မသေမျိုးမြွေနတ်မိစ္ဆာ၏ ကျေးဇူးဆပ်ခြင်း
Vol. 10 Ch. 93
မျိုးရိုးနာမည် လီနှင့်အမျိုးသားမှာ အချိန်အတော်ကြာအောင် စဉ်းစားနေခဲ့ပြီး မျက်နှာတစ်ပြင်လုံး ရှုံ့မဲ့နေခဲ့သည်။
“ဟန်နီ၊ ဒါက ကိုယ်တို့ရဲ့ အိမ်တွင်းရေးကိစ္စလေ၊ ဒီအကြောင်းတွေကို ကင်မရာရှေ့မှာ ပြောပြေနေဖို့ မလိုပါဘူး၊ အခု ဒီကိုလာတာက အိမ်မှာ ဖြစ်ပျက်နေတဲ့ ထူးခြားဖြစ်စဉ်တွေအကြောင်းကိုပဲ သိရဖို့အတွက်ပဲ မဟုတ်ဘူးလား?”
သူ ပြောပြီးသည်နှင့် ကုကျစ်စုန့်အား မကြည်ဖြူသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
“မင်း! မင်းက သဘာဝလွန်ပြဿနာကိုပဲ ဖြေရှင်းရမယ့် ပြိုင်ပွဲဝင်ပဲ၊ ဒီလိုမျိုး အကူအညီတောင်းသူတွေရဲ့ ကိုယ်ရေးကိုယ်တာကို ချိုးဖောက်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ?!”
ကုကျစ်စုန့် ဖြူစင် အပြစ်ကင်းသည့် လေသံဖြင့်ပြောလိုက်သည်:
“ကျွန်မက ရှင်တို့ ကြုံတွေ့ရတဲ့ ပြဿနာကို ကူပြီး ဖြေရှင်းပေးနေတာပဲ မဟုတ်ဘူးလား၊ ဒီမသေမျိုးမြွေ ရှင်တို့ရဲ့ ဘဝမှာပေါ်ထွက်လာရတဲ့ အကြောင်းရင်းက ရှင့်ရဲ့အဖေနဲ့ သက်ဆိုင်နေတယ်၊ ဒီတော့ ဒါကို မပြောဘဲ ကျွန်မက ဟိုမှာ ရေးထားတဲ့ မေးခွန်းကို ဘယ်လို ဖြေပေးရမှာလဲ?”
သူမ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ကြသော အားလုံး၏ မျက်လုံးက မေးခွန်းဘုတ်တွင် ရေးထားသည့် စာကို မြင်လိုက်ရသည်။
ထိုနေရာတွင် ရေးထားသည်မှာ : ဒီလူငယ်စုံတွဲမှာ ဘာတွေ ဖြစ်ပျက်ခဲ့တာလဲဆိုတာနဲ့ နောက်ကွယ်က အကြောင်းအရင်းကို ဖော်ထုတ်ရှင်းပြပါ။
ကုကျစ်စုန့် ရယ်ချင်စိတ်အား ထိန်းလိုက်ကာ တင်ဆက်သူလျို့ ကို ပြောလိုက်သည်။
“ပရိုဂရမ်အဖွဲ့သားတွေနဲ့ ပရိတ်သတ်တွေအားလုံးပဲ မြင်တယ်နော်၊ ကျွန်မက မလုပ်နိုင်လို့ မဟုတ်ဘဲ အကူအညီတောင်းခံသူတွေကသာ ကျွန်မရဲ့ အဖြေကို မကြားချင်တာပါ”
တင်ဆက်သူလျို့မှာ ချွေးစေးများပင် ပြန်လာရသည်။
သူ့ကိုယ်သူ စိတ် တွေးလိုက်မိသည်။
‘မင်းရဲ့ စွမ်းဆောင်ရည်က ပြဿနာမဟုတ်ဘူး၊ မင်းက တော်လွန်းပါတယ်! ခက်တာက မင်းက အကူအညီတောင်းသူတွေရဲ့ အနာကို အမြဲတမ်း ဆားနဲ့ သွားသွားပက်တာလေ!”
