← Chapters

အထူးပုဂ္ဂိုလ်

Vol. 30 Ch. 433

အထူးပုဂ္ဂိုလ်

Vol. 30 Ch. 433

….

သေခြင်းရှင်ခြင်းခန်းမသည် နစ်ခရိုမန်ဆာမျှော်စင်၏ ထူးခြားသောခန်းမတစ်ခု ဖြစ်လေသည်။

သေခြင်းရှင်ခြင်းခန်းမမှ အဖွဲ့ဝင်များသည် များစွာခွန်အားကြီးခြင်းမရှိကြသော်လည်း သူတို့တွင် အလွန်ထူးခြားသော ကိုယ်ပိုင်အားသာချက်များရှိကြ၏။

သေခြင်းရှင်ခြင်းခန်းမ၏ အဓိကတာဝန်မှာ သေဆုံးသူများကို ပြန်လည်အသက်သွင်းရန်ဖြစ်သည်။

နစ်ခရိုမန်ဆာမျှော်စင်၏ အခြားခွန်အားကြီးသော အဖွဲ့ဝင်များသည် ဖုတ်ကောင်များကို ဖန်တီးနိုင်သော်လည်း သေခြင်းရှင်ခြင်းခန်းမမှ အဖွဲ့ဝင်များသည်သာ သေပြီးသူများကို သူတို့၏တိုက်ပွဲနှင့် ဘဝအတွေ့အကြုံမှတ်ဉာဏ်များကို ထိန်းသိမ်းထားရင်း ပြန်လည် အသက်သွင်းနိုင်စွမ်းရှိကြခြင်း ဖြစ်လေသည်။

မျှော်စင်သခင်ကိုယ်တိုင်မှလွဲ၍ သေခြင်းရှင်ခြင်းခန်းမသာ ထိုကဲ့သို့သော အရာမျိုးကို လုပ်ဆောင်နိုင်စွမ်းရှိခြင်းဖြစ်သည်။

ထို့ကြောင့် နစ်ခရိုမန်ဆာမျှော်စင်၏ အခြားအဖွဲ့အစည်းများသည် ဖုတ်ကောင်များကို ဖန်တီးနိုင်သော်လည်း အရေးပါသောလူများ၏ မှတ်ဉာဏ်များအလိုရှိပါက သေခြင်းရှင်ခြင်းခန်းမသို့သာ လက်လွှဲအပ်လေ့ရှိကြသည်။

မကြာသေးမီက ထိုခန်းမသည် ဘယ်လက်ရုံးအစောင့်အရှောက်အား အညံ့ခံရန် ငြင်းဆန်ခဲ့သော အားကောင်းသည့် ဒဏ္ဍာရီလာသားရဲ တစ်ကောင်ကို ပြန်လည်အသက်သွင်းရန် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ ဘယ်လက်ရုံးအစောင့်အရှောက်က ထိုသားရဲကို သတ်ပစ်ပြီးနောက် ၎င်း၏ အလောင်းကို နစ်ခရိုမန်ဆာမျှော်စင်သို့ ပြန်လည် ယူဆောင်လာခဲ့ကာ ဖုတ်ကောင် အဖြစ် ပြောင်းလဲပစ်မည်ဖြစ်သည်။

သူမသည် ပြန်လည်ရှင်သန်လာမည့် ဖုတ်ကောင်သားရဲ၏ ခွန်အားကိုသာမက ၎င်း၏ မှတ်ဉာဏ်များကိုပါ အလိုရှိသဖြင့် သေခြင်းရှင်ခြင်းခန်းမသို့ ထိုဒဏ္ဍာရီလာသားရဲအား ယူဆောင်၍ လာရောက်တာဝန်ပေးအပ်ခဲ့လေ၏။

