သေခြင်းရှင်ခြင်းခန်းမ
Vol. 30 Ch. 432
…
အာရန်၏ စနစ်သိုလှောင်ခန်း ထဲတွင် သူတစ်ဦးသာ မြင်နိုင်သော ပစ္စည်းအသစ်တစ်ခု ပေါ်လာခဲ့သည်။
ပထမဆုံးကြည့်လိုက်လျှင် ထိုပစ္စည်းသည် သာမန်ကလေးကစားသည့် သစ်သားမျက်နှာဖုံးတစ်ခုနှင့် မကွာခြားဘဲ ကောင်းစွာ ဝတ်ဆင်၍ပင် မရနိုင်သည့် အရာတစ်ခုကဲ့သို့ပင် တူညီနေ၏။
၎င်းသည် အလွန်သေးငယ်လွန်းရကာ အသုံးဝင်နိုင်ခြင်းမရှိဘဲ လက်မအနည်းငယ်ခန့်သာ ရှိလေသည်။
၎င်းသည် မျက်နှာဖုံးတစ်ခုဆိုခြင်းထက် လည်ဆွဲတစ်ခုတွင်တပ်၍ အလှဝတ်ဆင်ရန် အတွက်သာ ပို၍သင့်တော်ပုံရလေ၏။
ဘယ်လက်ရုံးအစောင့်အရှောက်မှ အနီးအနားတွင် ရှိနေသောကြောင့်သာ အာရန်သည် ထိုမျက်နှာဖုံးအား သူ၏စနစ်သိုလှောင်ခန်းမှ ထုတ်ယူ၍ စစ်ဆေးနိုင်ခြင်းမရှိသေးပေ။
ထို့နောက် အာရန်သည် ရူဘီ၏ အကူအညီဖြင့် ဘယ်လက်ရုံးအစောင့်အရှောက်၏ နောက်မှ တိတ်ဆိတ်စွာပင် လိုက်ပါလာခဲ့သည်။
မကြာမီ ဘယ်လက်ရုံးအစောင့်အရှောက်သည် ကြီးမားသော သတ္တုတံခါးကြီးတစ်ခုရှိသည့် အခန်ရှေ့တွင် ရပ်လိုက်သည်။
သူမသည် ထိုသတ္တုတံခါးကို ဖွင့်လိုက်ပြီး အာရန်နှင့်ရူဘီအား အတွင်းသို့ဝင်ရန် ပြောလိုက်၏။
“ဒါက ဘယ်နေရာလဲ” အာရန်သည် မျက်မှောင်ကြုတ်ရင်း ပြန်မေးလိုက်သည်။
“နင်က အမေးအမြန်းအရမ်းထူတယ်...”
ဘယ်လက်ရုံးအစောင့်အရှောက်သည် သူမ၏လက်ကို ဝှေ့ရမ်းလိုက်ကာ အာရန်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်သည့် စွမ်းအားကို အသုံးပြုလိုက်သည်။
ထို့နောက် အာရန်၏ခန္ဓာကိုယ်သည် အခန်းအတွင်းသို့ တွန်းထုတ်ခံလိုက်ရပြီး ရူဘီသည်လည်း သူ၏နောက်မှ ကပ်၍ ဝင်ရောက်သွားခဲ့သည်။
သူတို့နှစ်ဦးစလုံး မှောင်မိုက်သောထိုအခန်းအတွင်းသို့ ရောက်သည်နှင့် သတ္တုတံခါး ကြီးသည် ပြန်ပိတ်သွားခဲ့၏။
အပြင်ဘက်တွင်မူ ဘယ်လက်ရုံးအစောင့်အရှောက်၏ စကားသံတစ်ခုထွက်ပေါ်လာသည်။
“အခုတော့ မင်းတို့ ဒီမှာပဲ နေခဲ့ရလိမ့်မယ်။ ကီးလ်မိသားစုခြံဝင်းမှာ ဘာဖြစ်ခဲ့လဲဆိုတာ အတည်ပြုပြီးမှ မင်းတို့ကို ဘယ်လိုဆက်ကိုင်တွယ်ရမလဲဆိုတာ စဉ်းစားမယ်”
ဘယ်လက်ရုံးအစောင့်အရှောက်သည် ထိုသို့ပြောပြီးသည်နှင့် လှည့်ထွက်သွားခဲ့ကာ ထပ်မံရှင်းပြခြင်းမရှိတော့ပေ။
အခန်းအတွင်းမှ အာရန်သည် ခြေလှမ်းသံများ ဝေးကွာသွားနေသည်ကိုသာ ငြိမ်သက်စွာ နားထောင်နေခဲ့ရသည်။
သူတို့သည် အမှန်တကယ်ပင် ဤအခန်းထဲတွင် ကျန်ရစ်ခဲ့ကြပြီး ဤနေရာသည် အကျဥ်းခန်းတစ်ခုနှင့် မခြားနားပေ။
