ဖရိုဖရဲဖြစ်နေသော ကံကြမ္မာကြယ်စင် (3)
Vol. 10 Ch. 98
ကုကျစ်စုန့် သက်ပြင်းချလိုက်သည်။
“သူ ကြောက်နေလို့လေ”
“မင်းနဲ့ မာလူကြီးမင်းက အဖေနဲ့ သမီးပဲ၊ ဒီတော့ မင်းရဲ့ အစီအစဥ်က ဘယ်လောက်ပဲ ဆိုးနေပါစေ မာလူကြီးမင်းက မင်းကို ရာထူးတိုးပေးမှာပဲ၊
သူက ဘယ်တုန်းကမှ မင်းကို ချစ်ချစ်တာမဟုတ်ဘူး၊ မင်းရဲ့ ကုမ္ပဏီကိုပဲ ဦးဆောင်ချင်နေခဲ့တာ၊ မာလူကြီးမင်းရဲ့ ခိုင်းစေညွှန်ကြားချက်တွေနဲ့ ထောက်ပြတာတွေက သူ့ကို ဖိနှိပ်ပြီး ကာကို ရာထူးတိုးမပေးချင်လို့ဆိုပြီး သူ တွေးထားတာ ၊
တကယ်တော့ သူက တစ်ချိန်လုံး အသက်အောင့်ထားခဲ့တာပဲ”
“မင်းသာ ကုမ္ပဏီမှာ တစ်ချိန်လုံးရှိနေမယ်ဆိုရင် မင်းအဖေက ကုမ္ပဏီကို မင်းလက်ထဲပဲ ထည့်ခဲ့မှာကို တွေးကြောက်နေခဲ့တယ်၊ သူ့က ဂုဏ်မောက်နေတဲ့သူလေ၊ သူ့ကိုယ်သူ ဉာဏ်ကောင်းပါတယ်လို့ ကြွားဝါနေတဲ့ သူတစ်ယောက်က သူ့မိန်းမ အုပ်ချုပ်နေတဲ့ ကုမ္ပဏီမှာ ဘယ်နေနိုင်လိမ့်မလဲ?”
ထို့ကြောင့်ပင် ထိုအမျိုးသားသည် ဇနီးသည်အား တမင် ကိုယ်ဝန်ရစေကာ ကုမ္ပဏီမှ ထွက်ခွာစေခဲ့ပြီး သူမ၏ ရပိုင်ခွင့်များအား ဖျက်ဆီးပြီးနောက် ကုမ္ပဏီအား အပိုင်စီးရန် ကြိုးစားနေခြင်းပင်။
ထိုမှသာလျှင် သူ၏ ယောက္ခထီးကွယ်လွန်သည့်အချိန်တွင် သူ ဆက်၍ ဂုဏ်မောက်နေနိုင်မည်ဖြစ်သည်။
“အား…..”
ရှောင်မာ ဆက်၍ နားမထောင်နိုင်တော့ပေ။ သူမ အမှိုက်ပုံးရှိရာသို့ ပြေးသွားကာ ဆိုဖာလက်ကိုင်အား ကိုင်ရင်း အော့အန်နေခဲ့သည်။
သမီးဖြစ်သူ၏ ဖြူဖျော့နေသော မျက်နှာကြောင့် ဖခင်မာတစ်ယောက် စိတ်ပူရသလို တစ်ချိန်တည်းတွင်လည်း ဒေါသထွက်နေခဲ့သည်။
သူ ဒေါသထွက်စွာ လှောင်ရယ်လိုက်ရင်း ဆိုလာသည်။
“ဘယ်လို သားမက်မျိုးများပါလိမ့်၊ ငါ့ရဲ့ မာမိသားစုပိုင် ကုမ္ပဏီကို အပိုင်စီးဖို့ ကြိုးစားနေတာ ဒီအဆင့်တောင် ရောက်နေပြီပေါ့လေ !
