ကံကြမ္မာကြယ်စင် ဖရော်ဖရဲဖြစ်မှု(2)
Vol. 10 Ch. 97
စကားကို ကြားလိုက်ရလျှင် ဖခင်မာတစ်ယောက် လက်သီးအား ကျစ်ကျစ်ပါအောင် ဆုတ်ထားရင်း ဆိုသည်။
“ဒီခွေးတိရိစ္ဆာန်ကောင်ကများ! ငါ့သမီးကိုများ လိမ်ညာကြံစည်ရဲတယ်ပေါ့လေ!?”
ရှောင်မာ ရှိုက်ကြီးတငင် ငိုကြွေးလိုက်ရင်း မေးရှာသည်။
“ကုတောက်ကျန့်၊ နောက်ထပ်ရော? ကျွန်မကို စိတ်မပူပါနဲ့၊ ကျွန်မ ဒီနေ့တော့ အမှန်တရားကို သိမှ ရမယ်”
ထိုစကားကို ကြားရသည့် ကုကျစ်စုန့်လည်း တဲ့တိုးပင် ပြန်ဖြေသည်။
“ဒါဆို ကျွန်မမြင်လိုက်တဲ့ တခြားအကြောင်းအရာတွေကို ပြောပြပေးမယ်၊ ယုံချင်ရင်ယုံလို့ရတယ်၊ မယုံချင်လည်း ရတယ်၊ ကိုယ့်ဘာသာကို တွေးတော ဆုံးဖြတ်ပေါ့၊
မင်းယောကျ်ားနဲ့ မင်းရဲ့ အိမ်ထောင်ရေးက သူ အသက် ၄၀ လောက်ထိ ဒီတိုင်းဆက်သွားနေမှာပဲ၊ ၄၀လောက်ကျရင်တော့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲသွားလိမ့်မယ်”
“ကျွန်မရဲ့ အရင်က တွက်ချက်မှုတွေကို ကြည့်ဖူးတဲ့သူတွေဆိုရင် သိမှာပါ၊ ဇာတာကနေ အိမ်ထောင်ရေးအကြောင်းသိချင်ရင် အမျိုးသားဆို ကံကြမ္မာကြယ်စင်ကို ကြည့်ရမယ်”
ထိုအမျိုးသားသည် ဇနီးသည်အမျိုးသမီးဖြစ်သူအား ငွေတွင်းဟု သဘောထားကာ သူ၏ ချစ်သူများကိုတော့ ချမ်းသာမှု၏ တစ်စိတ်တစ်ပိုင်းဟု သဘောထားသည်။
ရှောင်လီ၏ မျက်နှာအရတော့ သူမ ထိမ်းမြားခြင်းနန်းတော်၏ နေရာများအား သေသေချာချာမပြောနိုင်ပေ။
သို့သော် ထိုသူ၏ ဇာတာမှ ကံကြမ္မာကြယ်စင်ကို ကြည့်လိုက်ခြင်းဖြင့် သူ့တွင် ကောင်းသော ကံကြမ္မာကြယ်စင် တစ်လုံးမျှပင် မရှိဘဲ မကောင်းသော ကံကြမ္မာကြယ်စင်များ အများအပြားရှိနေသည်ကိုတွေ့လိုက်ရသည်။
အရေအတွက်မှာ အင်မတန်များလွန်း၍ ကုကျစ်စုန့်ပင်လျှင် အံ့အားသင့်မိသည်။
ထိုမကောင်းသောကြယ်စင်အားလုံးသည်လည်း သူ့ဘဝ၏ ဒုတိယပိုင်းတွင်သာ ဖြစ်သည်။
ဆိုလိုသည်မှာ ရှောင်လီသည် ဘဝ၏ ဒုတိယပိုင်းတွင် တဏှာနောက်သို့သာ လိုက်ပါတော့မည်ဖြစ်ပေသည်။
