သူ
Vol. 30 Ch. 422
….
“ဒါနဲ့ ခုဘယ်သူ့ကို စေလွှတ်လိုက်မယ်ပြောလဲ”
အန်ညာသည် လီယို၏ အစောပိုင်း စကားကြောင့် အနည်းငယ် အံ့အားသင့်စွာဖြင့် ပြန်မေးလိုက်သည်။
ယခုလာမည့်သူသည် လီယို၏ဆရာဖြစ်သော ညာလက်ရုံးအစောင့်အရှောက် ဖြစ်နေမလားဟု သူမတွေးမိလိုက်၏။
“ဘယ်သူလာမလဲဆိုတာတော့ မပြောထားဘူး။ တစ်စုံတစ်ဦးကို စေလွှတ်မယ်လို့ပဲ အကြောင်းပြန်ခဲ့တယ်”
လီယိုသည် အန်ညာ၏ အမေးအား ပေါ့ပေ့ါတန်တန်ပင် ပြန်ဖြေလိုက်သည်။
ထိပ်တန်းခေါင်းဆောင်များအားလုံးသည် ငရဲတံခါးပွင့်တော့မည်ကိစ္စအတွက် ပြင်ဆင်မှုများဖြင့် အလုပ်များနေကြသောကြောင့် သူကိုယ်တိုင်ပင် မည်သူလာမည်ကို မခန့်မှန်းနိုင်ခဲ့ပေ။
သူ့အတွက် အရာရာ ပိုမိုလွယ်ကူလာစေရန် သူ၏ ဆရာဘက်မှ တစ်ဦးဦးသာ ဖြစ်ပါစေဟု ကြိတ်၍ မျှော်လင့်နေမိခဲ့သည်။
ကီးလ်မိသားစုတစ်ခုလုံးသာမက အခြားအဓိကမိသားစုများ၏ ခေါင်းဆောင်များသည်ပါ ဤနေရာတွင် အစုလိုက်အပြုံလိုက် သေဆုံးသွားခဲ့ခြင်း ဖြစ်နေသည်။
၎င်းသည် မြောက်ဘက်တိုက်အတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်သော်လည်း တစ်ပြိုင်နက်ထည်းမှာပင် အခွင့်အရေးတစ်ခုလည်းဖြစ်လေသည်။
သူတို့သာ ဂရုစိုက်၍ ကိုင်တွယ်ပါက ခေါင်းဆောင်များ ဆုံးရှုံးသွားသော မိသားစုများကို လွယ်ကူစွာပင် သိမ်းပိုက်နိုင်ပေမည်။
သို့သော် ထိုအရာကို လီယိုအနေဖြင့် တစ်ဦးတည်း လုပ်ဆောင်ရန်မူ မဖြစ်နိုင်ပေ။ သူ၏ မိသားစုနောက်ခံ အကူအညီဖြင့်ဆိုလျှင်ပင် လွယ်ကူမည်မဟုတ်ချေ။
အခြားမိသားစုကြီးများသည် သူတို့၏ခေါင်းဆောင်များ ဆုံးရှုံးခဲ့ရသော်လည်း ၎င်းတို့သည် အဆိပ်ပြင်းမြွေများကဲ့သို့ပင် ဒဏ်ရာရလေလေ ပို၍ အန္တရာယ်ရှိလာလေလေ ဖြစ်ကြ၏။
ဤအခြေအနေအား အခွင့်အရေး အပြည့်အဝရယူရန် သူသည် နစ်ခရိုမန်ဆာမျှော်စင် မှ တစ်စုံတစ်ဦး၏ အကူအညီကို ရယူနိုင်ရန်လိုအပ်လေသည်။
ဤမိသားစုများ မည်မျှ ငြင်းဆန်ချင်နေကြပါစေ သူတို့သည် နစ်ခရိုမန်ဆာမျှော်စင်၏ ဆန္ဒကိုမူ ဆန့်ကျင်ဝံ့ကြလိမ့်မည် မဟုတ်ပေ။
