ဖရိုဖရဲဖြစ်နေသော ကံကြမ္မာကြယ်စင် (4)
Vol. 10 Ch. 99
ကုကျစ်စုန့် :
“လူကြီးမင်း ဘာကို စိတ်ပူနေလဲဆိုတာ ကျွန်မ နားလည်ပါတယ်၊ စိတ်မပူပါနဲ့၊ ဘဝအသစ်တစ်ခုကို မွေးဖွားပျိုးထောင်ခြင်းက မိခင်ဖြစ်သူရဲ့ လက်ထဲမှာပဲ ရှိတယ်၊ တခြားဘယ်သူကမှ ဇွတ်အတင်းလုပ်ယူလို့မရဘူး၊ သူကလည်း နှစ်ပေါင်း ရာနဲ့ချီ ကျင့်ကြံလာတဲ့သူဆိုတော့ ဒီအမှန်တရားကို နားလည်ပါတယ်”
“ဒါ့အပြင် အဘိုးလီက နားလည်တတ်တဲ့ လူတစ်ယောက်ပါ၊ သူ သေပြီးနောက် အမှန်တရားကို သိရပြီး သားဖြစ်သူက ဇနီးသည်ကို မကောင်းကြံစည်တာမျိုး လုပ်ထားတယ်ဆိုတာကိုသာ သိခဲ့ရရင် သူက မစ္စမာရဲ့ ရွေးချယ်မှုကို ကန့်ကွက်မယ့်အစား အားပေးမှာသေချာပါတယ်”
ဤသို့ ဆိုပါက အလွန်ကောင်းမွန်လိမ့်မည်။
သူ့အနေဖြင့် မသေမျိုးမြွေမှ ကျေးဇူးဆပ်ချင်စိတ်ကြောင့် စိတ်လွတ်သွားကာ ကိုယ်ဝန်ဖျက်ချရာတွင် နှောင့်ယှက်မှာကို တွေးကာ ထိတ်လန့်နေခဲ့ရသည်။
သို့သော် မသေမျိုးမြွေ ထိုသို့ မလုပ်နိုင်ကြောင်း သိလိုက်ရသည်။
မသေမျိုးမြွေဖြူသည် ကုကျစ်စုန့်အား သေချာစိုက်ကြည့်ကာ အရှေ့သို့ တရွေ့ရွေ့ တိုးလာပြီး ရှောင်မာ၏ အနီးတွင် ရပ်လိုက်သည်။
ထို့နောက် သူ၏ ကြီးမားလှသော ဦးခေါင်းအား ရှောင်မာ၏ ဝမ်းဗိုက်ဖြင့် ထိစပ်လာခဲ့သည်။
အတန်ကြာပြီးနောက်တွင် ရှောင်မာ၏ ဝမ်းဗိုက်ထဲမှ ဝိဉာဉ်ရေးရေးလေး ထွက်လာကာ မသေမျိုးမြွေ၏ ဝါးမျိုခြင်းခံလိုက်ရလေသည်။
ကုကျစ်စုန့် အနည်းငယ် အံ့အားသင့်သွားရပြန်သည်။
မသေမျိုးမြွေ ယူဆောင်သွားသည်မှာ ရုပ်လုံးပင် မပေါ်သေးသော သန္ဓေသား၏ ဝိဉာဉ်သာ ဖြစ်သည်။
ထိုမြွေက ထိုဝိဉာဉ်အား သက်ရှိတစ်ခု ဖြစ်လာစေရန် ပျိုးထောင်ပေးမည့် ပုံပေါ်သည်။
သို့သော် ထိုကဲ့သို့ အပြုအမူမျိုးသည် သဘာဝစည်းမျဉ်း ဥပဒေများနှင့် ဆန့်ကျင်နေသောကြောင့် ခက်ခဲလွန်းလှသည်။
မသေမျိုးမြွေအနေနှင့် အနာဂတ်တွင် နှစ်ပေါင်းရာကျော်လောက်သည်အထိ ကျင့်ကြံခြင်းကို ပြုလုပ်နိုင်တော့မည်မဟုတ်ပါချေ။
ကုကျစ်စုန့် ရှောင်မာအား ပြောလိုက်သည်။
“သူက ဆုံးဖြတ်ပြီးသွားပြီဆိုမှတော့ ဒီကလေးကို တတ်နိုင်သမျှ မြန်မြန် ဖယ်လိုက်ကြရအောင်”
ဝိဉာဉ်မရှိတော့သော်လည်း သန္ဓေသား၏ ခန္ဓာကိုယ်မှာ မိခင်ကိုယ်ထဲတွင် ဆက်၍ ကြီးထွားလာနိုင်သေးသည်။
ထိုကလေးမှာ အခွံသာသာဖြစ်သောကြောင့် သူမ၏ ခန္ဓာကိုယ်ထဲတွင် ကြာကြာထားမည်ဆိုပါလျှင် ရှောင်မာအတွက် ကောင်းကျိုးရှိမည်မဟုတ်။
