← Chapters

မသေမျိုးမြွေ၏ ကျေးဇူးတုံ့ပြန်ခြင်း

Vol. 10 Ch. 95

မသေမျိုးမြွေ၏ ကျေးဇူးတုံ့ပြန်ခြင်း

Vol. 10 Ch. 95

မသေမျိုးမြွေမှာ လူသားအဘိုးအိုတစ်ယောက်ဆီမှ ကယ်တင်ခဲ့ကို ခံခဲ့ရသည်။

ထိုလူသားမှာ ပိန်လှီမည်းခြောက်နေကာ တစ်နှစ်ပတ်လုံး အစာအာဟာရပြတ်ထားသည်ဟုပင် ထင်မြင်ဝသည်။ ထိုသူက အပေါစားဆေးပေါ့လိပ်တစ်ခုအား လက်ဖြင့်အသာ တောက်လိုက်ရင်း စကားဆိုသည်။

“ငါအရင်က မြွေဖြူကို တစ်ခါမှ မမြင်ဖူးဘူး၊ ရစ်ငှက်က ခန္ဓာကိုယ်ကို ဆိတ်ထားတော့ အခု ကြည့်ကောင်းတဲ့ တီကောင်နဲ့တောင် တူနေသေးတယ်”

အဖိုးကြီးလီမှာ နေ့စဥ်နေ့တိုင်း ဆေးမြစ်များအား ဝါးမြုံ့ကာ မြွေဖြူ၏ မနှစ်မျို့စွာ ငြင်းဆန်မှုအား မသိကျိုးကျွန်ပြု၍ နေ့တိုင်း မြွေဖြူလေး၏ အသားပေါ်နေသော ဒဏ်ရာအား ဆေးထည့်ပေးလေ့ရှိသည်။

သူကိုယ်တိုင်က ဂေါ်ဖီထုတ်အရိုးများအားပြုတ်ထားသည်ကိုသာ နေ့တိုင်းစားခဲ့သည်။ သို့သော် တောင်ပေါ်သို့ သွားကာ ရစ်ငှက်နှင့် မြေကြွက်များ ဖမ်းလာခဲ့ပြီး ထိုအသားကို ကြိတ်ကာ  မြွေဖြူ၏ ပါးစပ်ထဲသို့ ဇွတ်ထည့်ပေးတတ်သေးသည်။

“ထူးဆန်းပါပေ့၊ ငါကြားဖူးတာက မြို့ကြီးက လူတွေဆို စိတ်ဓာတ်ကျလာရင် အစာမစားကြဘူးတဲ့၊ ဒါပေမယ့် ငါ့တစ်သက်နှင့်တစ်ကို စိတ်ဓာတ်ကျလို့ အစာမစားတဲ့ တီကောင်ရှည်ကို တစ်ခါမှ မမြင်ဖူးပါဘူးကွာ”

မသေမျိုးမြွေ: “... ...”

အချိန်ကြာလာပြီးနောက် မိုးကြိုးသင့်ခဲ့သည့် သူ၏ ခန္ဓာကိုယ်မှာ အဘိုးအို၏ တောရိုင်းအပင် ဆေးဝါးနှင့် အရသာမရှိသော အစားအသောက်များကြောင့် ပြန်လည်သက်သာလာသည်ကို မြင်လိုက်ရပြီး သူကိုယ်တိုင်ပင် အံ့အားသင့်သွားခဲ့ရသည်။

ထိုကြောင့် သူသည်ကား အဘိုးကြီးလီအား သိပ်ပြီး ကလန်ကဆန်မလုပ်တော့ချေ။ သူဖမ်းခဲ့သည့် ခပ်ဝဝယုန်တစ်ကောင်ကို ဂူထဲသို့  ပထမဆုံး ပစ်ထည့်ပေးလိုက်ချိန်တွင် အဘိုးကြီးလီ၏ အံ့ဩ ပျော်ရွှင်စွာ အရောင်လက်သွားသည့် မျက်လုံးများကို မြင်ခဲ့လျှင် သူသည်ကာ အင်မတန်မှပင်  အထင်သေးခဲ့သေးသည်။