သူက ချစ်သူအများအပြား ထားမည်ဖြစ်သော်လည်း ရှောင်မာကိုလည်း ကွာရှင်းမည်မဟုတ်။
“ကောင်းတာနဲ့ မကောင်းတာကို ရောထားလိုက်မယ်ဆိုရင် မင်းတို့ရဲ့ အိမ်ထောင်ရေးမှာ အရမ်းကို ဒုက္ခကြီးလိမ့်မယ်၊ သူ့ရဲ့ ကံကြမ္မာကြယ်စင်အရဆိုရင်တော့ သူက နောက်ပိုင်းမှာဆိုရင် သူ့ရဲ့ အမြှောင်မယားတွေကို ပေါ်ပေါ်တင်တင် အိမ်ခေါ်လာလိမ့်မယ်၊
သူ့ရဲ့ကံကြမ္မာကြယ်အချို့ကလည်း နေနဲ့ နီးလွန်းနေတယ်၊ ဒီတော့ သူတို့ရဲ့ တည်ရှိမှုက မင်းအပေါ်မှာလည်း တော်တော်လေး သက်ရောက်မှုရှိလိမ့်မယ်”
ကုကျစ်စုန့် :
“အစတုန်းက စဉ်းစားနေတာ၊ ဘာလို့ အသက်(၄၀)မှလဲဆိုပြီးလေ၊ နောက်ကျတော့ အဖေဖြစ်သူရဲ့မျက်နှာကို မြင်လိုက်ရတယ်၊
မာလူကြီးမင်းရဲ့ နှုတ်ခမ်းတွေက နည်းနည်းမည်းနေပြီးတော့ မျက်ခုံးကြားက အရေးအကြောင်းတွေကလည်း နက်လွန်းတယ်၊ ရှင့်မှာ တော်တော်လေး ဖိအားများနေပြီး ညဉ့်နက်တဲ့အထိ အလုပ်လုပ်နေတဲ့ပုံပဲ၊
တစ်ခါတစ်လေဆိုရင် ငယ်ငယ်တုန်းကလောက် စွမ်းအင်မရှိတော့ဘူးလို့ ခံစားနေရတတ်တယ်၊ နောက်ပြီး ပင်ပန်းနွမ်းနယ်တာတွေ၊ ခြေလက်တွေ အားနည်းတာတို့ အစားအသောက်ပျက်တာတို့လည်း ဖြစ်နေလိမ့်မယ်”
ဖခင်မာ အံ့အားသင့်သွားရသည်။
“အမှန်ပါပဲ”
နာမည်ကြီးသူဌေးတစ်ဦးအနေဖြင့် သူတွင် အလွန် ဖိအားများရှိနေခဲ့ပြီး ညဉ့်နက်သည်ထိ နေတတ်သည်ကို လူတိုင်း ခန့်မှန်းလို့ရသော်ငြား ကုကျစ်စုန့် ထပ်ပြောလိုက်သည့် လက္ခဏာများသည်ကား အမှန်တကယ်ပင် လွန်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း ဖခင်မာ ခံစားနေခဲ့ရသည့် လက္ခဏာများပင် ဖြစ်သည်။
သူ အသက်ကြီးလာ၍ ငယ်တုန်းကလောက် စွမ်းအင်မရှိတော့ဟုလည်း တွေးမိသည်။
ကုကျစ်စုန့် :
“ကျွန်မကတော့ လူကြီးမင်းရဲ့ အသည်းကို သေချာလေး ဂရုစိုက်ပြီးတော့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ သေချာ အသေးစိတ်စစ်ဆေးဖို့အတွက်ပဲ အကြံပြုချင်ပါတယ်”
ဖခင်မာ: “?!!”
ရှောင်မာလည်း တုန်လှုပ်သွားသည်။
“ကုတောက်ကျန့်၊ ကျွန်မ အဖေက……?!!?”