ထိုသားရဲက သူမအား အညံ့ခံရန် ငြင်းဆန်ခဲ့သဖြင့် သူမက ထိုမောက်မာသော သားရဲအား ၎င်း၏ မောက်မာမှုအပါအဝင် အရာအားလုံးကို မှတ်မိစေလိုပြီးမှ ဖုတ်ကောင်ကျွန်အဖြစ် သူမထံ၌ အမိန့်များကို ထာဝရ နာခံစေလိုခဲ့ခြင်းလည်းဖြစ်သည်။

ကံမကောင်းစွာဖြင့် သေခြင်းရှင်ခြင်းခန်းမသည်ပင် ထိုသားရဲအား ပြန်လည်အသက်သွင်းရာ၌ မအောင်မြင်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ၎င်း၏ဝိညာဉ်သည် အသည်းအသန် ခုခံခဲသောကြောင့်ပင်တည်း။

၎င်းတို့အားလုံး၏ ပူးပေါင်းအားထုတ်မှုဖြင့်ပင် ထိုသားရဲအား အတင်းအကျပ်ပြန်လည် အသက်မသွင်းနိုင်ခဲ့ကြပေ။

ထိုသားရဲသည် အညံ့ခံရမည့်အစား သူ၏ ဝိညာဉ်ကိုသာ ပြန်လည် ဖျက်ဆီးပစ်ရန် ရွေးချယ်ခဲ့သဖြင့် သူတို့သည်လည်း မည်သို့မျှမတတ်နိုင်ပဲ လက်မှိုင်ချခဲ့ရလေသည်။

ဝိညာဉ် ဖျက်ဆီးခံရခြင်းဖြစ်သဖြင့် မှတ်ဉာဏ်များကို ပြန်လည်ရယူနိုင်မည့် နည်းလမ်းလည်း မရှိတော့ချေ။

အကယ်၍ ၎င်းသားရဲ၏ ကိုယ်ခန္ဓာအတွင်းသို့ နောက်ထပ် ၎င်းနှင့် သဟဇာတဖြစ်သော သားရဲ၏ ဝိညာဉ်ကိုသာ ရှာမတွေ့နိုင်ခဲ့ပါက ၎င်းသည် သာမန်ဖုတ်ကောင်သားရဲ အဖြစ်သာ ၎င်းသခင်၏ ညွှန်ကြားချက်များကို အသက်မဲ့စွာ လိုက်နာနိုင်ပေလိမ့်မည်။

သူတို့သည် ယခုနံနက်အစောပိုင်းကလေးကမှ ကျရှုံးခဲ့ခြင်းဖြစ်လေ၏။

ဤသတင်းသည် ဘယ်လက်ရုံးအစောင့်အရှောက်ထံသို့ ထိုမျှမြန်မြန် ရောက်ရှိသွားသည်အား သူတို့ယခုအချိန်ထိ မယုံကြည်နိုင်ကြသေးပေ။

ထိုလုပ်ငန်းစဥ်တွင် အဓိကတာဝန်ရှိသူသည် လွန်စွာထိတ်လန့်နေခဲ့ရပြီး ယခု အချိန်သည် သူတို့အား အကာအကွယ်ပေးမည့် မျှော်စင်သခင်ကိုယ်တိုင်ကလည်း မအားသောကြောင့် ကျန်လူနှစ်ဦးသာ သူ့အား ကယ်တင်နိုင်တော့မည်ဖြစ်မှန်း နားလည်ထားလေသည်။

ညာလက်ရုံးအစောင့်အရှောက်သည် ငရဲတံခါးအား ကိုယ်တိုင် စောင့်ကြပ်နေရသဖြင့် သူ့အား အကူအညီတောင်းရမရပေ။

အကယ်၍သူသာ ငရဲတံခါးသို့ ချဉ်းကပ်သွားမိပါက ၎င်းကပင် ညာလက်ရုံးအစောင့်အရှောက်အား သူ့ကို မြင်မြင်ချင်း သတ်ပစ်ရန် လုံလောက်သော အကြောင်းပြချက်ဖြစ်ပေသည်။