တင်ဆက်သူလျို့ : “….မစ်စတာလီရဲ့ အဖေအကြောင်းလေးကို ကျော်ပြီး..”
ကုကျစ်စုန့် ခေါင်းခါပ၍ ငြင်းဆန်လိုက်သည်။
“မရဘူး၊ မြွေဝိဉာဉ်ရဲ့ ကနဦးအစက သူ့အဖေနဲ့ သက်ဆိုင်နေတာလေ၊ ဒါကို ရှင်းမပြဘဲ ဘယ်လိုလုပ်ရလဒ်ကို ပြောလို့ရနိုင်မှာလဲ?”
“ပြီးတော့ မင်းတို့နှစ်ယောက်ကို တစ်ခု သတိပေးလိုက်ဦးမယ်၊ ဒီတစ်ကောင်က သာမန် တိရိစ္ဆာန်ဝိဉာဉ်လေးမဟုတ်ဘူး၊ သူက တော်တော်လေး ဉာဏ်ပညာကြီးပြီး ဘယ်သူ့ကိုမှလည်း ရန်မပြုဖူးဘူး”
သူမ အေးစက်သော လေသံဖြင့် ဆက်ပြောလိုက်သည်။
“တစ်ချက်ကြည့်တာနဲ့ ပြောနိုင်တာတစ်ခုက သူက သူ့ရဲ့ ကျေးဇူးကြွေးကို ဆပ်ဖို့ ရောက်လာခဲ့တာပဲ၊ သူ့မှာ ဖြစ်ခြင်း၊ပျက်ခြင်းရဲ့ စွမ်းအားလည်း ရှိတယ်၊ ရှင်းရှင်းပြောရရင် သူ့ရဲ့ စာချုပ်ကိုလည်း ကောင်းကင်နှင့်မြေကမ္ဘာရဲ့ တရားဥပဒေက အသိအမှတ်ပြုထားပြီးသာ့ပဲ၊ ဒါကြောင့် တောက်ဓမ္မဂိုဏ်းသားတွေရော၊ ဗုဒ္ဓဘာသာရဲ့ ဘုန်းတော်ကြီးတွေပါ သူ့ကို ဇွတ်အတင်းထွက်သွားခိုင်းလို့ မရဘူး”
“တခြားအတွေးတွေရှိပြီးတော့ မကောင်းတဲ့လူတွေကိုခေါ်ပြီး မကောင်းတဲ့ နည်းလမ်းတွေသုံးပြီး နှင်ချင်မယ်ဆိုရင်တော့ သူ့ရဲ့ အငြိုးတရားက သားသမီးမြေးမြစ်ထိ သက်ရောက်သွားမှာပဲ”
တင်ဆက်သူလျို့ နောင်တအချို့ဖြင့် ပြောလိုက်သည်။
“အခြားနည်းလမ်းလည်း မရှိဘူး၊ မစ္စတာလီကလည်း အရေးကြီးအချက်အလက်ကို ဖုံးကွယ်ထားချင်တယ်ဆိုတော့ နှမြောစွာနဲ့ပဲ ဒီနေ့အစီအစဉ်ကတော့ ဒီလောက်နဲ့ပဲ ရပ်တန့်ရမှာပေါ့….”
[???ဒီလူက တစ်ခုခုတော့ လွဲနေတယ်နော်၊ အစကကျတော့ မိဘမဲ့ဘဝနှင့် ကြိုးစားခဲ့တာလို့ ပြောတယ်၊ အခုကျတော့ သူ့အဖေက လွန်ခဲ့တဲ့ သုံးနှစ်ကအထိ အသက်ရှင်နေသေးတယ်ဆိုပဲ၊
မသေမျိုးဖြစ်ဖို့အတွက် ကျင့်ကြံနေအားထုတ်နေတဲ့ မြွေကြီးကတောင် သူ့ကို လက်စားချေချင်နေတယ်၊ ကြည့်ရတာ သူ့ရဲ့မိန်းမကတော့ သူ့အကြောင်းတွေကို ဘာမှ မသိပုံပဲ၊ သူက သေချာပေါက် လိမ်ထားတာမဟုတ်ဘူးလား?!]
