သက်ရောက်မှုများ
Vol. 30 Ch. 434
….
“ဟုတ်တယ်”
ဘယ်လက်ရုံးအစောင့်အရှောက်သည် သူမ၏မျက်နှာတွင် အနည်းငယ်မျှပင် ပြောင်းလဲခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။
“ဒါဆို ငါ မင်းကို ဒီတာဝန် ပေးခဲ့တယ်လို့ ဘာလို့ မမှတ်မိရတာလဲ ကီလီယာ” အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားမှ အလွန်တည်ငြိမ်နေသော လေသံဖြင့် ပြန်မေးလိုက်၏။
“ရှင့်လဲ ဘယ်တုံးက မျှော်စင်သခင်ရဲ့ အခွင့်အာဏာမျိုးရသွားတာလဲ ကျွန်မလဲ မသိလိုက်ရပါလား” ဟု ဘယ်လက်ရုံးအစောင့်အရှောက်ကလည်း ပြန်လည်ခနဲ့လိုက်သည်။
သူမ၏ ထိုခွန်းတုံ့ပြန်မှုအပြီး၌ နေရာတစ်ခုလုံးတွင် အချိန်အတော်ကြာအောင် လုံးဝ တိတ်ဆိတ်သွားခဲ့သည်။
ဤသို့ဖြင့် အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် နစ်ခရိုမန်ဆာမျှော်စင်တွင် ညွှန်ကြားရေးမှူး ဟု လူသိများသော ထိုသူသည် သက်ပြင်းတစ်ချက်ချလိုက်၏။
“ပထမဆုံး လစ်ခ်ျ င့ါညွှန်ကြားချက်တွေကို လျစ်လျူရှုပြီး သူ့ကိုယ်သူ သွားအသတ်ခံတယ်။ အခု မင်းလည်း သူ့လိုမျိုးအတူတူပဲ လုပ်နေတာလား။ မင်းလည်း ကိုယ့်ကိုယ်ကိုယ် အသတ်ခံဖို့ စီစဉ်နေတာများလား”
“မျှော်စင်သခင်ကိုယ်တိုင် ကျွန်မကို မသေစေချင်သေးသ၍ ကျွန်မ သေမှာမဟုတ်ဘူး။ ရှင်တောင် ကျွန်မကို ထိမ်းချုပ်လို့မရဘူးဆိုတာ ရှင်ကောင်းကောင်းသိမယ် ထင်ပါတယ်” ဟု ကီလီယာသည် အနည်းငယ်ရင့်သီးသော လေသံဖြင့် ပြန် ပြောလိုက်၏။
ညွှန်ကြားရေးမှူးသည် ကီလီယာအား စိုက်ကြည့်နေလိုက်သည်။
သူမ၏ လှောင်ပြောင်ခနဲ့မှုများကို ကြားလိုက်ရသော်လည်း သူ၏မျက်နှာသည် ရေသေပမာ လုံးဝတည်ငြိမ်နေဆဲပင်။
“မင်း သေချာရဲ့လား”
သူသည် ဆက်လက်၍ ဘယ်လက်ရုံးအစောင့်အရှောက်အား မေးလိုက်ရာ ကီလီယာပတ်ပတ်လည်တွင် မှောင်မိုက်သော အနက်ရောင်စက်လုံး အများအပြား ပေါ်လာခဲ့သည်။