အခြားတိုက်ကြီးတစ်ခုနှင့် စစ်ပွဲသည် မည်သည့်အချိန်တွင်မဆို စတင်လာနိုင်သော ယခုကဲ့သို့ အချိန်အခါမျိုးတွင် အခြားမိသားစုများအားလုံးကို သူ၏ မိသားစုများ လက်အောင်တွင် ပေါင်းစည်းစေခြင်းဖြင့် ထိုစစ်ပွဲအတွင်း တောင့်တင်းသော မိသားစုကြီးတစ်ခု၏ ခွန်အားကို ရရှိနိုင်ပေမည်။
ထိုအချိန်တွင် အန်ညာ၏မိသားစုပင် သူတို့မိသားစုအား ဆန့်ကျင်နိုင်တော့မည်မဟုတ်ပေ။
သူတွင် ထိုသို့ ဆန္ဒရှိနေခဲ့သော်လည်း ၎င်းသည် ယခုရောက်လာမည့် ကိုယ်စာလှယ် အပေါ်တွင် လုံးဝ မူတည်သည်ကိုလည်း သူ သိထားခဲ့သည်။
....
နစ်ခရိုမန်ဆာမျှော်စင်တွင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသူတစ်ဦးသည် ခန်းမတစ်ခုကို ဖြတ်၍ အလျင်အမြန်လျှောက်လာနေလေသည်။
သူ၏ကျောပြင်တွင် ချွေးစေများ ရွှဲနစ်လျက်ရှိပြီး လောလောလတ်လတ်လေးတင် သေခြင်းတရားနှင့် ရင်ဆိုင်တွေ့ဆုံပြီး ပြန်လွတ်လာနိုင်ခဲ့ သကဲ့သို့ပင်။
သူ၏ နောက်တွင် မှောင်မိုက်သော အနက်ရောင်မီးတောက်များဖြင့် ပြည့်နှက်လျှက်ရှိသော စင်္ကြံလမ်းကြီးတစ်ခု ကျန်ရစ်ခဲ့လေသည်။
ထိုမီးတောက်များအတွင်းသို့ တစ်လှမ်းမျှဝင် လှမ်းမိလိုက်ရုံဖြင့်ပင် သာမန်လူတစ်ဦးကို ချက်ချင်းသေသွားစေနိုင်သော်လည်း ထိုလူသည် မီးတောက် သခင်၏ ဆန္ဒအရ အသက်ရှင်လျက် ပြန်လည် လွတ်မြောက်လာနိုင်ခဲ့သည်။
ဤလူသည် အပြင်လောကတွင် မည်မျှပင် အားကောင်းစေကာမူ သူ လတ်တလော တွေ့ဆုံခဲ့သော ပုဂ္ဂိုလ်၏ရှေ့တွင်မူ သာမန် ကြောက်ရွံ့တတ်သော ဂျူနီယာလေးတစ်ဦးသဖွယ် ရိုသေစွာဆက်ဆံခဲ့ရလေသည်။
သူသည် ထိုနေရာမှ ထွက်လာနိုင်မှသာ နဖူးမှ ချွေးစေးများကို ဂရုတစိုက် သုတ်လိုက်၏။
“သူက ငါ တွေ့တဲ့အခါတိုင်း တစ်ခါထက်တစ်ခါ ပိုပိုပြီး ကြောက်စရာကောင်းလာတယ်” ဟု ထိုလူသည် သက်ပြင်းချရင်း တိုးတိုးလေးပြောလိုက်သည်။