သမီးလေး စိတ်မပူနဲ့၊ သူလုပ်ခဲ့သမျှကို နောင်တရအောင်မှ အဖေ မလုပ်နိုင်ရင် အဖေ့ရဲ့မျိုးရိုးနာမည်လည်း မာ မဟုတ်တော့ဘူး!”
“ဒီခွေးတိရိစ္ဆာန်ရဲ့ မျက်နှာအမှန်ကို ပြောပြပေးတဲ့အတွက် ကုတောက်ကျန့်ကိုလည်း ကျေးဇူးတင်ပါတယ်၊ ဒီကြင်နာမှုကို ရင်ထဲမှာ သေချာသိမ်းထားပါ့မယ်”
ထိုအချိန်တိုက်ဆိုင်စွာပင် ပရိုဂရမ်အဖွဲ့ထံသို့ ဆေးရုံမှ ဖုန်းဝင်လာသည်။
ဝန်ထမ်းတစ်ဦးက ရှက်ရွံနေသော မျက်နှာဖြင့် လီမျိုးရိုး၏ လက်ရှိအခြေအနေ သတင်းကို အြောလာခဲ့သည်။
“ဆေးရုံက ပြောလာတယ်၊ မစ်စတာလီကို အချိန်မှီ ပို့ပေးနိုင်လို့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေကိုတော့ ကျော်နိုင်ခဲ့တယ်တဲ့? ဒါပေမယ့် သူ့ကိုယ်ထဲမှာ မြွေဆိပ်က များနေပြီး သာမန် မြွေပေါက်ခံရတဲ့ အဆိပ်ထက်ကို များနေတယ်တဲ့၊
အဆိပ်တွေက သူ့ရဲ့ ညာဘက်လက်က သွေးကြောတွေနဲ့ အာရုံကြောတွေကို တော်တော်လေး ထိသွားတယ်လို့ ပြောတယ်”
“အခုလက်ရှိအခြေအနေအရ သူ့ရဲ့ လက်မောင်းအာရုံကြောတွေက သေသွားပြီး လက်ကို ဖြတ်ပစ်ဖို့တော့ လိုလာပါမယ်တဲ့…..”
အော့အန်ခြင်းများ ပြီးသွားသည့်နောက်တွင် ရှောင်မာ၏ မျက်လုံးများက မို့အစ်နေခဲ့သည်။
သူမ အက်ကွဲသော အသံဖြင့် ကုကျစ်စုန့်အား တောင်းဆိုလိုက်သည်။
“ကုတောက်ကျန့်၊ ကျွန်မ အဲ့ဒီ မသေမျိုးမြွေကို တွေ့လို့များ ရနိုင်မလား?”
ကုကျစ်စုန့် မျက်ခုံးတစ်ဖက်ပင့်ကာ ပြောလိုက်သည်။
“သူက မင်းရဲ့ ဘေးမှာပဲ ရှိတယ်၊ ငါမင်းကို ဝိဉာဉ်အာရုံခံနိုင်စွမ်း ခဏပေးလိုက်မယ်၊ဒါက ခဏတော့ မြင်နိုင်လိမ့်မယ်”
ကုကျစ်စုန့် စကားပြောပြီးသည်နှင့် ရှောင်မာ၏ ဝိဉာဉ်မျက်လုံးများအား ဖွင့်ပေးလိုက်သည်။
ရှောင်မာ မျက်လုံးပြန်ဖွင့်လိုက်သည့်အချိန်တွင် ဖာက်ထွင်းမြင်နေရသော မြွေဖြူကြီးတစ်ကောင်အား မြင်လိုက်ရသောကြောင့် လန့်ဖြပ်သွားရကာ ခြေတစ်လှမ်းပြန်ဆုတ်လိုက်မိသည်။
မသေမျိုးမြွေဖြူမှာ ဤနေရာသို့ ကျေးဇူးဆပ်ရန်ရောက်နေကြောင်း သိရှိထားရခဲ့ကြောင့်ပင်လားမသိသော်လည်း သူမ မြွေဖြူထံမှ ငြိမ်းချမ်းသည့် အငွေ့အသက်ကိုသာ ခံစားရပြီး စိတ်တည်ငြိမ်လာခဲ့သည်။
ရှောင်မာ မျက်ရည်များကို ထိန်းလိုက်ကာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ မင်းသာ အဲဒီနေ့က ကျွန်မကို မကာကွယ်ခဲ့ဘူးဆိုရင် ကားတိုက်ခံရပြီး မတော်တဆမှု ဖြစ်နေလောက်ပြီ….”
