင်း မေးလိုက်သည်။

“ဟိုကျွန်စုတ်က ငါ့ကို စကားပြောနေတယ်လို့ ငါ ဘာလို့ ခံစားမိရတာလဲ”

သူမသည် ထိုဖြစ်ရပ်ကို မယုံကြည်နိုင်သေးပေ။

ပထမ ရူဘီက သူ့ကို ဆန့်ကျင်ပြောဆိုခဲ့သည်။

ယခုတော့ ထိုရူဘီ၏ အစေခံပင် သူ့အား ဆန့်ကျင်ပြီး ထရပ်နေသည်တဲ့လား။

ထိုအရာက သူမအား အရှက်ခွဲခြင်းတစ်မျိုးပင် မဟုတ်ပါလား...။

သူမက ဂရေရန်ဒေါ်မျိုးနွယ်စု၏ ပင်တိုင်မင်းသမီးတစ်ပါးပင်ဖြစ်လေသည်။

သူမ၏ ဖုတ်ကောင်နဂါးကို ကျွေးမွေးရန်အတွက် မြောက်ပိုင်းတိုက်ကြီးတွင် မြို့ပေါင်းများစွာကို ဖျက်ဆီးခဲ့ပြီး သူမသည် အရေအတွက်ကိုပင် မမှတ်နိုင်တော့ပေ။

သူမ၏ မျိုးနွယ်စုမှ လူများသည်ပင် သူမအား စေ့စေ့ မကြည့်ရဲကြချေ။

ယခု ဤနေရာတွင်မူ သာမန်အစေခံတစ်ယောက်ကပင် သူမအား ယခုလိုပုံစံဖြင့် ပြောဆိုနေပြီတဲ့လား။

လီယိုက သူ့နှင့် ဘာမှမဆိုင်သကဲ့သို့ ပခုံးတွန့်ပြလိုက်၏။

“မင်းပြောတာ မှန်ပါတယ်။ ငါအခု အရမ်း ပျော်နေတယ်”

အန်ညာသည် အာရန်အား ပြန်ကြည့်လိုက်ရာ သူမ၏အကြည့်များ ကျဉ်းမြောင်းသွားခဲ့သည်။

“ဒါပေမဲ့ ငါ့အတွက် ပိုပျော်စရာကောင်းတဲ့ ကိစ္စတစ်ခုလည်း ရှိသေးတယ်။ မင်း ခန့်မှန်းကြည့်နိုင်မလား”

မျက်တောင်တစ်ခတ်စာအတွင်းမှာပင် သူမသည် အာရန်ရှေ့၌ ပြန်ပေါ်လာခဲ့သည်။

သူမသည် နေရာခုန်ကူးခြင်းအစွမ်းကို အသုံးပြုလိုက်သကဲ့သို့ပင်ဖြစ်သော်လည်း အာရန်အတွက်မူ သူမ၏လှုပ်ရှားမှုများက အများကြီး ပိုမိုနှေးကွေးနေသေး၏။

သူ၏ မျက်နှာပေါ်တွင်သာ ထိုအရာကို သတိမထားမိအောင် ထိန်းထားရခြင်းဖြစ်သည်။

“ကီးလ်မိသားစုကို အနောက်ပိုင်းတိုက်ကလူတွေလာရောက် ဖျက်ဆီးခဲ့ပြီးပြီ။ ဒီလိုအချိန်မျိုးမှာ ကီးလ်မိသားစုရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူကို မင်းက အနိုင်ကျင့်ချင်သေးတာလား။ ဒီလိုသာဆိုရင် ကီးလ်မိသားစုကို ဖျက်ဆီးခဲ့သူတွေနဲ့ မင်း တို့က ဘယ်လို ကွာခြားဦးမှာလဲ” ဟု အာရန်က ပြန်လည်မေးလိုက်ရာ အန်ညာသည် အာရန်၏ ဝိညာဉ်ကို ထိုးဖောက်ကြည့်လိုသကဲ့သို့ စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။

“ဟုတ်ပါတယ် ငါတို့ကကော ဘာကွာခြားသေးလဲ။ ဒါဆို ငါတို့ ဘယ်လို ကွာခြားလဲဆိုတာကော မင်း သိလား”