ကုကျစ်စုန့် ဖခင်နှင့် သမီးတို့ တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် နှစ်သိမ့်နေသည်ကို တိတ်တဆိတ် ကြည့်နေခဲ့သည်။
ကုကျစ်စုန့်၏ မျက်လုံးထဲတွင် ဖခင်နှင့် သမီးတို့၏ မျက်နှာများမှ ကံကြမ္မာများ ပြောင်းလဲသွားခဲ့သည်ကို တွေးမြင်ခဲ့ရသည်။
မူလ တွက်ချက်မှုအရဆိုလျှင် ရှောင်မာက ကလေးနှင့် မိသားစုအတွက် ကုမ္ပဏီမှ ထွက်ခွာသွားမည်ဖြစ်သည်။
သူမ ထွက်ခွာခဲ့သော်လည်း ခင်ပွန်းသည်၏ အစီအစဉ်မှာ မအောင်မြင်ခဲ့ပေ။ မာမိသားစု၏ ကုမ္ပဏီမှာ ဤပရောဂျက်အား လွဲချော်သွားခဲ့ကာ တိုးတက်မှုများလည်း ဤနေရာတွင်သာ တန့်နေမည်ဖြစ်သည်။
ဖခင်မာက သမီးဖြစ်သူအတွက် အလုပ်အား ဆက်လုပ်နေခဲ့ကာ သူ မသေဆုံးခင်အချိန်တွင် အာဏာအား သားမက်ဖြစ်သူ၏ လက်ထဲသို့ ထည့်ခဲ့သည်။
သို့သော် ထိုစွမ်းအားကြီးလွန်းသော လူယုတ်မာကောင်မှ သူ၏ ဗီဇအား ထုတ်ပြကာ အမြှောင်မယားအများအပြား ထားခဲ့သည်။
ထိုသူက မိန်းမဖြစ်သူ စက်ဆုတ်ရွံရှာလာစေရန် သူ၏ ချစ်သူများအား အိမ်သို့ ရည်ရွယ်ချက်ရှိရှိခေါ်လာတတ်ကာ မည်သည့်အရာကိုမျှ ဂရုမစိုက်သည့် အပြုအမူမျိုးကိုပြု၍ တရားမဝင် ကလေးတစ်ယောက်ပင် မွေးခဲ့သေးသည်။
မာမိသားစု ပိုင်ဆိုင်မှုများအား လက်ဝါးကြီးအုပ်ကာ ကုမ္ပဏီနှင့် အမွေများအား တရားမဝင်သားသို့ ပေးခဲ့မည်ဖြစ်သည်။
ထိုအချိန်တွင် ရှောင်မာကတော့ အိမ်ရှင်မတစ်ဦးအဖြစ်နေခဲ့သည်မှာ ဆယ်နှစ်ကျော် ကြာပြီဖြစ်တာကြောင့် သူမမှာ အချိန်နှင့် အမျှ ပြောင်းလဲနေမှုများအား လိုက်မမှီနိုင်တော့ချေ။
နောက်ဆုံးတွင် သူမသည်လည်း ဒေါသနှင့် စိတ်ကျရောဂါတို့ကြောင့် သေဆုံးခဲ့ရသည်။
ယခု သူမက ထိုဖီးနစ်ငှက်ကဲ့သို့လူသားနှင့် ကွာရှင်းရန် ဆုံးဖြတ်လိုက်ကာ ကုမ္ပဏီသို့ ပြန်ဝင်တော့မည် ဖြစ်သောကြောင့် သူမ၏ ဘဝသည်လည်း သဘာဝအတိုင်းပင် ပြောင်းလဲသွားခဲ့သည်။
သူမ၏ ဆုံးဖြတ်ချက်များနှင့် စီစဉ်မှုများအောက်တွင် မာမိသားစု၏ကုမ္ပဏီကလည်း ယခုပရောဂျက်အား အောင်မြင်မည်ဖြစ်ကာ ပို၍ တော်သော၊ကောင်းသော လူများနှင့် တွေ့ဆုံရလိမ့်မည်။
ရှောင်မာ၏ အမြင်သည်လည်း ပို၍ ကျယ်ပြန့်လာပြီး သူမ၏ စီးပွားရေးတွင် ထက်မြက်မှုမှာလည်း ပို၍ ထင်ရှားလာလိမ့်မည်။
ကုမ္ပဏီကိုလည်း ပို၍ ကြီးမားကျယ်ပြန့်အောင် ဆောင်ရွက်နိုင်လာမည်ဖြစ်သည်။
လီမျိုးရိုးအတွက်ကတော့ ထိုသူမှာ အပြောင်စအလဲများအပေါ် ထိတ််လန့်တုန်လှုပ်ကာ ဆက်၍ တွယ်ကပ်နေချင်သေးသည်။
သို့သော် ကျန်းမာသန်စွမ်းကာ ဘဝ၏ ထိပ်ဆုံးအချိန်တွင် ရှိနေသော ဖခင်မာက အသီးအရွက်စားသူ ဖြစ်နိုင်မည်ဟု ထင်ပါသလား?
