ကံကြမ္မာကြယ်စင် ဖရော်ဖရဲဖြစ်မှု (1)
Vol. 10 Ch. 96
မသေမျိုးမြွေ၏ မှတ်ဉာဏ်သည်ကား ထိုအချိန်တွင် ပြီးဆုံးသွားပြီဖြစ်သည်။
ကုကျစ်စုန့် သူမ၏ မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် သူမ၏ စိတ်အခြေအနေမှာ မတိုင်ခင်ကနှင့် သိသိသာသာ ပြောင်းလဲသွားခဲ့ပြီ။
သူမ၏ မျက်နှာအမူအရာက ပုံမှန်အတိုင်း တည်ငြိမ်နေသည်ဟု ထင်ရသော်ငြား မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ပေါ်လွင်နေခဲ့သည်။
ထိုဒေါသတကြီးခံစားချက်များမှာ မသေမျိုးမြွေ၏ ခံစားချက်များပင်ဖြစ်သည်။
သူမ မှတ်ဥာဏ်များကို ပြန်လည်ကြည့်ရှုနေရင်းဖြင့် ပြန်လည်ပြောပြနေခဲ့ပြီး ရှောင်မာ၏ ခင်ပွန်းသည် ပြုခဲ့သမျှ လုပ်ရပ်တိုင်းအား တိုက်ရိုက်ထုတ်လွှင့်မှုတွင် ဖော်ထုတ်ပြခဲ့သည်။
ထိုအချိန်မှသာလျှင် တိုက်ရိုက်ကြည့်ရှုနေကြသူများအပါအဝင်၊ မာမိသားစု၏ ဖခင်ရော သမီးတို့မှာ သူတို့၏ အထင်အမြင်များ တက်တက်စင်အောင် လွဲနေမှန်း သိကြတော့သည်။
ရှောင်မာ၏ အိပ်ရာအနီးတွင် ပေါ်လာသည့် တိရိစ္ဆာန်အသေကောင်များမှာလည်း မသေမျိုးမြွေ၏ ထိန်းချုပ်မှုအောက်တွင် ရှိသော မြွေများမှ ထားပေးလာခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
မသေမျိုးမြွေ၏ အတွေးထဲတွင်တော့ ထိုတိရိစ္ဆာန်များမှာ ကိုယ်ဝန်သည်၏ ခန္ဓာကိုယ်အား အားဖြည့်ပေးကာ သန္ဓေသား ပို၍ ကောင်းမွန်စွာ ကြီးထွားလာစေရန် အထောက်အကူပြုမည်ဟု တွေးနေခဲ့သည်။
ရှောင်လီကြုံတွေ့ရသည့် အဖြစ်ဆိုးများမှာလည်း ဖခင်ဖြစ်သူ အဘိုးလီအား ကျေးဇူးမသိတတ်ခြင်း၊ ကျေးဇူးကန်းခြင်းတို့ကြောင့်သာ ဖြစ်ပေါ်လာခဲ့ခြင်းပင်။
ထိုသူက ဖခင်လီအပေါ် ဆက်ဆံခဲ့ပုံများ အလွန်ဆိုးရွားလွန်း၍ မသေမျိုးမြွေ၏ လက်စားချေခြင်းကို ခံရခြင်းသာဖြစ်ပေသည်။
[ဒါတွေအားလုံးက အမှန်တွေပဲလား? ငါ ဒေါသထွက်လွန်းလို့ မျက်ရည်တောင် ကျမိတယ်၊ မြွေဖြူလေးကို ကယ်ပြီးတဲ့နောက်တောင်မှ ဦးလေးလီရဲ့ ဆုတောင်းက မြွေဖြူရဲ့ ကျင့်ကြံမှု အောင်မြင်ပါစေတဲ့၊ ဒီလို လူကောင်းတစ်ယောက်ဆီမှာ ဘာကြောင့်များ ဒီလိုသားမျိုး ရှိနေရတာလဲ?]
[အဲဒီသားက တကယ့်ကို မကောင်းဆိုးဝါးပဲ၊ သွေးအေးသတ္တဝါဖြစ်တဲ့ မြွေတစ်ကောင်ကတောင် သူ့ထက် ပိုပြီး ကြင်နာတတ်သေးတယ်!]