“အရေးတကြီးကိစ္စသာမရှိရင် သူ့ကို ငါ ဘယ်တော့မှ သွားတွေ့မှာ မဟုတ်ဘူး။ အဲဒီ လစ်ချ် ဆိုတဲ့ ခွေးကောင်သာ မသေခဲ့ရင် ဒါက သူ့တာဝန်ပဲ ဖြစ်နေရမှာ။ ငါ အခုလိုမျိုး လာစရာမလိုဘဲ ခန်းမမှူးတစ်ယောက်အနေနဲ့ အေးဆေးနေလို့ရတယ်”
သူ၏ စိတ်ပျက်နေသောအမူအရာက လမ်းတစ်လျှောက် သူ၏မျက်နှာတွင် ထင်ရှားစွာပေါ်နေခဲ့သည်။
“ဘာလို့ သူက မျှော်စင်သခင်တောင် မဖြစ်သေးဘဲနဲ့ ဒီလောက် ကြောက်စရာကောင်းနေရတာလဲ”
ခန်းမမှူးသည် စိတ်ပျက်စွာ ခေါင်းခါရင်း ညီးတွားလိုက်မိ၏။
ထို့နောက် သူသည် ဂိတ်တံခါးပေါက်များ တည်ဆောက်ထားသော အခန်းတစ်ခန်းနားသို့ ချဉ်းကပ်လာလိုက်သည်။
ကီးလ်မိသားစုခြံဝင်းရှိ ဂိတ်တံခါးပေါက်သည် ဖျက်ဆီးခံရပြီးသားဖြစ်သောကြောင့် သူသည် အနီးဆုံးနယ်မြေသို့သာ အရင်သွားပြီးမှသာ ထိုမှတစ်ဆင့် ကီးလ်မိသားစုနေရာသို့ သွားရောက်နိုင်မည်ဖြစ်လေသည်။
“ဘုရားကျောင်းက မြောက်ပိုင်းတိုက်က ကိစ္စတွေကို ဝင်ရောက်စွက်ဖက်ဖို့ တကယ့်ကို အချိန်ကိုက်ရောက်လာခဲ့တာပဲ။ ဒါက ကလေးတွေရဲ့ ထင်ယောင်ထင်မှားမှုတစ်ခုသာ ဖြစ်ပါစေလို့ ငါတကယ် မျှော်လင့်ပါတယ်။ ဒါပေမဲ့ အဲ့ဒီသတင်းသာမှန်နေမယ်ဆိုရင်တော့.....”
ခန်းမမှူးသည် အခန်းတံခါးကို တွန်းဖွင့်ပြီးနောက် အတွင်းသို့ ဝင်သွားလိုက်သည်။
သို့သော် သူ အခန်းထဲသို့ ခြေချလိုက်သည်နှင့် ခန္ဓာကိုယ်တစ်ခုလုံး ထပ်မံ၍ အေးစက်တောင့်တင်းသွားခဲ့ရပြန်သည်။
သူသည် အနည်းငယ်မျှ မှားယွင်းမှုလေးတစ်ခုပြုလုပ်မိလျင်ပင် ချက်ချင်း သူ၏ တည်ရှိမှုတစ်ခုလုံး ဖျက်ဆီးပစ်ခံရတော့မည့်အလား ကြီးမားသည့် ဖိအားတစ်ခုကို ခံစားလိုက်ရသည်။
ထိုလူသည် သူ အစောပိုင်းက သွားတွေ့ခဲ့သူထက် အနည်းငယ် အားနည်းသည်ဟု ဆိုနိုင်သော်လည်း ထိုအဆင့်ပုဂ္ဂိုလ်များသည် ၎င်းတို့၏ လက်ချောင်းတစ်ချောင်း မြှောက်လိုက်ရုံမျှဖြင့်ပင် သူ့အား အလွယ်တကူ သတ်ပစ်နိုင်သည်မှာ သေချာပေ၏။
ခန်းမမှူးသည် မှောင်မိုက်သော အခန်းလေးထဲရှိ ထောင့်တစ်ထောင့်တွင် ရပ်လျက်ရှိနေသော ဝိုးတဝါး ပုံရိပ်တစ်ခုကို စိုက်ကြည့်နေမိခဲ့သည်။
“မင်းက...”