[ဟင်း… ငါတော့ မသင်္ကာစရာ အနံ့ရနေပြီ၊ တစ်ယောက်ယောက် သူ့အကြောင်းကို ဖော်ပေးကြပါဦး!]
[ထပ်ဖြစ်ပြန်ပြီလား? ဒီပွဲကိုလာတဲ့ အကူအညီတောင်းသူတွေက သူတို့ရဲ့ စိတ်ကို ရှင်းထားလို့ မရဘူးလား? ကိုယ်မကောင်းတာတွေ လုပ်ထားတာကိုကျတော့လည်း မပေါ်ချင်ဘူး၊
ဒါပေမယ့် သရဲ အလကား ဖမ်းပေးဖို့အတွက် အစီအစဉ်ရဲ့ပညာရှင်တွေကိုတော့ ခေါ်ခိုင်းချင်တယ်၊ ငါတို့က ဘယ်လိုလုပ်ပြီး ကောင်းကောင်းကြည့်ရတော့မှာလဲ?]
[ဆက်ပြီးတော့ မစစ်ဆေး၊မစုံစမ်းဖို့အတင်းပြောနေတာက သူ့မှာ အပြစ်ရှိနေလို့ မဟုတ်ဘူးလား…]
[မသေမျိုးဝိဉာဉ်ငါးဖော်က အလွယ်ပေါ်လာတတ်တဲ့ အမျိုးအစားမျိုးမဟုတ်ဘူး၊ အကြမ်းဖျင်းပြောရရင် မသေမျိုးဝိဉာဉ်ငါးဖော်ထဲက မသေမျိုးမြေခွေးနဲ့ မသေမျိုးမြွေပါတို့ကပဲ လူ့ပြည်ကို အများဆုံး ဝင်ရောက်လာကြတာ၊
ဒါပေမဲ့ သူတို့ကို ဆင့်ခေါ်ပြီဆိုရင်လည်း သေသေချာချာ ရိုသေသမှုမရှိဘဲ မလေးမစားသွားလုပ်မိရင် သူတို့က အငြိုးကြီးပြီး ဒေါသလည်း အကြီးဆုံးပဲ။၊
အဲဒီငါးဖော်ထဲမှာ မသေမျိုးမြွေက ဖိတ်ခေါ်ဖို့ အခက်ခဲဆုံးပဲ၊ သူတို့က လေးနက်တဲ့ ကိုယ်ကျင့်တရားရှိပြီးတော့ လူတွေနဲ့ ပတ်သတ်ရတာကိုလည်း မကြိုက်ဘူး၊ မသေမျိုးမြွေကသာ မစ်စ်မာကို ကာကွယ်နေတယ်ဆိုရင်တော့ မစ်စတာလီရဲ့ အဖေက သူနဲ့ တော်တော်လေး ဆက်ဆံရေးကောင်းလို့သာ ဖြစ်မယ်၊
အဲလိုပဲ မသေမျိုးမြွေကိုတောင်မှ ရွံ့ရှာစက်ဆုပ်စေပြီး လက်စားချေအောင် လုပ်နိုင်တဲ့ လူကတော့ တော်တော်ကို ဆိုးတဲ့ လူ့အမှိုက်ပဲ ဖြစ်ရမယ်၊ မင်းတို့ကိုယ်တိုင် စဉ်းစား ကြည့်ကြတော့]
ပရိုဂရမ်အဖွဲ့များနှင့် ကြည့်ရှုသူများက ပြိုင်ပွဲပြီးပြီဟု ထင်မှတ်လိုက်ချိန်တွင် တစ်ချိန်လုံး အသံတိတ်နေခဲ့သော ရှောင်မာက ခေါင်းကို မော့ကာ ပြောလိုက်သည်။
“ကျွန်မ အကူအညီတောင်းချင်တယ်”
အားလုံး : “!!!”
