← Chapters

ရန်သူ့နယ်မြေအတွင်းသို့

Vol. 30 Ch. 431

ရန်သူ့နယ်မြေအတွင်းသို့

Vol. 30 Ch. 431

….

“နင့်လို ဘာတိုက်ပွဲမှတောင် မဝင်ဘူးတဲ့ ကီးလ်မျိုးနွယ်ရဲ့ သာမန်ကျွန်တစ်ယောက်ကများ နစ်ခရိုမန်ဆာမျှော်စင်ရဲ့ အဖွဲ့ဝင်ဖြစ်ဖို့ အခွင့်အရေးရှိတယ်လို့ ဘာလို့ ထင်နေရတာလဲ။ နင့်ကိုယ်နင် အဲ့လိုထိုက်တန်ဖို့သာဆိုရင် နောက်ထပ် အကြိမ်တစ်ထောင်လောက် လူပြန်ဝင်စားမှရလိမ့်မယ်”

အန်ညာသည် အာရန်အား လှောင်ပြောင်ရင်း သူမ၏ မျက်နှာတွင် ရွံရှာမှုများ ဖြင့် ပြည့်နှက်နေခဲ့၏။

အရည်အချင်းကောင်းများရှိသော လူငယ်များစွာကိုပင် နစ်ခရိုမန်ဆာမျှော်စင်မှ မကြာခဏ ငြင်းပယ်လေ့ရှိလေသည်။

နစ်ခရိုမန်ဆာအဖွဲ့ဝင်ဖြစ်ရန်ဆိုသည်မှာ အကောင်းဆုံးများထဲမှ အကောင်းဆုံးများဖြစ်နေနိုင်မှသာ အဖွဲ့ဝင်ဖြစ်ရန် အဆင့်မှီနိုင်ပေလိမ့်မည်။

သို့သော်ဤနေရာတွင်မူ အရေးမပါသော သာမန်မိသားစုမှ ကျွန်တစ်ဦးက ၎င်းတို့ထဲမှ တစ်ဦးဖြစ်လာရန်ပင် ရဲရဲဝံ့ဝံ့ အိပ်မက်မက်ဝံ့သည်တဲ့လား။

“မင်းပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ငါတို့ မင်းကို မျှော်စင်ဆီ ခေါ်သွားမယ်ဆိုရင် မင်းကို အဖွဲ့ဝင်အဖြစ် တရားဝင်လက်ခံနိုင်အောင် ကြိုးစားပေးပါ့မယ်” ဟု လီယိုသည် အန်ညာနှင့် ဆန့်ကျင်ဘက် အာရန်အား လက်ခံနိုင်ကြောင်း ပြောလိုက်သည်။

သူသည် အာရန်အား မျှော်စင်တွင် သူ၏ ဂျူနီယာညီလေး တစ်ဦး ဖြစ်လာစေလိုခဲ့၏။

အာရန်သာ မျှော်စင်သို့ ရောက်ရှိသည်နှင့် လီယိုသည် သူ၏ ဆရာကို ရှာပြီး အာရန်အား တပည့်အဖြစ် လက်ခံပေးရန် တောင်းဆိုနိုင်လေသည်။

အခြားသူများက သူ့အား ပိုမိုနှိမ့်ချလေလေ၊ သူ့အတွက် ပိုကောင်းလေလေဖြစ်သည်။

၎င်းက အာရန်အား သူ့ဆီမှ လုယူနိုင်ခြေလည်း ပိုမိုနည်းပါးသွားမည်လည်း မဟုတ်ပါလော..။

“ကောင်းပြီလေ ငါတို့ မင်းကို မျှော်စင်ရဲ့ အဖွဲ့ဝင်အဖြစ် တင်ပြပေးလိုက်ပါ့မယ်” ဟု ဘယ်လက်ရုံးအစောင့်အရှောက်ကလည်း သဘောတူလိုက်သည်။

အာရန်တို့နှစ်ဦး မျှော်စင်သို့ ခုခံမှုမရှိဘဲ ချောမွေ့စွာရောက်ရှိစေရန် ကူညီပေးနိုင်သမျှ အရာအားလုံးသည် အဆင်ပြေလေသည်။

၎င်းတို့ထဲမှ တစ်စုံတစ်ဦးသာ ဤသေဆုံးမှုများ၏ နောက်ကွယ်နှင့် ပတ်သတ်နေပါကလည်း ၎င်းတို့အား ထိုနေရာတွင် စိတ်ကြိုက်နှိပ်စက်မေးမြန်း ၍သတ်ပစ်နိုင်ဆဲပင်မဟုတ်ပါလား။