ယခုအချိန်တွင် သူ့အား ကာကွယ်နိုင်သူမှာ တစ်ဦးတည်းသာ ကျန်ရှိတော့လေသည်။

ထိုသူမှာ မျှော်စင်သခင်မရှိသည့်အခိုက်တွင် နစ်ခရိုမန်ဆာမျှော်စင်အား ကိုယ်စား စီမံခန့်ခွဲနေရသူ ‘ညွှန်ကြားရေးမှူး’ ဟုခေါ်တွင်သူဖြစ်၏။

သေခြင်းရှင်ခြင်းခန်းမ၏ ခေါင်းဆောင်သည် အလျင်အမြန်ပင် လှည့်ထွက်သွားကာ ကျန်ရှိသောအဖွဲ့ဝင်များကိုပင် ဘာမျှမပြောနိုင်တော့ပဲ သည်အတိုင်း ချန်ထားခဲ့ကာ အလျှင်အမြန် ပြေးထွက်သွားလိုက်သည်။

ကံမကောင်းစွာဖြင့် သူ ထွက်ပေါက်သို့ မရောက်မီမှာပင် သူ၏ခြေထောက်များသည် ရုတ်တရက် တောင့်တင်းသွားရလေသည်။

အဘယ်ကြောင့်ဆိုသော် သူ၏ ရှေ့မှ ထိုအမျိုးသမီး၏ အော်ရာကို ခံစားမိလိုက်သောကြောင့်ပင်တည်း။

သူသည် သတွေးတစ်ချက် မျိုချလိုက်ပြီး နောက်သို့ပြန်လှည့်လိုက်ရသည်။

သူ၏မျက်နှာတွင် အပြုံးတစ်ခု ရှိနေသော်လည်း မည်သည့်အချိန်မဆို ထငိုတော့မည့်ဟန်ပင် ဖြစ်နေ၏။

“ဘယ်လက်ရုံးအစောင့်အရှောက်ကိုယ်တိုင် ဒီကို ရောက်လာတာပဲ။ ကျုပ်တို့အတွက် တကယ့်ကို ဂုဏ်ယူစရာကိစ္စပဲ”

ခေါင်းဆောင် ခန်းမမှူးသည် ခန်းမဝင်ပေါက်တွင် ရပ်နေသော အမျိုးသမီးအား နှုတ်ဆက်လိုက်ရသော်လည်း သူ၏ကျောပြင်တွင် ချွေးစေးများဖြင့် ရွှဲနစ်နေဆဲပင်။

“ဒီလို အသုံးမဝင်တဲ့ နှုတ်ဆက်စကားတွေ မကြားချင်ဘူး။ ငါဒီကို အချိန်ဖြုန်းဖို့‌ ရောက်လာတာမဟုတ်ဘူး”

ဘယ်လက်ရုံးအစောင့်အရှောက်သည် သူမ၏လက်ကိုတစ်ချက်ခါထုတ်လိုက်ရာ အလောင်းများစွာသည် ခန်းမအတွင်း၌ ထွက်ပေါ်လာခဲ့၏။

ဤသို့ဖြင့် ခန်းမ၏ သန့်ရှင်းသောကြမ်းပြင်သည် အလောင်းကောင်များဖြင့် ပြည့်နှက်သွားခဲ့သည့်အပြင် သွေးများဖြင့်လည်း နီရဲသွားခဲ့ရသည်။

“သူတို့ရဲ့မှတ်ဉာဏ်တွေကို မပျက်စီးစေဘဲ သူတို့ကို အသက်ပြန်သွင်းလိုက်ပါ။ ငါ သူတို့ကို အရေးကြီးကိစ္စတစ်ခု မေးစရာရှိနေတယ်။ ကတယ်လို့ ဒါလေးကိုတောင် မင်းတို့ မအောင်မြင်နိုင်ရင်တော့ မင်းတို့အားလုံးကို ဒီမှာပဲ သတ်ပစ်ရလိမ့်မယ်” ဟု ထိုအမျိုးသမီးက ပြောလိုက်ရာ သူမ၏စကားလုံးများသည် စနောက်နေသည့်ဟန်တော့ မတူပေ။

“သခင်မ... သခင်မက သူတို့အတွက် ဒီကိုရောက်လာတာလား။ စိတ်ချပါဗျာ ကျုပ်တို့ သေချာပေါက် သူတို့ကို ပြန်လည်အသက်သွင်းပေးမှာပါ စိတ်ချပါ...”