ရှောင်မာ၏ မျက်လုံးများက နီရဲနေကာ သူမက ကုကျစ်စုန့်အား စိုက်ကြည့်ရင်း ငိုသံဖြင့် ပြောလိုက်သည်။
“ကုတောက်ကျန့်၊ ဒီကျွန်မအနားမှာ ဝန်းရံနေတဲ့ မသေမျိုးဝိဉာဉ်အကြောင်းနှင့် ဘာတွေဖြစ်နေလဲဆိုတာကို ကျွန်မသိချင်ပါတယ်၊ ကျွန်မကို ကူညီပါ”
ရှောင်လီ အလောတကြီးဖြင့် ရှောင်မာ၏လက်ကိုဆွဲကာ ဇနီးသည်အား သူ့အနားသို့ ဆွဲခေါ်လိုက်သည်။
သူသည်ကား မျက်နှာ ဟန်မပျက်စေရန် ထိန်းချုပ်ထားသေးသော်ငြား သူ၏ လျို့ဝှက်ချက်များ ပေါ်သွားမည်ကို ကြောက်ရွံနေသော စိတ်ကြောင့် သူ့မျက်နှာမှာ အရှုံးသမားရုပ်များ ပေါ်နေခဲ့သည်။
“ပြန်သွားပြီး ပြောကြရအောင်၊ မင်းသိချင်တာ အားလုံးကို ကိုယ် အကုန်ပြောပြပေးမယ်၊ မင်းက ကိုယ်တို့အကြောင်းကို ဒီပြိုင်ပွဲမှာ ဟာသတစ်ခု ဖြစ်အောင်လုပ်ချင်နေတာလား၊
ရှောင်မာ ကိုယ်တို့ သွားရအောင်၊ ကိုယ်တို့ရ့် မိသားစုကို အရှက်ကွဲရတာ လုပ်ချင်နေလို့လား ?”
သူက ခေါင်းကို လှည့်ကာ ကုကျစ်စုန့်နှင့် တင်ဆက်သူလျို့အား ကြည့်လိုက်သည်။
“ပရိုဂရမ်အဖွဲ့က အခုလိုမျိုး အချိန်ယူပြီး လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ခုနကပြောတဲ့ မသေမျိုးမြွေဆိုတာက ယုံကြည်နိုင်စရာကောင်းတဲ့အရာမျိုးတော့ မဟုတ်ဘူး၊ အားနာပေမယ့် ကျွန်တော်တို့ အဲဒီလိုစကားမျိုးကို လက်မခံနိုင်ပါဘူး၊
ဒီအိမ်ထဲမှာ မြွေတွေထပ်တွေ့ရင်လည်း တိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးကိုပဲ ခေါ်ပြီး ရှင်းလင်းခိုင်းလိုက်ပါတော့မယ်”
ထိုစကားသည်ကား တစ်ဖက်လှည့်ဖြင့် ပရိုဂရမ်အဖွဲ့အား နှင်ထုတ်နေခြင်းပင်။
ကုကျစ်စုန့်က တည်ငြိမ်အေးဆေးစွာ ထိုင်ကြည့်နေခဲ့သော်ငြား သူမ၏ စိတ်ထဲမှ စနစ်ကတော့ မကျေမချမ်းဖြင့်ဒေါသထွက်နေခဲ့သည်။
“ဒီလူက စကားပြောကတော့ တော်တော်လေး ကောင်းသားပဲ၊ သူ ပြောချင်တာက သူ့ရဲ့ မိန်းမက ဆက်မေးနေဦးမယ်ဆိုရင် သူမက သူတို့ကို အရူးနဲ့ တူအောင်လုပ်နေတာဖြစ်တဲ့အတွက် တစ်မိသားစုလုံး အရှက်ရစေမယ်ဆိုတဲ့ ပုံစံမျိုးပဲမလား?
သူက စကားကို နူးနူးညံ့ညံ့ပြောသလိုနဲ့ တကယ်တမ်းတော့ အကြပ်ကိုင်၊လှည့်စား ဖြားယောင်းနေတာပဲ!”