သူမကိုယ်တိုင်ပင် ၎င်းတို့၏ ဘဝများကို အရှင်လတ်လတ်ငရဲကျအောင် ပြုလုပ်ပေးမည်ဖြစ်လေသည်။

အကယ်၍ ၎င်းတို့ အပြစ်ကင်းစင်ခဲ့လျှင်ပင် ၎င်းတို့အား အသုံးဝင်သော အရာတစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်သေး၏။

နစ်ခရိုမန်ဆာမျှော်စင်တွင် ဖုတ်ကောင်များအား ထိန်းသိမ်းရန်အတွက် ကျွန်များ အမြဲတစေ လိုအပ်နေခဲ့လေသည်။

“မင်းတို့နှစ်ယောက်ကို နစ်ခရိုမန်ဆာမျှော်စင်ရဲ့ တရားဝင်အဖွဲ့ဝင်တွေအဖြစ် ရွေးချယ်လိုက်ပြီ။ ဒါကြောင့် မင်းတို့ရဲ့ လေ့ကျင့်မှု စတင်နိုင်ဖို့ ငါတို့နဲ့အတူပြန် လိုက်ခဲ့ရလိမ့်မယ်” ဟု ဘယ်လက်ရုံးအစောင့်အရှောက်က အာရန်ကို ပြောလိုက်သည်။

သို့သော် သူမသည် အာရန်အတွက် အရေးကြီးသော အခြေအနေတစ်ခုကို ဖြည့်ဆည်းပေးလိုက်ကြောင်းတော့ သူမကိုယ်တိုင်ပင် မသိနိုင်ခဲ့ပေ။

အာရန်သာ နစ်ခရိုမန်ဆာမျှော်စင်ထဲသို့ ခြေချမိသည်နှင့် သူ၏ ရည်မှန်းချက်နှစ်ခုကို ပြီးမြောက်တော့မည်ဖြစ်လေသည်။

သူသည် စနစ်ဆီမှရွေးချယ်မှုကို ပြီးမြောက်နိုင်မည်ဖြစ်ရုံသာမက ငရဲတံခါးနှင့်လည်း နီးကပ်ခွင့်ရတော့မည်ဖြစ်သည့်အပြင် ယခုသည် ငရဲတံခါးဖွင့်လှစ်ရန် အရေးကြီးသော အချိန်တစ်ခုရောက်ရှိနေပြီလည်း ဖြစ်၏။

တစ်ချိန်တည်းမှာပင် ၎င်းက သူ့၏ အပြုအမူများပေါ်တွင်လည်း များစွာမူတည်နေလေသည်။

သူသာ ဤနေရာတွင် အောင်မြင်အောင် မဖြတ်ကျော်နိုင်ခဲ့ပါက ယခင်ကျိုးစားမှုများအားလုံးသည် အချည်းနှီးသာဖြစ်သွားပေလိမ့်မည်။

ယခုသူသည် နစ်ခရိုမန်ဆာမျှော်စင်၏ နယ်မြေ (သို့မဟုတ်) ရန်သူ၏ နယ်မြေအတွင်းသို့ သွားရောက်ရမည် ဖြစ်လေ၏။

အကယ်၍ သူသည်သာ ကောင်းစွာပြင်ဆင်မှုမရှိဘဲ ဒီအတိုင်း လိုက်ပါသွားခဲ့ပါက သေမင်းဆီသို့ လျှောက်လှမ်းသွားသည်နှင့်သာ တူညီနေပေလိမ့်မည်။

အာရန်သည် ယခုအချိန်တွင် ဘယ်လက်ရုံးအစောင့်အရှောက်၏ ဖိတ်ခေါ်မှုကို ငြင်းပယ်မိပါက သူမသည် သူ့အား ချက်ချင်းစတင် တိုက်ခိုက်လိမ့်မည်မှန်းလည်း သူ သိနေခဲ့သည်။

ထို့နောက် အာရန်သည် ရူဘီ၏ လက်ကလေးကို ဆုပ်ကိုင်လိုက်ကာ အတူတကွ ဂိတ်တံခါးပေါက်ဖွဲ့စည်းပုံဆီသို့ လျှောက်သွားလိုက်သည်။

အာရန်၏ စိတ်ထဲတွင်မူ ယီလန်၏ စိတ်လှုပ်ရှားနေသော အသံတစ်ခုကို ဆက်လက် နားထောင်နေခဲ့မိသည်။