[ဒါကို တရားလွန်လှပြီလို့ ထင်နေတဲ့သူတွေက အဲလိုလူမျိုးကို အပြင်မှာ တကယ်မတွေ့ဖူးသေးလို့ပဲဖြစ်မယ်၊ တချို့လူတွေက နာမည်ကြီးတံဆိပ်တွေ ဝတ်ချင်ကြတာနဲ့ မိဘတွေ ဆင်းရဲတာကို အခုလိုမျိုး မကျေမချမ်းဖြစ်တတ်ကြတယ်၊
သူတို့က ဒီလို ကြိုးစားပြီး ငွေရှာပေးနေတဲ့ မိဘတွေကို ရှက်စရာလို့ ထင်နေကြတာ၊
ငါ့မှာလည်း အဲလို အတန်းဖော်တစ်ယောက်ရှိခဲ့ဖူးတယ်၊ သူက ယွမ်ထောင်ချီတဲ့ ဖိနပ်တွေ စီးပြီး မိဘချမ်းသာတဲ့ သူဌေးသားလိုမျိုး အမြဲပြောနေခဲ့တာလေ၊ တစ်ရက်ကျတော့ သူ ရန်ဖြစ်ပြီး ဆေးရုံက မိဘတွေကို လာဖို့ ပြောလိုက်တာ၊
အဲဒီအချိန်ကျမှ ငါတို့လည်း သိလိုက်ရတာပဲ၊ သူတို့က မိဘတစ်ယောက်တည်းရှိတဲ့ မိသားစုလေ၊ ပိုဆိုးတာက သူ့အမေက မသန်စွမ်းတစ်ယောက်ပါ ဖြစ်နေသေးတာပဲ]
[အံ့ဩလိုက်တာ၊ တစ်လကို ယွမ်(၅၀၀၀) သုံးနေတဲ့ ကောလိပ်ကျောင်းသားက အဖေကိုများ ရှက်စရာကောင်းတယ်လို့ ထင်သေးတာ? ပြိုင်ပွဲဝင် နံပါတ် (၇)ပြောတာတွေက တကယ်အမှန်လား? ဒီကမ္ဘာမှာ တကယ်ကြီး အဲလို မျက်လုံးဖြူ ဝံပုလွေလို ကလေးမျိုး ရှိနေတာလား?]
[ပိုပြီး ရှက်ဖို့ကောင်းတာက သူတောင်းဆိုနေတာတွေက မဖြစ်မနေ လိုအပ်တဲ့ အရာတွေ မဟုတ်ဘူးနော်၊ သူက ဖအေရဲ့ကျောက်ကပ်ကိုတောင် ရောင်းပြီး ရှာထားတဲ့ ငွေနဲ့ ကိုယ့်ရဲ့ အလိုလောဘကို ဖြည့်နေတာပဲ!]
[ဒီလိုမျိုး မိသားစုကို ဖုံးကွယ်ပြီး လိမ်လည်ထားတဲ့ လူသေလိုကောင်က အိမ်ထောင်ရေးကို လိမ်လည်လက်ထပ်ထားတယ်လို့ ပြောလို့မရဘူးလား?]
[ကိုယ့်အဖေကိုတောင်မှ ဒီလိုမျိုး ဆက်ဆံနိုင်တာနော်၊ ဒီလို နှလုံးသားမရှိတဲ့ လူတစ်ယောက်က မိသားစုနဲ့ ဇနီးအပေါ်မှာရော သူ့မိန်းမပြောသလို တကယ်ချစ်နိုင်တယ်တဲ့လား?]