ခန်းမမှူးသည် မမျှော်လင့်ပဲနှင့် ထိုလူကို ဤနေရာတွင် မြင်လိုက်ရသောကြောင့် သူ၏မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။
ထိုလူက သူ၏ နှုတ်ခမ်းကို လက်ညှိုးတစ်ချောင်းဖြင့်တေးလိုက်ပြီး တိတ်တိတ်နေရန် ပြောလိုက်သည်။
ခန်းမမှူးက သူ၏ပါးစပ်ကို လျင်မြန်စွာ ပိတ်လိုက်ပြီး နောက်ထပ်ပြောရန် ပြင်ဆင်ထားသောစကားလုံးများကို အလျှင်အမြန်ပင် ပြန်လည် မျိုချလိုက်ရ၏။
သူ၏မျက်လုံးများတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ဤလူ အဘယ့်ကြောင့် ဤနေရာတွင် ရှိနေရသည်ကိုပင် သူ နားမလည်နိုင်ခဲ့ပေ။
ထိုလူကဲ့သို့ တည်ရှိမှုများသည် ဤကဲ့သို့ သူနှင့် တစ်ဦးချင်း မြင်တွေ့ရခြင်းမှာ မဖြစ်နိုင်သလောက် ရှားပါးသောအခွင့်အရေးတစ်ခုလည်း ဖြစ်လေသည်။
သူသည် နစ်ခရိုမန်ဆာမျှော်စင်တွင် ဤကဲ့သို့ နတ်ဘုရားအဆင့် ဖြတ်တည်မှုကြီး နှစ်ခုနှင့် တစ်ရက်တည်း ဆက်တိုက်ရင်ဆိုင်ဆုံတွေ့ခဲ့ရခြင်းဖြစ်၏။
“ဒီနေ့ တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်ပျက်သွားခဲ့တယ်လို့ ငါ ကြားထားတယ်”
ခန်းမမှူးသည် သူ၏နားထဲတွင် အသံတစ်ခုကြားလိုက်ရကာ ထိုအသံတစ်ခုတည်းကပင် သူ၏ ဝိညာဉ်ကိုပင် တုန်ယင်သွားစေရန် လုံလောက်နေသည်။
ဤပုဂ္ဂိုလ်သည် ၎င်း၏ မည်သည့်ထူးခြားသည့် စွမ်းရည်ကိုမှ မထုတ်ဖော်ရသေးသော်လည်း အသံကို ကြားရသည်နှင့်ပင် သူ၏ ဝိညာဉ်မှာ နာကျင်သွားခဲ့ရလေသည်။
“မှန်...မှန်ပါတယ်။ သတင်းအချက်အလက်အရ ကာဒီနယ်ရဟန်းအမတ်တစ်ဦးက ကီးလ်မိသားစုနယ်မြေမှာ မိသားစုကြီးကြီးတွေစုစည်းပြီး သီးသန့် အစည်းအဝေးပွဲတစ်ခု ကျင်းပနေစဥ်မှာပဲ အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ ဒီကိစ္စမှာ မိစ္ဆာဂိုဏ်းပါ ပါဝင်ပတ်သက်မှု ရှိနေတယ်လို့လည်း သံသယရှိထားပါတယ်”
ခန်းမမှူးသည် ထိုပုဂ္ဂိုလ်အား အလွန်လေးစားစွာဖြင့် ရှင်းပြပေးလိုက်ရသည်။
သူက ယခင်က သူ၏ဖခင်ရှေ့တွင်ပင် ဤမျှလေးစားမှုမျိုးမပြသခဲ့ဘူးပေ။
ထို့ပြင် သူသည် အခန်း၏တခြားတစ်ဖက်တွင် ရပ်နေသော ပုဂ္ဂိုလ်၏ပုံရိပ်ကို မြင်တွေ့ရန် ခေါင်းပင် မဖော်ဝံ့ခဲ့ချေ။
