ကျေးဇူးတရားအား ပြန်ပေးဆပ်ခြင်း(3)
Vol. 10 Ch. 91
ထိုအကြောင်းများကြောင့် ရှောင်မာတစ်ယောက် သူမတွင် ကိုယ်ဝန်ရှိနေသည့် အကြောင်းကို သူမ၏ ဖခင်ဖြစ်သူနှင့် ခင်ပွန်းဖြစ်သူတို့အား ပြောမပြခဲ့ပေ။
သို့သော် အစီအစဉ်တွင် ပါဝင်ပြီးနောက် ထိုတောက်ကျန့်မှာ တစ်ချက်ကြည့်ရုံနှင့်ပင် ချက်ချင်းသိသွားခဲ့သည်။
ဘေးတွင် ထိုင်နေသော လီအမျိုးသားသည်လည်း အံ့အားသင့်သွားပြီးနောက် ရှောင်မာအား ဝမ်းသာစွာ ပွေ့ဖက်လိုက်သည်။
“မိန်းမ၊ မင်းမှာ ကလေးရှိနေတာလား!? ကိုယ်အရမ်းဝမ်းသာတာပဲ!!”
သူ၏ ပျော်ရွှင်မှုသည် ဟန်ဆောင်မှုများဖြစ်နေသည့် ပုံမရချေ။ သူသည်ကား စိတ်လှုပ်ရှားမှုကြောင့် နားရွက်များပင် နီရဲလာခဲ့သည်။
ထို့ကြောင့် ရုတ်တရက် ရောက်လာသော ကလေးငယ်အား စွန့်ပစ်ရမည်လော၊ မွေးဖွားရမည်လော ဝေခွဲရခက်နေသည့် ရှောင်မာတစ်ယောက် ခင်ပွန်းသည်၏ ပျော်ရွှင်မှုအား မြင်လိုက်ရချိန်တွင် သူမ၏ ရင်ထဲမှ လွန်ဆွဲနေခြင်းမှာ တစ်ဖက်သို့ အားသန်သွားခဲ့တော့သည်။
ခင်ပွန်းသည်မှာ ငယ်စဉ်ကပင် ဆွေမျိုးသားချင်းများ မရှိသဆာကြောင့် ကလေးများကို အလွန်ချစ်တတ်သည်အား သူမ သိသည်။
သို့သော် သူမ၏ အလုပ်အကိုင်နှင့် စံထားမှုများကြောင့် သူ့အနေဖြင့် အထီးကျန်သော်ငြား နောက်ကျမှ ကလေးယူရန် တောင်းဆိုချက်ကို လိုက်လျောခဲ့ရှာသည်။
ဤကလေးငယ်၏ ဖြစ်တည်မှုကို သူ သိသွားပြီးနောက်တွင် သူမသာ ထိုကလေးအား ဖျက်ချခဲ့ပါလျှင် ခင်ပွန်းသည်မှာ အင်မတန် ဝမ်းနည်းသွားရလိမ့်မည်ဖြစ်သည်။
သူတို့ဇနီးမောင်နှံနှစ်ယောက်၏ကြားတွင်လည်း ဝေးကွာမှုများ ဖြစ်လာမည်မှာ အသေအချာပင်။
ထိုအကြောင်းအရာအား တွေးမိပြီးနောက် ရှောင်မာ ပြောလိုက်သည်။
“ကျွန်မ အဖေနဲ့ ရှင့်ကို ပြောဖို့ အချိန်မရသေးလို့ပါ၊ အစက ဒီပြိုင်ပွဲ ရိုက်ကူးရေး ပြီးသွားမှ ပြောဖို့ စီစဉ်ထားခဲ့တာ”
မှတ်ချက်ဧရိယာတွင်တော့ ‘ဂုဏ်ယူကြောင်းစာ’များ ပြည့်နှက်သွားခဲ့သည်။
ဟဲမီတူက တီးတိုး ထပ်ပြောလာသည်။
“ဒါပေမယ့် မင်းရဲ့အနီးအနားမှာ ဝိဉာဉ်လေးက တစ်ခုမက ရှိနေတယ်”
ရှောင်လီ အဆောတလျင်မေးလိုက်သည်။
“တောက်ကျန့်၊ အဲဒါက ဘာကို ဆိုလိုတာပါလဲ? ကျွန်တော့်ရဲ့ ဇနီးသည် ကလေးတစ်ယောက်တည်းကို ကိုယ်ဝန်ဆောင်ထားရတာ မဟုတ်ဘူးလို့ ပြောချင်တာလား?”
