မိုက်မဲခြင်း
Vol. 30 Ch. 426
…
အာရန်၏ ကိုယ်တွင်းရှိ အစိတ်အပိုင်းများ အားလုံးက သူ့အား အန္တရာယ်ရှိနေပြီဖြစ်ကြောင်း သတိပေးနေကြလေသည်။
သူ၏ ပင်ကိုယ်ဗီဇများအရ သူ့အား အရာရာကို အလေးအနက်ထားဆောင်ရွက်ရန် အော်ဟစ်ပြောဆိုနေသကဲ့သို့ပင်။
ယခုရောက်လာသူသာ သူ့အား အမှန်တကယ် သတ်ဖြတ်လိုပါက အာရန်သည် သူ့တွင် ရှိသမျှ ဝှက်ဖဲများအပါအဝင် အစွမ်း အားလုံးကို အလုံးစုံ ထုတ်သုံးမှသာလျှင် အသက်ရှင်နိုင်ခြေ ရှိမည့်ပုံပေါက်နေသည်။
အကယ်၍ သူ၏စွမ်းရည်များကို ဖုန်းကွယ်ရန်အတွက် အနည်းငယ် ထိမ်းချန်ထားလိုက်မိပါက သူသည် ကောင်းကောင်း မတုံ့ပြန်နိုင်ခင်မှာပင် သေဆုံးရပေလိမ့်မည်။
ဝိညာဉ်လောကတွင် လစ်ချ်အား ရင်ဆိုင်ခဲ့ရစဉ်ကပင် ယခုကဲ့သို့ မခံစားခဲ့ရချေ။
ထို့ကြောင့် ယခုရောက်ရှိလာသူသည် လစ်ချ် ထက် အနည်းဆုံး တစ်ဆင့်နှစ်ဆင့်ခန့် မြင့်နေနိုင်ပြီး ထို့ထက်ပိုပါက မျှော်စင်သခင်ကိုယ်တိုင်ပင် ဖြစ်နိုင်သည်ဟု ယူဆမိလိုက်သည်။
ငရဲတံခါးဖွင့်ရန် ပြင်ဆင်မှုများဖြင့် အလုပ်များနေသည်ဟု ယူဆရသောကြောင့် နစ်ခရိုမန်ဆာမျှော်စင်မှ သာမန်ခန်းမမှူးအဆင့်မျှသာ စေလွှတ်လိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့ခြင်းဖြစ်၏။
သို့သော်မထင်မှတ်ပဲ ယခုကဲ့သို့ အံ့သြစရာကောင်းစွာပင် အစောင့်အရှောက် အဆင့်ရှိသူတစ်ဦး ရောက်ရှိလာခဲ့လေသည်။
အစောင့်အရှောက်နှစ်ဦး၏ တပည့်များ ဤနေရာတွင် ရှိနေသောကြောင့်များလား။
အာရန်တစ်ယောက် မသေချာခဲ့ပေ။
ကံကောင်းစွာဖြင့် ထိုအမျိုးသမီးသည် သူ့အား တိုက်ခိုက်ရန် အစီအစဉ်ရှိပုံမရပေ။
သူမသည် သူမ၏ အော်ရာကိုပင် ထုတ်လွှတ်ခြင်းမရှိခဲ့ချေ။
ထိုသို့မဟုတ်ပါက အာရန်၏ ဘေးရှိ ရူဘီ သည် သူမ၏အော်ရာတစ်ခုတည်းနှင့်ပင် အမှန်တကယ်ပင် သေဆုံးသွားနိုင်လေ၏။
သို့သော် ရူဘီအတွက်မူ သာမန်အမျိုးသမီးတစ်ဦး သူမ၏နောက်တွင် ပေါ်လာခြင်းဟုသာ ထင်မှတ်ခဲ့ပြီး အဘယ်ကြော့်ဆိုသော် သူမ၏ ဟန်ပန်သည် သာမန်သေမျိုးတစ်ဦးနှင့် မခြားနားသောကြောင့်ပင်တည်း။