ထိုအနက်ရောက်စက်လုံးများသည် ညွှန်ကြားရေးမှူး၏ ထူးခြားသော သေမင်းမီးလျှံများဖြင့် ပြုလုပ်ထားခြင်းဖြစ်လေ၏။
၎င်းသည် တစ်ကြိမ်မျှ ထိမိလိုက်ရုံမျှဖြင့်ပင် လူတစ်ဦးကို ချက်ခြင်းသေစေနိုင်ပြီး ကီလီယာ၏ ဆွေးမြေ့စေသောအစွမ်းထက်ပင် ပိုမို၍ ဆိုးဝါးလေသည်။
ဤအခြေအနေကို မြင်တွေ့နေရသော ခန်းမအဖွဲ့ဝင်များသည် တတွေးကိုယ်စီသာ မျိုချလိုက်ကြပြီး မည်သည့်အရာမျှ မမြင်ခဲ့ကြသကဲ့သို့ ဟန်ဆောင်နေလိုက်ကြသည်။
သူတို့သည် အလောင်းများပေါ်တွင် အာရုံစိုက်ကာ ထိုနှစ်ဦး စတင်တိုက်ခိုက်တော့မည့်အချိန်ကို မသိမသာ အကဲခပ်နေခဲ့ကြသည်။
အကယ်၍ ၎င်းတို့ နှစ်ဦးသာ တကယ်တမ်း တိုက်ခိုက်မည်ဆိုပါက တစ်ဦးဦး သေဆုံးသည်အထိ ရပ်တန့်မည်မဟုတ်ကြောင်း သူတို့အားလုံး သိထားကြ၏။
မျှော်စင်သခင်လည်း ဤနေရာတွင် မရှိသောကြောင့် ၎င်းတို့နှစ်ဦးအား မည်သူမျှ တားဆီးနိုင်မည်မဟုတ်ပေ။
သူတို့နှစ်ဦးထဲရှိ မည်သူ အနိုင်ရသည်ဖြစ်စေ နစ်ခရိုမန်ဆာမျှော်စင်၏ ဆုံးရှုံးမှုသာ ဖြစ်ပေလိမ့်မည်။
ကံကောင်းစွာဖြင့် ညွှန်ကြားရေးမှူးသည် ကီလီယာအား မတိုက်ခိုက်ခဲ့ပေ။
သူ၏ စက်လုံးများမှာ ခြောက်လှန့်မှု သက်သက်သာ ဖြစ်ခဲ့သကဲ့သို့ပင် လေထဲမှပင် ပြန်လည် ပျောက်ကွယ်သွားခဲ့၏။
“ဒါဆို မင်း ဘာတွေ သိလာလဲ” ဟု သူက ကီလီယာအား မေးလိုက်၏။
ညွှန်ကြားရေးမှူးသည် ဤအလောင်းများမှာ အဓိကမိသားစုကြီးများ၏ ခေါင်းဆောင်များဖြစ်ကြောင်း သတိပြုမိပြီးသားဖြစ်သည်။
အသန်မာဆုံး မိသားစုငါးခု၏ ခေါင်းဆောင်များသာ ပျောက်ဆုံးနေဟန်ရသည်။
ဤအချိန်တွင် ထိုသတင်းအချက်အလက်မှာ မှန်ကန်ကြောင်း အတည်ပြုလိုက်နိုင်ပြီဖြစ်၏။
သို့သော်လည်း သူသည် ဤကိစ္စများ အမှန်တကယ်ဖြစ်ပွားခဲ့ရာနေရာသို့ အမှန်တကယ် သွားရောက်ခဲ့သူထံမှ စကားကို ထပ်မံကြားလိုနေခဲ့သည်။