မှတ်ချက်ဧရိယာမှာ အုန်းအုန်းကျွက်ကျွက်ညံနေကာ တချို့ အင်တာနက်စုံးစွဲသူများကတော့ ကုကျစ်စုန့်၏ စကားများ အမှန်ဟုတ်၊မဟုတ် မေးခွန်းထုတ်နေခဲ့ကြ ရှောင်မာအားလည်း ဂရုစိုက်ရန် အကြံပြုနေကြပြန်သည်။
ထိုအချိန်တွင် ရှောင်မာ၏ မျက်နှာအမူအယာသည်ကား အသက်ပင် မရှိတော့သလိုဖြစ်နေရရှာပြီ။
သူမ၏ နူးညံ့ကြင်နာပြီး ဂရုစိုက်တတ်သော အမျိုးသား၊ သူမ (၆)နှစ်လုံးလုံးချစ်ခဲ့ရသော အမျိုးသားသည် ကိုယ်တိုင်၏ ဖခင်အား ထိုသို့ ဆက်ဆံလိမ့်မည်ဟု သူမ မယုံကြည်ချင်ခဲ့ပေ။
ရုတ်တရက် သူမ သဘောပေါက်လိုက်သည်မှာ သူမကသာ ခင်ပွန်းသည်အား လုံးလုံးနားမလည်ခဲ့ပုံရသည်။
သူမ ခံစားခဲ့ရသော နွေးထွေး၍ ချစ်မြတ်နိုးသည့် အသိုက်အမြုံလေးဆိုသည်မှာ ခင်ပွန်းသည်ဖခင်၏ သွေး၊ ချွေးအပြင် ကိုယ်တွင်းအင်္ဂါများဖြင့်ပါ တည်ဆောက်ထားသည်ဟု စဉ်းစားလိုက်မိသည်နှင့် သူမ စိတ်ရော၊ ကိုယ်ပါ လက်မခံနိုင်ဘဲ အော့အန်ချင်စိတ်ပင် ပေါ်လာခဲ့သည်။
ရှောင်မာ :
“ဒါပေမယ့် သူ ဘာလို့ အဲလိုလုပ်ခဲ့တာလဲ? ကျွန်မတို့ ချစ်သူမဖြစ်ခင်က သူ့လို ကျောင်းရဲ့ ဌာနခေါင်းဆောင်တစ်ယောက်က ကျွန်မကို လိုက်လိမ့်မယ်လို့ တွေးမထားခဲ့ဘူး၊ အဲဒီတုန်းက ကျွန်မ အဆောင်မှာလည်း မနေဘူးလေ၊
ပြောရရင် ကျွန်မရဲ့ မိသားစုနောက်ခံကိုလည်း ဘယ်သူ့ကိုမှ ပြောမထားဖူးဘူး၊ ကျွန်မတို့ ချစ်သူဖြစ်ပြီးရင် အိမ်ဆောက်ပေးဖို့လည်း ကျွန်မ သူ့ကို တစ်ခွန်းမှတောင် မဟခဲ့ဖူးဘူး….”
ရှောင်မာ၏ မိသားစုမှာ အလွန်ချမ်းသာပြီး ဖခင်ဖြစ်သူသည်ကား နာမည်ကြီး ကုမ္ပဏီတစ်ခု၏ သူဌေးဖြစ်သော်ငြား ထိုဖခင်မှာ အလုပ်များ၍ သူမအတွက် အချိန်မပေးနိုင်ပေ။
ဖခင်မာမှာ သမီးဖြစ်သူအတွက် အကောင်းဆုံးနှင့် ဈေးအကြီးဆုံးပစ္စည်းများကိုသာ ဖြည့်ဆည်းပေးတတ်သော်လည်း အလုပ်ပြိုးစားရမှုကြောင့် အချိန်ကိုတော့ မပေးနိုင်ဖြစ်ခဲ့ရသည်။
သို့သော် ရှောင်မာ ဖြည်းဖြည်းချင်း သဘောပေါက်လာခဲ့သည်မှာ သူမ၏ သူငယ်ချင်းအပေါင်းအသင်းများ သူမအား အရေးယူနှုတ်ဆက်ခြင်းတို့က သူမမှ အမြဲလိုလို ငွေရှင်းတတ်၊ လက်ဆောင်ပေးတတ်ခြင်းတို့ကြောင့်သာလျှင် ဖြစ်နေခဲ့သည်။
ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ သူမ၏ မိသားစုအကြောင်း ထုတ်မပြဖြစ်တော့။ ထို့အပြင် သူမသည်လည်း တိတ်တိတ်ဆိတ်ဆိတ် နေထိုင်ရသည်ကို နှစ်သက်ကာ မည်သည့်လှုပ်ရှားမှုမျိုးတွင်လည်း မပါဝင်သည်ကြောင့် ကောလိပ်ကျောင်းသူဘဝတွင် သူမ၏ ပုံရိပ်မှာ ကိုယ်ပျောက်လူတစ်ဦးသာသာ ဖြစ်ခဲ့သည်။
ဆန့်ကျင်ဘက်အနေဖြင့် ခင်ပွန်းဖြစ်သူမှာမူ ကျောင်းတွင် နာမည်ကြီးတစ်ဦးဖြစ်ခဲ့သည်။
ထိုသူက ရုပ်ရည်ချောမောသည်။
လုပ်ရည်ကိုင်ရည်ရှိသည်။
ထို့အပြင် ဌာန၏ ခေါင်းဆောင်လည်း ဖြစ်ခဲ့သည်။
ခင်ပွန်းသည်မှ သူမအား လိုက်နေသည့်အချိန်တွင် လူတိုင်းက အံ့ဩစရာဟု ထင်ခဲ့ကြသည်။
ရှောင်မာသည်လည်း ခင်ပွန်းသည်အား တက်ကြွလှပသော မိန်းကလေးများ ရှိသည့်ကြားက သူမကို နှစ်သက်ရသည့် အကြောင်း ရင်းကို မေးခဲ့ဖူးသည်။
ခင်ပွန်းသည်က သူမကို ချစ်မြတ်နိုးစွာ ဖြေခဲ့ဖူးသည်။
“ကိုယ်က မင်း ကစားကွင်းဘေးကနေ လမ်းလျှောက်သွားတာကို မြင်နေကျလေ၊ မင်းကို ကြည့်လိုက်ရင် ထူးခြားပြီး တည်ငြိမ်တဲ့ ဟန်ရှိတယ်လို့ တွေးခဲ့ရင်း ကိုယ်တောင် မသိဘဲ ချစ်မိသွားခဲ့တာ….”