သေခြင်းရှင်ခြင်းခန်းမအဖွဲ့ဝင်များသည် စကားမပြောနိုင်အောင်ပင် ဖြစ်သွားကြရသည်။

သူတို့က ထိုအမျိုးသမီးမှာ ၎င်း၏ ဒဏ္ဍာရီလာသားရဲအလောင်းကို ဖျက်ဆီးမိခဲ့ခြင်းအကြောင်း သိရှိပြီး၍ လာရောက်ခြင်းဖြစ်မည်ဟု ထင်မှတ်ခဲ့ကြသည်။

ယခု သူမရောက်ရှိလာခြင်း၏ ရည်ရွယ်ချက်အမှန်ကို သိရှိလိုက်သောအခါ သူတို့ သည် များစွာ စိတ်သက်သာရာ ရသွားကြသည်။

သူတို့သည် ဤအားနည်းသော လူသားများကိုသာ ပြန်လည်အသက်သွင်းပေးရုံ လိုအပ်လေသည်။

၎င်းသည် သူတို့အတွက် အလွန်လွယ်ကူသော ကိစ္စတစ်ခုပင်မဟုတ်ပါလော...။

အထူးသဖြင့် ဤအလောင်းများထဲမှ မည်သည့်အလောင်းမှ ဒဏ္ဍာရီလာသားရဲများ ဖြစ်မနေသောကြောင့်ပင်။

ဤတာဝန်ကိုသာ သူတို့ ပြီးမြောက်နိုင်ခဲ့လျှင် သူတို့၏ အသုံးဝင်ပုံကို ဘယ်လက်ရုံးအစောင့်အရှောက်အား သက်သေပြပြီးဖြစ်သွားမည်ဖြစ်၏။

ထို့ကြောင့် သေခြင်းရှင်ခြင်းခန်းမအဖွဲ့ဝင်များသည် အလောင်းများကို ခန်းမ၏အလည်ဗဟိုသို့ သယ်ဆောင်လိုက်ကြသည်။

သူတို့သည် ခေါင်းနှင့်ကိုယ်ဆက်စပ်၍မရသော အလောင်းအချို့ကိုသာ ချန်ထားခဲ့ကြသည်။

ထိုအလောင်းများတွင် ခေါင်းပင်မရှိသောကြောင့် သူတို့အား ပြန်လည်အသက်သွင်းနိုင်ခဲ့လျှင်ပင် စကားပြောနိုင်ကြမည်မဟုတ်ပေ။

သေခြင်းရှင်ခြင်းခန်းမသည် အဓိကအားဖြင့် အကောင်းအတိုင်းရှိသေးသော အလောင်းကောင်များကို အာရုံစိုက်ထားလိုက်သည်။

သို့မှသာ သူတို့အသက်သွင်း၍ ပြန်လည်နိုးထလာသော မှတ်ဉာဏ်ပါရှိသည့် ဖုတ်ကောင်များသည် ဘယ်လက်ရုံးအစောင့်အရှောက်အတွက် ပိုမိုအသုံးဝင်ကြောင်း သက်သေပြနိုင်မည်ဖြစ်၏။

ခန်းမအဖွဲ့ဝင်များသည် အလောင်းများကို ပုံစံကွက်၏ အလယ်ဗဟိုသို့ ပြောင်းရွှေ့ပြီးသည်နှင့် ပုံစံကွက်၏ အမျိုးမျိုးသော နေရာများတွင် အသီးသီး နေရာယူလိုက်ကြသည်။

သူတို့အားလုံးသည် သူတို့၏ အသက်ဓာတ်အဆီအနှစ်များကို ပံစံကွက်အတွင်းသို့ ထည့်သွင်းလိုက်၍ အသက်သွင်းခြင်းဖြစ်စဥ်ကို စတင်လိုက်လေသည်။