“ဟင့်အင်း၊ ကျွန်တော် ပြောချင်တာက တစ်ယောက်ထက် ပိုတာတော့ ဟုတ်တယ်၊ ဒါပေမယ့် သူမရဲ့ ဗိုက်ထဲမှာ မဟုတ်ဘူး”
သူက လက်ကို မြှောက်ကာ ရှောင်မာ၏ ဝမ်းဗိုက်အား လက်ညှိုးထိုးပြလိုက်သည်။
“မင်းရဲ့ ဇနီးသည်ရဲ့ ဗိုက်ထဲမှာ စွမ်းအင်အစုလေး ရှိတယ်၊ ယောင်္ကျားလေးလား မိန်းကလေးလားဆိုတာကတော့ ခန္ဓာကိုယ် မဖြစ်တည်သေးတဲ့အတွက် မသိနိုင်ဘူး၊ အဲဒါလေးက ၂လ သက်တမ်းရှိပြီဆိုတာကို မြင်ရတယ်၊ ဒါပေမယ့် အမွှာမဟုတ်ဘူး”
“ဝိဉာဉ်ခန္ဓာနှစ်ခု ရှိနေတယ်လို့ ပြောတာက သူမရဲ့ ခန္ဓာကိုယ်ပြင်ပမှာ နောက်ထပ်ဝိဉာဉ်ခန္ဓာတစ်ခု ရှိနေတာလို့ ပြောချင်တာပဲ”
ချက်ချင်းဆိုသလိုပင် ရှောင်မာတစ်ယောက် ဦးရည်များပင် ကြိမ်းသွားကာ တစ်ကိုယ်လုံး အေးစက်သွားရသည်။
သူမ ထိတ်လန့်စွာဖြင့် ခင်ပွန်းသည်၏နောက်တွင် ကပ်ကာ ပုန်းလိုက်မိချေသည်။
“ယောကျ်ား၊ ကျွန်မ…”
ရှောင်လီ၏ မျက်နှာသည်လည်း ဖြူဖျော့သွားသော်ငြား သူ ဟဲမီတူအား ကြည့်ကာ မေးမြန်းလိုက်သည်။
“တောက်ကျန့် ၊ ကျွန်တော့်အမျိုးသမီးရဲ့ ဘေးမှာ သရဲတွေ ရှိနေတယ်ဆိုတာ ဘာကို ပြောတာလဲ? သူမက အမြဲ စိတ်ထားလည်း နူးညံ့ပြီး ကြင်နာတတ်တဲ့ လူတစ်ယောက်ပါ၊ ဘယ်သူနဲ့မှလည်း အငြိုးမရှိပါဘူး။ ဘယ်လိုလုပ်ပြီး အဲဒါတွေ ရှိနေတာ ဖြစ်နိုင်မှာလဲ?”