လီမျိုးရိားအမျိုးသား တွေးနေသည်မှာလည်း စနစ်ပြောသည့်အတိုင်း တစ်ထပ်တည်းပင်ဖြစ်နေခဲ့သည်။
သူ၏ဇနီးသည်မှာ နူးညံ့ကာ စိတ်သဘောထားကောင်းမွန်လွန်းသည်။ ထို့အတူ သူမ၏ နှလုံးသားမှာလည်း နူးညံ့သွားစေရန် လွယ်လွန်းလှသည်။
သူ သူမကို ချည်းကပ်ခဲ့စဥ်ကလည်း အားနည်းချက်အား ထုတ်ပြသောနည်းလမ်းဖြင့် ဇနီးသည်အား တဖြည်းဖြည်းချင်း ချည်းကပ်ခဲ့ခြင်းပင်။
သို့သော် ယခုတစ်ကြိမ်တွင်တော့ သူဖြစ်စေချင်သည့်အတိုင်း ဖြစ်မလာခဲ့ပေ။
ရှောင်မာက သူ့လက်ထဲမှ ရုန်းထွက်လိုက်ကာ ဘေးသို့ ခြေနှစ်လှမ်းဆုတ်လိုက်သည်။ သူမ၏မျက်နှာတွင် မျက်ရည်များ ရှိနေသေးသော်ငြား သူမ၏ပုံစံအရ အနည်းငယ်စိတ်ငြိမ်သွားပုံရသည်။
သူမသာ ဤအစီအစဉ်သို့ မလာခဲ့ပါလျှင် ခင်ပွန်းသည်မှာ မိဘမဲ့အယောင်ဆောင်ထားကြောင်းကို တစ်သက်လုံး သိလိုက်ရမည်ပင်မဟုတ်ပေ။ သူမ တွေးမိသည်နှင့် ကြက်သီးများပင်ထမိသည်။
မိသားစုအရေးနှင့် မိဘများရှိခြင်း၊ မရှိခြင်းကဲ့သို့ အရေးကြီးကိစ္စများကိုပါ ဟန်ဆောင်ဖုံးကွယ်ထားသည်ဆိုပါလျှင် ခင်ပွန်းဖြစ်သူသည် သူမအပေါ် ဖုံးကွယ်ထားသည်များ မည်မျှပင် ရှိနေမည်နည်း?
မည်သည်က အမှန်တရားဖြစ်ကာ မည်သည် လိမ်ညာဖုံးကွယ်ထားခြင်းဖြစ်နေသည်နည်း?
“ရှင်သာ မကောင်းတာတွေ လုပ်မထားဘူးဆိုရင် ကျွန်မတို့က ဘာလို့ အရှက်ရ,ရမှာလဲ? ရှင့်ဆီမှာ ကျွန်မ မသိနိုင်တဲ့ ကိုယ်ရေးကိုယ်တာတွေ ရှိနေသေးတာလား?
ကျွန်မတို့ ခင်မင်ခဲ့ကြပြီး ချစ်ကြိုက်လို့ လက်ထပ်ခဲ့တာ အချိန် ၆နှစ်တောင် ပြည့်တော့မယ်၊ ဒီအချိန်အတောတွင်းမှာ ရှင့်အဖေနဲ့ တွေ့ဖို့မပြောနဲ့၊ ရှင်က အဖေရှိကြောင်းကို ဖုံးကွယ်ထားပြီး အမျိုးမျိုးအကြောင်းပြချက်တွေ ပေးနေခဲ့တာ၊
ကျွန်မကို ရှင့်ရဲ့ မွေးရပ်မြေကိုတောင် ခေါ်မသွားခဲ့ဘူး၊ ကျွန်မကတော့ ရှင့်ရဲ့ ဒဏ်ရာဟောင်းတွေကို ပြန်ပြီး မဆွချင်လို့ ဘာဆို ဘာမှ မပြောခဲ့ဘူး၊ မမေးခဲ့ဘူး၊ ကျွန်မက ရှင့်ရဲ့ ဆင်းရဲမှုကို ဘယ်တုန်းကမှလည်းမမုန်းခဲ့ဖူးဘူး၊
မဟုတ်ရင် ဘာလို့ ရှင့်ကို လက်ထပ်ခဲ့မှာလည်း၊ ဒါပေမယ့် ရှင်ကတော့ ကျွန်မကို ခြောက်နှစ်လုံးလုံး လိမ်ထားခဲ့တယ်!!”