သူမသည် သူ့အား နစ်ခရိုမန်ဆာမျှော်စင်သို့ မသွားရန် ဆက်လက်နားချနေခဲ့ကာ အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် သူမသည် သူအားကူညီနိုင်မည် မဟုတ်သောကြောင့်ပင်တည်း။

နစ်ခရိုမန်ဆာမျှော်စင်သည် ဝိညာဉ်များအတွက် သင်္ချိုင်းမြေပင်ဖြစ်လေ၏။

သူမကို ထိုနေရာတွင် ဆင့်ခေါ်ခြင်းပင် ပြုလုပ်နိုင်တော့မည်မဟုတ်သဖြင့် ဂိတ်တံခါးပေါက်များဖြင့် အာရန်အား သွားရောက်မကူညီနိုင်တော့ပေ။

အကယ်၍ အာရန်သာ နစ်ခရိုမန်ဆာမျှော်စင်ထဲသို့ ဝင်ရောက်သွားခဲ့ပါက သူသည် မိမိကိုယ်ကိုသာ အားကိုးရပေတော့မည်။

အာရန်သည် မိစ္ဆာဂိုဏ်း၊ သူရဲကောင်းအကယ်ဒမီနှင့် သန့်စင်ဘုရားကျောင်းအစရှိသည့် နေရာစုံသို့ သွားရောက်ဖူးခဲ့ပြီးဖြစ်သည်။

သို့သော် ဤတစ်ကြိမ်သည် သူ့အတွက် အန္တရာယ်အများဆုံး နေရာတစ်ခုဖြစ်နေလေသည်။

‘အန္တရာယ်များတယ်ဆိုတာ ကိုယ် သိပါတယ်။ ဒီနေရာမှာ ခြေလှမ်းတစ်လှမ်း မှားသွားရင်တောင် ချက်ချင်းတကယ်ကို သေသွားနိုင်ခြေရှိနေတယ်။ ဒါပေမဲ့ ဒီလမ်းကိုသာ ကိုယ်မလျှောက်လှမ်းမိခဲ့ရင် ဒီက ရမဲ့အခွင့်အရေးတွေကိုလည်း ကိုယ် ဘယ်တော့မှ ရနိုင်တော့မှာ မဟုတ်ဘူး။ ကိုယ်သာ အခု နောက်ဆုတ်မိလိုက်ရင် နောင်ကို ထာဝရ နောင်တရနေမိလိမ့်မယ်’

အာရန်သည် နစ်ခရိုမန်ဆာမျှော်စင်သို့ ဆက်သွယ်ထားသော ဂိတ်တံခါးပေါက်ရှေ့တွင် ရပ်နေရင်း ယီလန်အား စိတ်ထဲတွင် ပြန်ဖြေလိုက်၏။

သူသည် အသက်ကို ခပ်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီးနောက် ရူဘီနှင့်အတူ ဂိတ်တံခါးပေါက်အတွင်းသို့ ခြေလှမ်းလိုက်သည်။

လျှို့ဝှက်ဆန်းကြယ်သော ဟင်းလင်းပြင်စွမ်းအားတစ်ခုသည် သူတို့နှစ်ဦး၏ ခန္ဓာကိုယ်အား ဝန်းရံလိုက်ပြီးနောက် ထိုအတွင်းသို့ ဆွဲခေါ်သွားခဲ့သည်။

၎င်းက ယီလန်၏ ဂိတ်တံခါးပေါက်များကို အသုံးပြုခဲ့စဉ် အတွေ့အကြုံများနှင့် ဆင်တူလေသည်။

တစ်ခုတည်းသော ကွာခြားချက်မှာ ယခုသည် အနည်းငယ်ပို၍ ရှုပ်ထွေးပုံရကာ လမ်းကြောင်းသည် ပို၍လည်းတိုတောင်း၏။

အာရန်သည် သူ့အား အရပ်မျက်နှာ‌‌ပေါင်းစုံသို့ ဆွဲငင်ခံနေရသကဲ့သို့ခံစားနေရပြီး မကြာမှီမှာပင် ဂိတ်တံခါးပေါက်၏ အခြားတစ်ဖက်သို့ ရောက်ရှိသွားခဲ့သည်။