အာရန်၏ ထူးခြားသော ပင်ကိုယ်သိစိတ်သာ ရှိမနေခဲ့ပါက သူသည်လည်း သူမ၏အင်အားကို သတိပြုမိခဲ့လိမ့်မည်မဟုတ်ပေ။
ယခုအချိန်အထိ အာရန်သည် အန်ညာနှင့် လီယိုတို့ကို မသတ်မိခဲ့ခြင်းအတွက် ကြိတ်၍ သက်ပြင်းချလိုက်မိသည်။
အကယ်၍ ထိုသို့သာ လုပ်ခဲ့မိပါက ဤအမျိုးသမီး ရောက်မလာခင်တွင် သူ ထွက်ပြေးပုန်းအောင်းနိုင်ခဲ့မည့်ပုံ မပေါ်ပေ။
‘သူမက သူမရဲ့ အော်ရာကို ပြန်ပြီးဖိနှိပ်ထားနေတယ်။ သူမ ဘာစီစဉ်နေတာလဲ။ လူတွေကို သူမရဲ့ အော်ရာဖိနှိပ်မှုအောက်မှာ မသေဆုံးသွားစေချင်လို့ပဲလား’
အာရန်သည် တိတ်ဆိတ်စွာ တွေးလိုက်မိသည်။
ထိုအမျိုးသမီးသည် အန်ညာနှင့် စရိုက်ခြင်းလုံးဝ မတူပေ။
အကယ်၍ သူမသာ သူမ၏အော်ရာကို ထုတ်လွှတ်လိုက်ပါက ရူဘီသာမက မြို့ထဲရှိ အသက်ရှင်ကျန်ရစ်သူ အားလုံးနီးပါးကိုပါ သေဆုံးသွားစေနိုင်လေသည်။
ဤသည်မှာ မြောက်ပိုင်းတိုက်ကြီး၏ စစ်မှန်သော ကပ်ဘေးအဆင့် တည်ရှိမှုမျိုးပင် ဖြစ်၏။
ကျွမ်းကျင်သူတစ်ဦးသည် သူတို့၏အော်ရာကို ဖုံးကွယ်ထားလိုပါက သူတို့နှင့် အလားတူအဆင့် သို့မဟုတ် ပို၍မြင့်မားသော အဆင့်တွင်ရှိနေသူများသာ ၎င်းကို သတိပြုမိနိုင်ပေမည်။
သူမ၏ အင်အားကို သူ သတိပြုမိပြီဖြစ်ကြောင်း သူမအား အသိပေး၍ မရကြောင်း အာရန်တစ်ယောက် နားလည်ထားခဲ့သည်။
သို့မဟုတ် ရူဘီပင် မသိနိုင်သော အရာကို သူ မည်သို့သိနေရသနည်း ဟူသောမေးခွန်းကို ရှင်းပြရန် မဖြစ်နိုင်တော့ပေ။
“ခင်ဗျား ဘယ်သူလဲ”
အာရန်သည် တည်ငြိမ်စွာပင် နောက်သို့ပြန် လှည့်ကြည့်လိုက်ရာ သူ၏ မျက်နှာတွင် အံ့သြသွားဟန် တစ်စက်မျှပင် ရှိမနေခဲ့ချေ။
အာရန်သည် ထိုအမျိုးသမီးနှင့်ပတ်သက်၍ ထူးဆန်းသည့်မည်သည့် အရာကိုမျှ သတိမပြုမိသလို ဟန်ဆောင်နေလိုက်သည်။
သူသည် နစ်ခရိုမန်ဆာမျှော်စင်၏ အမှတ်အသားပါသော ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးကို မြင်ပြီးမှသာ သူ၏အံ့သြသွားသော အမူအရာကို ထုတ်ဖော်လိုခဲ့သည်။
သို့သော် အံ့အားသင့်စရာကောင်းသည်မှာ သူမသည် နစ်ခရိုမန်ဆာမျှော်စင်နှင့် ချိတ်ဆက်မိနိုင်မည့် မည်သည့်ဝတ်စုံကိုမျှ ဝတ်ဆင်ထားခြင်းမရှိခြင်းပင်။