ရှောင်မာ အဖြစ်မှန်ကို သိချင်ခဲ့သည်။
“မြွေဝိဉာဉ်က ကျွန်မရဲ့ဘေးမှာ ပေါ်လာတာပါ၊ ကျွန်မလည်း ဒီအစီအစဉ်မှာ ပါဝင်ပိုင်ခွင့်ရှိတယ်၊ ကျွန်မမှာလည်း အမှန်တရားကို သိပိုင်ခွင့်ရှိတယ်!”
ဇနီးသည်က လက်မလျှော့ကြောင်း သိလိုက်သည့်နောက်တွင် ရှောင်လီ ဟန်ပင် မဆောင်နိုင်တော့ချေ။
“မင်း ဘာလို့ ဒီလောက်တောင် ခေါင်းမာနေရတာလဲ? ပြဿနာမရှာစမ်းပါနဲ့….”
သူက ရှောင်မာအား ပြန်ဆွဲခေါ်ရန် လက်ကို ဆန့်လိုက်ချိန်တွင် ရုတ်တရက်ဆိုသလိုပင် တစ်ခုခုဖြစ်ပျက်သွားခဲ့သည်။
သူ့၏အနောက်မှ အရိပ်တစ်ခုက လစ်ခနဲ တိုးဝင်လာခဲ့ကာ ရှောင်လီ၏ ဆန့်တန်းထားသော လက်ထံသို့ ပြေးသွားဝင်လာကြောင့် ရှောင်မာပင် လန့်ဖြန့်သွားကာ ရှောင်လိုက်သည်။
ကုကျစ်စုန့်က ချက်ချင်းပင် လက်ကို ဆန့်ကာ ရှောင်မာ မလဲသွားစေရန် သူမ၏နောက်ကျောကို ထိန်းပေးထားလိုက်သည်။
တစ်ချိန်တည်းမှာပင် ခင်ပွန်းသည်ထံမှ နာကျင်စွာ အော်သံထွက်လာပြီး သူ၏ လက်ကို ဆက်တိုက်ခါနေခဲ့သည်။
“မြွေ! မြွေရှိတယ်! ငါ့ကို မြွေကိုက်သွားတယ်!!!”
ထိုစကားသံကြောင့် အနီးအနားမှ ဝန်ထမ်းများပင် လန့်သွားခဲ့ကြကာ အော်ဟစ်ပြေးလွှားကာ ရောက်လာကြသည်။
တင်ဆက်သူနှင့် ကင်မရာမန်းတို့လည်း ကင်မရာထမ်းကာ ထပြေးခဲ့ကြသောကြောင့် ကင်မရာများပင် တုန်ခါသွားသည်။
လီမျိုးရိုးမှာ ကြောက်လန့်စွာဖြင့် လက်မှ မြွေအား မြေပေါ်သို့ ခါချလိုက်သည်။ ထို့နောက်တွင်ထိုမြွေမှာ တခြားမည်သူကိုမျှ ရန်မပြုဘဲ ဆိုဖာအောက်သို့ တိုးဝင်သွားခဲ့သည်။
[လန့်လိုက်တာ! ဒါကြီးကတော့ ပရိုဂရမ်အဖွဲ့ စီစဉ်ထားတဲ့ ဇာတ်ညွှန်းတော့ မဟုတ်လောက်တော့ဘူး၊ ကင်မရာမင်းအစ်ကိုကြီးတောင် လန့်ပြီး ပြေးသွားတာနော်! ဒါကသာ ဇာတ်ညွှန်းဆိုလို့ကတော့ ဒီအဖွဲ့ အော်စကာတောင် ရသင့်တယ်!]
[ခုနက မြွေက အဖြူ၊အနက်ကြားလားလို့၊ အဲဒါက ငါထင်တာ မမှားဘူးဆိုရင် အဲ့တာက မြွေခေါင်းဖြူပဲ။ ကြည့်ရတာ မသေမျိုးမြွေက စွမ်းအားတွေ ပြနေပြီထင်တယ်!]