ဤသို့ အသက်သွင်းခြင်းဖြစ်စဥ်စတင်လိုက်သည်နှင့် သူတို့၏မှော်ပညာများကို တစ်ပြိုင်တည်း စတင်အသက်သွင်းလိုက်ကြ၍ ဤဖြစ်စဥ်တွင် ခန်းမမှူးကိုယ်တိုင်က ဦးဆောင်ညွှန်ကြားလိုက်သည်။

ဘယ်လက်ရုံးအစောင့်အရှောက်သည် နောက်ဘက်တွင် ရပ်လျက် ဤလုပ်ငန်းစဉ်တစ်ခုလုံးကို စောင့်ကြည့်အကဲခပ်နေလေ၏။

“သူတို့သာ မှတ်ဉာဏ်တွေနဲ့အတူ ပြန်ရှင်သန်လာနိုင်ရင် အရာအားလုံးက လုံးဝ ရှင်းလင်းသွားလိမ့်မယ်။ နင်က တကယ်ပဲ တရားခံအစစ်လား၊ ဒါမှမဟုတ် တခြားတစ်ယောက်ယောက်များလား”

...

ဘယ်လက်ရုံးအစောင့်အရှောက်သည် ထိုအခမ်းအနားအား အာရုံစိုက်နေစဉ်မှာပင် သူမ၏နောက်မှ အသံတစ်ခုကို ကြားလိုက်ရသည်။

သူမကိုယ်တိုင်ပင် သူမ၏နောက်မှ သရဲတစ်ကောင်ကဲ့သို့ ပေါ်လာသော ထိုသူ၏တည်ရှိမှုကို သတိမပြုမိခဲ့ပေ။

သူမသည် ရုတ်တရက် မြင့်တက်လာသော အပူချိန်ကို စတင်ခံစားမိသောအခါမှသာ ထိုသူ၏တည်ရှိမှုကို သတိပြုမိခဲ့သည်။

“မင်း အပြင်ကို ကိုယ်တိုင်သွားခဲ့တယ်လို့ ကြားထားတယ်”

သေခြင်းရှင်ခြင်းခန်းမ၏ ခေါင်းဆောင်လည်း ထိုသူ၏ ရောက်ရှိလာမှူကို သတိပြုမိလိုက်၏။

သူ၏မျက်နှာသည် ပို၍ပင် ဖြူဖျော့သွားခဲ့သည်။

နစ်ခရိုမန်ဆာမျှော်စင်၏ လုံးဝထိပ်တန်းအဆင့်နှစ်ဦး သည် ဤနေရာတွင် ရပ်လျက် သူတို့ လုပ်ဆောင်နေသည်များအား စောင့်ကြည့်လျက်ရှိနေပြီဖြစ်သည်။

ခန်းမမှူးသည် မှားယွင်းမှုတစ်စုံတစ်ရာ မပြုလုပ်မိစေရန် ပို၍ပင်ဂရုစိုက်လိုက်ရကာ သူသည် အတော်လေးစိတ်လှုပ်ရားနေမိခဲ့သည်။

ဘယ်လက်ရုံးအစောင့်အရှောက်၏နောက်တွင် အမျိုးသားတစ်ဦးသည် တိတ်ဆိတ်စွာ ရပ်လျက်ရှိနေခဲ့ပြီး သူမ၏အဖြေကို စောင့်ဆိုင်းနေဟန်ရသည်။

၎င်း၏ ဝတ်ရုံတစ်ခုလုံးကို အနက်‌ရောင်မီးတောက်များဖြင့် ကာရံထားပြီး ၎င်းအား အနည်းငယ်ထိမိရုံဖြင့် ဒဏ္ဍာရီအဆင့်သားရဲများကိုပင် ဖျက်ဆီးပစ်နိုင်စွမ်းရှိလေသည်။

#Catfoot

All Chapters