အဘိုးကြီးလီ၏ နာစဆူလောက်အောင် စကားများမှုများအောက်တွင် မသေမျိုးမြွေသိရှိလိုက်ရသည်မှာ အဘိုးအိုတွင် အင်မတန်စွမ်းအားကြီးသော်ငြား မသိတတ်သည့် သားတစ်ယောက်ရှိကြောင်းကိုပင်။

“ငါ့သားက အရမ်းဉာဏ်ကောင်းတာနော်၊ သူက နာမည်ကြီး တက္ကသိုလ်မှာတောင် ဝင်ခွင့်ရထားတာ၊ ဒီဖအေကြောင့် သူ့မှာ အရှက်ရနေရရှာတာ၊ ငါက ဘာကျွမ်းကျင်မှုမှလည်း မရှိသလို သူလိုချင်တဲ့ နာမည်ကြီးတံဆိပ်ဖိနပ်တွေ ဝယ်ပေးဖို့လည်း ငွေမရှိတော့ သူ့မှာ အခန်းဖော်တွေကြား မျက်နှာငယ်ရသေးတယ်...”

“သူ ငါ့ကို အဖေလို့ မခေါ်ချင်တာ ငါနားလည်ပါတယ်၊ ဒါပေမယ့် ငါလည်း ရင်ထဲမှာတော့ သိပ်မကောင်းဘူးပေါ့၊ ဒီတော့ ငါ ငွေများများရှာပြီး သူ မိန်းမယူဖို့ ထားခဲ့ပေးချင်တာ၊

ငါ့မှာသာ မြေးလေးတွေ၊ မြေးမလေးတွေ ရခဲ့မယ်ဆိုရင် သူတို့ကတော့ ငါ့ကို ဘိုးဘိုးလို့ ခေါ်ကြမှာပဲလေ၊ မဟုတ်ဘူးလား?”

“ငါ့သားက ပြောတယ်၊ သူ့မှာ ကောင်မလေးရှိတယ်တဲ့၊ မြို့ကြီးက ကောင်မလေးနော်! အခုတော့ ငါက သူ့ကို တစ်လကို ယွမ်(၅၀၀၀) ပို့ပေးမှ ရတော့မှာပဲ၊ တကယ်တော့ သူ့အတွက်ပိုလိုလောက်ပေမဲ့ ငါက ဒီလောက်ပဲ လုပ်နိုင်တာလေ...”

“ထားပါတော့၊ ဘာပဲဖြစ်ဖြစ် သားတစ်ယောက်ရှိတာက တီကောင်ရှည်ရှိတာထက်တော့ သာပါသေးတယ်၊ မြွေဖြူလေး၊ ဒီအဘိုးက မင်းက မြေးလေးလို ဆက်ဆံတာနော်၊ မင်းသာ စကားပြောတတ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ”

အဘိုးကြီးလီ၏ သက်ပြင်းချသံကို ကြားနေရသော မသေမျိုးမြွေမှာ အင်မတန် စိတ်ပျက်သွားရသည်။

သူ၏ အမြင်တွင်‌တော့ ထိုအဖိုးကြီး၏သားဆိုသူမှာ မျက်လုံးဖြူဝံပုလွေတစ်ကောင်သာ ဖြစ်သည်။

(TN: မျက်လုံးဖြူဝံပုလွေ: ရက်စက်သော၊ ကြမ်းကြုတ်ပြီး ကျေးဇူးမသိတတ်သူ)

ထိုသားဖြစ်သူမှာ ငယ်စဉ်ဘဝမှပင် ဖခင်ဖြစ်သူအား အဖေဟု တစ်ခွန်းမခေါ်ခဲ့ပေ။ သို့သော် အဘိုးကြီးထံမှ လတိုင်း ငွေယူကာ ဂုတ်သွေးစုပ်နေခဲ့သည်။ အဘိုးကြီးမှ သူ့အား အရာရာဖြည့်ဆည်းပေးရမည်ဟု ခံယူထားပုံပင်။

သူ၏ နေ့စဉ် နေထိုင်စားသောက်စရိတ်နှင့် ကျူရှင်လခများအား မည်သူက ထောက်ပံ့ပေးထားသည်ကြောင့် ယခုအခြေအနေထိ‌ ရောက်လာသည်အား သတိပင်ရပုံ မပေါ်ချေ။

