← Chapters

မသေမျိုးမြွေ၏ ကျေးဇူးတုံ့ပြန်ခြင်း (၂)

Vol. 10 Ch. 94

မသေမျိုးမြွေ၏ ကျေးဇူးတုံ့ပြန်ခြင်း (၂)

Vol. 10 Ch. 94

ဘဝသက်တမ်းအား ငွေကြေးအဖြစ်ပြောင်းလဲစေခြင်း

ရှောင်မာ အဖေဖြစ်သူကို တွေ့လိုက်ရသောကြောင့် အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။

“အဖေ၊ သမီးကြောင့် ဖေဖေ့ကို အရှက်ရစေမိပြီ…”

“ဘာက ရှက်စရာကောင်းလို့လဲ? မင်းရဲ့အဖေ ငါကသာ မင်းကို သေသေချာချာ ဂရုမစိုက်မိခဲ့တာပါ၊  ဒီနေ့တော့ သေချာ အဖြေရှာကြတာပေါ့”

ဖခင်မာ အံကိုကြိတ်ကာ ပြောလိုက်သည်။

“သူက မင်းအပေါ်ကို မကောင်းတဲ့အရာတွေ၊ ခွင့်မလွှတ်နိုင်တဲ့အရာတွေ တစ်ခုခုလုပ်ခဲ့လို့ကတော့ ဒီအဖေက မင်းကို ထောက်ပံ့ပေးမယ်၊ ချက်ချင်း အဲဒီမကောင်းဆိုးဝါးကို ချက်ချင်း ကွာရှင်းပစ်လိုက် !!”

သူက ပြောနေရင်းနှင့်ပင် ဘေးမှာ ရှိနေသော ကုကျစ်စုန့်အား လှမ်းကြည့်လိုက်သည်။

ဤနေရာကို လာနေသည့်လမ်းတွင် ဖခင်မာမှာ ကြည့်ရှုသူများ အင်တာနက်ပေါ်တွင် တင်ထားသော ဗီဒီယိုများအား ကြည့်ပြီးသားဖြစ်ခဲ့သည်။

ထိုအချိန်မှသာလျှင် သမီးဖြစ်သူ ခံစားနေခဲ့ရသည့် ကိစ္စများအား သူသိခဲ့ရသည်။

ဇနီးသည်၏အဖြစ်အပျက်ကြောင့် သူသည်ကား နတ်ဘုရားယောင်ယောင်နှင့် သရဲယောင်ယောင် ဟန်ဆောင်နေသော ထိုစုန်းမများနှင့် လျို့ဝှက်ဆန်းကျယ်ပညာရှင်များအား ခါးခါးသီးသီး မုန်းတီးခဲ့သည်။

ထို့ကြောင့်သာလျှင် သမီးဖြစ်သူမှာ ကိစ္စကြီးများဖြစ်လာချိန်၌ ဤအစီအစဉ်အား လာရောက်ရခဲ့လျှင်ပင် သူ့အား ပြောမပြနိုင်ဖြစ်ခဲ့ရသည်။

ယခုအချိန်တွင်တော့ သူ၏ စိတ်ထဲတွင် ထူးဆန်းနေသော်လည်း သမီးဖြစ်သူ၏ လုံခြုံရေးအတွက်  သူ့အသက်ထက် ထက်ဝက်ကျော်ခန့်ငယ်သော ကုကျစ်စုန့်အား ရိုသေစွာ ခေါ်လိုက်သည်။

“တောက်ကျန့်၊ ကျွန်တော့်ရဲ့သမီးမှာ ဘာတွေဖြစ်နေလဲဆိုတာ သိရဖို့ ကူညီပေးပါဦး”

ထိုအချိန်တွင် ဒါရိုက်တာအဖွဲ့ဝန်ထမ်းမှ သူတို့ ဤပြိုင်ပွဲတွင် ပါဝင်စဉ်အချိန်တွင် ရှောင်မာနှင့် ခင်ပွန်းဖြစ်သူတို့မှာ ပရိုဂရမ်အဖွဲ့၏ သဘောတူညီမှု စာချုပ်၌ နှစ်ယောက်လုံး လက်မှတ်ထိုးခဲ့ကြသည်ကို ပြသလာခဲ့သည်။