ကုကျစ်စုန့် လက်ကို ရမ်းကာ ပြောလိုက်သည်။
“သိပ်ပြီး စိတ်လှုပ်ရှားမသွားပါနဲ့၊ မင်းအဖေက အခုထိတော့ ရောဂါကြီးကြီးမားမား မရှိသေးပါဘူး၊ သူက တစ်နှစ်လုံး အလုပ်ကို မအိပ်မနေကြိုးစားနေတာ တစ်ခုပဲ၊
သူက ပြင်းထန်တဲ့ ချို့တဲ့မှုနဲ့ မမြင်ရတဲ့ ရောဂါတွေ ရှိနေနိုင်တယ်လေ”
“ဒါပေမယ့် ဒီတိုင်းသာ နောက်ထပ် (၂)နှစ် (၃)နှစ်လောက် မနားမနေဆက်လုပ်သွားမယ်ဆိုရင်တော့ ပေါက်ကွဲသွားမှာပဲ၊ အဲဒီအချိန်ကျရင် သူ နာမကျန်းဖြစ်ပြီး ဆေးရုံကုတင်ပေါ်မှာ နှစ်အနည်းငယ်လောက်တော့ ဝေဒနာကို လှိမ့်ပြီး ခံစားနေရလိမ့်မယ်၊ နောက်ဆုံးကျရင် သူက ကုသနိုင်မယ့် နည်းလမ်းကို ရှာမတွေ့ဘဲ အသက်ဆုံးရလိမ့်မယ်”
“အဲဒီအချိန်က တိုက်တိုက်ဆိုင်ဆိုင် မင်းနဲ့ မင်းယောင်္ကျား အသက် (၄၀)ကို စဝင်တဲ့ အချိန်လောက်မှာပဲ”
ဖခင်မာ၏ မျက်နှာအမူအရာများ ပျက်ယွင်းသွားကာ ကုကျစ်စုန့်ပြောချင်သည့်စကားအား နားလည်လိုက်သည်။
သူ၏ သမီးနှင့် သားမက်တို့ လက်ထပ်ပြီးနောက် နှစ်ယောက်လုံးက သူ၏ကိုယ်ပိုင်ကုမ္ပဏီတွင် အလုပ်ဝင်လုပ်ခဲ့ကြသည်။
သားမက်ဖြစ်သူမှာ သူ၏သမီးအား ချစ်ခင်ကာ အိမ်တွင်လည်း လူကောင်းတစ်ဦးဖြစ်သောကြောင့် ဖခင်မာမှာ အလွန်ပင် စိတ်အေးရကာ သားမက်ဖြစ်သူအား ရာထူးတိုးပေးနိုင်ရန် သေချာလေ့ကျင့်ပေးဖို့အတွက် ပြင်ဆင်ထားခဲ့သည်။
သူ မရှိတော့သည့်အချိန်တွင် သားမက်ဖြစ်သူမှ ကုမ္ပဏီအား ထောက်ပံကာ သမီးဖြစ်သူကို ကာကွယ်ပေးမည်ဟု မျှော်လင့်ထားခဲ့သည်။
သို့သော် ကုကျစ်စုန့်၏ တွက်ချက်မှုများအရဆိုပါလျှင် သူ အသက်ရှိနေစဉ်၌ သားမက်ဖြစ်သူက သတိကြီးကြီးထားကာ သူ၏ ရည်မှန်းချက်အစစ်အမှန်ကိုလည်း ထုတ်ဖော်ရဲလိမ့်မည်မဟုတ်ပေ။
သို့သော် သူနာမကျန်းဖြစ်ကာ သေဆုံးသည့်အချိန်တွင် ကုမ္ပဏီက သူ့လက်ထဲသို့ လုံးလုံးလျားလျား ကျရောက်သွားခဲ့သည်။
ထိုအချိန်မှသာလျှင် အမြှောင်မယားများရှာရင်း သမီးဖြစ်သူအား ရွံ့ရှာစေရန် အိမ်အထိပင် ခေါ်လာလေ့ရှိလိမ့်မည်!