ထိုလူက အသီးအရွက်စားသတ္တဝါကဲ့သို့ သူ၏သားကောင်ကို အလွတ်ပေးမည့်သူမျိုး မဟုတ်ပါချေ။
သူတို့ ပြန်ရောက်လျှင် ဖခင်မာက ထိုလူငယ်အား ထပ်မံ၍ စစ်ဆေးလိမ့်မည်ဖြစ်သည်။ ရှယ်ယာများပိုင်ဆိုင်မှုက သူ့လက်ထဲတွင်သာ ရှိကာ ဤအိမ်သည်လည်း မင်္ဂလာမဆောင်ခင်က ပေးထားခြင်းဖြစ်သည်။
သို့ဖြစ်၍ ကွာရှင်းပြီးလျှင်တောင်မှ ထိုဖီးနစ်ငှက်အမျိုးသားက ချုးတစ်ပြားမှပင် ရလိမ့်မည်မဟုတ်တော့ပေ။
ဖခင်နှင့် သမီးဖြစ်သူတို့က နေရာရှိလူတိုင်းအား ထပ်၍ ကျေးဇူးတင်လိုက်ကာ လက်ဖြတ်ပစ်ရတော့မည့် ဖီးနစ်ငှက်အမျိုးသားဆီသို့ သွားရောက်တွေ့ဆုံပြီး ကွာရှင်းမည့် သတင်းကောင်းအား ပြောရန် ဆေးရုံသို့ ထွက်သွားကြသည်။
ထိုအခိုက်တွင် တစ်ချိန်လုံး မျက်လုံးများ မှိတ်ထားသော မသေမျိုးမြွေက သူ၏ ဒေါင်လိုက် မျက်ဆံများအား ဖွင့်လှစ်လာကာ အမြီးကို လှည့်လျက် အနောက်မှ လိုက်သွားရန် ပြင်လိုက်သော်လည်း သူ့အား မြင်နိုင်သော တောက်ကျန့်၏ စကားသံကို ကြားလိုက်ရသည်။
“သူ့ကို သေခိုင်းလိုက်တာက တကယ် လက်စားချေတာဖြစ်လိမ့်မယ်လို့ ထင်နေတာလား?”
မသေမျိုးမြွေက လှမ်းကြည့်လိုက်ပြီး သူ၏ မျက်လုံးများကလည်း အေးစက်နေခဲ့သည်။
ကုကျစ်စုန့် သူမ၏အောက်နှုတ်ခမ်းအား တွန့်ချိုးလိုက်သည်။
“တချို့လူတွေအတွက်ကတော့ ဟုတ်လိမ့်မယ်၊ ဒါပေမယ့် အချို့အတွက်ကျတော့ သေသွားတာကမှ တော်သေးတယ်လို့ ထင်တဲ့ အရာတွေရှိနေတတ်တယ်၊ လီလူကြီးမင်းရဲ့ သားက ဟန်ဆောင်ကောင်းပြီး သူ့ကိုယ်သူ သူများထက် သာတယ်လို့ ထင်နေတာ၊
သူက ပါးစပ်ဟလိုက်တာနဲ့ စားစရာ၊အဝတ်အထည် လက်ထဲရောက်ပြီးသား ဘဝကို ကျင့်သားရနေပြီလေ၊
သူ့ရဲ့ ကြိုးစားမှုတိုင်းက ချမ်းသာတဲ့ မိသားစုထဲကို ဝင်နိုင်ဖို့အတွက်ပဲ”
“သူက မိဘကိုလည်း မသိတတ်သလို မိန်းမပေါ်မှာလည်း မညှာတာဘူး၊ ဒီလိုလူမျိုးက သေပြီးရင် ၁၈ထပ်မြောက်ငရဲမှာ ခံစားရသင့်တယ်၊ညဒါပေမယ့် သူ့အတွက် လက်မခံနိုင်ဆုံးအရာကတော့ သေခြင်းတရားမဟုတ်ဘူး၊ ဆင်းရဲမွဲတေပြီး ဂုဏ်သိက္ခာမရှိတဲ့ ဘဝပဲ”