လက်မှတ်ထိုးသည့် အချိန်တုန်းက ရှောင်လီအနေနဲ့ ဖြစ်ပျက်နေသော ထူးဆန်းဖြစ်စဉ်များမှာ သူ၏ ဖခင်ဖြစ်သူဖြင့် ဆက်စပ်နေမည်ဟု မထင်သောကြောင့် ပျော်ပျော်ကြီး လက်မှတ်ရေးထိုးခဲ့လေ၏။

သဘောတူညီမှုလက်မှတ် ရှိထားခဲ့ပြီး ရှောင်မာကိုယ်တိုင်သည်လည်း အကူအညီတောင်းနေသည်ဖြစ်၍ ကုကျစ်စုန့် ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

“ဒါဆို ကျွန်မ ဆက်ပြောတော့မယ်”

သူမက ဘောပင်နှင့် စာရွက်ကို ပြင်ဆင်ထားကာ ရှောင်လီ၏ မျက်နှာပုံစံကို ပြန်စဉ်းစားလိုက်ရင်း ရှောင်မာအား မေးလိုက်သည်။

“သူ့ရဲ့ မွေးနေ့ကို သိလား? နောက်ပြီး ပိုတိကျအောင် သူရေးထားတဲ့ လက်ရေးလက်သညးစာလုံး ရှိလား? ဒါမှ ဗေဒင်ပညာရပ်နဲ့ သူ့အဖေရဲ့ အကြောင်းကို ပိုပြီး တိတိကျကျသိနိုင်မှာပါ”

ရှောင်မာ‌ ခေါင်းငြိမ့်လိုက်သည်။

“ရှိပါတယ်၊ အိမ်မှာ သူ့ရဲ့ မှတ်စုစာအုပ်ရှိပါတယ်”

သူမ အခန်းထဲသို့ ဝင်ကာ ခင်ပွန်းသည်၏ လက်ရေးဖြင့် ရေးသားထားသော မှတ်စုစာအုပ်တစ်အုပ်နှင့်အတူ သူတို့ အတူတူ ရိုက်ခဲ့ကြသော ဓာတ်ပုံများကိုပါ ယူဆောင်လာကာ ကုကျစ်စုန့်လက်ထဲသို့ ထည့်ပေးလိုက်သည်။

ငါးမိနစ်၊ ခြောက်မိနစ်ခန့် ‌တွက်ချက်နေပြီးနောက်တွင်ပင် ဖခင်မာမှာ ကုကျစ်စုန့်တစ်ယောက် တစ်ဖက်လူ၏ လက်ရေးနှင့် မွေးနေ့ကို ကြည့်ရုံမျှနှင့် မိဘများအကြောင်း သိနိုင်သည်မှာ ဖြစ်နိုင်၊မဖြစ်နိုင်ကို သံသယဝင်နေဆဲပင်။

ကုကျစ်စုန့် ဘောပင်ကို ချကာ ဖြောင့်မတ်စွာရပ်လိုက်သည်။

သူမက တွေးတောနေရင်း စာရွက်ကို လက်ဖျားနှင့် တောက်လိုက်လေသည်။

“ဒီတော့ မင်းက မင်းယောင်္ကျားရဲ့ အဖေကို လုံးဝမတွေ့ဖူးတာတော့ မဟုတ်ဘူး၊ ပြောရရင် တွက်ချက်မှုတွေအရ မင်းက သူနဲ့ တွေ့ဖူးတယ်၊ ဒါ့အပြင် တစ်ကြိမ်တစ်ခါလောက် ဖြတ်သွားဖြတ်လာ တွေ့ဖူးတာမျိုးမဟုတ်ဘူး၊ ပြီးခဲ့တဲ့ အဲဒီနှစ်တွေ အတွင်းမှာ ဆယ်ကြိမ်မက တွေ့ခဲ့ဖူးတယ်”

“တွေ့တဲ့နေရာနဲ့ အကြိမ်အရေအတွက် အတိအကျကိုတော့ ငါ မသိဘူး၊ မင်းဘက်ကတော့ သူ့ကို မသိဘူးဆိုပေမယ့် သူ့ဘက်ကတော့ မင်းကို ကောင်းကောင်းသိပြီး တော်တော်လေးလည်း ဂရုစိုက်တယ်”

“အခု ဒီမြွေဝိဉာဉ် မင်းရဲ့ဘေးမှာ ပေါ်လာတာက  သူ့ကြောင့်ဆိုတာက အမှန်ပဲ”

ရှောင်မာ မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ကျွန်မရဲ့ ခင်ပွန်းသည်က ကျွန်မကို သူ့ရဲ့မွေးရပ်မြို့ကို တစ်ခါမှတောင် ခေါ်မသွားဖူးဘူးလေ!”