ဖခင်အရင်းအပေါ်တွင်ပင် အကြင်နာတရားခေါင်းပါးသော ထိုကလေးမျိုးက ယခုကဲ့သို့ အရာမျိုးလုပ်သည်မှာ အံ့ဩစရာမရှိပေ။
ဖခင်မာ ချက်ချင်းပင် သုန်မှုန်သော မျက်နှာဖြင့် ပြောလိုက်သည်။
“ငါနားလည်ပါပြီ၊ သတိပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ကုတောက်ကျန့်၊ ငါ မနက်ဖြန်ကျရင် အသေးစိတ်စစ်ဆေးမှု လုပ်လိုက်ပါ့မယ်!”
[အဲဒီလူက အတွင်းရော အပြင်ရောကို လှိုက်စားနေတာမဟုတ်ဘူးလား? တော်တော်တော့ အဆိပ်ပြင်းတဲ့လူပဲ!]
[ငါပြောပါတယ်၊ အဲလိုယောကျ်ားမျိုးက မိသားစုဆီကနေ အကူအညီရရင်တောင်မှ သူ့ကို နှိမ်နေတယ်လို့ပဲ ထင်နေမှာ၊ အငြိုးထားရင်တောင် ထားနေဦးမှာ၊
သူ့လက်ထဲကိုသာ အာဏာကုန်ရောက်သွားလို့ကတော့ မိန်းမကို ကောင်းကောင်းထားမယ်လို့ မထင်ဘူး၊ မကွာရှင်းဘူးဆိုတာကလည်း မိန်းမကို ဘေးမှာ ထားပြီး အရှက်ခွဲချင်လို့ပဲနေမှာ!]
[ကောင်းချက်ပဲ၊ နောက်ဆယ်နှစ်နေရင် ဘာဖြစ်မှာလဲဆိုတာကိုရော ပြောပြလို့ရနိုင်တယ်ပေါ့? အချို့ နာမည်မရှိတဲ့ အနုပညာရှင်တွေက နာမည်လေး နည်းနည်းရဖို့ကို တော်တော်လေး အညှာအတာကင်းမဲ့ကြတာပဲ!]
[ဟားဟား၊ ကြည့်ရတာ အပေါ်က မန့်တဲ့လူက အဲဒီလိုလူမျိုးပဲ ဖြစ်ရမယ်၊ မင်းက သူပြောတာ မယုံချင်လည်း နေပေါ့၊ ဒီမှာလာပြီး ဘာတွေငြင်းနေတာတုန်း?]
အင်တာနက်သုံးစွဲသူများ၊ ဖခင်မာနှင့် ရှောင်မာတို့မှာ ဤထက်ဆိုးသည့်အရာ ထပ်မံမရှိနိုင်တော့ဟု ထင်ထားခဲ့သော်လည်း ကုကျစ်စုန့်က ဆက်ပြောလိုက်သည်။
“စကားမစပ်၊ မင်းနဲ့ မင်းရဲ့ အခုကလေးကြားက ဆက်သွယ်မှုအရဆိုရင် သူရောက်လာတာက မတော်တဆ မဟုတ်ဘူး”
ရှောင်မာ မသိစိတ်က သူမ၏ ဝမ်းဗိုက်အား ထိလိုက်မိသည်။
“ဘယ်လို!?”