သူမ၏ ခန္ဓာကိုယ်လေး အနည်းငယ်တုန်ရီနေခဲ့ကာ မသေမျိုးမြွေဖြူအား ဦးညွှန်ကာ အရိုအသေပေးလိုက်သည်။
“တောင်းပန်ပါတယ်!!”
မသေမျိုးမြွေဖြူ၏ တည်ရှိနေမှုအား မျက်ဝါးထင်ထင် မြင်တွေ့ရပြီးနောက်တွင် သူမအနေဖြင့် ကုကျစ်စုန့်မှ လျှောက်ပြောနေခြင်းမဟုတ်ဘဲ အမှန်တကယ် စွမ်းဆောင်ရည်ရှိသူဖြစ်ကြောင်း လုံးလုံးလျားလျားယုံကြည်သွားခဲ့သည်။
သူမ၏ စိတ်ထဲမှ မယုံသင်္ကာစိတ်များကလည်း အရှင်းပျောက်သွားခဲ့ရကာ အက်ကွဲနေသော အသံဖြင့် စကားဆိုလိုက်သည်။
“အဖေ၊ သမီး သူနဲ့ကွာရှင်းချင်တယ်”
*
“ပရိုဂရမ်အဖွဲ့ရဲ့ ကူညီမှုအတွက်လည်း ကျေးဇူးတင်ပါတယ်၊ ပြိုင်ပွဲဝင်အားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်”
ကြည့်ရှုသူများသည်ကား ပွဲစဉ်အား မရပ်တန့်စေချင်ကြသေးပေ။ ရှောင်မာ၏ ဗိုက်ထဲမှ ကလေးအား မွေးမည်၊မမွေးမည်ကို သိချင်သေးသလို လူယုတ်မာကောင်နှင့် မည်သို့ ကွာရှင်းမည်ဆိုသည်တို့အား သူတို့ သိချင်ကြသေးသည်။
သို့သော် ရှောင်မာ၏ ကိုယ်ရေးကိုယ်တာအား ကာကွယ်ပေးရန်အတွက် တင်ဆက်သူလျို့က အစီအစဉ်ပြီးဆုံးကြောင်း စကားစလိုက်လိုက်သည်။
“ ‘ကျွန်မရဲ့ ဘေးမှာ မြွေတွေရှိနေတယ်’ ဆိုတဲ့ ပထမဆုံးအကူအညီတောင်းဆိုသူရဲ့ ပြဿနာကိုတော့ ဖြေရှင်းပြီးသွားပါပြီ၊ အခု ကျွန်တော်တို့ရဲ့ ပြိုင်ပွဲဝင်တွေက လူငယ်စုံတွဲရဲ့ ဘေးမှာ ရှိနေတဲ့ ထူးခြားမှုတွေကို မြင်သိပြီး သိချင်တာတွေကိုလည်း ဖြေပေးပြီးဖြစ်တာကြောင့် ဒီအကူအညီတောင်းဆိုမှုကတော့ အောင်မြင်စွာ ပြီးဆုံးသွားပါပြီ”
“ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ ပြိုင်ပွဲဝင်တွေကိုအတွက် အနားယူချိန် မိနစ် (၄၀) လောက်ပေးဖို့ တောင်းဆိုပါရစေ၊ မိနစ် ၄၀ ပြီးတဲ့နောက်မှာ နောက်ထပ် အကူအညီတောင်းသူအဖွဲ့ကို ဖိတ်ခေါ်မှာ ဖြစ်ပြီး သူတို့တွ ဘယ်လို အခက်အခဲတွေကို တွေ့ကြုံနေရသလဲဆိုတာကို ဖော်ထုတ်ကြမှာ ဖြစ်ပါတယ်၊ ကြည့်ရှုသူများလည်း ထပ်ပြီး စောင့်ကြည့်ပေးကြပါဦး”
သူ စကားပြောပြီးနောက်မှာပဲ ကင်မရာလည်း ပိတ်သွားခဲ့သည်။
ရှောင်မာတစ်ယောက် စိတ်ကို ထပ်မံမထိန်းထားနိုင်တော့ကာ ဖခင်ဖြစ်သူ၏ ရင်ခွင်ထဲတွင် ချုံးပွဲချငိုကြွေးတော့သည်။
ဖခင်မာလည်း အင်မတန် စိတ်ရှုပ်ထွေးနေခဲ့ပုံပေါ်ကာ ခဏကြာတော့ မေးမြန်းလိုက်သည်။
“ဒီကလေးလေး…”
“သမီး သူ့ကို မမွေးနိုင်တော့ဘူး..”
