ဝိညာဉ်ရှာဖွေခြင်း
Vol. 30 Ch. 435
…
ခန်းမမှူးသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရသည်။
သူသည် ထိုစကားလုံးများ၏ ပြင်းထန်မှုကို နားလည်ထားပြီး ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်သည်။
“ကျုပ်နားလည်ပါတယ်။ ဒါက ဝိညာဉ်တွေကို ဖျက်ဆီးနိုင်တဲ့အစွမ်းရှိသူ တစ်ဦးရဲ့လက်ချက်ပဲ။ အရှင်သခင် အဆင့်ကို ရောက်ရှိပြီးတဲ့သူတွေ ဒါမှမဟုတ် အလားတူစွမ်းအားရှိသူတွေသာ လုပ်ဆောင်နိုင်မယ်လို့ ဆိုလိုပါတယ်”
ကီလီယာသည် ပိုမို၍ မျက်မှောင်ကြုတ်လိုက်မိသည်။
နက်ခရိုမန်ဆာမျှော်စင်အတွင်း ဝိညာဉ်များကို ဖျက်ဆီးနိုင်သူများအားလုံးသည် ထိုအချိန်တွင် အတွင်း၌ ကိုယ်စီအလုပ်များနေခဲ့ကြသဖြင့် တရားခံသည် နက်ခရိုမန်ဆာမျှော်စင်မှ မဟုတ်ကြောင်း ရှင်းလင်းစွာ သိသာနေသည်။
“အရှင်သခင်တစ်ဦး ပါဝင်ပတ်သက်ခဲ့တယ်ဆိုရင်တောင် သူက ဘာလို့ အဓိကမိသားစုတွေရဲ့ ခေါင်းဆောင်တွေကို ပစ်မှတ်ထားရမှာလဲ”
သူမက ပြန်မေးလိုက်သည်။
“ပြီးတော့ ဘာလို့ အလောင်းတွေကို ဒီမှာ ကျွန်မတို့ရှာတွေ့အောင် မပျက်မစီးထားခဲ့ရတာလဲ”
အရှင်သခင်လေးဦးကြား သဘောတူညီချက်အရ သူတို့ထဲမှ မည်သူမျှ အခြားတိုက်ကြီးသို့ ချင်းနင်းဝင်ရောက်နိုင်ခြင်းမရှိပေ။
ဤသို့ဆိုပါက အဘယ်ကြောင့် အရှင်သခင်တစ်ဦး၏ လက်ချက် ဖြစ်နိုင်မည်နည်း။
“အရှင်သခင်တစ်ယောက်လက်ချက် မဟုတ်ဘူးဆိုရင်တောင် သူတို့နဲ့ တူညီတဲ့ အဆင့်မှာရှိတဲ့ တစ်စုံတစ်ဦးရဲ့လက်ချက်ဖြစ်လိမ့်မယ်။ ဒီလိုဆိုရင် ပိုပြီးတောင် အန္တရာယ်များသွားနိုင်တယ်။ အရှင်သခင်တွေက သဘောတူညီချက်နဲ့ ချည်နှောင်ထားပေမယ့် ဒီမသိတဲ့လူကတော့ ဘာချည်နှောင်ချက်မှ ရှိမနေဘူး” ဟု ခန်းမမှူးက ပြန်ဖြေလိုက်သည်။
ထို့ပြင် ခန်းမမှူးသည် သူ၏စိုးရိမ်မှုများကို ထပ်မံရှင်းပြလိုက်သည်။
“အဲဒီလူက သဘောတူညီချက်ကို ဂရုစိုက်စရာမလိုဘဲ အခြားတိုက်ကြီးတွေကို လွတ်လွတ်လပ်လပ် ဝင်ထွက်နိုင်တယ်။ အကယ်လို့ အဲဒီလူသာ အရှင်သခင်တွေနဲ့ တကယ်ပဲ စွမ်းရည်ချင်း တူညီနေခဲ့မယ်ဆိုရင် ကျုပ်တို့အတွက် အတော်လေး အန္တရာယ်များလာနိုင်ပါတယ်”
“ဒါက ထရီနီယယ်ကို အလွယ်တကူ သတ်နိုင်ခဲ့တာ ဘာလို့လဲဆိုတဲ့အဖြေကို သေချာပေါက် ရှင်းပြပြီးသားဖြစ်သွားလိမ့်မယ် ဒါပေမယ့်...”