ခင်ပွန်းသည်နှင့် နောက်ကျမှ ကလေးယူရန် သဘောတူထားခဲ့သောကြောင့် သူတို့နှစ်ယောက်က ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြသည်။ ထို့ကြောင့်သာ သူမတွင် ကိုယ်ဝန်ရှိနေကြောင်း သိလိုက်ရအချိန်တွင် ရှောင်မာ အံ့ဩတကြီးဖြစ်ခဲ့ရခြင်းဖြစ်သည်။
ထိုသို့ ရှားပါးလှသော အဖြစ်မျိုး သူမတွင် ဖြစ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
သို့သော် ကုကျစ်စုန့်က ဤကလေးသည်ကား မတော်တဆမဟုတ်ဘဲ ခင်ပွန်းသည် တမင်ကြံစည်ထားသည်ကြောင့် ရလာသည့် ကလေးဖြစ်ကြောင်းပြောလာခဲ့သည်။
ကုကျစ်စုန့်:
“မင်းရဲ့ ရုပ်ရည်သွင်ပြင်အရဆိုရင် မင်းက လုပ်ရည်ကိုင်ရည်ရှိတဲ့ သူတစ်ယောက်ပဲ၊ ကျောင်းတက်နေတုန်းကလည်း မင်းရဲ့ ဘာသာရပ်တိုင်းမှာ အဆင့်ကောင်းတယ်၊ဘွဲ့ရပြီးတော့လည်း မိသားစုကုမ္ပဏီမှာ မန်နေဂျာအဖြစ်အလုပ်ဝင်ခဲ့တယ်”
ရှောင်မာသည်ကား တိတ်ဆိတ်ကာ နူးညံ့သော်လည်း သူမသည် ပျော့ညံ့သူတစ်ယောက်မဟုတ်ပေ။
တစ်နည်းဆိုရလျှင် ငယ်စဉ်ထဲက သင်ကြားလာခဲ့သော အတန်းပညာနှင့် တခြားပြင်ပ ဗဟုသုတပညာရပ်များက သူမအား ယုံကြည်မှုပြည့်ဝစေကာ လုပ်ငန်းများနှင့် ဆွေးနွေးညှိနှိုင်းမှုများကိုလည်း အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။
“မင်းက အခု မင်းရဲ့ဘဝကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အရေးကြီးတဲ့ အချိန်ကို ရောက်နေတာပဲ၊ ဒါက ခက်ခဲပေမယ့် မင်းလုပ်နိုင်လိုက်ပြီဆိုတာနဲ့ မင်းရဲ့ အနာဂတ်လုပ်ငန်းတွေကလည်း အဆင်ပြေချောမွေ့ပြီး အဖေဖြစ်သူထက်တောင် နိမ့်ကျမှာ မဟုတ်ဘူး၊
ဒါပေမယ့် ဒီလိုမျိုး အရေးကြီးနေတဲ့ အချိန်မျိုးမှာမှ မင်းက ကိုယ်ဝန်ရှိသွားတယ်”
ကုကျစ်စုန့်၏ လေသံသည် ဝေခွဲမရဖြစ်နေသည်။
“မင်းမျက်နှာပေါ်က ကြည့်ရမယ်ဆိုရင်တော့ မင်းက ကိုယ်ဝန်ရှိပြီး မီးဖွားနေတဲ့အတွက် ဒီအလုပ်ကို လွဲချော်ရလိမ့်မယ်၊ နောက်တော့ မိသားစုကိုပဲ ဂရုစိုက်မဲ့နေရာကိုရောက်သွားပြီး အလုပ်တစ်ခုကိုမှ မလုပ်တော့ဘူး”
“ဒီလူယုတ်မာကောင်! ငါသူ့ကို သတ်ပစ်မယ်!”