ကီလီယာသည် ညွှန်ကြားရေးမှူးအား သိပ်မကြည်သော်လည်း သူမ သိရှိခဲ့သမျှ အရာအားလုံးကိုမူ သူ့အား ပြန်ပြောပြလိုက်သည်။
သူမသည် သူရဲကောင်းများကဲ့သို့သော အခြားတိုက်ကြီးများ၏ ပါဝင်ပတ်သက်မှု ဖြစ်နိုင်ခြေအကြောင်းကိုပါ သူ့အား အသိပေးခဲ့သည်။
သူမသည် သူမ၏ သံသယများကြောင့် ပြန်ခေါ်လာခဲ့သော လူငယ်နှစ်ဦးအကြောင်းကိုလည်း ပြောလိုက်သေး၏။
သူမ၏ စကားတစ်ခွန်းစီတိုင်းသည် နစ်ခရိုမန်ဆာမျှော်စင်မှ လူများစွာကို အံ့အားသင့်စေရန် လုံလောက်နေခဲ့သော်လည်း ညွှန်ကြားရေးမှူးဆိုသူမှာမူ တိတ်ဆိတ်စွာပင် နားထောင်နေခဲ့ပြီး တုံ့ပြန်မှုအချို့ကို တစ်ခါတစ်ရံမှသာ ပြသခဲ့သည်။
“သူတို့ ပြန်အသက်ရှင်လာမှပဲ ကျန်တာတွေ ကျွန်မတို့ ပိုသိရလိမ့်မယ်”
ဤသို့ဖြင့် ကီလီယာသည် သူမ၏ရှင်းပြချက်ကို အဆုံးသတ်လိုက်သည်။
“ငါတို့ကို ဘယ်သူက တကယ်တမ်း နောက်ကွယ်က ကြံစည်နေတာလဲ သူက ကျွန်မတို့အကြောင်း ဘယ်လောက်သိထားလဲ ကြည့်ကြသေးတာပေ့ါ”
နောက်ထပ်ဆယ်မိနစ်ကြာသည်အထိ ၎င်းတို့နှစ်ဦးသည် အချင်းချင်း စကားတစ်ခွန်းမျှပင် ဆက်မပြောခဲ့ကြပေ။
ယင်းအစား သူတို့နှစ်ဦးသည် သေခြင်းရှင်ခြင်းခန်းမမှ အဖွဲ့ဝင်များကိုသာ စိုက်ကြည့်နေခဲ့၏။
သူတို့၏အကြည့်များကြောင့် ခန်းမအဖွဲ့ဝင်များကို ပို၍ပင် တွန့်ဆုတ်သွားစေခဲ့သည်။
ခန်းမအဖွဲ့ဝင်များသည် ဤတာဝန်ကို အစွမ်းကုန် လုပ်ဆောင်နေခဲ့ကြပြီး ညွှန်ကြားရေးမှူးပင် စိတ်ဝင်စားသောကြောင့် ဤအရာ၏ အရေးပါပုံကို ခန့်မှန်း၍ရလေသည်။
ဤအရေးတကြီးအခြေအနေ၏ အကြောင်းရင်းကို သူတို့ မသိနိုင်သော်လည်း မှားယွင်းမှုတစ်စုံတစ်ရာ မလုပ်မိစေရန် သူတို့သည် အထူးဂရုစိုက်နေကြရသည်။
နောက်ထပ် ဆယ်မိနစ်အကြာတွင် ခန်းမအဖွဲ့ဝင်များသည် လှုပ်ရှားမှုများအား ရပ်တန့်လိုက်ကြပြီး ၎င်းက သူတို့၏ လုပ်ငန်းစဥ်များ ပြီးစီးသွားပြီးဖြစ်ကြောင်း အချက်ပြလိုက်သကဲ့သို့ပင်။
....