အဘိုးကြီးလီသည်လည်း အသုံးချခံဖြစ်နေသည်ကို ငြိမ်ခံနေသည့် လူအတစ်ယောက်ပင်ဖြစ်သည်။

သူ့အနေဖြင့်  လူသားများမှာ အလွန် ပျင်းစရာကောင်းသည်ဟု တွေးထင်ခဲ့သော်ငြား တောင်ပေါ်တွင် ရင့်မှည့်နေသော ဆေးပစ္စည်းများအား မြင်လျှင် ကောက်ယူလာတတ်ကာ အဘိုးကြီးလီ ရောင်းချနိုင်ရန်အတွက် ထားပစ်ခဲ့လေ့ရှိသည်။

အဘိုးကြီး၏ တစ်နေ့တစ်ခြား အံ့အားသင့်လာသော မျက်လုံးများအား ကြည့်ကာ သူတစ်ခုခုကို ခန့်မှန်းမိနေပြီဖြစ်ကြောင်း ကြိုသိနေခဲ့သည်။

တစ်ရက်တွင်တော့ အဘိုးကြီးလီတစ်ယောက် တံခါးအစုတ်လေး၏ ရှေ့တွင် ထိုင်နေကာ ဆေးလိပ်တိုတစ်ချောင်းအား ဖွာရင်း ခြောက်ကပ်စွာ ပြောသည်။

“မြွေဖြူလေး၊ ငါ မြို့ထဲကို သွားရတော့မယ်၊ညငါ့သားက ရည်းစားရပြီး အဲဒီကောင်မလေးကို လက်ထပ်ချင်တယ်တဲ့၊ သူက မြို့ကြီးထဲမှာ အိမ်ကောင်းကောင်းဝယ်ပြီး မိသားစုတည်ထောင်ချင်တယ်လို့ပြောတယ်၊  ငါ့မှာ ပိုက်ဆံအဲ့လောက်မရှိဘူးလေ၊ ဒီတော့ ငါမြို့ကြီးကိုသွားပြီး ငွေပိုရှာရတော့မယ်...”

“မင်းက သာမန်မဟုတ်ဘဲ ကျင့်ကြံသူဆိုတာကို ငါသိပါတယ်”

မြွေဖြူ စိတ်ထဲမှ တွေးမိလိုက်သည်။

နောက်ဆုံးတော့ အချိန်တန်လာပြီလား?

လူသားများ၏ ကယ်တင်မှုကို ခံရလျှင် ကြင်နာမှုနှင့် ကံကြမ္မာအား လက်ဆင့်ကမ်းရသည်။ အဘိုးကြီးလီ၏ တောင်းဆိုမှုသ်  အလွန်အကြူးမဖြစ်ပါလျှင် သူ့အနေဖြင့်သဘောတူညီရန် အဆင်သင့်ပင်။

မည်သို့ပင် ဖြစ်ပါစေ၊ သူသည်လည်း နေရာမှ ထွက်ခွာကာ တောင်ပေါ်သို့ ပြန်သွားရန်အချိန်ကျပြီ ဖြစ်သည်။

ဤမတော်တဆတွေ့ဆုံမှုကလည်း အဆုံးသတ်ရန် အချိန်တန်ပေပြီ။

သို့သော် အဘိုးကြီးလီ ဆက်ပြောလာခဲ့သည် :

“မင်းတို့လို တိရိစ္ဆာန်တွေအတွက် တောင်ပေါ်မှာ မသေမျိုးဖြစ်အောင် ကျင့်ကြံရတာ ခက်ခဲမှာပဲလေ၊ ငါ့ကို ကျေးဇူးဆပ်ဖို့ဆိုတာမျိုးတွေ  မလိုအပ်ပါဘူး၊ မင်းရဲ့ ကျင့်ကြံမှုကိုသာ မပျက်စေနဲ့၊ မင်းက ငါ့ရဲ့ မြေးလေးလိုပါပဲ၊ မင်း အဆင်ပြေဖို့ကို ငါဆုတောင်းပေးပါတယ်၊ ပြီးတော့ ကျင့်ကြံမှုလည်း အောင်မြင်ပါစေကွာ၊ မသေမျိုးဖြစ်လာပြီး ကောင်းကောင်း ရှင်သန်သွားနော်”