“ကျွန်မ အဲဒီကို သွားကြည့်ချင်တယ်လို့ ပြောလိုက်တိုင်း သူ အမြဲတမ်း ငြင်းတတ်တယ်၊ ရွာထဲက လူတွေက သူ့ကို ကောင်းကောင်း မဆက်ဆံတတ်ဘူး၊ အထင်သေးရှုံ့ချတတ်တယ် ဆိုပြီး အမြဲပြောခဲ့တယ်၊

ရွာကိုပြန်ရင် သူ့ ငယ်ဘဝရဲ့ မကောင်းတဲ့ မှတ်ဥာဏ်တွေကို တွေးတောမိတတ်တယ်လို့ ပြောခဲ့တာ၊ ကျွန်မတို့ နောက်ဆုံးနှစ်တုန်းက သူ ဝယ်ထားတဲ့ အိမ်ကို သွားတော့လည်း အဲဒီတုန်းက.....”

စကား ပြောနေရင်းဖြင့် ရှောင်မာ၏ အသံက ရုတ်တရက် တိမ်ဝင်သွားခဲ့သည်။ သူမ ရုတ်တရက် တစ်ခုခုအား တွေးလိုက်မိသကဲ့သို့ဖြစ်သွားခဲ့ပြီး  သူမ၏ မျက်နှာတွင်လည်း မယုံကြည်နိုင်သည့် အမူအရာမျိုး ပေါ်လာခဲ့သည်။

ဖခင်မာက ချက်ချင်း လှမ်းမေးလာသည်။

“ဘာကို တွေးမိသွားလို့လဲ?”

“သမီး ရုတ်တရက် လူတစ်ယောက်ကို တွေးမိသွားလို့၊ အဲဒီလူသာ သူ့ရဲ့ အဖေဆိုရင်တော့ ကျွန်မတို့ ခဏခဏ ဆုံဖူးတာပဲ”

ရှောင်မာက ခက်ခဲနေသော အမူအရာဖြင့် ပြောလာသည်။

“အဖေ၊ သမီး ဘာလို့ သူ့ကို အရမ်းယုံကြည်သွားရလဲဆိုတာကို မှတ်မိသေးလား? သမီးတို့ ကျောင်းတက်နေတုန်း သူက စတော့ရှယ်ယာမှာ ကြိုးစားပြီး သမီးတို့ အနာဂတ်အတွက် အိမ်ဝယ်နိုင်ခဲ့လို့လေ”

ဖခင်မာ ခေါင်းငြိမ့်ကာ ဆိုသည်။

“မှတ်မိတယ်၊ ဒါကြောင့်လည်း အဖေက သမီးကို အဲဒီဆင်းရဲသားလူငယ်နဲ့ လက်ထပ်ဖို့ ခွင့်ပြုခဲ့တာလေ”

ထိုအကြောင်းအား ကြားခဲ့ရပြီးနောက်တွင် ဖခင်မာမှာ အမျိုးသားများ၏ရှုထောင့်မှ တွေးကြည့်ပါလျှင် ထိုကောင်လေးသည် သမီးဖြစ်သူအား အင်မတန်ချစ်မြတ်နိုးကာ အားကိုးရသည့် လူတစ်ယောက်ဖြစ်လောက်သည်ဟု ခံစားခဲ့ရသည်။

သူသည်ကား ကျောင်းတက်ဆဲ အငယ်တန်းနှစ်တွင် ပထမဆုံးဝင်ငွေကို ရှာနိုင်ခဲ့သည်။ သူ၏ စွမ်းဆောင်ရည်သည်လည်း ကောင်းမွန်လွန်းသောကြောင့် လက်ထပ်ရန် သင့်တော်သည့်လူဖြစ်လောက်မည်ဟု ထင်ခဲ့မိသည်။