“သူတို့က တရားခံအစစ်ကို ရှာတွေ့နိုင်လိမ့်မယ်လို့ ရှင် ထင်လား”
အကျဥ်းခန်းအတွင်း၌ ရူဘီသည် သူမ၏အသိစိတ်များ ပြန်လည်ရရှိလာခဲ့သည်။
သူမသည် အာရန် မည်သူမည်ဝါဖြစ်ကြောင်းနှင့်ပတ်သက်သော အရာအားလုံးကိုပင် မေ့လျော့သွားခဲ့ပြီး သူ့အား သူမ၏ ကိုယ်ပိုင်အစေခံအဖြစ်သာ ယုံကြည်နေခဲ့သည်။
သူမသည် ဤဖြစ်ရပ်နောက်ကွယ်ရှိ အမှန်တရားကို လုံးလုံးမေ့လျော့သွားပြီးနောက် သူမသည် သူမ မိသားစုကို သတ်ခဲ့သူအကြောင်းကိုသာ အလွန်စိတ်ဝင်စားနေလေ၏။
ထို့ပြင် သူမသည် နစ်ခရိုမန်ဆာမျှော်စင်မှ ထိုအလောင်းများထံမှ အရေးကြီးသော သဲလွန်စအချို့ ရရှိနိုင်ပါစေဟုပင် ကြိတ်၍ ဆုတောင်းနေမိသည်။
“အလောင်းတွေကနေ တရားခံအစစ်ကို ရှာတွေ့နိုင်ဖို့လား”
အာရန်သည် သူမ၏မေးခွန်းကို ပြန်မဖြေခဲ့ပေ။
သူသည် ကြမ်းပြင်ပေါ်တွင်သာ ဆက်လက်လဲလျောင်းနေခဲ့ပြီး ၎င်းသည် သူ့အတွက် အလွန်သက်သောင့်သက်သာရှိသော အိပ်ရာတစ်ခုလိုပင်။
သူ၏စိတ်ထဲတွင် မည်သည့်စိတ်လှုပ်ရှားမှုမျှ မရှိဘဲ အရာအားလုံးသည် အစီအစဥ်တကျဖြစ်နေသကဲ့သို့ ယူဆထားဟန်ရသည်။
“သူတို့တော့ ဘယ်လိုတုံ့ပြန်မလဲ မသိဘူး”
အာရန်သည် မျက်လုံးများကို ပြန်မှိတ်လိုက်ရာ သူ၏ နှုတ်ခမ်းထောင့်များသည် အပေါ်သို့ အနည်းငယ်မျှ ကွေးတက်လာခဲ့သည်။
....
သေခြင်းရှင်ခြင်းခန်းမသည် အသက်ပြန်သွင်းခြင်းအခမ်းအနားကို ပြီးစီးခဲ့ပြီးဖြစ်၏။
ခန်းမအဖွဲ့ဝင်များသည် နောက်တွင် ရပ်နေခဲ့ကြပြီး ခန်းမမှူးသည် ဘယ်လက်ရုံးအစောင့်အရှောက်နှင့် ညွှန်ကြားရေးမှူးထံသို့ လေးပင်စွာဖြင့်လျှောက်လာနေခဲ့သည်။
သူ၏မျက်နှာတွင် မည်သည့် ပျော်ရွှင်မှုမျှ ရှိမနေခဲ့ပေ။
ယင်းအစား သူ၏နောက်ကျောတွင် ချွေးစေးများဖြင့်ပင် စိုရွှဲလျက်ရှိနေ၏။
သူသည် ဤကဲ့သို့အချိန်မျိုးမှာ ခန်းမမှူးဖြစ်နေရခြင်းအတွက် သူ၏ ကံကြမ္မာကို သာ သူပြန်လည် ကျိန်ဆဲနေမိခဲ့သည်။
“ဘာလို့ အလောင်းတွေက ထရပ်မလာတာလဲ”
ကီလီယာသည် အလောင်းများ ထရပ်လာမည်ကို စောင့်ဆိုင်းနေခဲ့သော်လည်း ၎င်းတို့သည် ပုံစံကွက်၏ အလယ်ဗဟိုတွင် ယခင်ကအတိုင်း အသက်မဲ့စွာ လဲလျောင်းနေဆဲပင်။
“အာ...ဒါ...ဒါက....”