ထိုအချိန်က ရှောင်မာတစ်ယောက် အင်မတန် ကြည်နူးခဲ့ရကာ နောက်ဆုံးတွင် သူမအား အမှန်တကယ်စိတ်ရင်းဖြင့်နှစ်သက်သူကို ရှာတွေ့ပြီဟုလည်း ခံစားခဲ့ရသည်။
ယခု ပြန်စဉ်းစားကြည့်ပါလျှင် ထိုအကြောင်းပြချက်နှင့် စကားလုံးများမှာ အပေါ်ယံဆန်လွန်းလှပေသည်။
“မင်းက အလိမ်ခံလိုက်ရတာပဲ”
ကုကျစ်စုန့် အေးစက်စွာ ပြောလိုက်သည်။
“သူက အစတည်းက မင်းတို့ မိသားစု ချမ်းသာတယ်ဆိုတာကို သိပြီးသားပဲ၊ အဲဒါကြောင့်လည်း မင်းကို အသည်းအသန်လိုက်တာပေါ့”
“မင်းယောကျ်ားရဲ့ မျက်နှာအရဆိုရင် သူ့ရဲ့ နားထင်တွေက ပြားနေပြီးတော့ မျက်လုံးအစွန်းကနေ အကွာအဝေးကလည်း နည်းတယ်၊ အဲဒါက ခင်ပွန်းနဲ့ ဇနီးသည်ကြားက ဆက်သွယ်မှုကို မြင်ရတဲ့ ထိမ်းမြားခြင်းနန်းတော် နေရာပဲ၊
နားထင် ပြားပြီးတော့ မျက်လုံးနားကို ကပ်နေတာက မင်းတို့ရဲ့ ဆက်ဆံရေးက အမြဲတော့ နီးကပ်နေတယ်၊ ဒါပေမယ့် သူ့အမြင်မှာတော့ အဲ့တာက အရသာမရှိ၊ ရိုးလွန်းတယ်၊ သူ အစတည်းကလည်း အဲဒီလိုပဲ တွေးခဲ့လိမ့်မယ်”
ရှောင်မာ ပို၍ပင် ခံစားချက်ပြင်းထန်လာရကာ လက်ခံနိုင်ရန်ပင် ခက်ခဲလွန်းနေခဲ့သည်။
“သူက… အစတည်းက သိနေတာ?”
“ကျွန်မတို့ရဲ့ အိမ်ထောင်ရေးက ပျင်းဖို့ကောင်းတယ်လို့ ထင်နေတယ်ပေါ့?”