ရှောင်မာ တွေဝေငေးမောစွာ ပြောလိုက်သည်။

“အဲဒီအိမ်ဝယ်တုန်းက သူက အိမ်မှာ ကျွန်မတို့ နာမည်ကို ရေးမယ်လို့ ပြောခဲ့တယ်၊ ကျွန်မက အိမ်ရဲ့ အရှင်မ,ဖြစ်တာကြောင့် အလှဆင်တာကို ကျွန်မစိတ်ကြိုက်ဆင်လို့ရတယ်တဲ့၊ ဒါကြောင့် ပြင်ဆင်နေချိန်မှာ ကျွန်မတို့ အပတ်တိုင်း သွားကြည့်ဖြစ်ကြတယ်”

“တစ်ခါက အဲဒီအိမ်မှာ ပစ္စည်းတစ်ခုခုကျန်ခဲ့တယ်ဆိုပြီး ထင်ခဲ့လို့ နောက်တစ်ရက် ကျွန်မတစ်ယောက်တည်း သွားပြန်ယူသေးတယ်လေ၊ အဲဒီတုန်းက တံခါး ဖွင့်လိုက်တော့ အခန်းထဲမှာ ထူးဆန်းတဲ့ ဦးလေးကြီး တစ်ယောက်ကို တွေ့လိုက်ရတယ်၊ သူက ကျွန်မကိုလည်း မြင်ရော ကျွန်မကို စိုက်ကြည့်နေခဲ့တာ”

“ကျွန်မလည်း အရမ်းလန့်သွားခဲ့တယ်၊ အဲဒီလူက အရမ်းအိုမင်းနေပုံရပြီး ဆံပင်တွေအကုန် ဖြူနေခဲ့တာ၊ သူ့ရဲ့အကြည့်တွေကလည်း အသက်မရှိသလိုပါပဲ၊ ကျွန်မ သူ့ကို မသိသလို သူ အိမ်ထဲကို ဘယ်လို ဝင်လာမှန်းလဲ မသိဘူးလေ၊ ဒါကြောင့်  သူတောင်းစားလား ဒါမှမဟုတ် သူခိုးလား တွေးပြီး ရှောင်လီကို ဖုန်းခေါ်ခဲ့တယ်”

ခင်ပွန်းသည်မှာ ထိုအကြောင်းကို ကြားသည်နှင့် သူမကို စိတ်မပူရန် မှာကာ ချက်ချင်းရောက်လာခဲ့သည်။

ရှောင်မာ ထိုနေ့က အဖြစ်အပျက်များကို မှတ်မိနေသေးသည်။

“သူပြောတာက အဲဒီဦးလေးက သူငှားထားတဲ့ အချိန်ပိုင်းအလုပ်သမားတဲ့လေ”

ရှောင်မာ ထိုစဉ်က စိတ်ထဲတွက် ထူးဆန်းနေသော်လည်း သူမ ခင်ပွန်းက ဤသို့ ပြောခဲ့သည်။

“ဒီလူအိုကြီးက စိတ်က သိပ်မမှန်ဘူးလေ၊ ပြီးတော့ သူ့ရဲ့အိမ်မှာလည်း လူတစ်ယောက်မှ မရှိတော့ နေထိုင်စားသောက်ရတာ ခက်ခဲနေရှာတယ်၊ နောက်ပြီး သူက အလုပ်လုပ်တာကိုတော့ အတော်လေးသွက်လက်တာနဲ့ အကူအနေနဲ့ ခေါ်ထားပေးခဲ့တာ”

ထိုစကားကို ကြားရသည့်နောက်တွင် ရှောင်မာတစ်ယောက် သူမ၏ ခင်ပွန်းသည်အား အင်မတန် ကြင်နာတတ်သူဟု တွေးခဲ့မိသည်။

ထို့နောက်တွင် အဘိုးအိုမှာ သူမအား ထပ်၍ မကြည့်တော့ချေ။  သူမနှင့် တွေ့တိုင်းလည်း အလုပ်ထဲတွင်သာ ခေါင်းနှစ်ထားကာ စကားလည်း မပြောတတ်ပေ။ တဖြည်းဖြည်းနှင့် ရှောင်မာလည်း ကျင့်သားရသွားသည်။

ထိုအဘိုးအိုသည် ပိန်လှီမည်းခြောက်နေကာ ကျန်းမာရေး ချို့တဲ့နေပုံပေါ်သည်ဟု သူမ တွေးမိခဲ့ပြီး အဘိုးအိုအတွက် ဝမ်းနည်းခဲ့မိသည်။