နံရံများသည် မှော်စွမ်းအင်အသုံးပြုနိုင်ခြင်းများအား ကန့်သတ်ထားသည့် အရာများဖြင့် အထူးစီမံပြုလုပ်ထားဟန်ရသည်။
စွမ်းအားကြီးသော ဤနစ်ခရိုမန်ဆာမျှော်စင်မှ မှော်ဆရာအချို့ပင်လျှင် ဤနံရံများကို ဖျက်ဆီးနိုင်ခြင်းမရှိဘဲ အခြားတိုက်ကြီးများမှ လူများဆိုလျှင် ပို၍ပင် မဖြစ်နိုင်ပေ။
အဝင်ဝရှိ သတ္တုတံခါးမှာမူ ပို၍ပင် တင်းကျပ်နေသေး၏။
အာရန်သည် ထိုတံခါးအား အနည်းငယ်မျှ ထိမိလိုက်ရုံဖြင့်ပင် သူ၏ ခွန်အားကို တံခါးမှ စုပ်ယူနေသည်ဟု ခံစားလိုက်ရသည်။
အကယ်၍သူသည်သာ ထိုတံခါးကို အင်အားသုံး၍ တိုက်ခိုက်လျှင်ပင် ဤတံခါးသည် ပျက်စီးနိုင်မည်မဟုတ်ကြောင်း သေချာနေခဲ့သည်။
ထို့ပြင် ထိုသို့ခွန်အားသုံး၍ တိုက်ခိုက်ပါက ထိုတံခါးသည် သူ၏ ခွန်အားများကို စုတ်ယူကာ သူ့အား တန်ပြန်တိုက်ခိုက်နိုင်ဖွယ်ပင် ရှိနေလေ၏။
အာရန်သည် သူ၏ ခန့်မှန်းချက်ကို မှန်မမှန်စစ်ဆေးရန် ခွဲခြားသတ်မှတ်ခြင်းအစွမ်းကို အသုံးပြုကြည့်လိုက်ရာ သူ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်နေသည်အား တွေ့ရှိခဲ့ရသည်။
“ငါ ထင်ထားတဲ့အတိုင်းပဲ၊ ဒါက ထောင်ချောက်ပဲ”
အာရန်သည် နောက်သို့ ပြန်လျှောက်သွားလိုက်ပြီး နေရာတစ်ခုတွင် ထိုင်ချလိုက်သည်။
သူ၏ခေါင်းမှာ အစောပိုင်း ဂိတ်တံခါးပေါက် အသုံးပြုခဲ့ရသောကြောင့် အနည်းငယ် မူးဝေနေဆဲပင်ဖြစ်၏။
ကံကောင်းစွာဖြင့် အချိန်ကြာလာသည်နှင့်အမျှ သူ၏ ခေါင်းသည် ပြန်လည်၍ ကြည်လင်လာခဲ့သည်။
“သူမက သူတို့ကို အသက်ပြန်သွင်းပြီးမှပဲ ငါတို့ကို သတ်ဖို့ ဒီကို ပြန်လာလိမ့်မယ်။ တကယ့် ကို ရက်စက်တဲ့မိန်းမပဲ” ဟု အာရန်က ပြောလိုက်သည်။
ရူဘီသည် အာရန်၏ စကားကို ကြားသောအခါ ထိတ်လန့်သွားခဲ့ရသည်။
ထိုစကားအရ သူတို့၏ လျှို့ဝှက်ချက်များ ဖော်ထုတ်ခံရတော့မည်ဟု ဆိုလိုနေသည်မဟုတ်ပါလော...။
“ဒါက ထောင်ချောက်မှန်း သိရင် ရှင်ဘာလို့ ဒီကို လိုက်လာသေးတာလဲ” ဟု သူမက အာရန်အား နားမလည်နိုင်စွာ ပြန်ကြည့်ရင်း မေးလိုက်သည်။
သူမသည် အာရန်၏မျက်နှာကို မြင်လိုက်သည့်အခါ ပို၍ပင် အံ့အားသင့်သွားခဲ့သည်။
ထိုလူငယ်သည် ထိုမျှကြောက်လန့်ဖွယ်ကောင်းသော အရာတစ်ခုအကြောင်း ပြောနေသော်လည်း သူ၏မျက်နှာမှာ အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းများရှိမနေခဲ့ပေ။
သူသည် တည်ငြိမ်လွန်းနေခဲ့သည်။
ဤအခြေအနေမျိုးမှာပင် အဘယ်ကြောင့် အရာအားလုံးက သူ့ဆန္ဒအတိုင်း ဖြစ်နေသကဲ့သို့ သူ အဘယ်ကြောင့် ဤမျှ တည်ငြိမ်နေနိုင်သနည်းဆိုသည်အား သူမ နားမလည်နိုင်ဖြစ်နေရသည်။