“သူက လက်တစ်ဖက်လည်း မရှိတော့ဘူး၊ ဂုဏ်သတင်းကလည်း အပုတ်နံ့ထောင်းနေပြီဆိုတော့ သူများတွေကိုလည်း လိမ်လို့ မရတော့ဘူး၊ သူ့ကို သူ အမုန်းဆုံး၊ အရွံရှာဆုံး ဘဝမှာ နေခိုင်းရမယ်၊ အသက်ရှည်လေ ကောင်းလေပဲ၊
သူ့ရဲ့ ဇနီးဟောင်းက တိုးတက်လာနေပြီး မာမိသားစုကလည်း ပိုပြီး ချမ်းသာ၊ ပျော်ရွှင် ကျန်းမာလာတာကို ကြည့်နေရလိမ့်မယ်၊ အဲ့တာကမှ သူ့အတွက် ဝဍ်ဆင်းရဲပဲ”
သူမ မပြောလိုက်သည့် စကားတစ်ခွန်းလည်း ရှိသည်။
တိရိစ္ဆာန်များ၏ ကျင့်ကြံခြင်းသည်ကား လူသားကျင့်ကြံခြင်းထက် အဆပေါင်းများစွာ ခက်ခဲသည်။ သူသာ လူသတ်မှုကြောင့် လက်တွင် သွေးစွန်းခဲ့မည်ဆိုပါလျင် မည်သို့ အကြောင်းပြချက်ဖြစ်စေ၊ တစ်သက်လုံး ရှင်သန်နိုင်စွမ်း ထပ်မံရရှိနိုင်ရန် အခွင့်အလမ်းရော၊ ဖြစ်နိုင်ချေကိုပါ ဆုံးရှုံးရမည်ဖြစ်သည်။
ထိုကဲ့သို့ ပုတ်သိုးနေသော လူတစ်ယောက်အတွက် အနည်းငယ်မျှပင် မထိုက်တန်ပေ။
အချိန်အကြာကြီး ရပ်နေပြီးနောက် မသေမျိုးမြွေက အတွေးထဲတွင် နစ်မြောနေပုံပေါ်သည်။
ထို့နောက် သူက ရိုက်ကူးရေးနေရာမှ တဖြည်းဖြည်း ထွက်ခွာသွားခဲ့တော့သည်။
ကုကျစ်စုန့် ဤတစ်ကြိမ်တွင်တော့ မျက်လုံးများ မဖွင့်ဘဲ ခုံပေါ်တွင်သာ လဲလျောင်းနေခဲ့သည်။
မသေမျိုးမြွေ သဘောပေါက်နားလည်သွားသည်ကို သူမ သိပြီးသောကြောင့်ပင်။
အချိန်အတန်ကြာပြီးနောက် သူမတစ်ယောက်တည်း လေဟာနယ်ဖြင့် စကားပြောနေသည်ကို အဝေးမှ ပုန်းကာ ကြည့်နေခဲ့သော လက်ထောက်ရှောင်ကျိုးက အနားသို့ရောက်လာခဲ့သည်။
သူမ လေသံတိုးတိုးဖြင့် မေးလိုက်သည်။
“စုန့်ကျဲ.. မသေမျိုးမြွေအရှင် ထွက်သွားပြီလားဟင်?”
ကုကျစ်စုန့် :
“ထွက်သွားပြီ၊ ဘာလဲ? မြင်ချင်လို့လား?”
“မမြင်ချင်ဘူး၊ မမြင်ချင်ဘူး၊ မမြင်ချင်ဘူး!”
ရှောင်ကျိုး ခေါင်းကို တွင်တွင်ခါရင်း ဇာတ်ညွှန်းတစ်ရွက် လှမ်းပေးကာ ပြောလိုက်သည်။
“ဒါက နောက်ထပ်အကူအညီတောင်းတဲ့ မစ်ရှင်ကျရင် လာရမယ့် လူအစဉ်လိုက်တဲ့၊ ဒါရိုက်တာက ကျဲကျဲကို ပြဖို့ ပြောလိုက်လို့ပါ”
“ကောင်းပြီ”
“စကားမစပ် စုန့်ကျဲ၊ ထိပ်တန်းရှာဖွေမှုထဲမှာ ထပ်ဝင်သွားပြန်ပြီနော်! ကျဲရဲ့ ပရိတ်သတ်ကလည်း ရှစ်သိန်းထိတောင် တိုးသွားပြီ!!”
ကုကျစ်စုန့်: “… …”
*