တစ်ခါတစ်လေ သူမ ဖခင်၏ အဝတ်အစားအဟောင်းများ ယူလာကာ အဘိုးအိုအား ပေးတတ်ပြီး ဟင်းများကိုလည်း သူ့အတွက် ပိုချက်လာတတ်သည်။

အဘိုးအို၏ ဘဝ အနည်းမျှပင် ပိုကောင်းစေလိုသည့် စိတ်လေးဖြင့် လုပ်ကိုင်ပေးခဲ့တတ်သည်။

သူမ ထိုသို့ပေးသည့် အချိန်တိုင်း ထိုအဘိုးအိုမှာ ခေါင်းကို ငုံ့ကာ ပိန်လှီသည့် လက်ချောင်းများနှင့် တိတ်တဆိတ် မျက်ရည်များ သုတ်ရင်း ကျေးဇူးတင်စကား ဆိုတတ်လေ့ရှိသည်။

ရှောင်မာ ပြောနေရင်းဖြင့် အသံများပင် တုန်ရီလာခဲ့သည်။

“ကုတောက်ကျန့်၊ အဲ့ဒီ ‘အချိန်ပိုင်းအလုပ်သမား’ က … ကျွန်မရဲ့ ယောက္ခထီးလားဟင်?”

ကုကျစ်စုန့်:

“မင်းရဲ့ရင်ထဲမှာ အဖြေကို သိနေပြီးပြီမဟုတ်လား?”

ဖခင်မာ အံ့အားသင့်သွားခဲ့ရကာ မယုံကြည်နိုင်စွာဖြင့် ဆိုလိုက်သည်။

“ဘာတွေ ဖြစ်နေတာလဲ? အဲဒီကောင်လေးက ဒီလိုမျိုး လုပ်ဖို့ လိုအပ်လို့လား? သူ့ကိုယ်သူ မိဘမဲ့လို့ ပြောတုန်းကတောင် ငါတို့တွေ သူ့ကို မမုန်းခဲ့ဘူး၊ သူ့မှာ မချမ်းသာတဲ့ အဖေအိုကြီးရှိတော့ရော ဘာဖြစ်လဲ? သူက ကိုယ့်အဖေအရင်းကိုတောင် အချိန်ပိုင်း အလုပ်သမားလို့ ပြောလိုက်သေးတယ်!”

ကုကျစ်စုန့် နှာခေါင်းရှုံ့သည်။

“လိုအပ်တာပေါ့၊ ဘာလို့လဲဆိုတော့ အစကနေ အဆုံးထိ သူ့ရင်ထဲမှာ ဒီလို အဖေမျိုးရှိနေတာကို ရှက်စရာကိစ္စကြီးလို့ထင်နေခဲ့တာလေ၊ သူ့အတွက်တော့ ဒီလိုအဖေမျိုးက မရှိလေ ကောင်းလေပဲ၊ သူ့ရဲ့မျက်နှာကနေ မြင်သလောက်ကတော့ သူ့ရဲ့ပါးရိုးတွေက နည်းနည်း ထိုးထွက်နေတယ်၊ အဲဒါက သူ့မှာ စိတ်မြန်ပြီး မကောင်းတဲ့ စရိုက်ရှိတယ်လို့ ပြနေတာပဲ၊

သူက ကြင်နာချင်ယောင်ဆောင်နေရင်တောင်မှ တခါတလေမှာတော့ သရုပ်မှန်တွေ ပေါ်လာတတ်တယ်၊ သူ့မှာ အဖေကောင်းတစ်ယောက် ရထားပေမယ့် သူက ဘယ်တုန်းကမှ မိဘတွေဘက်ကို  တွေးမပေးခဲ့ဘူး၊ သူက တာဝန်ကျေတဲ့ သားလည်း မဟုတ်ဘူး၊

ပြောရရင် အဖေနှင့်သားရဲ့ နှစ်ဖက် ကြိုးစားအားထုတ်မှုတွေ လုံးဝကို ညီမျှမနေဘူး၊ သူ့ရဲ့ အဖေဖြစ်သူက (၁၀၀) ရာခိုင်နှုန်းအပြည့် ချစ်ခင်ပေးတာတောင် သားဖြစ်သူကတော့ (၁) ရာခိုင်နှုန်းတောင်မှ ဂရုစိုက်ကြင်နာမှု မရှိခဲ့ဘူး”