“ဝိဉာဉ်ခန္ဓာလို့ ပြောတာနဲ့ ဘာကြောင့် သရဲဖြစ်ရမှာလဲ? ကမ္ဘာပေါ်မှာ ဝိဉာဉ်ရှိတဲ့ သတ္တဝါတွေ ထောင်သောင်းမက ရှိတယ်၊ လူ့ဝိဉာဉ်နဲ့ သရဲတွေကလည်း အဲဒီ ထောင်ပေါင်းများစွာထဲကမှ တစ်ခုသာသာပဲ”
ဟဲမီတူ ခပ်ဖွဖွ ရယ်လိုက်သည်။
“ဒီဝိဉာဉ်ခန္ဓာက ကျွန်တော့်အတွက်တော့ တော်တော်လေးကို သိမ်မွေ့နူးညံ့လွန်းတယ်၊ ကျွန်တော် သေချာတာတစ်ခုကတော့ သူက ခင်ဗျားရဲ့ဇနီးဖြစ်သူကို အန္တရာယ်ပြုလိုပုံမပေါ်ဘူး၊
ပြောရရင် သူက ဇနီးသည်အတွက် အထောက်အပံ့တောင် ဖြစ်နေဦးမယ်၊ ပြီးတော့ အဲဒါက တော်တော်လေး ထူးခြားတယ်၊ သူကလည်း လွန်ခဲ့တဲ့ ၂လလောက်ကမှ ပေါ်လာတာပဲ၊
တစ်ချိန်တည်းမှာပဲ ဇနီးသည်ခန္ဓာကိုယ်မှာ သန္ဓေတည်လာတယ်၊ ဒါက အရမ်းထူးဆန်းတာပဲ၊ ကျွန်တော် အရင်က ဒီလိုဖြစ်ရပ်မျိုးကို တစ်ခါမှ မမြင်ဖူးဘူး”
ခေတ္တမျှစဉ်းစားနေပြီးနောက် သူဆက်ပြောသည်။
“ကျွန်တော် မှန်းကြည့်လိုက်မယ်၊ အဲဒါက မင်းတို့ရဲ့ ကလေးပဲ ဖြစ်ရမယ်၊ ဆိုချင်တာက ခင်ဗျားရဲ့အမျိုးသမီးက အမွှာကိုယ်ဝန်တည်ရမှာပဲ၊ ဒါကြောင့် ဒီဝိဉာဉ်လေးက ဇနီးသည်ရဲ့ ဗိုက်ထဲက ကလေးနဲ့ တစ်ချိန်တည်းမှာ ပေါ်လာတာပဲ၊ ဒါပေမယ့် ဘယ်နေရာမှာ မှားယွင်းသွားတာလဲ မသိဘဲ ဇနီးသည်ရဲ့ ဗိုက်ထဲမှာ ကလေး တစ်ယောက်ပဲ ရှိနေတာကြောင့် မွေးဖွားလာနိုင်မဲ့ ကလေးက အမွှာမဟုတ်ဘဲ တစ်ယောက်တည်းပဲ ဖြစ်နေခဲ့တယ်”
“သူက မွေးဖွားကြီးပြင်းလာနိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးလိုက်ရပေမယ့် လက်မလွှတ်နိုင်တာကြောင့် ဇနီးသည်ရဲ့ ဘေးမှာ ရှိနေခဲ့တာပဲ၊ သူ့ဆီမှာ မကောင်းတဲ့ စိတ်မရှိဘူး၊ ခင်ဗျားတို့ ပြန်ပြီးစဉ်းစားကြည့်လိုက်ပါဦး၊ အိမ်မှာ ဖြစ်ပျက်ခဲ့တဲ့ ထူးခြားဖြစ်ရပ်တွေက လွန်ခဲ့တဲ့ (၂)လလောက်က စပြီး ဖြစ်တာလား?”
ဟဲမီတူ၏ ရှင်းပြစကားကို ကြားပြီးနောက် လူငယ်စုံတွဲ အနည်းငယ်စိတ်သက်သာရာ ရသွားသည်။
သေသေချာချာ ပြန်တွေးကြည့်လျှင် သူတို့တွင် ထူးဆန်းသည့် အဖြစ်အပျက်များ စ၍ ဖြစ်သည်မှာ လွန်ခဲ့သည့် (၂)လမှ ဖြစ်သည်။
သူမဘေးမှ ဝိဉာဉ်သည် ကလေးငယ်ဖြစ်ကြောင်း သိရပြီးနောက်တွင် ရှောင်မာ၏ ရင်ထဲမှ ကြောက်လန့်မှုသည် စိတ်မချမ်းမသာဖြစ်မှုသို့ ပြောင်းလဲသွားရတော့သည်။
သို့သော် ခင်ပွန်းသည်၏ မျက်မှောင်ကတော့ ကြုတ်ထားဆဲပင်။
“ဒါဆိုရင် သူက လူ့ဘဝမှာ မမွေးဖွားလာရလို့ စိတ်ဆိုးနေတာလား?”