သူမ၏အဝတ်အစားများသည် နစ်ခရိုမန်ဆာမျှော်စင်မှ အဖွဲ့ဝင်များ ဝတ်ဆင်ထားသည့် အဝတ်အစားများကဲ့သို့ အသက်ဓါတ်ကင်းမဲ့နေခြင်းမရှိပေ။
ယင်းအစား သူမ၏အဝတ်အစားများသည် အလွန်အရောင်အသွေးစုံလင်လှသဖြင့် အနည်းငယ် ကလေးဆန်နေပုံပင် ပေါက်နေလေ၏။
သူမ၏ ယခုမြင်ရသည့်ပုံသဏ္ဍာန်သည် သူအစောပိုင်း ခံစားသိရှိထားသော တည်ရှိမှုနှင့် အတော်လေး ကွဲပြားနေသည်။
ထိုအမျိုးသမီးသည် ပေါင်လယ်အထိသာရောက်သော အပြာရောင် စကတ်တိုလေးတစ်ထည်ကို ဝတ်ဆင်ထားလေသည်။
သူမ၏ လက်ပြတ်အင်္ကျီသည် သက်တံရောင်အနည်းငယ်သန်းနေခဲ့ပြီး နေရာတိုင်းတွင် ကွက်ကြားပုံစံမျိုးဖြစ်နေလေ၏။
သို့သော် ထိုအင်္ကျီသည် လည်ပင်းအထိ ဖုံးအုပ်ထားပြီး ပခုံးသားများကိုပင် မပေါ်လွင်စေခဲ့ပေ။
သူမ၏ သွင်ပြင်ကို မြင်လိုက်ရသောအခါ အာရန်သည် သူမ၏ တိကျသော စရိုက်လက္ခဏာကို ခန့်မှန်းနိုင်ခြင်းမရှိတော့ချေ။
နစ်ခရိုမန်ဆာမျှော်စင်နှင့်ပတ်သက်သော အချက်အလက်များသည် အလွန်ကန့်သတ်ချက်များလေသည်။
အစောင့်အရှောက်နှစ်ဦးအား ယောက်ျား၊ မိန်းမဟူ၍ပင် မည်သူမျှ မသိနိုင်ကြပေ။
“ကျွန်မ ကီးလ်မိသားစုနဲ့အတော်ကြာကြာကတည်းက ထိတွေ့ဆက်ဆံဘူးခဲ့တယ် ဒါပေမဲ့ နင်ကဘယ်သူလဲ နင့်ကို အရင်က တစ်ခါမှ မမြင်ဖူးပါဘူး။ ဒီလိုအချိန်မျိုးမှာ အမွေဆက်ခံသူမိန်းကလေးကို ချဉ်းကပ်ရတဲ့ နင်ရဲ့ရည်ရွယ်ချက်ကကော ဘာလဲ”
သူမ၏ ဝတ်စုံတွင် သူမ၏အချက်အလက်များကို မဖော်ပြထားသောကြောင့် အာရန်တွင် သူ၏အစီအစဉ်ကို ပြောင်းလဲလိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
အကယ်၍ သူမသည်သာ နစ်ခရိုမန်ဆာမျှော်စင်၏ အဖွဲ့ဝင်တစ်ဦးအဖြစ် အသိအမှတ်ပြုခံရလိုခြင်းမရှိပါက အာရန်သည် သူမအား မစော်ကားမိစေရန် ဂရုစိုက်ရင်း အလိုက်သင့် ဟန်ဆောင်နေရုံသာ တတ်နိုင်တော့သည်။
အာရန်သည် အနီးအနားမှ ဓားတစ်ချောင်းကို အလျင်အမြန်ပင် ကောက်ယူလိုက်ကာ သူ၏ ပုံစံသည် ဓားကို ယခုမှသာကိုင်ဖူးသော အတွေ့အကြုံမရှိသည့် သာမန် အစေခံတစ်ဦးကဲ့သို့ ဟန်ဆောက်လိုက်လေသည်။