ကီလီယာသည် ယခုကဲ့သို့အရာမျိုးကို အမှန်တကယ်ပင် မမျှော်လင့်ထားခဲ့ပေ။
သူမက အလွန်ဆုံး အခြားတိုက်ကြီးများမှ အင်အားကြီးမားသော အဖွဲ့ဝင်အချို့၏ လက်ချက်သာဖြစ်လိမ့်မည်ဟု ယူဆထားခဲ့သော်လည်း ယခုမူ အခြေအနေများသည် ပိုမို၍ရှုပ်ထွေးလာပြီဖြစ်၏။
ဤအချိန်တွင် ၎င်းက အမှန်တကယ် သူရဲကောင်းတစ်ဦး၏ လက်ချက်ဟုတ်မဟုတ် ကိုပင် သူမ သေချာမခန့်မှန်းတတ်တော့ပေ။
ကီလီယာ၏ ခန်းမမှူးအပေါ်ကို ကြည့်သည့်အကြည့်များအနည်းငယ် ပျော့ပျောင်းသွားသည်။
“ဒီကိစ္စကို မင်း ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့တာပဲ။ မင်းရဲ့အလုပ်ကိုပဲ ဆက်လုပ်ပါ၊ ဒါပေမယ့် လုံခြုံရေးအစီအမံတွေကိုတော့ တိုးမြှင့်ရလိမ့်မယ်။ ဒီလိုအရေးကြီးတဲ့ အချိန်မျိုးမှာ နောက်ထပ်ပြသနာတွေ ထပ်မလိုချင်တော့ဘူး”
ခန်းမမှူးသည် ခေါင်းညိတ်လိုက်ကာ ယခုမှ သူ၏ခေါင်းပေါ်မှ ဝန်ထုတ်ဝန်ပိုးကြီး ကျသွားသကဲ့သို့ စိတ်သက်သာရာရသွားခဲ့သည်။
ခန်းမမှူးသည် ထိုနေရာမှ အလျင်အမြန် ထွက်သွားပြီးနောက် ညွှန်ကြားရေးမှူးက ကီလီယာဘက်သို့ လှည့်လိုက်သည်။
“မင်း ခေါ်လာတဲ့ အကျဉ်းသားနှစ်ယောက် ဘယ်မှာလဲ။ ငါ သူတို့ကို တွေ့ချင်တယ်”
“သူတို့က အကျဉ်းခန်းထဲမှာပဲ ထိန်းထားတုန်းရှိသေးပါတယ်။ ရှင်ကိုယ်တိုင် သူတို့ကို စစ်မေးချင်နေတာလား” ဟု ကီလီယာက ညွှန်ကြားရေးမှူး၏ နောက်တစ်ဆင့်လုပ်ဆောင်မည့်အရာကို ကြိုတင်ခန့်မှန်းရင်း ပြန်ဖြေလိုက်သည်။
“မင်း သူတို့အပေါ် ဝိညာဉ်ရှာဖွေခြင်းအစွမ်းကို အသုံးပြုခွင့်ရှိတယ်။ ဒါက သူတို့ကို ဖျက်ဆီးပစ်နိုင်ရင်တောင် သူတို့သိသမျှ အရာအားလုံးကို တစ်ခုမကျန် ငါ သိချင်တယ်” ဟု ညွှန်ကြားရေးမှူးမှ ကီလီယာအား ပြန်ပြောလိုက်၏။
ပထမတွင် ၎င်းတို့သည် တရားခံများ ဟုတ်မဟုတ် သူမ မသေချာသောကြောင့် ဝိညာဉ်ရှာဖွေခြင်းကို အသုံးမပြုလိုခဲ့ပေ။
ရူဘီသည် ကီးလ်မိသားစု၏ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သည့် အမွေဆက်ခံဖြစ်နေလေသည်။
သို့သော် ယခုမူ ဤအခြေအနေသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် သူမတွင် အခြားနည်းလမ်းမရှိတော့ပေ။
မည်သို့ပင်ဖြစ်စေ သူမသည် ၎င်းတို့အပေါ်၌ မည်သည့်သနားဂရုဏာသက်မှုမျှတော့ မဖြစ်ပေါ်မိခဲ့ချေ။
“ကျုပ်လဲ မျှော်စင်သခင်ဆီကို သတင်းပို့ဖို့ သွားလိုက်ပါဦးမယ်”
ညွှန်ကြားရေးမှူးသည် ကီလီယာအား ထပ်မံပြောလိုက်ပြီးနောက် သူမ၏ ရှေ့မှပင် တစ္ဆေတစ်ကောင်အလား ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
....