ဖခင်မာ ဘယ်လိုမှ မခံစားနိုင်တော့ပေ။ သူ၏ မျက်လုံးများမှာလည်း ပြူးကျယ်လာခဲ့ကာ ဒေါသတကြီးဖြင့် ဆဲဆိုကြိမ်းမောင်းတော့သည်။
သူ၏ ဒေါသစကားလုံးများမှတဆင့် အားလုံးသိလိုက်ရသည်မှာ သူတို့ ကုမ္ပဏီ၌ လတ်တလောတွင် နာမည်ကြီးနိုင်ငံခြားကုမ္ပဏီတစ်ခုနှင့် အရေးကြီးပရောဂျက်တစ်ခု ဆွေးနွေးရန် ရှိသည်။
ထိုပရောဂျက်မှာ လွန်ခဲ့သည့် လအနည်းငယ်က စတင်နေခဲ့ပြီးဖြစ်ချေသည်။ ပြည်တွင်းကုမ္ပဏီကြီးများကလည်း ဤအခွင့်အလမ်းအား မျက်စိကျနေကြသောကြောင့် အပြိုင်အဆိုင် ပြင်းထန်လွန်းလှသည်။
ဖခင်မာက ဌာနတစ်ခုချင်းစီအား အထူးအစီအစဥ်ရေးဆွဲရန် ညွှန်ကြားထားပြီး နောက်ဆုံးတွင် အကောင်းဆုံးတင်ပြနိုင်သည့်အစီအစဥ်ကိုအား ရွေးချယ်မည်ဖြစ်သည်။
ရှောင်မာဦးဆောင်သော အဖွဲ့မှာ ထိုကိစ္စနှင့် အလုပ်များနေသလို ခင်ပွန်းသည်ခေါင်းဆောင်သည့် အဖွဲ့သည်လည်း ထိုနည်းလည်းကောင်းပင်။
အတိအကျဆိုရလျှင် သူတို့သည် ပြိုင်ဖက်များ ဖြစ်နေခဲ့သည်။
ရှောင်မာ၏ အစီအစဥ်မှာ အချိန်အတော်ကြာအောင် တန့်နေခဲ့ပြီး သူမအနေနဲ့ နေ့စဉ်နေ့တိုင်းပင် ထိုကိစ္စအား စိတ်ပူနေခဲ့ရသည်။
သူမက နေ့စဉ် အချက်အလက်များ၊ အကြံဉာဏ်များ ရှာဖွေနေခဲ့ရ၍ အင်မတန် အလုပ်ရှုပ်နေချိန်လည်းဖြစ်ပေသည်။
ဤသို့ အချိန်မျိုးတွင် ကိုယ်ဝန်ရှိလိုက်ခြင်းသည် သူမ၏ အလုပ်အား လုံးဝ နှောင့်နှေးသွားစေမည်က တွေးတောနေစရာပင်မလိုအပ်ပါချေ။
ရှောင်မာတစ်ယောက် ကိုယ်ဝန်အကြောင်းသိလိုက်ရစဥ်က ဖြူဖျော့အားလျော့နေသော မျက်နှာဖြင့် စဉ်းစားမိခဲ့သော်လည်း ဤအပြစ်ကင်းသည့် အသက်တစ်ချောင်းအား သူမ သတ်မပစ်နိုင်ခဲ့ပေ။ ဤကလေးသည်ကား ခင်ပွန်းသည်နှင့် သူမတို့ကြား အချစ်မှ ပေါက်ဖွားလာသည့် ကလေးငယ်ပင် မဟုတ်ပါလား။
ခင်ပွန်းသည်သာ သူမအား ရည်ရွယ်ချက်ရှိရှိဖြောင်းဖြခဲ့မည်ဆိုပါလျှင် သူမ ဤပင်ပန်းသော အလုပ်အား ထွက်ကာ ကလေးအတွက်သာ ဂရုစိုက်နိုင်ချေ မြင့်မားလွန်းလှသည်။
ကလေးမွေးပြီးချိန်တွင် သူမအနေဖြင်သ ကလေးထိန်းနှင့် ပစ်မထားနိုင်လောက်ဘဲ ကိုယ်တိုင် ဂရုစိုက်ပျိုးထောင်မည်မှာ အသေအချာပင်…..
“ဘာလို့…”
ရှောင်မာ တည့်တည့်စိုက်ကြည့်ကာ ခေါင်းခါလိုက်မိသည်။
“ကျွန်မတို့က မိသားစုမဟုတ်ဘူးလား? ကျွန်မတို့အားလုံးက မိသားစုဒီကုမ္ပဏီအတွက်ပဲ တိုက်ခိုက်နေကြတာမဟုတ်ဘူးလား? ဘာလို့ .. သူ ဘာလို့ ကျွန်မကို ဒီလိုလုပ်ရတာလဲ!?”
*