ဟဲမီတူ သူ့အား တစ်ချက်ကြည့်လိုက်သည်။
“မစ်စတာလီက ဒီလိုမျိုး ပြောရတဲ့ အကြောင်းရင်းက ခင်ဗျားရဲ့အခြေအနေက သိပ်ပြီးမကောင်းလို့ပဲ ဖြစ်မယ်”
ရှောင်လီ အံ့အားသင့်စွာ ပြန်ကြည့်လာချိန်တွင် ဟဲမီတူ ဆက်ပြောလိုက်သည်။
“ကျွန်တော်အတွက် ထူးဆန်းနေတာ တစ်ခုရှိတယ်၊ အဲဒါက ဒီဝိဉာဉ်ခန္ဓာက ဇနီးသည်အပေါ်မှာတော့ အင်မတန် နူးညံ့ပြီး တိတ်တဆိတ်လေးတောင် ကာကွယ်နေတဲ့အချိန်မှာ သူ့ရဲ့ မင်းအပေါ်ထာားတဲ့ ခံစားချက်တွေကတော့ တော်တော်လေး ဆိုးရွားနေတယ်၊ ပြောရရင် ခင်ဗျားက ဇနီးသည်ရဲ့ ပုခုံးပေါ်ကို လက်လေးပဲ တင်လိုက်ရင် ၊ ဒါမှမဟုတ် အနားကို ကပ်လိုက်ရင်တောင်မှ သူ့ရဲ့ ပင်ကိုယ်က နူးညံ့သိအ်မွေ့တဲ့ အရှိန်အဝါတွေက ချက်ချင်း မှုန်မှိုင်းသွားတတ်တယ်”
ရှောင်မာလည်း အံ့အားသင့်စွာဖြင့် ခင်ပွန်းသည်အား ကြည့်လိုက်သည်။
“ပြောမှပဲ၊ ကျွန်မ လွန်ခဲ့တဲ့ (၂)လ အတွင်းမှာ အတော်လေး ကြောက်နေတာ မှန်ပေမယ့် ကျွန်မအပေါ် ဘာမှ ထိခိုက်မှု မရှိခဲ့ဘူး၊ ရှင်ပဲ ခဏခဏ လဲပြီး အန္တရာယ်ကြုံနေခဲ့ရတာပဲ၊ တစ်ခါကလည်း ဈေးဝယ်ထွက်နေတုန်း အဆောက်အဦးပေါ်က ပန်းအိုး ပြုတ်ကျလာပြီး ရှင့်ပုခုံးပေါ်ကို တည့်တည့်ကျသွားတာလေ….”
သူ ပို၍ တိတိကျကျသိနိုင်သေးလား ဟူသော အမေးစကားကို ဟဲမီတူက ခေါင်းကို အသာရမ်းပြလာသည်။
“ကျွန်တော်က ဘယ်လို ပညာရှင်လဲဆိုတာ အားလုံးအသိပါပဲ၊ ကျွန်တော်က မကောင်းမှုတွေကို အာရုံခံတဲ့ နေရာမှာပဲ ပိုပြီးကျွမ်းကျင်တာ၊ ဒီလိုမျိုး ဝိဉာဉ်ခန္ဓာကိုတော့ အကောင်းလား၊ အဆိုးလား ကျွန်တော် မခွဲခြားနိုင်ပါဘူး၊ တောင်းပန်ပါတယ်”
ထိုအချိန်တွင် မှတ်ချက်ဧရိယာတွင် တွေးတော၊တွက်ချက်၊ ခန့်မှန်းမှုများ ပလူပျံနေသည်။
[အမေကို ကာကွယ်ပြီး အဖေကို မုန်းတယ်? မစ်စတာလီပြောသလိုပဲ မမွေးရလို့များလား?]
[ငါထင်တာတော့ အဲ့တာက ဇနီးသည်ရဲ့ ရည်းစားဟောင်းဖြစ်မယ်ထင်တယ်၊ သေပြီး မကျွတ်ဘဲ ယောကျ်ားကို ခြောက်နေတာနေမှာ]
[သရဲမဟုတ်ဘူးဆိုတော့ အရှေ့က ဆရာတွေ မမြင်နိုင်တာ မထူးဆန်းပါဘူး၊ ဘုန်းကြီးနဲ့ ရှီဟိုင်ဟုန်တို့က သဘာဝလွန်စွမ်းအားရှိပြီး သရဲတွေနဲ့ပဲ ဆက်သွယ်နိုင်တယ်လေ၊ ဒေစီကလည်း အနောက်တိုင်းရဲ့ ထူးဆန်းတဲ့ စွမ်းအားရှိတာဆိုတော့..]