တစ်ချိန်တည်းတွင် မှိန်မှိန်ပြပြအလင်းရောင်အောက်ရှိ အကျဉ်းခန်းလေးထဲတွင် အာရန်တစ်ယောက်မှာ တည်ငြိမ်နေဆဲပင်။
သူသည် အကျဉ်းခန်းအနီးသို့ ခြေလှမ်းသံများ ပိုမိုနီးကပ်လာသည်ကို ကြားလိုက်ရသောအခါမှသာ ဖြည်းဖြည်းချင်း မျက်လုံးများကို ဖွင့်လိုက်သည်။
“ကစားပွဲလေးတော့စတော့မယ်နဲ့တူတယ်”
အာရန်သည် ထိုသို့ သူ့ကိုယ်သူတိုးတိုးလေး ပြန်ပြောလိုက်ပြီး သူ၏ လက်ထဲတွင် သေးငယ်သော သစ်သားမျက်နှာဖုံးလေးကို ကိုင်ဆုပ်ထားလိုက်သည်။
ခြေလှမ်းသံများသည် တဖြည်းဖြည်းပို၍ နီးကပ်လာပြီးနောက် သတ္တုတံခါးရှေ့တွင် ရပ်တံ့သွားခဲ့၏။
ထို့နောက်သော့ဖွင့်သံအချို့ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
မကြာမီမှာပင် လေးလံသော သတ္တုတံခါးကြီး ပွင့်လာခဲ့သည်။
အကျဉ်းခန်းနံရံများတွင် မြှုပ်ထားသော ကာကွယ်ရေးသလင်းကျောက်များသည် တစ်ချိန်တည်းမှာပင် လင်းလက်လာကြပြီး အာရန် ဝင်ရောက်လာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အကျဉ်းခန်းအား လင်းထိန်စွာမြင်လိုက်ရလေသည်။
ထိုရောက်လာသူကို မြင်သောအခါ ရူဘီသည် ချက်ချင်း ထရပ်လိုက်ရာ သူမသည် ၎င်းပုဂ္ဂိုလ်အား အလွန်လေးစားပုံရနေခဲ့ပြီး တစ်ချိန်တည်းတွင် အနည်းငယ်လည်း ကြောက်ရွံ့နေဟန်ရသည်။
သူမရှေ့တွင်ရောက်ရှိလာသော ထိုအမျိုးသမီးမှာ ဘယ်လက်ရုံးအစောင့်အရှောက် ပင်ဖြစ်ပြီး သူမ၏ဖခင်ပင် လေးစားစွာ ဦးညွှတ်ဆက်ဆံရမည့်သူဖြစ်၏။
ထိုအမျိုးသမီးသည် အဓိကမိသားစုများ၏ ခေါင်းဆောင်များပင် မော့မကြည့်ဝံ့သော ကောင်းကင်ကြီးတမျှတည်ရှိမှုပင်ဖြစ်သည်မဟုတ်ပါလား..။
ဂရေရန်ဒေါ် မိသားစုသည် သူတို့မျိုးဆက်မှလူငယ်တစ်ဦး ဘယ်လက်ရုံးအစောင့်အရှောက်၏ တပည့်တစ်ဦး ဖြစ်လာရုံဖြင့်ပင် အားအကောင်းဆုံးမိသားစုဟု ဂုဏ်ယူစွာချီးမြှင့်ခြင်းကို ခံခဲ့ရလေသည်။
“ကျွန်မဖခင်ကို သတ်တဲ့ တရားခံကို ရှာတွေ့ပြီလားရှင့်” ဟု ရူဘီသည် ဘယ်လက်ရုံးအစောင့်အရှောက်အား တလေးတစားဖြင့် မေးလိုက်ရာ သူမ ဤနေရာသို့ ပြန်လည်ရောက်ရှိလာခြင်းသည် ထိုအဖြေကိုပေးရန်အတွက်များလားဟု တွေးနေမိလိုက်သည်။
“မတွေ့သေးပါဘူး၊ ဒါပေမယ့် အရာအားလုံး စီစဥ်ထားသလိုဖြစ်လာခဲ့ရင်တော့ ငါတို့ မကြာခင် သတင်းအချက်အလက်တွေ ပိုရလာလိမ့်မယ်” ဘယ်လက်ရုံးအစောင့်အရှောက်က ပြောလိုက်ရာ သူမ၏စကားလုံးများတွင် ဝှက်ထားသော အဓိပ္ပာယ်များစွာ ပါရှိနေဟန်ရသည်။
သူမသည် ရူဘီနှင့် မဝေးသောနေရာတစ်ခုတွင် ရပ်လျက်ရှိနေသော အာရန်ဆီသို့ အာရုံစိုက်လိုက်သည်။