ထို့နောက် အာရန်၏ ခန္ဓာကိုယ်သည်သည်း ဂိတ်တံခါးပေါက်အပြင်သို့ လွင့်ထွက်သွားခဲ့၏။

တစ်ဖက်သို့ရောက်သွားသော အာရန်သည် အနားရှိနံရံတစ်ခုကို မှီ၍ မနည်းပင် မက်တပ်ရပ်ရန် ကျိုးစားလိုက်ရပြီး သူ၏ မျက်နှာတစ်ခုလုံးသည် လုံးဝ ဖြူဖျော့နေလေသည်။

တအောင့်ကြာသော အာရန်သည် အန်ချမိတော့မတတ်ပင် မူးဝေတက်လာခဲ့သည်။

ရူဘီသည် အာရန်နှင့်စာပါက ဤဂိတ်တံခါးပေါက် ဖြတ်သန်းဘူးသည့် အတွေ့အကြုံ လုံးဝပင် မရှိခဲ့ဘူးပေ။

သူမတွင် ဂိတ်တံခါးပေါက်ကြောင့် အာရန်ကဲ့သို့ မူးဝေခြင်းမျိုးမရှိခဲ့သော်လည်း သူမ၏ ပထမဆုံးအတွေ့အကြုံဖြစ်သောကြောင့် အနည်းငယ်တော့ မအီမသာဖြစ်သွားခဲ့ရသည်။

မကြာမီပင် ဘယ်လက်ရုံးအစောင့်အရှောက်သည် အန်ညာနှင့် လီယိုတို့နှင့်အတူ ဤနေရာသို့ရောက်လာခဲ့လေသည်။

သူမတို့သည် ထိုနေရာသို့ရောက်သည်နှင့် အခန်းထောင့် တစ်နေရာတွင် အားရပါးရ အော့အန်နေသော အာရန်အား မြင်တွေ့လိုက်ကြရလေသည်။

ဘယ်လက်ရုံးအစောင့်အရှောက် ၏ အကြည့်များသည် အနည်းငယ်ရှုပ်ထွေးသွားခဲ့သည်။

ထိုအရာက သူရဲကောင်းအကယ်ဒမီမှ အဆင့်မြင့်အဖွဲ့ဝင်တစ်ယောက် ၏ပုံစံပင်လား။

သူမ မှတ်မိသလောက် သူရဲကောင်းအကယ်ဒမီသည်လည်း အလားတူ ဂိတ်တံခါးပေါက်များ အသုံးပြုလေ့ရှိကြလေသည်။

ဤသို့ဆိုလျှင် ဤချာတိတ်သည် ဤကဲ့သို့ ပထမဆုံး ဖြတ်သန်းဖူးလူတစ်ဦးကဲ့သို့ အဘယ့်ကြောင့် အော့အန်နေရပါသနည်း။

သူ၏အခြေအနေသည် ရူဘီထက်ပင် ပို၍ဆိုးနေပုံရလေ၏။

ထိုအရာက သူမ၏ အစောပိုင်း ယူဆချက်များကို ပြန်လည် ဆင်ခြင်မိစေခဲ့သည်။

ထိုလူငယ်သည် သူရဲကောင်းအကယ်ဒမီမှ အမှန်တကယ်ပင်ဖြစ်နိုင်ပါ့မလား...။

သူရဲကောင်းအကယ်ဒမီထားဦးတော့ မိစ္ဆာဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲများဆိုလျှင်ပင် ဟင်းလင်းပြင်ခရီးသွားရာ၌ ကျွမ်းကျင်ကြလေသည်။

အချို့ မိစ္ဆာဂိုဏ်းမှ ဘိုးဘေးအကြီးအကဲများထဲတွင် ဟင်းလင်းပြင်ဥပဒေသများကို ကိုယ်တိုင် ဆွဲဖြဲ၍ ဂိတ်တံခါးပေါက်များ၏ အကူအညီပင်မလိုပဲ ခရီးသွားလာနိုင်သူအချို့ပင် ရှိနေ၏။

ထိုသို့သာမဟုတ်ပါက ဤချာတိတ်သည် အတော်ပင် သရုပ်ဆောင်ကောင်းသူ တစ်ဦးဖြစ်ရပေမည်။

ဒါမှမဟုတ် သူသည် ထိုအင်အားစုနှစ်ခုနှင့် အမှန်တကယ်ပင် မသက်ဆိုင်ဘူးလား..။

အနည်းဆုံးတော့ သူ၏ အော့အန်ခြင်းမှာတော့ ဟန်ဆောင်နေခြင်းတစ်ခု ဟုတ်မနေခဲ့ပေ။

“ဘယ်လောက် စိတ်ပျက်စရာကောင်းလိုက်လဲ”