အန်ညာသည် အာရန်ဆီသို့ သူမ၏လက်ကို လှမ်းလိုက်ရင်း မေးလိုက်သည်။ သူမ၏ချွန်ထက်သော လက်သည်းသည် အာရန်၏လည်ပင်းကို ညင်သာစွာ ထိတွေ့မိလိုက်ရာ အနည်းငယ် နီရဲလာသော အစင်းကြောင်းလေးတစ်ခု ကျန်ရစ်ခဲ့၏။

ကံကောင်းစွာဖြင့် ထိုအရာသည် သိပ်နက်ရှိုင်းခြင်းတော့ မရှိပေ။

“ခြားနားချက်က သူတို့က ကီးလ်မိသားစုရဲ့ အမှိုက်တွေကို သန့်ရှင်းရေးလုပ်ဖို့ စိတ်မဝင်စားခဲ့ဘူး၊ ဘာလို့လဲဆိုတော့ အဲဒီအမှိုက်တွေက သိပ်ကြောက်တတ်လွန်းပြီး ဝေးဝေးမှာ ပုန်းအောင်းနေခဲ့ကြလို့ပဲ အရာအားလုံး ပြီးသွားမှ ထွက်လာရဲကြတာလေ” ဟု သူမက ဆိုလိုက်သည်။

သူမ၏မျက်လုံးများတွင် အာရန်နှင့် ရူဘီတို့သည် တိုက်ပွဲနှင့် ဝေးရာတွင် ပုန်းနေသောကြောင့်သာ အသက်ရှင်ခဲ့ကြခြင်းဖြစ်မည်ဟုယူဆထားသည်။

သူတို့သာ တိုက်ပွဲနှင့် ဝေးရာတွင် မပုန်းခဲ့ပါက အသက်ရှင်ရန် မဖြစ်နိုင်ပေ။

အန်ညာ၏ မျက်လုံးထဲတွင် သူတို့သည် သူရဲဘောကြောင်သော သာမန် ငကြောက်နှစ်ယောက်မျှသာ ဖြစ်လေ၏။

“နင်တို့လို အမှိုက်တွေက အနောက်ပိုင်းတိုက်းကလူတွေကိုကျ ပြောဖို့နေနေသာသာ အနားတောင်မကပ်ရဲကြဘူး။ ဒါပေမဲ့ ငါ့ရှေ့မှာကျ နင်တို့လို အမှိုက်ကောင်တွေတောင် လေသံဟစ်ရဲတယ်ဆိုတော့ အမှိုက်တွေကတောင် ငါတို့ကို အထင်သေးနေပြီလို့ မဆိုလိုဘူးလား”

သူမ၏လက်ဖဝါးသည် အာရန် ၏လည်ပင်းကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

သို့သော် သူမသည် သူ၏လည်ပင်းကို ညှစ်ချေပစ်ရန် မကြိုးစားခဲ့ဘဲ နာကျင်မှုတစ်ခုကိုသာ ပေးခဲ့သည်။

ထို့နောက် အာရန်၏အဖြေကိုပင် သူမ မစောင့်တော့ဘဲ ကောင်းကင်သို့ ပစ်တင်လိုက်လေသည်။

“မင်းတို့အားလုံး ငါ့ကို အထင်သေးပေမဲ့ ငါက မင်းတို့ကို သနားညှာတာမှုတစ်ခု ပြန်ပေးခဲ့ပါ့မယ် အဲ့ဒါကတော့ ငါ့ကလေးလေးရဲ့ ခန္ဓာကိုယ်အတွက် ဖြည့်စွက်စာ‌ ဖြစ်လာခွင့်ပဲ”

အာရန်၏ ခန္ဓာကိုယ်သည် သက်မဲ့အရုပ်ကလေးတစ်ခုကဲ့သို့ ကောင်းကင်ပေါ်သို့ ပစ်တင်ခြင်းခံလိုက်ရလေသည်။

သာမန်လူတစ်ဦးဆိုပါက ထိုပစ်တင်မှု၏ဖိအားကြောင့်ပင် ချက်ချင်း သေဆုံးသွားနိုင်ပေသည်။

အာရန်သည် ကောင်းကင်တွင် မြင့်တက်သွားစဉ် သူ၏ ခန္ဓာကိုယ်ကို အလွယ်တကူ ထိန်းချုပ်ပြီး ကောင်းကင်တွင်ပင် သူ့ကိုယ်သူ ဟန်ချက်ပြန်ထိန်းနိုင်လေသည်။