[သိပ္ပံသဘောအရဆိုရင် မြွေခေါင်းဖြူတွေက အဆိပ်ပြင်းတယ်၊ အပေါက်ခံရပြီး ချက်ချငး ဆေးကုသမှု မခံဘူးဆိုရင် နာရီအနည်းငယ်အတွင်းမှာပဲ အဆိပ်ကြောင့် ခန္ဓာကိုယ် အကြောသေသွားနိုင်ပြီး သေတောင် သေနိုင်တယ်၊ ဒါပေမယ့် သူတို့က လူရှိတဲ့ နေရာကို လာလေ့မရှိဘူး၊ ပြီးတော့ ရန်မစခံရသရွေ့ လူတွေကို ရန်ပြုတာ တောင်တော်လေး ရှားတယ်…]
“ငါ့လက်တွေ ထုံနေပြီ!!”
ရှောင်လီ ထအော်လာခဲ့သည်။
အကိုက်ခံလိုက်ရသည့် လက်မောင်းတွင် အစွယ်ရာ ၂ပေါက် ပေါ်နေခဲ့ပြီး ထိုနေရာပတ်လည်တွင်လည်း ချက်ချင်းပင် နီရဲ ရောင်ရမ်းလာကာ အရေပြားအောက်မှ သွေးကြောများပင် အဆိပ်ကြောင့် အရင်ပြောင်းကာ ပေါ်နေပြီဖြစ်သည်။
ပရိုဂရမ်အဖွဲ့လည်း ကြောက်လန့်သွားခဲ့ကြကာ ဆေးရုံကားကို ချက်ချင်းခေါ်၍ ရှောင်လီအား ဆေးရုံသို့ အမြန်ပို့ဆောင်လိုက်ကြသည်။
သို့သော် တစ်အိမ်လုံးကို သေသေချာချာလှန်လှောရှာပြီးသည့်နောက်တွင် မြွေခေါင်းဖြူကို ရှာမတွေတော့ဘဲ ထိုမြွေမှာ လေထဲမှပေါ်လာအြီး လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ ရှာ၍ မတွေ့ရတော့ပေ။
လူအများတော့ ထိုအရာသည်လည်း ရှောင်မာအား စောင့်ရှောက်နေသော မသေမျိုးမြွေ၏ လက်ချက်ဟု ယုံကြည်သွားကြသည်။
တင်ဆက်သူလျို့မှာ နဖူးမှ ချွေးများကိုသုတ်လိုက်ကာ ရှောင်မာကို တွေဝေစွာ ကြည့်လိုက်သည်။
“မစ္စမာ၊ ဆေးရုံကို သွားပြီး ခင်ပွန်းသည်ရဲ့ အခြေအနေကို စောင့်ကြည့်ချင်လား၊ အစီအစဉ်ကို ဆက်သွားချင်လား?”
“သေချာပေါက် ဆက်လုပ်ရမှာပေါ့”
တံခါးပေါက်ဘက်မှ အံကြိတ်၍ပြောလာသည့် အသံတစ်ခု ပေါ်ထွက်လာခဲ့သည်။
“ဒီလီမျိုးနွယ်ကောင်က ဘာတွေများ ကောင်းတာ လုပ်ခဲ့လဲဆိုတာကို ငါသိချင်တယ်! သူက ငါ့သမီးကို ဘယ်လိုတောင် လိမ်ညာရဲတာလဲ!”
ရှောင်မာ အံသြသင့်စွာဖြင့် လှည့်ကြည့်လိုက်သည်။
“အဖေ! ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ?”
အဖေမာက အထဲသို့ဝင်လာကာ အေးစက်စွာပြောလိုက်သည်။
“မင်းရဲ့ ဦးလေးတွေက မင်းကို အင်တာနက်ပေါ်မှာ မြင်ပြီး ဘာတွေဖြစ်တာလဲလို့ ငါ့ကို လှမ်းမေးကြတယ်လေ၊ အခုလိုမျို့ ကိစ္စကြီးဖြစ်နေတာကို ငါက ဘယ်လိုလုပ်ပြီး မလာဘဲ နေနိုင်ရမှာလဲ?”
*