အန်ညာသည် အာရန်၏ အခြေအနေကို ကြည့်ရင်း ခနဲ့တဲ့တဲ့ဖြင့် မှတ်ချက်ပေးလိုက်သည်။

“အဖွဲ့ဝင်ဖြစ်ဖို့ ဘာညာကြီးကြီးကျယ်ကျယ် လျောက်မေးထားတဲ့ အကောင်က ဒီလောက်လေးတောက် သောက်သုံးမကျပါလား”

ဘယ်လက်ရုံးအစောင့်အရှောက်သည် အာရန်အား ပြန်လည်နာလန်ထူနိုင်ရန်အတွက် မိနစ်အနည်းငယ်အချိန်ပေးခဲ့သော်လည်း သူသည် အချိန်တခဏနှင့် ပြန်လည်သက်သာမည့် ပုံမပေါ်ခဲ့ပေ။

အာရန်တစ်ယောက် အန်တာ ရပ်သွားသော်လည်း နှာခေါင်းမှတစ်ဆင့် သွေးအနည်းငယ်မှာမူ ဆက်လက် ထွက်နေဆဲပင်။

ဘယ်လက်ရုံးအစောင့်အရှောက်သည် အာရန်အပေါ်တွင် အချိန်ထပ်မံ မဖြုန်းချင်တော့ချေ။

ဂိတ်တံခါးပေါက်တည်ရှိရာ အခန်းဆီမှ ထွက်လိုက်ကာ တခြားသူများအာ သူမ၏နောက်သို့ လိုက်ခဲ့ရန် ပြောလိုက်လေသည်။

အာရန်မှာမူ အ‌တော်လေးဝေဒနာခံစားလိုက်ရသဖြင့် သူ၏ မျက်လုံးများသည် ယခုတိုင် ဝေဝါးနေဆဲပင်။

အာရန်သည် ထိုဘယ်လက်ရုံးအစောင့်အလျောက်အား စိတ်ထဲမှ ကြိတ်၍ ကျိန်ဆဲမိနေခဲ့သည်။

ထို့ပြင် ဒီဟင်းလင်းပြင် ခရီးသွားခြင်းကိုမူ ပိုမို၍ ကျိန်ဆဲမိလိုက်၏။

ဤကမ္ဘာတစ်ခုလုံးသည် အဘယ်ကြောင့် ထိုနည်းလမ်းဖြင့်သာ ခရီးသွားလာနေကြရသနည်းဟု တွေးမိလိုက်သည်။

သူ့အား ပုံမှန်နည်းလမ်းများဖြင့် ခေါ်ဆောင်၍ မရပေဘူးလား။

အာရန်၏မျက်လုံးထဲတွင် ဘယ်လက်ရုံးအစောင့်အရှောက်၏ ပုံရိပ်ကိုပင် ကောင်းစွာမမြင်နိုင်တော့ပေ။

သို့သော် အာရန်သည် ခေတ္တတုံ့ဆိုင်းနေပြီးနောက် သူမသွားရာနောက်သို့ ဒယီးဒယိုင်ဖြစ်င့် လိုက်ပါသွားခဲ့သည်။

ရူဘီမှ သူ့အား လာရောက်တွဲကူမှသာ အရာရာ သူ့အတွက် အနည်းငယ် ပို၍ လွယ်ကူလာလေသည်။

ဘယ်လက်ရုံးအစောင့်အရှောက်သည် ၎င်းတို့အား သေခြင်းအော်ရာများ ပြည့်နှက်နေသော စင်္ကြန်လမ်းများမှတစ်ဆင့် ခေါ်ဆောင်သွားနေပြီး သူမ၏ ဦးတည်ရာမှာ မရှင်းလင်းနေခဲ့ပေ။

အမှန်ဆိုရရင်တော့ အာရန်တစ်ယောက် သူ၏ စနစ်သိုလှောင်ခန်းကို ကြည့်နေသဖြင့်လည်းအနည်းငယ်ပို၍ အာရုံပျံ့လွင့်နေခဲ့ခြင်းဖြစ်လေသည်။

ထိုအထဲရှိ အသစ်ရောက်ရှိလာသောအရာက သူ၏ အစောပိုင်း ရွေးချယ်မှုအား ပြီးမြောက်ခဲ့သည့်အတွက် ဆုလာဘ်တစ်ခုပင်။

#Catfoot

All Chapters