မသေမျိုးမြွေ အံ့ဩသွားပြီး အဘိုးကြီးလီအား မယုံနိုင်စွာ ကြည့်လိုက်သည်။

ထိုအိုမင်းကာ ညိုမည်းနေသော မျက်နှာပေါ်မှ တိမ်စွဲနေသော မျက်လုံးတစ်စုံရှိသည်။ သူ ပြုံးလိုက်လျှင် ထိုအရေတွန့်နေသော မျက်နှာသည် အင်မတန် ရုပ်ဆိုးသော်လည်း မျက်လုံးများကတော့ နွေးထွေးလွန်းပေသည်။

ထိုအချိန်တွင် မသေမျိုးမြွေမှာ သူ့ကိုယ်ပေါ်မှ အချုပ်အနှောင်များ ပျက်စီးသွားသကဲ့သို့ ခံစားလိုက်ရသည်။

သာမန်လူတစ်ယောက်ထံမှ ဆုတောင်းနှင့် မျှော်လင့်ခြင်းတို့က အမှောင်ထဲသို့ ကျရောက်နေသော သူ့အား ကူညီကာ အောင်မြင်မှုရာခိုင်နှုန်းမြင့်သွားစေခဲ့သည်။

အဘိုးကြီးလီ တီးတိုးရေရွတ်သည်။

“မင်း ကောင်းကောင်းနေနိုင်ဖို့ မျှော်လင့်သလို ငါ့သားရဲ့ အနာဂတ်အတွက်လည်း စိတ်ပူမိတယ်၊ တကယ်လို့ မင်းရဲ့ ကျင့်ကြံမှုအောင်မြင်သွားတဲ့ တစ်နေ့နေ့ကျရင် ငါ့ရဲ့ မြေးလေးတွေကို သူတို့အဖေလို မကြီးပြင်းလာပဲ သေချာလေး အရွယ်ရောက်လာအောင် စောင့်ရှောက်ပေးပါဦးကွာ”

စကားပြောနေရင်း သူဆေးလိပ်ကို ဆက်တိုက်ဖွာနေခဲ့ကာ မျက်ရည်များအား သုတ်နေခဲ့သည်။

မသေမျိုးမြွေမှာအံ့အားသင့်နေခဲ့ကာ  အဘိုးကြီးလီအား အချိန်အတော်ကြာအောင် စိုက်ကြည့်နေခဲ့ပြီးနောက် ခေါင်းငြိမ့်လာခဲ့သည်။

သူ စိတ်ထဲမှ  တွေးတောလိုက်သည်။

‘အဘိုးရဲ့ မြေးတွေကို ကျုပ်ရဲ့ ညီအစ်ကိုလို သဘောထားပြီး စောင့်ရှောက်မှာပါ’

နောက်ရက်တွင် မသေမျိုးမြွေဖြူက တောင်ပေါ်ပြန်တက်သွားသကဲ့သို့ အဘိုးကြီးလီလည်း မြို့ပေါ်တက်သွားခဲ့သည်။

နှစ်အနည်းငယ်ကြာပြီးနောက် သူသည် အခက်ခဲဆုံးအခြေအနေအား ကျော်ဖြတ်နိုင်ကာ အဆင့်သစ်သို့ ကူးပြောင်းနိုင်ခဲ့ချိန်တွင် အဘိုးလီအား သတိရသွားခဲ့ပြီး တောင်ပေါ်မှ သစ်လုံးအိမ်လေးသို့ ပြန်သွားခဲ့သည်။

နဂိုကတည်းက ချုံးချုံးကျနေသော အိမ်ငယ်လေးသည်ကား ပြိုကျသွားပြီဖြစ်ကာ အဘိုးကြီးလီလည်း ပြန်မလာခဲ့ပေ။ မသေမျိုးမြွေ ထင်လိုက်သည်မှာ အဘိုးလီတစ်ယောက် သားဖြစ်သူနှင့် ဘဝအား ကောင်းကောင်းဖြတ်သန်းနေလောက်ပြီဟုပင်။

သို့သော် နှစ်လကြာပြီးနောက် မသေမျိုးမြွေ တောင်ပေါ်တွင် မှေးစက်နေစဉ် ရုတ်တရက် စာချုပ်တစ်ခု ပေါ်ထွန်းလာခြင်းကို ခံစားလိုက်ရသည်။