“ဒုတိယအချက်က သူ့နှာခေါင်းက ချွန်နေတယ်၊ နှုတ်ခမ်းတွေက ရှည်လျားပြီး ပါးနေတယ်၊ သူ့ရဲ့နှုတ်ခမ်းကလည်း မည်းတယ်၊ ဒါ့အပြင် သူ့မျက်နှာမှာ အောက်ပိုင်းက ပိုကျယ်တယ်၊ အဲ့လိုမျက်နှာမျိုးက ပြစ်မှုကျူးလွန်သူတွေရဲ့ မျက်နှာထားမျိုးပဲ၊ သူတို့က အပြင်းအထန် မနာလိုဝန်တိုပြီး ကြမ်းတမ်းရိုင်းပြတတ်ကြတယ်၊

ကမ္ဘာပေါ်က ဘယ်လိုစည်းမျဥ်းနှင့်ကျင့်ဝတ်တွေကိုမှ ဂရုမစိုက်ကြဘူး၊ တော်သေးတာတစ်ခုက မင်းရဲ့ယောကျ်ားက အခုချိန်ထိတော့ ဘယ်လိုပြစ်မှုမှ ကျူးလွန်မထားသေးဘူး၊

သူ့ရဲ့ မကောင်းတဲ့ အတွေးတွေ အကုန်လုံးက သားအဖ ဆက်ဆံရေးအပေါ်မှာပဲ ရှိနေသေးတယ်”

ကုကျစ်စုန့် ပြောပြီးသည်နောက် ဓာတ်ပုံအား သေချာကြည့်လိုက်သည်။

ခဏကြာပြီးနောက် သူမ ခေါင်းမော့ကာ အေးစက်စွာ ပြောလိုက်ပြန်သည်။

“သူ့ရဲ့ မျက်နှာအရဆိုရင်တော့ မင်းယောကျ်ားက လုပ်ဆောင်နိုင်စွမ်းရှိတဲ့သူမဟုတ်ဘူး၊ အတိအကျပြောရရင် သူက ကိုယ့်ကိုကိုယ် ထူးခြားပါတယ်လို့ ခံယူထားတတ်တဲ့ အရူးတစ်ယောက်သာသာပဲ၊

သူ့လက်နဲ့သူကဆိုရင် ငွေကြေးကို အနည်းအကျဥ်းလောက်ပဲ ရှာနိုင်လိမ့်မယ်၊  သေချာတာကတော့ သူက စတော့ရှယ်ယာတို့၊ ငွေကြေးစီမံခန့်ခွဲတာတို့ကနေ ဘယ်လိုမှ ပိုက်ဆံမရှာနိုင်ဘူး”

သူမ၏ စကားများကို နားထောင်နေရင်းဖြင့် ရှောင်မာနှင့် ဖခင်မာတို့၏ မျက်ဝန်းများ တဖြည်းဖြည်း ပြူးကျယ်လာခဲ့သည်။

“ပြီးတော့ ကျွန်မ စိတ်ဝင်စားစရာကောင်းတာ တစ်ခုတွေ့လိုက်ရတယ်၊ မင်းယောကျ်ားရဲ့ အဖေက တကယ်ဆို သက်တမ်းက (၇၇)နှစ်အထိ နေရမှာဆိုပေမယ့် သူ ဆုံးပါးသွားတုန်းက အသက် ၅၀ ကျော်ပဲရှိသေးတယ်၊

သူ့ရဲ့ ကျန်ရှိနေတဲ့ သက်တမ်းက ငွေအဖြစ်ပြောင်းလဲသွားပြီး မင်းယောကျ်ားရဲ့ လက်ထဲကို စီးဝင်သွားတာပဲ”

“အဲဒါက မင်းယောကျ်ားပြောခဲ့တဲ့ စတော့ရှယ်ယာကနေ ဝယ်ထားတဲ့ အိမ် ဘယ်က ရောက်လာသလဲဆိုတာ ဖြစ်လိမ့်မယ်”

ကုကျစ်စုန့်ကို ခေါင်းကိုက်စေသည်မှာ သူမတွင် ရှောင်လီဖခင်နှင့် ပတ်သတ်သော အချက်အလက်များ မရှိနေပေ။