သူမသည် အာရန်တစ်ယောက် သူ၏ လက်ချောင်းများကို လေထဲတွင် ဝှေ့ယမ်းနေသည်အား မြင်လိုက်ရပြီး သူမ မမြင်နိုင်သော အရာတစ်ခုကို ထိနေသည့်ပုံပင်။
မကြာမီ သူမသည် သေးငယ်သော သစ်သားမျက်နှာဖုံးလေးတစ်ခု သူ့လက်ထဲတွင် ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရ၏။
မျက်နှာဖုံးသည် ထူးခြားသည်ဟု မခံစားရပေ။
အနီးအနားရှိ သစ်ပင်များထံမှ သာမန်ကလေးတစ်ဦး ပြုလုပ်ထားသော ဆော့စရာအရုပ်တစ်ခု နှင့်သာပို၍ တူနေခဲ့သည်။
မည်သည့် အထူးစွမ်းရည်ကိုမှ အသုံးမပြုဘဲနှင့်ပင် သူမသည် ထိုသစ်သားမျက်နှာဖုံးအား လွယ်ကူစွာ ဖျက်ဆီးပစ်နိုင်ပုံရလေသည်။
“ဒါက ဘာလဲ”
သူမသည် မနေနိုင်တော့ပဲ အာရန်အား ထိုပစ္စည်းနှင့်ပတ်သက်၍ စိတ်ဝင်တစား မေးလိုက်မိသည်။
ထိုသေးငယ်သော မျက်နှာဖုံးသည် အလွန်သာမန်ဖြစ်ပုံရသော်လည်း ထိုသို့မဟုတ်ကြောင်း သူမ သေချာသိနေသည်။
အာရန်သည် မိစ္ဆာဂိုဏ်း၏ မဟာအကြီးအကဲတစ်ဦး ဖြစ်လေသည်။
သူအသုံးပြုသော ပစ္စည်းသည် အဘယ်ကြောင့် သာမန်ပစ္စည်း ဖြစ်နိုင်မည်နည်း။
“ဒါက တကယ်ကို ပျော်စရာကောင်းတဲ့အရာလေးတစ်ခုပဲ” အာရန်သည် သူ၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားပြီး စနစ်ဆီမှ ဖော်ပြချက်ကို စူးစိုက်ကြည့်နေခဲ့သည်။
၎င်းက သူ၏ ကံကြမ္မာခန္ဓာဆီမှ အကျိုးသက်ရောက်မှုတစ်ခုပင် ဖြစ်မလားဟုပင် တွေးမိလိုက်သည်။
ဤပစ္စည်းသည် ဤအခြေအနေတွင် သူ့အတွက် တကယ့်ကို အသုံးဝင်လွန်းသောအရာတစ်ခုဖြစ်လေ၏။
“ရှေ့မဆက်ခင် ကျုပ်အနေနဲ့ ပြီးမြောက်အောင်လုပ်ရမယ့် နောက်ထပ်အရာတစ်ခု ရှိနေသေးတယ်”
အာရန်သည် သစ်သားမျက်နှာဖုံးကို သူ၏စနစ်သိုလှောင်ခန်းထဲသို့ ပြန်သိမ်းထားလိုက်သည်။
ထို့နောက် ထရပ်လိုက်ကာ ရူဘီအနီးသို့ လျှောက်သွားလိုက်ပြီး သူမ၏နဖူးပေါ်တွင် သူ၏ လက်ညှိုးတစ်ချောင်းကို တင်ထားလိုက်သည်။
အာရန်သည် နဂါးလျှာအစွမ်းကို အသုံးပြုရန် စကားလုံးအချို့ကို ရွတ်ဆိုလိုက်ရင်း တောင်ဘက်တိုက်ကြီးတွင် သူ ခိုးယူလာနိုင်ခဲ့သော သူရဲကောင်းအကယ်ဒမီမှ ပါမောက္ခတစ်ဦး၏ စွမ်းရည်များဖြင့် ပူးပေါင်းလိုက်သည်။
ထိုသူရဲကောင်း၏စွမ်းရည်နှင့်အတူ သူ၏နဂါးလျှာအစွမ်းကိုပေါင်းစပ်အသုံးပြုကာ သူမ၏ မှတ်ဉာဏ်များကို ပြန်လည်ပြပြင် ချယ်လှည်လိုက်သည်။
ထို့ပြင် ထိုမိန်းကလေးသည် အလွန်အားနည်းနေသောကြောင့် စိတ်ပိုင်းဆိုင်ရာ ခြယ်လှယ်မှုနှင့်ပတ်သက်၍ သူသည် မည်သည့်ပြဿနာမျှ မရှိခဲ့ပေ။