“အမှန်ပဲ”
ကုကျစ်စုန့် ထောက်ခံလိုက်သည်။
“ထိမ်းမြားခြင်းလမ်းအရ သူ့ရဲ့ ဇာတာမှာ မားစ်က တတိယအိမ်မှာ ရှိနေတယ်၊ အဲ့တာက ဘာကို ဆိုလိုသလဲဆိုတော့ ဒီအိမ်ထောင်ရေး ဒီအချိန်ထိ တည်မြဲနေတာက သူ့ရဲ့ နည်းမျိုးစုံ ကြိုးစားအားထုတ်မှုတွေကြောင့်ပဲ၊ အဲ့တာက သေသေချာချာပြင်ဆင်ပြီးမှ ရည်ရွယ်ပြီး ဆောင်ရွက်ထားတာလို့တောင် ပြောလို့ရတယ်”
“ငါထင်တာတော့ မင်းနဲ့ပတ်သတ်ပြီး သတင်း တစ်ခုခု မြင်လိုက်ရတာ၊ ကြားလိုက်တာတို့ ဖြစ်ခဲ့ပြီး မင်းက သူဌေးသမီးဆိုတာကို သိသွားလို့ မင်းကို ချဉ်းကပ်ခဲ့တာပဲ”
ကုကျစ်စုန့်ပြောသည်မှာ အမှန်ပင်ဖြစ်သည်။
ရှောင်လီမှာ သူ၏ဘဝတစ်လျှောက်လုံးကို မတရားဟု အမြဲခံစားနေခဲ့ရသည်။ တချို့လူများက သူဌေးသား၊သမီးအဖြစ် မွေးဖွားလာသော်လည်း သူ့တွင်တော့ အာဏာ၊စွမ်းအားမရှိ၊ ငွေမရှိ၊ တောင်ပေါ်တွင် မွေးခဲ့ရပြီး ဆင်းရဲညစ်စုတ်သည့် အဖေသာ ရှိသည်။
နာမည်ကြီးတက္ကသိုလ်တွင် ဝင်ခွင့်ရပြီးနောက် သူသည် တချို့သော ’လူရှုပ်လူပွေ’ များထက် ပိုသာသောကြောင့် ပို၍ ချမ်းသာသော ဘဝကို ပိုင်ဆိုင်သင့်သည်ဟု အတွေးဝင်လာခဲ့သည်။
ကောလိပ်တွင် သူလုပ်ခဲ့သော အရာများနှင့် သူဖန်တီးခဲ့သော သူ၏ ဇာတ်ကောင်ပုံသဏ္ဍာန်တို့သည် သူဌေးသမီးတစ်ဦးနှင့် ချစ်ကြိုက်ကာ လက်ထပ်ထိမ်းမြား၍ လူချမ်းသာအဆင့်အတန်းသို့ ကူးပြောင်းစေနိုင်ရန်အတွက်သာ ဖြစ်ချေသည်။
တစ်ရက် သူ အပြင်မှာ ရှိနေစဉ် အတန်းထဲမှ သာမန်ဆန်လွန်းပြီး လူမသိ၊သူမသိ ကျောင်းသူ ရှောင်မာမှာ တန်ဖိုးကြီးကားပေါ်မှ ဆင်းလာသည်ကို မြင်လိုက်ရပြီး သူနှင့်ပါလာသော သက်လတ်ပိုင်းအရွယ်လူသည်လည်း မြို့မျက်နှာဖုံး သူဌေးတစ်ဦးဖြစ်နေခဲ့သည်။
ပထမတွင် ရှောင်မာက ထိုသူဌေးအား ချူစားနေသည်ဟု ထင်ခဲ့သော်လည်း သူဌေးကြီး၏ မျိုးရိုးနာမည်သည်လည်း မာဖြစ်ကြောင်း သိလိုက်ရချိန်တွင် သူ ခန့်မှန်းမိသွားသည်။
အကြိမ်ကြိမ် စစ်ဆေးပြီးသည့်နောက် ရှောင်မာ၏ မိသားစုမှာ ကျိကျိတက်ချမ်းသာကြောင်း အတည်ပြုနိုင်ခဲ့ကာ သူ့အတွက် လက်ထပ်ရန်အကောင်းဆုံး မိန်းမအား ရှာတွေ့ခဲ့သည်ဟု တွေးလိုက်ရင်း ဝမ်းသာလုံးဆို့နေခဲ့သည်။
ရိုးရှင်းပြီး ကြင်နာတတ်သည်၊ ချော့လိုက်သည်နှင့် ပျော့ညံ့သွားတတ်ပြီး ကိုင်တွယ်ရ လွယ်ကူသည်။ လှည့်စားရန် လွယ်ကူလွန်းလှသည်။
ထိုကြောင့်သာလျှင် သူ ရှောင်မာအား ပိုးပန်းရန် တိုက်ဆိုင်မှုများ၊ ရင်ခုန်သွားစေနိုင်မည့် ဇာတ်ကွက်များအား ဖန်တီးခဲ့ခြင်းပင်ဖြစ်သည်။