သူ၏လှုပ်ရှားမှုများအရ သူသည် စစ်သည်တစ်ဦး မဟုတ်ကြောင်း အလွန်ရှင်းလင်းနေလေသည်။
အာရန်၏ပုံစံသည် သခင်မလေးကို အလွန်သစ္စာရှိဟန်ရသော အစေခံတစ်ဦးမျှသာ ဖြစ်၏။
အစောင့်အရှောက်အမျိုးသမီးသည် သူမ၏ခေါင်းကို အနည်းငယ်စောင်းလိုက်ပြီး အာရန်အား တိတ်တဆိတ် စိုက်ကြည့်နေခဲ့သည်။
သူမက ဘာမှမလုပ်ဘဲ အာရန်အား စိုက်ကြည့်နေရုံမျှသာဖြစ်သော်လည်း အာရန်သည် အမှန်တကယ်ပင် ထိုဓားဖြင့် အမျိုးသမီးအား တန်ပြန်ခုခံလိုသည့် စိတ်ဆန္ဒများပင် ပြင်းပြလာခဲ့သည်။
အန္တရာယ်ရှိသော ခံစားချက်က ဤမျှပင် ပြင်းထန်နေပြီး သူမသည် သူနှင့် အလွန်နီးကပ်နေသောကြောင့်လည်း ဖြစ်လေ၏။
အကယ်၍ သူမသာ တစ်စုံတစ်ခု ကြိုးစားခဲ့ပါက သူ၏ အရှိန်ကို ရုတ်တရက်မြှင့်တင်ကာ ရှောင်တိမ်းရန်ပင် အသင့်ပြင်ထားပြီးဖြစ်သည်။
ရူဘီသည်လည်း ထရပ်လိုက်ပြီးနောက် ထိုအမျိုးသမီးအား သံသယဖြင့်စွာဖြင့် စိုက်ကြည့်လိုက်သည်။
သူမသည် အာရန်နောက်တွင် မသိမသာ ပုန်းအောင်းနေမိခဲ့ပြီး ထိုအရာက သူ့အား သူမ မည်မျှ ယုံကြည်အားကိုးကြောင်း ပြသရာလည်း ရောက်နေခဲ့သည်။
“နင့်ရဲ့ ဒီလိုမိုက်မဲတဲ့အပြုအမူမျိုးနဲ့ ဒီအချိန်ထိ အသက်ရှင်နေသေးတာ အံ့သြစရာပဲ” ဟု အမျိုးသမီးသည် သူမ၏ နှုတ်ခမ်းထောင့်များ အပေါ်သို့ ကော့တက်သွားရင်း ပြောလိုက်သည်။
သူမသည် သူမ၏လက်တစ်ဖက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။
သူမ၏ လှုပ်ရှားမှုများသည် အလွန်နှေးကွေးနေပုံရသဖြင့် သာမန်လူတစ်ဦးပင် ရှင်းရှင်းလင်းလင်း မြင်နိုင်သော်လည်း တစ်ချိန်တည်းမှာပင် အလွန်မြန်ဆန်လွန်းသည့် သက်ရောက်မှုအချို့ပါဝင်နေသဖြင့် ထိုအရာကိုမူ မြင်တွေ့ရန်မလွယ်ကူပေ။
ထိုအမျိုးသမီးက သူမ၏ လက်ချောင်းလေးတစ်ချောင်းကို အာရန်၏ ဓားထိပ်ဖျားပေါ်တွင် ညင်သာစွာ တင်လိုက်သည်။
ဓားသည် အာရန်တစ်ယောက် မိစ္ဆာဂိုဏ်းမှ ယူလာသော ဓားများကဲ့သို့ မြင့်မားသောအဆင့်တွင် ရှိမနေသော်လည်း အလယ်အလတ်အဆင့်သတ္ထုများဖြင့် ပြုလုပ်ထားသော ကောင်းမွန်သည့်ဓားတစ်လက်ပင်ဖြစ်နေသေး၏။