[ဒါပေမယ့် အခုထိတော့ အဲဒါက ဘာလဲဆိုတာကို ဘယ်သူမှ မမြင်နိုင်ခဲ့ဘူး]
[ရှောင်ဟဲက တော်လိုက်တာ၊ ဒါက အပိုတွေ အရမ်းကြွားပြီး လျှောက်ပြောနေတဲ့ ပရိတ်သတ်တွေထက် အများကြီးသာတယ်]
“ဒါဆိုရင် နောက်ထပ် ပြိုင်ပွဲဝင်ကို ဖိတ်ခေါ်လိုက်ပါမယ်၊ ပြိုင်ပွဲဝင် နံပါတ် (၁)ရှင်းယိချင်း”
ရှင်းယိချင်း စင်ပေါ်သို့ တက်လာကာ ရှောင်မာကို ပထမဆုံး မြင်ပြီးသည့်နောက် ရပ်တန့်သွားသည်။ ပြီးနောက်:
“မင်းဘေးမှာ တစ်ခုခုရှိနေတယ်၊ အဲဒါက သရဲတော့ မဟုတ်ဘူး”
[!!! ပြိုင်ပွဲဝင် နံပါတ်(၉)ပြောတာနှင့် တစ်ထပ်တည်းပဲ!]
သူ ခေတ္တမျှ တွေဝေသွားပြီးနောက် ဆက်ပြောသည်။
“မင်းက ဝိဉာဉ်အာရုံခံနိုင်စွမ်းမရှိတော့ ဒါတွေကို အာရုံခံနိုင်မှာ မဟုတ်ဘူး၊ မင်းဘေးမှာ ရှိနေတဲ့ ဝိဉာဉ်ခန္ဓာကိုယ်က …. (နတ်မိစ္ဆာ)မသေမျိုးဝိဉာဉ်ပဲ၊ မင်းတို့ မိသားစုက ဖိတ်ခေါ်ထားတာလား?”
ရှောင်မာ အံ့ဩတုန်လှုပ်သွားပြီးနောက် ခေါင်းခါလိုက်သည်။
“မဖြစ်နိုင်တာ၊ ကျွန်မ အဲလို သရဲ၊ဝိညာဉ်နဲ့ ပတ်သတ်တာမျိုး ဘာကိုမှ မလုပ်ဖူးပါဘူး၊ လူတွေက အိမ်ကို နတ်ဘုရားတွေ ပင့်တာတို့၊ သရဲလေးတွေ မွေးတာတို့ကို ကြားဖူးပေမဲ့ ကျွန်မတို့တွေ ဘယ်တုန်းကမှ မလုပ်ဖူးဘူး၊ ကျွန်မတို့ မိသားစုဝင်တွေကလည်း လုပ်မှာ မဟုတ်ဘူး”
“အမေက ကျွန်မ ငယ်ငယ်လေးတည်းက ဆုံးသွားတာလေ၊ အဲဒီအချိန်တုန်းက အမေက နေမကောင်းဖြစ်နေခဲ့တာ၊ အဲဒါကို အဘွားက နတ်ဆရာမတွေကို ယုံကြည်ပြီးတော့ သူတို့ရဲ့အိမ်မှာ မီးရှို့ထားတဲ့ ပြာတွေကို ကျွန်မရဲ့ အမေ့ကို ကျွေးလိုက်တာ၊ ပြီးသွားတော့ အမေ့ရဲ့ ရောဂါက မပျောက်သွားတဲ့အပြင် ပိုဆိုးသွားစေခဲ့တယ်၊
ဒါကြောင့် အဖေက ဒီကိစ္စတွေအပေါ်ကို တော်တော်လေး အယုံအကြည်မဲ့သွားခဲ့တယ်၊ ပြောရရင် ကျွန်မရဲ့ အဖေက ဘာသာမဲ့လို့တောင် ပြောလို့ရတယ်၊ ဒီတော့ ဒါတွေကို သူဖိတ်ခေါ်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး”
ဘေးမှ ရှောင်လီကလည်း ခေါင်းခါသည်။