ဓာတ်ပုံ၊ မွေးနေ့ရက် အစရှိသည်တို့ တစ်ခုမျှပင် မရှိပေ။ သူမအနေနှင့် ရှောင်လီအတွက် ဟောပြောချက်များမှသာ အဖေဖြစ်သူအကြောင်းကို မြင်နေနိုင်ပြီး အဓိကအကြောင်းရင်းအမှန်အား သိရန် ခက်ခဲလှသည်။

ထိုအချက်ကြောင့်သည်လည်း ယခုကိစ္စမှာ မပြည့်မစုံဖြစ်နေရခြင်း ဖြစ်ပေသည်။

သူမ အဘိုးအို၏ အကြောင်း အသေးစိတ်အား မည်သို့ရနိုင်မည်နည်းဆိုသည့်အတွေဖြင့် အတွေးကြပ်နေချိန်တွင် ရှောင်မာ၏ အနောက်၌ ရပ်နေသော မသေမျိုးမြွေသည် မျက်လုံးများအား ဖွင့်လာကာ ထောင်လိုက်မျက်ဆံများက သူမအား စိုက်ကြည့်လာခဲ့သည်။

တအောင့်ကြာပြီးနောက် မသေမျိုးမြွေက သူ၏ပါးစပ်မှ အလင်းလုံးတစ်လုံးကို ထွေးထုတ်လိုက်လေ၏။

ကုကျစ်စုန့် အံ့အားသင့်သွားကာ ထိုအလင်းလုံးအား လက်ဖြင့် လိုက်ဖမ်းလိုက်သည်။ ထိုအလင်းလုံး သူမ၏ လက်ဖဝါးပေါ်သို့ ရောက်သည်နှင့် တစ်ကမ္ဘာလုံး ချာချာလည်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။

ထိုအလင်းလုံးလေးသည်ကား မသေမျိုးမြွေ၏ မှတ်ဉာဏ်အပိုင်းအစ အချို့ပင် ဖြစ်နေခဲ့သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က မသေမျိုးမြွေမှာ နတ်ဆိုးကြီးအဆင့်သို့ရောက်သည်အထိ ကျင့်ကြံအားထုတ်ပြီးဖြစ်နေခဲ့သည်ရ သူသည်ကား တောတောင်များအတွင်း နှစ်ပေါင်းများစွာ နေထိုင်ကျင့်ကြံကာ လူ့ကမ္ဘာတွင်းသို့ သွားရောက်ခြင်း အလျင်းမရှိခဲ့ပေ။

တစ်နေ့တွင် ကပ်ဘေးအား ဖြတ်ကျော်ရမည့်နေ့ရက်သို့ ရုတ်တရက်ရောက်ရှိလာခဲ့ပြီး မသေမျိုးမြွေမှာ သူ၏ လက်ရှိအခြေအနေက အားနည်းနေသည့်အတွက် ကျရှုံးနိုင်သည်ဟု ခံစားချက်ရနေသော်လည်း သူ အကောင်းဆုံးကြိုးစားခဲ့သည်။

သို့သော် ရလဒ်ကတော့ ရှုံးနိမ့်မှုသာလျှင် ဖြစ်ခဲ့သည်။

ထိုနေ့က မိုးသည်းထန်စွာ ရွာသွန်းနေခဲ့ပြီး သူ ခန္ဓာကိုယ်အား မိုးကြိုးများထိမှန်ခံခဲ့ရသည်။

သဘာဝအတိုင်းဖြစ်သင့်သည်ကား သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော ဒဏ်ရာများကြောင့် အသက်ဆုံးရှုံးကာ တောတွင်းရှိ တိရိစ္ဆာန်များ စားသောက်ခြင်းကို ခံခဲ့ရလိမ့်မည်ပင်။

သို့သော်လည်း သူတွေးထားခဲ့သကဲ့သို့  ချက်ချင်းမသေသွားခဲ့ပေ။  သူ၏ မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် သူ၏မသေမျိုးမြွေ ခန္ဓာကိုယ်မှာ တုတ်ချောင်းတစ်ချောင်းကဲ့သို့ ပိန်လှီနေခဲ့ပြီဖြစ်ကာ ခန္ဓာကိုယ်အောက်ပိုင်းမှ အကြေးခွံများက အကုန်ကွာကျနေပြီး အသွေးအသားပင် ပေါ်နေခဲ့သည်။

All Chapters