ရှောင်မာ ပြတ်သားစွာ ပြောလိုက်သည်။
“သူ့မှာ အပြစ်မရှိဘူးဆိုတာနဲ့ သူ့အဖေရဲ့ အပြစ်ကို ကလေးကို မလွှဲချသင့်ဘူးဆိုတာကို သမီးသိပါတယ်….”
အဘိုးလီနှင့် မသေမျိုးမြွေတို့၏ အကြောင်းကို ကြားရပြီးနောက် သူမ ကလေးငယ်၏ အဘိုးမှာ ကလေးအား ချစ်မြတ်နိုးလွန်းသည်ဟု ခံစားရကာ အနာဂတ်တွင်လည်း မသေမျိုးမြွေကဲ့သို့သော စွမ်းအားကြီးဝိဉာဉ်တစ်ကောင်၏ ကာကွယ်မှုကို ခံရမည်ကို သူမသိသည်။
သေသေချာချာ သင်ကြား ပျိုးထောင်ပေးပါလျှင် ထိုကလေးမှာ သူ၏ ရက်စက်လွန်းသော ဖခင်ကဲ့သို့ သွေးအေးလွန်းမည်မဟုတ်ကြောင်းကိုလည်း နားလည်ပေသည်။
သို့သော် အချိန်ကြာကြာ စဉ်းစားပြီးနောက် ရှောင်မာက မသေမျိုးမြွေအား ‘တောင်းပန်စကား’ ဆိုလိုက်သည်။
သူမ အချိန်အကြာကြီး စဉ်းစားခဲ့သည်။ ဤအမျိုးသားသည်ကား သူမ၏ ခံစားချက်များကို လှည့်စားခဲ့ကာ သူမတို့၏ အိမ်ထောင်ရေးသည်လည်း တွက်ချက်မှုများ ပြည့်နှက်နေခဲ့သည်။
မွေးပြီးချိန်တွင် သူမ ကလေးငယ်အား ချစ်မြတ်နိုးသည် ဆိုထားစေတော့။ ထိုကလေးငယ်အား နေ့စဉ်ရက်ဆက် မြင်တွေ့နေရကာ ကလေး၏ မျက်နှာမှာ သူမ၏ ခင်ပွန်းဟောင်းနှင့် တစ်နေ့တစ်ခြားတူလာခဲ့မည်မှာ အသေအချာပင်။
သူမ ဤ မအောင်မြင်သော အိမ်ထောင်ရေးမှ ရုန်းထွက်နိုင်မည်မဟုတ်ပေ။ အချိန်ရက်ဆက် အတိတ်မှ နာကျင်မှုများကြားတွင်သာ တွယ်ငြိနေရလိမ့်မည်။
အချိန်ကြာလာလျှင် ဤကလေးနှင့် ပတ်သတ်ပြီး ခင်ပွန်းဟောင်းနှင့်လည်း ပြန်၍ ဆက်သွယ်ကောင်း ဆက်သွယ်ရခြင်းမျိုးဖြစ်လာနိုင်သည်။
တစ်ဘဝတာ နာကျင်မှုသည် တစ်ခဏတာ နာကျင်မှုထက် ပို၍ ဆိုးဝါးလှပေသည်။
သူမ ထို ရွံရှာစက်ဆုပ်ဖွယ်ကောင်းလှသော ယောင်္ကျားဖြင့် လုံးဝ ယတိပြတ် အဆက်အသွယ်ဖြတ်ပစ်ချင်သည်။ နောင်တွင်လည်း လုံးလုံး ထပ်မပတ်သတ်ချင်တော့။