“ကျွန်တော်လည်း မဟုတ်ပါဘူး”
“ထူးဆန်းလိုက်တာ၊ ပုံမှန်ဆိုရင် မသေမျိုးဝိဉာဉ်တွေကို ဖိတ်ခေါ်နိုင်တဲ့သူတွေက ဆွေမျိုးမိသားစု မဟုတ်ရင် ၊ မသေမျိုးအချင်းချင်းကပဲ လာပ်နိုင်တယ်၊ သူတို့က တရားကျင့်ကြံထားတဲ့ ဝိဉာဉ်တွေ၊ နတ်ဆိုးတွေကိုတောင် ဆင့်ခေါ်ပြီး ထိန်းချုပ်နိုင်တယ်လေ၊ လူတစ်ယောက်ဆီကို ကိုယ့်သဘောနဲ့ကိုယ် လာတဲ့ မသေမျိုးဝိဉာဉ်ဆိုတာကိုတော့ တစ်ခါမှတောင် မကြားဖူးဘူး”
“သူက မင်းနဲ့တော့ တစ်ခုခုသက်ဆိုင်လိမ့်မယ် မစ်စ်မာ၊ ဒါပေမယ့် သူက မင်းအပေါ် ရန်ပြုလိုစိတ်တော့ မရှိဘူး”
ထိုစကားသည်လည်း ဟဲမီတူပြောစကားနှင့် ကိုက်ညီနေပြန်သည်။
“တစ်ခုလောက် မေးပါရစေ၊ ထူးဆန်းတဲ့ အရာတွေများ လက်ခံရတာမျိုး ရှိလား? ဥပမာ အသီးတို့၊ သစ်စေ့တို့၊ ဒါမှမဟုတ် တိရိစ္ဆာန်အသေကောင်တို့မျိုးလေ? အမှောင်ထဲမှာရော တစ်ခုခုက ကာကွယ်ပေးနေတယ်ဆိုတဲ့ ခံစားချက်မျိုး ရလား?”
ရှောင်မာ ခေါင်းကို ဆက်တိုက်ညိမ့်သည်။
“တောက်ကျန့်၊ တောက်ကျန့်က အရမ်းအံ့သြစရာကောင်းတာပဲ! တကယ်တော့ တစ်လကျော်ရှိပြီ၊ ကျွန်မ မနက် အိပ်ရာနိုးလာရင် အိပ်ရာဘေးမှာ အကောင်လေးတွေ တွေ့ရတတ်တယ်၊ အစကတော့ ကျွန်မလည်း လန့်သွားပေမယ့် အဲဒါတွေက ဘယ်ကလာမှန်းကိုလည်း မသိခဲ့ဘူး၊ ကျွန်မရဲ့ ယော်ကျ်ားကို မေးတော့ သူလည်း မသိဘူး”
“အဲ့ဒါနဲ့ သူတို့ကို အစာကျွေးပြီး ပြန်လွှတ်ပေးလိုက်တာ၊ ဒါပေမဲ့ နောက်ရက်ကျတော့ ကျွန်မအိပ်ရာနိုးတဲ့အချိန်မှာ အိပ်ရာဘေးမှာ တိရိစ္ဆာန်အသေကောင် အပုံလိုက်တွေ့လိုက်ရတယ်၊ အကုန်က အသေတွေချည်းပဲ……”
ကြွက်တွေ၊ ငှက်တွေ၊ ယုန်တွေ အပြင် အိမ်မွေးတိရိစ္ဆာန်များပင် ပါသေးသည်။
ရှောင်မာတစ်ယောက် အိပ်ယာမှ နိုးလာပြီး မျက်လုံးကို ဖွင့်လိုက်ချိန်တွင် အိပ်ရာဘေးရှိ စုတ်ဖြဲခံထားရသော သွေးရဲနေသည့် တိရိစ္ဆာန်အသေကောင်အား မြင်လိုက်ရပြီးချိန်တွင် သူမ လန့်လွန်း၍ မူးလဲမတတ်ပင် ဖြစ်သွားရသည်။