သူ တောင်အပြင်ဘက်သို့ ဦးမော့ကြည့်လိုက်ကာ သူ၏ ဝိဉာဉ်အာရုံခံနိုင်စွမ်းအား ဖြန့်ကျက်လိုက်သည်။

အဘိုးကြီးလီ၏ မြေးငယ် ပေါ်ထွက်လာခြင်းကြောင့် လွန်ခဲ့သည့် နှစ်အနည်းငယ်က ထားရှိခဲ့သည့် ကတိကဝတ် အသက်ဝင်လာခြင်းဖြစ်ကြောင်း မသေမျိုးမြွေ သိနေခဲ့သည်။

စာချုပ်ပေါ်ထွန်းခြင်းမှ တဆင့် သူလည်း မြို့ကြီးသို့ တဖြည်းဖြည်းလာခဲ့ပြီး မြို့ထဲမှ အိမ်များမှာ အလွန်ကြပ်ညှပ်နေကာ လူတစ်ဦးနှင့် တစ်ဦးလည်း နီးကပ်လွန်းနေကြောင်း သတိထားမိခဲ့သည်။

ဤနေရာက မည်သည့်နေရာကများ ကောင်းမွန်နေသည်လဲဟူသည်ကို သူ မတွေးတောနိုင်ပေ။

သို့သော် ခရီးအဆုံးတွင် စာချုပ်၏ အခြားတစ်ဖက်အား မြင်တွေ့လိုက်ရသည်။

ပိန်ပါးဖြူသွယ်သော မိန်းမပျိုလေးမှာ လေတိုက်လျင်ပင် လဲကျလောက်မည်ဟု ထင်နေရသော်ငြား အင်မတန်တက်ကြွသူတစ်ဦး ဖြစ်နေခဲ့သည်။

မသေမျိုးမြွေမှာ သူမ၏ ဝမ်းကြာတိုက်အတွင်းမှ စာချုပ်၏ စွမ်းအားကို ခံစားမိနေသည်။

ထိုအရာသည်ကား အဘိုးလီ၏ မြေးငယ်ပင်ဖြစ်ချေသည်။

သို့သော် ထူးဆန်းသည်မှာ ထိုအမျိုးသမီးထံတွင် အဘိုးလီ၏ အနံ့အသက်အား မခံစားရခြင်းပင်။

မသေမျိုးမြွေ လူငယ်တစ်ယောက်အား မမြင်ခင်ထိ တွေဝေနေခဲ့သည်။

တစ်ချက်ကြည့်ရုံနှင့် ထိုလူသည် အဘိုးကြီးလီ၏ သားဖြစ်ကြောင်း သိလိုက်ရကာ သူ့ထံတွင် အဘိုးကြီလီအပေါ် မုန်းတီးမကောင်းစိတ်များ အပြည့်ဖြစ်နေသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။

ထိုသားအတွက် မြို့ကြီးသို့ အလုပ်လုပ်ရန်လာခဲ့သော်လည်း ရွံရှာမုန်းတီးခံရကာ ဆူပူခံခဲ့ရသည့် အဘိုးကြီးလီအပေါ်သို့ ထားသည့် အမုန်းတရားများအား ထိုလူငယ်ထံတွင် မသေမျိုးမြွေ မြင်နေခဲ့ရသည်။

အဘိုးလီမှာ အသက် ၅၀ကျော်ဖြစ်သော်ငြား ဆောင်းတွင်း၌ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အုတ်ခဲသယ်နေဆဲ၊ နွေရာသီ၌ ညဈေးသို့သွားကာ တွန်းလှည်းတွန်းရင်း မုန့်ရောင်းနေဆဲပင်ဖြစ်သည်။

သူ တစ်လလျှင် ယွမ်(၁၀၀၀၀) ရှာနိုင်သော်လည်း သူ့အတွက် ယွမ်(၅၀၀)သာ ချန်ကာ သားဖြစ်သူအား ကျန်တာ အကုန်ပေးတတ်သည်။

သို့သော် နာမည်ကြီးကျောင်းတွင် ကျောင်းတက်ခွင့်ရသည်ကြောင့် ဂုဏ်မောက်နေသည့် သားကတော့  အဝတ်တစ်စုံကို မပြောနှင့်၊ ခြေအိတ်တောင်ပင် မလျှော်ဖွတ်တတ်ပေ။