“ဘုရားကျောင်းနဲ့ မိစ္ဆာဂိုဏ်းပေါ့ ဟုတ်လား”
ထိုပုဂ္ဂိုလ်၏ နှုတ်ခမ်းတွင် သိမ်မွေ့သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
သို့သော် ခန်းမမှူးသည် ထိုဆွဲဆောင်မှုရှိသော ချိုမြိန်သောအသံ၏ နောက်ကွယ်တွင် သတ်ဖြတ်လိုစိတ်တစ်ခု ကပ်ငြိပါနေကြောင်း ခံစားမိလိုက်ရကာ သူ၏ဝိညာဉ်အတွင်း ပို၍ပင် နာကျင်သွားမိသည်။
“ဒါပေမဲ့ အဲ့ဒီအချက်အလက်ဘယ်လောက်မှန်တယ်ဆိုတောတော့ အတည်မပြုနိုင်သေးပါဘူ။ ဒါကြောင့် ‘သူ’ က စုံစမ်းစစ်ဆေးဖို့ ကျုပ်ကို တာဝန်ပေးထားတာပါ”
ခန်းမမှူးသည် ဤအချိန်တွင် ငိုချင်စိတ်ပင် ပေါက်လာခဲ့၏။
နစ်ခရိုမန်ဆာမျှော်စင်တွင် မျှော်စင်သခင်ပြီးသည့်နောက် အကြမ်းဆုံးမှာ ဘယ်လက်ရုံးအစောင့်အရှောက် နှင့် ညာလက်ရုံးအစောင့်အရှောက်သူများသာ ရှိသည်ဟု လူတိုင်းက ထင်မှတ်ထားကြသည်။
နစ်ခရိုမန်ဆာမျှော်စင်အပြင်ဘက်ရှိ မည်သူတစ်ဦးတစ်ယော်မျှ အစောင့်အရှောက်နှစ်ဦးထက် ပို၍ အဆင့်မြင့်သော တတိယပုဂ္ဂိုလ်တစ်ဦး၏ တည်ရှိမှုကိုမူ မသိခဲ့ကြပေ။
ထိုတတိယပုဂ္ဂိုလ်ဆိုသူမှာ သူ့အား
အစောပိုင်းက ညွှန်ကြားချက်ပေးခဲ့သူပင်။
“ဒါကို နင် ဂရုစိုက်နေစရာ မလိုပါဘူး။ ငါ့မှာ အားလပ်ချိန်တွေ အများကြီး ရှိနေတယ်။ ဒီလိုအခြေအနေမျိုးမှာ ငါလည်း အညောင်းပြေအညာပြေ လမ်းလေးဘာလေး ထွက်လျှောက်ကြည့်ရတာပေ့ါ။ ငါ အပြင်ထွက်နေတုန်း ဒါကိစ္စလေးကိုလည်း တစ်ပါတည်း ကိုင်တွယ်လိုက်ရင်ကော ဒါကိုကော နင်က ဘယ်လိုသဘောရလဲ”
ထိုပုဂ္ဂိုလ်က ထိုသို့မေးလိုက်သော်လည်း ၎င်းက မေးခွန်းတစ်ခုပုံစံမျိုးထက် အမိန့်တစ်ခုနှင့်ပင် ပိုတူနေခဲ့၏။
“ဒါပေမဲ့ ‘သူ’ က ကျုပ်ကိုတာဝန်...”
ခန်းမမှူးသည် သူ၏စကားကို ဆက်ပြောရန် ကြိုးစားလိုက်သော်လည်း သူ၏ လည်ပင်းကို မမြင်နိုင်သော အင်အားတစ်ခုက ဆွဲကိုင်လိုက်သည်အား ခံစားမိလိုက်ပြီး စကားတစ်ခွန်းမျှ ထပ်မံပြောမိပါက သူသည် ယခုချက်ချင်းပင် သေဆုံးသွားတော့မည်ဟု ခံစားမိလိုက်သောကြောင့် ပါးစပ်ပိတ်ထားလိုက်ရသည်။
#Catfoot