သူတို့ အခြားအိမ်သို့ ပြောင်းရွေ့နေခိုင်ကြည့်ခဲ့ပါသော်လည်း နောက်တစ်ရက်တွင် ထိုအတိုင်းပင်ဖြစ်နေခဲ့သည်။
ထိုစဉ်မှသာ သူမသည်လည်း တစ်ခုခုနှင့် ပတ်သက်နေပြီဖြစ်ကြောင်း သတိပြုမိကာ ကြောက်လန့်တုန်လှုပ်နေခဲ့သည်။
“တစ်ခါကကျတော့ ကျွန်မ အလုပ်ကို ညဉ့်နက်တဲ့ထိ လုပ်ပြီး ပင်ပန်းနေတဲ့အချိန်မှာ လမ်းဖြတ်ကူးခဲ့တယမလေ၊ လူက အရမ်း ပင်ပန်းနေတော့ လမ်းကိုလည်း သေချာ မကြည့်လိုက်မိဘူး၊ အဲဒီအချိန်မှာ ကားဖြတ်လာတာကို မမြင်လိုက်ဘဲ တိုက်မိမလိုဖြစ်သွားခဲ့ပေမဲ့ တစ်ခုခုက ကျွန်မကို ညင်ညင်သာသာနှင့် တွန်းဖယ်လိုက်တယ်လို့ ခံစားလိုက်ရတယ်၊ ဒါပေမယ့် ကားက ကျွန်မဘေးကနေ ဖြတ်သွားပြီးလို့ ပြန်ကြည့်တော့ လမ်းပေါ်မှာလည်း လူတစ်ယောက်မှ ရှိမနေခဲ့ဘူး”
ထိုအချိန်က သူမအနေနဲ့ သရဲတစ်ကောင်ထံတွင် ကယ်တင်လိုက်သည်ဟု တွေးမိလိုက်ကာ အရင်ကကဲ့သို့ ကြောက်စိတ်များမဖြစ်ခဲ့တော့ပေ။
“နောက်ပိုင်း ကျွန်မရဲ့ အိပ်ခန်းထဲမှာ လုံခြုံရေးကင်မရာတပ်လိုက်တော့ ထူးဆန်းတာကို ရိုက်ကူးမိခဲ့တယ်…”
ရှောင်မာ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“အဲဒီ တိရိစ္ဆာန်အသေကောင်တွေကို မြွေတွေက ကျွန်မရဲ့အခန်းထဲကို သယ်လာပေးနေကြတာ၊ ကင်မရာထဲက မြင်ကွင်အတိုင်းဆိုရင် နေ့တိုင်း မနက်မိုးမလင်းခင် အချိန်လောက်ကိုရောက်ရင် မြွေတွေက ဘယ်ကနေ ထွက်လာမှန်းမသိ ပေါ်လာကြပြီး အဲဒါတွေကို ကျွန်မရဲ့အိပ်ရာဘေးမှာ ချခဲ့ကြတယ်၊ နောက်ပြီး မြွေတွေက တစ်ကောင်နဲ့ တစ်ကောင်ကလည်း ပုံစံကွဲပြီး အရွယ်ကလည်း မတူကြဘူး”
လုံခြုံရေးကင်မရာအား ကြည့်ပြီးနောက် သူမ သေလောက်အောင်ပင် လန့်သွားရသည်။
မြွေများမှာ တွားသွားလျက် အိပ်ရာပေါ်သို့ တက်လာကြသည်။ တချို့မြွေများမှာ သူမ၏ လက်ကောက်ဝတ်ထက်ပင် လုံးပတ်ကြီးကာ ကင်မရာထဲတွင် သူတို့၏ မျက်လုံးများက ဝင်းလက်နေသည်ကိုပင် တွေ့မြင်ခဲ့ကြရသည်။
သို့သော် ထိုမြွေများထဲမှ တစ်ကောင်မျှပင် သူမအား ရန်ပြုလိုသည့် ပုံစံများ မရှိနေခဲ့ပေ။