သို့သော် ထိုသို့ပြုလုပ်ခြင်းက အလွန်သိသာသွားစေလိမ့်မည်ဖြစ်၏။

သူသည် အမှန်တကယ်ပင် ဤချာတိတ်နှစ်ဦးအား သတ်မှဖြစ်တော့မည်လားဟု တစ်ချက်တွေးမိလိုက်သည်။

သူ၏ ခန္ဓာကိုယ်သည် အောက်သို့ ပြန်ကျလာသည်နှင့် ကောင်းကင်ရှိ ဖုတ်ကောင်နဂါးက သူ့ဆီသို့ ပျံသန်းလာပြီး ၎င်း၏ ပုပ်ပွနေသော မေးရိုးများကို ဟလိုက်သည်။

ဖုတ်ကောင်နဂါးသည် အာရန်အား သူ့သခင်မမှ ပေးအပ်သော စားစရာအဖြစ် သတ်မှတ်ပြီးဖြစ်၏။

သူသည် ကလေးငယ်များ၏ အရသာကိုသာ ပိုမိုနှစ်သက်သော်လည်း အခြားသူများကိုလည်း မစားသုံးဟု မဆိုလိုပေ။

ဖုတ်ကောင်နဂါး၏ မေးရိုးများ သူ့အနီးသို့ အလွန်နီးကပ်လာသောအခါ အာရန်သည် ရွေးချယ်စရာမရှိတော့သကဲ့သို့ ခံစားလိုက်ရသည်။

သူ ရွေးချယ်ထားသော စနစ်ဆီမှ ရွေးချယ်မှုကို လက်လွှတ်ခံရတော့မည်လားဟု တွေးမိလိုက်သည်။

ထိုသို့ ပြုလုပ်မိပါက နစ်ခရိုမန်ဆာမျှော်စင်မှ လာမည့်ကိုယ်စားလှယ်အား ရင်ဆိုင်ရခြင်းမှာ ပြဿနာရှိသော်လည်း ၎င်းသည် နောက်ပိုင်းအတွက်ဖြစ်သည်။

ထို့နောက် အာရန်သည် သူ၏ စနစ်သိုလှောင်ခန်းကို ဖွင့်လိုက်ပြီး ဓားတစ်ချောင်းကို ထုတ်လုနီးပါးအချိန်မှာပင်....။

သူ၏လက်ကို ဓားဆီသို့ လှမ်းကိုင်ရန်ပြင်လိုက်စဥ် ရုတ်တရက် လေပြင်းတိုက်ခတ်မှုတစ်ခုကို ခံစားလိုက်ရသည်။

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီးနောက် စက္ကန့်ပိုင်းအတွင်း ဖုတ်ကောင်နဂါးသည် နောက်သို့ လွင့်စင်သွားခဲ့သည်။

မမြင်နိုင်သော အင်အားတစ်ခုက အာရန်အား ဖမ်းဆုပ်ထားလိုက်ပြီး သူ့အား ပြုတ်ကျ ခြင်မှ တားဆီးထားလိုက်သည်။

ထိုစဥ်မှာပင် သူ့ရှေ့တွင် လူငယ်တစ်ဦး၏ ပုံရိပ်ပေါ်လာခဲ့လေသည်။

၎င်းပုံရိပ်သည် လီယိုမှတစ်ပါး အခြား မဟုတ်ပေ။

နောက်ဆုံးတွင် အာရန်၏လောင်းကြေးထပ်မှုသည် အောင်မြင်ခဲ့တော့သည်။

လီယိုနှင့် အန်ညာတို့သည် တစ်ဦးနှင့်တစ်ဦး ရင်းနှီးခြင်းမရှိသည်မှာ ရှင်းလင်းနေသည်။

တစ်ဦးကို ပို၍ စော်ကားမိလေလေ.. အခြားတစ်ဦးက ပိုမို၍ သဘောကျလေလေ ဖြစ်ပေလိမ့်မည်။

#Catfoot

All Chapters