ရှောင်မာ မျက်ရည်များကို သုတ်ကာ ဆိုလိုက်သည်။
“ပြီးတော့ အဖေ့မှာလည်း မမြင်နိုင်တဲ့ အန္တရာယ်တွေက ရှိနေသေးတယ်လေ၊ သမီး ဖေဖေရဲ့ဝန်အချို့ကို ကူထမ်းပေးချင်တယ်၊ သမီး စိတ်ဆုံးဖြတ်ပြီးသွားပြီ၊ အဖေ ဒီကလေးလေးကို ဖျက်ချပြီးသွားတာနဲ့ သမီး ကုမ္ပဏီကို ပြန်ဝင်ပြီး ဒီပရောဂျက်နဲ့ ပတ်သတ်ပြီး ကူညီပေးမယ်၊
ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာကိုလည်း သင်ယူမယ်၊ သမီးရဲ့ အလုပ်ကိစ္စနဲ့ ပတ်သတ်ပြီး နောက်ထပ် အဖေ စိတ်မပူစေရဘူး”
နောက်ဆုံးအကဲဖြတ်ချိန်တွင် သူမက မရပ်တည်နိုင်ခဲ့သောကြောင့်သာ ဖခင်ဖြစ်သူက ခင်ပွန်းဟောင်းအား လေ့ကျင့်ပေးရခြင်းပင်ဖြစ်သည်။
ရှောင်မာ ပြန်တွေးကြည့်လျှင် သူမ ကုမ္ပဏီမှ မထွက်ချင်သလို အလုပ်အားလည်း မစွန့်လွှတ်ချင်ခဲ့ပေ။
သူမ၏ ရင်ထဲတွင် သေချာစွာ သိနေသည် တစ်ခုက သူမသာ ဤအခွင့်အရေးကို ဆုံးရှုံးလိုက်ရလျှင် နောင် နှစ်ပေါင်းများစွာထိ နောင်တရ၍ ဆုံးမည်မဟုတ်တော့ပေ။
ဖခင်မာ ခေါင်းငြိမ့်သည်။
“သမီး မလိုချင်ရင် အဖေတို့လည်း မလိုချင်ပါဘူး၊ အဖေ သမီးကို အကောင်းဆုံး ဆရာဝန်ရှာပေးမယ်၊ ဒါပေမယ့် မသေမျိုးမြွေက…”
သူ မျက်မှောင်ကြုတ်ကာ တွေဝေသွားသည်။ အဘိုးလီနှင့် မသေမျိုးမြွေ၏ အကြောင်းအား ကြားရပြီးနောက်တွက် မသေမျိုးမြွေမှာ သမီးဖြစ်သူ၏ ဝမ်းထဲမှ ကလေးငယ်အား တွယ်တာစွဲလမ်းနေမည်ဟု ခံစားမိသည်။
အကယ်၍ မသေမျိုးမြွေသာ သမီးဖြစ်သူအား ကိုယ်ဝန်ဖျက်မချစေလိုပါလျှင်၊ ကိုယ်ဝန်ဖျက်ချပြီးနောက် သမီးဖြစ်သူအား မသေမျိုးမြွေမှ အငြိုးထားခဲ့ပါလျှင် မည်သို့ ဖြစ်လာနိုင်မည်နည်း။
ထိုအကြောင်းအား တွေးမိပြီးနောက် ဖခင်မာ စိတ်ပူသွားကာ ကုကျစ်စုန့်အား ကြည့်လိုက်သည်။
“ကုတောက်ကျန့်…”
*