အဘိုးလီမှာ နေ့စဉ်ပိုင်း (၁၁)နာရီ၊(၁၂)နာရီလောက်မှသာ ပြန်လာခဲ့ရသော်လည်း သားဖြစ်သူမှာ သူ၏ အဝတ်အစားများအား တစ်ကိုယ်လုံး ပင်ပန်းနွမ်းနယ်နေသည့် အဖေအိုအား လျှော်ခိုင်းပြန်သေးသည်။

ထိုခြေလက်ပြည့်စုံပါသော လူငယ်လူရွယ်တစ်ယောက်က ဖခင်ဖြစ်သူ၏ သွေး၊ချွေးဖြင့်ရှာထားသော ငွေအား သုံးစွဲနေကာ သူ့ကိုယ်သူ ကျောင်းတွင် ပညာရှိရင်းနှီးမြှုပ်နှံသူဟန် ဖမ်းနေသော်လည်း အဖေအရင်းကိုတော့ အစေခံကဲ့သို့ ၊ခွေးတစ်ကောင်ကဲ့သို့သာ ဆက်ဆံနေခဲ့သည်။

တစ်ရက်တွင် သားဖြစ်သူက အထင်အမြင်သေးလွန်းသည့် မထီမဲ့မြင်မျက်နှာမျိုးဖြင့်  အဖေရှေ့တွင် ရပ်နေခဲ့သည်။

“ခင်များလို အဖေမျိုးရှိတာ ကျုပ်အတွက် ကံဆိုးတာပဲ၊ အိမ်မရှိ၊ ကားမရှိနဲ့၊ အခု ကျုပ်ရည်းစားရဲ့ မိသားစု ဘယ်လောက်ချမ်းသာလဲဆိုတာ ခင်များသိရဲ့လား? ကျုပ်မှာ ဘာမှ မရှိဘဲ ဘယ်လိုလုပ်ပြီး သူမရဲ့မိသားစုက လက်ထပ်ဖို့ သဘောတူမှာလဲ?”

“ ခင်ဗျားရဲ့အခြေအနေတွေကို ကျုပ်စောက်ဂရုမစိုက်ဘူး၊ ခင်များ မွေးထားရင် တာဝန်ယူရမှာပဲ၊ ခင်ဗျား ကျုပ်ကို အိမ်တစ်လုံး ရအောင် ဝယ်ပေး”

အဘိုးလီ :

“သားလေး၊ အဖေတို့တို့ နည်းနည်းလောက် ဈေးသက်သာတဲ့ အိမ်လေး ဝယ်လို့မရဘူးလား? မွေးရပ်မြေက လယ်ကိုလည်း ရောင်းပြီး ရှာထားသမျှ စုထားတာတောင်မှ မြို့လယ်ခေါင်က အိမ်ဝယ်ဖို့ ငွေမပြည့်လို့ပါ”

လူငယ်ကတော့ နှာခေါင်းရှုံ့လျက်ပြောလာသည်။

“ကျုပ်ကို ဒီလိုစကားတွေ လာမပြောနဲ့၊ ခင်များ မြို့လယ်ခေါင်မှာပဲ ဝယ်ပေးရမယ်၊ မဟုတ်ရင် ကျုပ်ရည်းစားရဲ့မိသားစုက ကျုပ်ကို အထင်သေးမှာပေါ့၊ ခင်ဗျား ငွေရှာဖို့ နည်းလမ်း မစဉ်းစားနိုင်ဘူးလား?”

“သူများရဲ့ မိဘတွေဆို သားသမီးကို အကောင်းဆုံးထားချင်လို့ သွေးတွေ၊ ကျောက်ကပ်တွေတောင် ရောင်းကြသေးတာ၊ ခင်များ အဲ့လောက်တောင် အသုံးမကျဘူးလား?”