သူမသည် ဝိညာဉ်ရှာဖွေခြင်းကို ပြုလုပ်တော့မည်ဖြစ်သောကြောင့် အာရန်မှ စတင်ရန် လည်း ဆုံးဖြတ်ပြီးသားဖြစ်၏။
ကီးလ်မိသားစု၏ အမွေဆက်ခံသူနှင့် အစေခံတစ်ဦးကြားတွင် အစေခံတစ်ဦးနှင့်စတင်ခြင်းသည် အကောင်းဆုံးပင်မဟုတ်ပါလား။
သူ့ထံမှ အဖြေမရပါက သို့မဟုတ် သူ၏မှတ်ဉာဏ်များတွင် မသင်္ကာဖွယ်ရာ တစ်စုံတစ်ရာတွေ့ရှိခဲ့ရပါက သူမသည် ရူဘီကို ထပ်မံအတည်ပြုချက်အတွက် ရှာဖွေနိုင်သေးသည်။
ဘယ်လက်ရုံးအစောင့်အရှောက် ကီလီယာ သည် သူမ၏လက်တစ်ဖက်ကို မြှောက်၍ ရိုက်ချလိုက်ရာ မြေပြင်မှ အနက်ရောင် သံကြိုးများစွာ ထွက်ပေါ်လာခဲ့သည်။
ထိုသံကြိုးများစွာသည် အာရန်၏ ခြေထောက်နှင့်လက်ကောက်ဝတ်များကို ပတ်ရစ်ထားလိုက်သည်။
ကျန်ရှိသော သံကြိုးများသည် သူ၏လည်ပင်းနှင့် ခန္ဓာကိုယ်ရှိ ကျန်အပိုင်းများကို ချည်နှောင်လိုက်ပြီးနောက် သူ၏လှုပ်ရှားနိုင်မှုများကို ကန့်သတ်ထားလိုက်သည်။
“ခင်ဗျား ဘာလုပ်လိုက်တာလဲ” အာရန်သည် ဘယ်လက်ရုံးအစောင့်အရှောက်အား မေးလိုက်ရာ သူ၏မျက်နှာတွင် ထိတ်လန့်တုံလှုပ်နေဟန်ရနေ၏။
“မင်း အခုတောင် ကြောက်နေပြီမလား”
ဘယ်လက်ရုံးအစောင့်အရှောက်သည် အနည်းငယ် ရယ်မောရင်း အာရန်အား မေးလိုက်သည်။
“ငါက အခုထိ ဘာမှ မစရသေးပါဘူး”
သူမသည် အာရန်အနီးသို့ ကပ်သွားလိုက်ပြီး သူနှင့်အနည်းငယ်မျှသာ ကွာဝေးတော့သောနေရာတွင် ရပ်လိုက်သည်။
ဤနီးကပ်မှုတွင် အာရန်ပင် သူမ၏ ကိုယ်သင်းနံ့ကို ခံစားမိလိုက်လေသည်။
“မင်းရဲ့ အစေခံကို ဝိညာဉ် ရှာဖွေမှုပြုလုပ်တော့မယ်။ ဒါက သူ့ကို လုံးဝ ဖျက်ဆီးပစ်လိုက်နိုင်တယ်။ မင်း ကန့်ကွက်ချင်သလား”
အမှန်တကယ် သူမလိုပုဂ္ဂိုလ်မျိုးအတွက် မည်သူ၏ခွင့်ပြုချက်မျှ မလိုအပ်သော်လည်း အကြောင်းတစ်ခုခုကြောင့် ရူဘီအား ခွင့်တောင်းလိုက်လေ၏။
“ကျွန်မ အဖေကို သတ်တဲ့လူကို ဖော်ထုတ်နိုင်မယ်ဆိုရင် ဘာမဆိုလုပ်ဆောင်နိုင်ပါတယ်ရှင်”
ရူဘီသည် နှစ်ပေါင်းများစွာ သူမ၏ ကိုယ်ပိုင်အစေခံ ဖြစ်ခဲ့သူအပေါ်ကိုပင် အနည်းငယ်မျှ ဂရိုစိုက်ပုံမရပဲ ပြန်ပြောလိုက်သည်။
ဘယ်လက်ရုံးအစောင့်အရှောက်နှင့် သူမ၏အစေခံကြား ရွေးချယ်ရမည်ဆိုလျှင် သူမ၏အစေခံကို စတေးပစ်ခြင်းသည် ထိုက်တန်သည်ဟု သူမယူဆထားခဲ့သည်။
အာရန်သည် ရူဘီဘက်သို့ တစ်ချက်လှည့်ကြည့်လိုက်ရာ သူဘာတွေးနေသည်ကိုမူ မည်သူမျှသိနိုင်မည်မဟုတ်ပေ။
“ဒါဆိုလဲ စလိုက်ကြရအောင်။ မင်း ဘာတွေ ဝှက်ထားလဲဆိုတာ ငါကြည့်ရသေးတာပေါ့”
ဘယ်လက်ရုံးအစောင့်အရှောက်သည် တစ်ချက် ပြုံးလိုက်ပြီးနောက် အာရန်၏နဖူးကို ညင်သာစွာ ထိတွေ့လိုက်သည်။
#Catfoot