သို့သော် ထိုဓားသည် အမျိုးသမီး၏ လက်ဖျားကလေးနှင့် ထိတွေ့လိုက်သည်နှင့် နေရာမှာပင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့ရသည်။
ထိုသက်ရောက်မှုသည် ဓားလက်ကိုင်သို့ မရောက်မီ အာရန်သည် လျှင်မြန်စွာပင် ဓားအား ဘေးသို့ လွှတ်ပြစ်လိုက်မိသည်။
ဓားသည် မြေပြင်ပေါ်သို့ မကျရောက်ခင်မှာပင် လုံးဝအမှုန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဘာတစ်ခုမျှ ခြေရာလက်ရာမကျန်ခဲ့ပဲ ပျောက်ကွယ်သွားခဲ့ရလေသည်။
အာရန်သည် ထိုအမျိုးသမီး၏ စွမ်းရည်ကို နောက်ဆုံးတွင် မြင်တွေ့ခွင့်ရခဲ့တော့သည်။
သူမဆီမှ အဘယ်ကြောင့် နစ်ခရိုမန်ဆာမျှော်စင်မှ ယခင်ရင်ဆိုင်ခဲ့ရသော လစ်ချ် ထက် ပိုမိုပြင်းထန်သော အန္တရာယ်ကို ခံစားမိနေရသည်ကို နောက်ဆုံးတွင်တော့ အာရန်တစ်ယောက် နားလည်နိုင်ခဲ့သည်။
သူမသည် တစ်စုံတစ်ဦးကို တိုက်ခိုက်ရန်ပင် မလိုအပ်ပေ။
သူမသည် သူတို့အား ထိတွေ့မှုလေးတစ်ခုပြုမိလိုက်ရုံဖြင့်ပင် သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးကို အမှုန့်ဖြစ်သွားအောင် ပြောင်းလဲပစ်နိုင်စွမ်းရှိသူတစ်ဦး ဖြစ်၏။
အကယ်၍ ထိုအစွမ်းသင့်မိသူတစ်ဦးသည် သူ၏ ထိုအစွမ်းသင့်ရာ လက်ခြေများကို အချိန်မှီ လျှင်မြန်စွာသာ မဖြတ်တောက်မိပါက အသက်ရှင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
နတ်ဘုရားမ၏ ကောင်းချီးစွမ်းအင်သည် ထိုအမျိုးသမီး၏အစွမ်းအပေါ် ခံနိုင်ရည်ရှိမရှိ အာရန်တစ်ယောက် စမ်းသပ်လိုနေသော်လည်း ယခုအချိန်တွင်မူ သူ၏ မည်သည့်စွမ်းရည်ကိုမျှ ထုတ်ပြ၍မဖြစ်နိုင်ပေ။
သူသည် ပျောက်ကွယ်သွားသော ဓားကိုသာ ငေးကြည့်နေမိခဲ့သည်။
“ဒီလောက် တော်တဲ့ စစ်သည်တော်တွေ အများကြီး သေဆုံးခဲ့ရပေမယ့် ကိုယ့်အစွမ်းအစကိုတောင် ကိုယ်သေခြာ မသိဘဲ ဓားကို ကိုင်မြှောက်ဝံ့သူတွေက အသက်ရှင်ကျန်နေခဲ့သတဲ့လား”
ထိုအမျိုးသမီးသည် ခေါင်းကို ညင်သာစွာ ခါယမ်းရင်း အာရန်၏ ပါးတစ်ဖက်ကို သူမ၏ လက်ဖြင့်လှမ်း၍ ထိတွေ့ရန် ကျိုးစားလိုက်သည်။
#Catfoot