အဘိုးကြီးလီ၏ နှုတ်ခမ်းများ တုန်ယင်နေပြီးနောက် လှည့်ထွက်သွားခဲ့သည်။

တစ်ပတ်အကြာတွင် အာမခံသူတစ်ဦး၏ စီစဉ်မှုဖြင့် အဖိုးအိုမှာ မှောင်ခိုဆေးခန်းတစ်ခုအတွင်းသို့ အသက်မဲ့သော မျက်နှာဖြင့် ဝင်သွားခဲ့သည်။

ပြန်ထွက်လာချိန်တွင် သူ၏မျက်နှာမှာ ဖျော့တော့အားနည်းနေခဲ့ကာ သေဆုံးတော့မည့် သရဲတစ်ကောင်ဖြင့်ပင် တူနေသည်။

သူ၏ ခန္ဓာကိုယ်ထဲတွင် တစ်စုံတစ်ခု လျော့သွားသော်ငြား ပိုက်ဆံအိတ်ကတော့ ဖောင်းကားနေခဲ့သည်။

အဘိုးလီမှာ သူ၏ ကိုယ်တွင်းအင်္ဂါများနှင့် သူ၏ သက်တမ်းအား သားဖြစ်သူအတွက် မြို့လယ်ခေါင်တွင် အိမ်ဝယ်ပေးနိုင်ရန်အတွက် လဲလှယ်ခဲ့သည်။

နောက်တစ်လခန့်တွင် သူ ပြန်လည်သက်သာလာပြီးနောက် ချိနဲ့နေသော ကိုယ်ခန္ဓာဖြင့် သားဖြစ်သူ၏  အိမ်ဆောက်ရာတွင် တစ်ချိန်လုံး ကူညီပေးခဲ့သည်။

ဘိလပ်မြေအိတ်များ ရွှေ့ပေးခဲ့သည်။ တံခါးပေါက်များ တပ်ဆင်ပေးခဲ့သည်။ နံရံများအား ပလာစတာ အချောကိုင်ပေးခဲ့သည်။

သားဖြစ်သူနှင့် ချစ်သူတို့ မရှိချိန်တွင် အိမ်အား ထိန်းသိမ်းရန် လာလေ့ရှိသော်လည်း တစ်နေ့တွင် ရှောင်မာနှင့် တည့်တိုးတွေ့တော့သည်။

အဘိုးလီမှာ သားဖြစ်သူ၏ ချစ်သူအား ပထမဆုံးမြင်ဖူးချင်းဖြစ်သည်ကြောင့် ထိုနုမယ်သည့်မျက်နှာအား ငေးကြည့်နေခဲ့မိသည်။ သို့သော် သားဖြစ်သူ၏ အော်ဟစ်ဆူပူ ဆဲဆိုမှုအား ခံခဲ့ရလေသည်။

တစ်ရက်တွင် သူ၏ ခန္ဓာကိုယ်မှ အားအင်များက လုံးလုံးလျားလျား ကုန်ခမ်းသွားကာ ထိုအသစ်ဆောက်ထားသောအိမ်ကြီးထဲတွင် ပင်ပန်းမှုကြောင့် တိတ်ဆိတ်စွာ အသက်ဆုံးရှုံးခဲ့ရသည်။

နောက်ဆုံးအကြိမ် မျက်လုံးများ မှိတ်လိုက်ချိန်ထိ သူသည် သားဖြစ်သူ၏ အဖေဟု ခေါ်သံကို မကြားခဲ့ရသကဲ့သို့ ၊ သူမျှော်လင့်ခဲ့ရသော မြေးလေးများကိုလည်း မမြင်တွေ့လိုက်ရပေ.....

ထိုဆိုးဝါးလှသည့် မုန်းတီးဖွယ် အရာများအားလုံးကို မြင်ရပြီးနောက် မသေမျိုးမြွေမှာ အမျက်ခြောင်းခြောင်း ထွက်သွားခဲ့သည်။

အဘိုးလီအား လူပျော့လူညံ့ဟု အမြဲတွေးခဲ့မိသော်လည်း သူ့အား ထိုကဲ့သို့ ‘အံ့သြသင့်ဖွယ်ကောင်းလှသော သေခြင်း’ ဖြင့် သေဆုံးရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သေဆုံးပြီးနောက် အသုဘအခမ်းအနားကောင်းကောင်းပင် မရရှိခဲ့။

ထို့ကြောင့် မသေမျိုးမြွေသည် ကျေးဇူးဆပ်ရုံတင်သာ မကတော့။

လက်စားချေရန်ပါ ဆုံးဖြတ်လိုက်သည်။

*

All Chapters