ခန်းမမှူးသည် စကားသံများ ထစ်အသွားပြီး ရှင်းပြမှုကိုပင် မစတင်နိုင်ခဲ့ချေ။
သူ၏ခြေထောက်များသည် တုန်ရီနေပြီး ထိုမကောင်းဆိုးဝါးနှစ်ကောင်ထံမှ ဝေးရာသို့ ထွက်ပြေးလိုနေသကဲ့သို့ပင်။
“ပြောလေ”
ကီလီယာကသည် လက်ကို မြှောက်ရင်း အော်ပြောလိုက်၏။
ထိုအခါ အမည်မသိသော အင်အားတစ်ခုသည် ခန်းမမှူး၏ လည်ပင်းကို ဆုတ်ကိုင်လိုက်ကာ သူ့အား သူမ၏ အနီးသို့ ပိုမိုနီးကပ်လာစေရန် ဆွဲခေါ်လိုက်သည်။
ထိုအရာကိုမြင်သောအခါ ညွှန်ကြားရေးမှူးသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင်မီးလျှံတစ်ခု ထွက်ပေါ်လာပြီး ခန်းမမှူးအား ချုပ်နှောင်ထားသော မမြင်နိုင်သော အင်အားကို ဖျက်ဆီးပစ်လိုက်သည်။
“သူလည်း နစ်ခရိုမန်ဆာမျှော်စင်ရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲဆိုတာ မင်းမမေ့နဲ့။ မင်း သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံသင့်တယ်” ဟု ညွှန်ကြားရေးမှူးက ကီလီယာကို ပြောလိုက်ရင်း သူမနှင့် ခန်းမမှူးကြားတွင် ဝင်ရပ်လိုက်၏။
ထို့နောက် ညွှန်ကြားရေးမှူးက “ပြောပါဦး ဘာလို့ မအောင်မြင်တာလဲ” ဟု ခန်းမမှူးအား မေးလိုက်သည်။
သူသည် ထိုကဲ့သို့သော အသက်သွင်းမှုများစွာကို မြင်ဖူးခဲ့ပြီးဖြစ်သည်။
အသက်သွင်းမှု ကျရှုံးကြောင်း နားလည်ရန် သူ့အတွက် အချိန်များစွာ မယူလိုက်ရပေ။
ထိုကိစ္စအတွက်နှင့် သူသည် သေခြင်းရှင်ခြင်းခန်းမမှ လူတစ်ဦးအား စတေးပစ်ရန် ဆန္ဒမရှိပေ။
မည်သို့ပင်ဖြစ်စေ ခန်းမမှူးသည် နစ်ခရိုမန်ဆာမျှော်စင်၏ အရေးကြီးသော အဖွဲ့ဝင်တစ်ဦးဖြစ်နေခဲ့ပြီး ငရဲတံခါးဖွင့်ပြီးနောက်တွင် ပို၍ပင် လိုအပ်ပေလိမ့်မည်။
“ကျုပ် သူတို့ကို ပြန်လည်အသက်သွင်းလို့မရခဲ့ဘူး”
ခန်းမမှူးသည် ခေါင်းကို ငုံ့ထားလိုက်ကာ တောင်းပန်ဟန်ဖြင့် ပြန်ပြောလိုက်သည်။
“ဘာကြောင့်လဲ” ညွှန်ကြားရေးမှူးက ထပ်မံ၍ မေးလိုက်သည်။
“သူ...သူတို့ရဲ့ ကိုယ်ခန္ဓာတွေထဲမှာ ဝိညာဉ်တွေ မကျန်တော့လို့ပါ...” ဟု ခန်းမမှူးက ပြန်ဖြေလိုက်ရာ ထိုအဖြေသည် ညွှန်ကြားရေးမှူးနှင့် ကီလီယာကိုပင် အံ့အားသင့်သွားစေခဲ့သည်။
တိုက်ကြီးလေးခုအနက် နစ်ခရိုမန်ဆာမျှော်စင်သည်သာ ဝိညာဉ်များ နှင့် ဆက်ဆံသူဖြစ်လေသည်။
အခြားတိုက်မှလူများသည် လူတစ်ဦးကို သတ်နိုင်ခဲ့လျှင်ပင် အရှင်သခင်တစ်ဦးကိုယ်တိုင် မဟုတ်ပါက ဝိညာဉ်ကို ဖျက်ဆီးပစ်နိုင်စွမ်းမရှိပေ။
“မင်း ဘာကို ဆိုလိုနေလဲဆိုတာကိုကော မင်းကိုယ်မင်းသိတယ်မဟုတ်လား” ညွှန်ကြားရေးမှူးသည် မျက်မှောင်ကြုတ်၍ လေးနက်စွာ ပြန်ပြောလိုက်သည်။
#Catfoot