နဂါးလျှာအစွမ်းဖြင့် သူ၏ တောင်ဘက်တိုက်မှလုယူလာသော သွေးမျိုးဆက်စွမ်းရည်ကို အားဖြည့်ပေးပြီး မိန်းကလေးအား ယုံကြည်နိုင်လောက်စရာ မှတ်ဉာဏ်အသစ်များကို ထပ်မံ ဖန်တီးပေးခဲ့သည်။
ယခု နက်ခရိုမန်ဆာမျှော်စင်တွင် သူကိုယ်တိုင် ရောက်ရှိနေပြီဖြစ်သောကြောင့် မည်သည့်အရာမဆို အချိန်မရွေးဖြစ်သွားနိုင်ပေသည်။
ဤနေရာတွင် သူ၏ အကြီးမားဆုံးအားနည်းချက်မှာ သူ့အကြောင်းသိနေသော ရူဘီပင်ဖြစ်၏။
အစောပိုင်းက သူမသည် သူမ၏ကြောက်ရွံ့မှုကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဘယ်လက်ရုံးအစောင့်အရှောက်၏ စစ်ဆေးမေးမြန်းခြင်းကိုလည်း ကျော်လွှားနိုင်ခဲ့သည်။
နောက်တစ်ကြိမ်တွင် သူမအတွက် ဤမျှမလွယ်ကူနိုင်တော့သည်မှာ သေခြာနေလေသည်။
ရူဘီသည် နက်ခရိုမန်ဆာမျှော်စင်အား သူပြောခိုင်းခဲ့သော ဇာတ်လမ်းကို ယုံကြည်နေစေရန် သူ သေချာချင်ခဲ့သည်။
ထို့ကြောင့် ပိုမိုသံသယကင်းစေရန် ဖေး နှင့်ပတ်သက်သော မှတ်ဉာဏ်များကိုပင် ဖျက်ပစ်ခဲ့ပြီး ကာဒီနယ်ရဟန်းအမတ်နှင့်တူသော တစ်စုံတစ်ဦးက တိုက်ခိုက်ခဲ့၍ မိသားစုခေါင်းဆောင်များ သေဆုံးသွားခဲ့သည့်အကြောင်းကို အစားထိုးယုံကြည်စေလိုခဲ့၏။
“ဒါဆို လုံလောက်ပြီထင်တာပဲ”
ဦးနှောက်ဆေးခြင်းလုပ်ငန်းစဥ် ပြီးစီးပြီးနောက် အာရန်သည် အစောပိုင်း သူ၏ နေရာဆီသို့သာ သွားရောက်၍ ပြန်ထိုင်နေခဲ့သည်။
အာရန်သည် အခြေခံအကျဆုံးအရာများကိုပင် ဂရုတစိုက် ပြင်ဆင်ထားခဲ့ပြီး ဖြစ်လေသည်။
ယခုမူ အရေးကြီးသောအစိတ်အပိုင်းတစ်ခုသာ ကျန်ရှိတော့သည်။
...
“ဘယ်လက်ရုံးအစောင့်အရှောက်ကိုယ်တိုင် ဒီကို လာနေတာလား”
“ဘာလဲ... ငါတို့ ဘာလုပ်ခဲ့လို့လဲ... ဘာလို့ အဲဒီမကောင်းဆိုးဝါးမက ဒီကို လာနေရတာလဲ မင်းများ သူ့ကို တစ်နည်းနည်းနဲ့ စော်ကားမိခဲ့လို့လား”
“မင်း ဘာပြောလိုက်တာလဲ သူ့ကို စော်ကားမိတာ မင်းပဲ ဖြစ်ရမယ် သူမ အမဲလိုက်ပြီး ဒဏ္ဍာရီလာသားရဲတစ်ကောင်ရဲ့ အလောင်း ကို ပြန်ယူလာတဲ့အချိန်ကို မှတ်မိသေးလား။ မင်းက အဲ့ဒီသားရဲရဲ့အလောင်းကို ပြန်အသက်မသွင်းနိုင်ခဲ့ဘူးဆိုတာ သူမ သိသွားလို့လာတာ ဖြစ်ရမယ်”
“ဟ သူမ ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် သိနိုင်မှာလဲ အာ... ဒါသာ တကယ်ဆိုရင် ငါတော့ သေပြီပဲ ငါ ပုန်းနေဖို့လိုပြီထင်တယ်”
သေခြင်းရှင်ခြင်းခန်းမအတွင်းရှိ အဖွဲ့ဝင်များကြားတွင် ဘယ်လက်ရုံးအစောင့်အရှောက် ဤနေရာသို့ လာနေပြီဆိုသော သတင်းပျံ့နှံ့သွားသောအခါ လုံးဝ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြလေ၏။
#Catfoot