ကောင်းကင်နတ်အရှင်ဟွေ့၏ နေဝင်ချိန်
Vol. 125 Ch. 1623
“ဟောင်အာ၊ ဒီတိုက်ပွဲက ရလဒ်ကို ဆုံးဖြတ်ပေးနိုင်တယ်”
ထိုက်ချူက ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ မျက်နှာကို အပြုံးဖြင့် ကြည့်ကာ အေးဆေးစွာ ပြောသည်။ “ငါ နဂါးဟန်ခေတ်မှာ ရှုံးသွားတည်းက ဂုဏ်ဒြပ်တွေ၊ သိက္ခာကျတာတွေက ယာယီပဲဆိုတာ သိခဲ့ရတယ်…. ဂုဏ်ဒြပ်တွေ၊ သိက္ခာကျတာတွေက အင်အားကြီးတဲ့သူတစ်ယောက် ဘ၀ရဲ့ အနိုင်တွေ၊ အရှုံးတွေကို သတ်မှတ်မပေးနိုင်ဘူး…. ငါ ငယ်ငယ်ကတည်းက ကံဆိုးမှုအများကြီး တွေ့ကြုံခဲ့ရတယ်… ထိုက်ချူ ကျောက်တုံးတွင်းထဲမှာ ဘယ်ဟာက ကောင်းတယ် ဘယ်ဟာကတော့ ဆိုးတယ်ဆိုတာကို မသိခဲ့ရဘူး…. မဟာဧကရာဇ် ငါ့ကို မတူးဖော်ခင်အချိန်အထိ ထိုက်ချူချီကြောကို ဘယ်လိုသန့်စင်ရမလဲဆိုတာကိုပဲ သိခဲ့တာ”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က မျက်မှောင်ကြုတ်လျက် ခပ်မဲ့မဲ့ ပြုံးကာ တုံ့ပြန်သည်။ “နန်းစွန့်ဧကရာဇ်၊ ခင်ဗျားက တကယ်ကို အသက်ကြီးနေပြီပဲ… ဒီအဖေနဲ့ သား တိုက်ပွဲက မစသေးပေမယ့် ခင်ဗျားက အနိုင်ရသူ ပြောတဲ့စကားတွေကို ပြောနေပြီ”
ထိုက်ချူက လက်ကို လွှဲရမ်း၍ ဆက်ပြောသည်။ “ငါ အဲ့ဒီတုန်းက အားနည်းခဲ့တယ်… မဟာဧကရာဇ်ရဲ့ စွမ်းအားကို ကြောက်ခဲ့တဲ့အတွက် သူ့ကို ငါ့မွေးစားအဖေအဖြစ် နေရာပေးခဲ့တယ်…. သူက ငါ့ထိုက်ချူဧကရာဇ်ဓားကို ယူသွားပြီး ဖန်ဆင်းရှင်တွေကို ငါ့ကို ပူဇော်ကိုးကွယ်စေခဲ့တယ်…. ငါ့စွမ်းအားကို တိုးတက်စေခဲ့သယောင် ထင်ရပေမယ့် တကယ်တော့ ငါ့တိုးတက်နိုင်စွမ်းကို သိနေတဲ့အတွက် ဖနိဆင်းရှင်တွေကို သုံးပြီး ငါ့ကို ကန့်သတ်ထားခဲ့တာပဲ…. ငါ သည်းခံပြီး ဖြည်းဖြည်းချင်း ကြံစည်ခဲ့တယ်…. နောက်ဆုံးတော့ လွန်ခဲ့တဲ့နှစ်တစ်သန်းက သွေးသံချေးဇုန်မှာ ၀င်တိုက်ခိုက်ပြီး သူ့ကို အပြည့်အ၀ အနိုင်ယူနိုင်ခဲ့တယ်… သူ့ကို နှစ်တစ်သန်းကြာတဲ့အထိ စွမ်းအားမဲ့စေခဲ့တယ်”
ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် သူ့ကို ဖြတ်မပြောဘဲ အေးဆေးတည်ငြိမ်စွာ နားထောင်နေ၏။
“အဲ့ဒီအချိန်ကစပြီး ငါ ထီးနန်းကို ရယူလို့ ဧကရာဇ်ဖြစ်လာခဲ့တယ်…. ငါ စကြ၀ဠာကို ပေါင်းစည်းလို့ တစ်လောကလုံးရဲ့ အရှင်သခင်ဖြစ်လာခဲ့တယ်…. ပင်လယ်လေးခုနဲ့ လွင်ပြင်ရှစ်ခုက အညံ့ခံခဲ့ကြတယ်…. မြေအောက်ဘုံအရှင်သခင်၊ ကောင်းကင်နယ်စားမင်းနဲ့ အမိကမ္ဘာမြေအားလုံးကို ငါ ထိန်းချုပ်ခဲ့ပြီး သူတို့ ငါကို မတွန်းလှန်နိုင်ခဲ့ဘူး…. ဖန်ဆင်းရှင်တွေကိုလည်း ဂရုစိုက်စရာ မလိုတော့ဘူး…. တစ်လောကလုံး အေးချမ်းခဲ့တဲ့အပြင် နတ်ဘုရားတစ်ပိုင်းမျိုးနွယ်ကလည်း တိုးတက်ခဲ့တယ်”
ထိုက်ချူက သက်ပြင်းချလိုက်သည်။ “ဒီအချိန်မှာ ကောင်းကင်နတ်အရှင်ယွီနဲ့ တခြားကောင်းကင်နတ်အရှင်ခုနစ်ပါးက ခွန်အားကြီးလာခဲ့ကြတယ်…..ငါ့အုပ်ချုပ်မှုကို ဖျက်ဆီးမယ့် လောကတစ်ခုကို ခပ်ရေးရေး တွေ့ခဲ့ရတယ်…. အဲ့ဒီအရှိန်အဟုန်က ငါနဲ့ တခြားရှေးဟောင်းနတ်ဘုရားတွေအားလုံးကို အစိတ်စိတ်အမွှာမွှာ ဖြစ်စေလိမ့်မယ်…. ဒါကြောင့် အဲ့ဒီ ကြောက်စရာအနာဂတ် ဖြစ်မလာအောင် မင်းကို ကောင်းကင်နတ်အရှင်ယွီကို သတ်ခိုင်းခဲ့တာပဲ…. ဒါပေမဲ့ အဲ့ဒါက အဲဒီအရှိန်ကို မရပ်တန့်နိုင်ခဲ့ဘဲ နေလိမ့်မယ်တော့ ထင်မထားခဲ့ဘူး…. အဲ့ဒီအစား ပိုပြီးတောင် အရှိန်ပြင်းလာခဲ့သေးတယ်… နောက်ဆုံးမှာ မင်းရဲ့ခမည်းတော်ဟာ မင်းနဲ့ ယွင်တို့ အနိုင်ယူတာ ခံခဲ့ရတယ်…. ဒီလိုပျက်သုဉ်းနေတဲ့ နှစ်တစ်သန်းမှာ ငါ့သရုပ်မှန်ကို ဖုံးကွယ်ပြီး ကောင်းကင်နတ်အရှင်ဆယ်ပါးနဲ့ ရောနှောနေရုံက လွဲပြီး ရွေးချယ်စရာ မရှိခဲ့ဘူး…”
ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးက ပြိုင်တူချီးကျူးလိုက်ကြသည်။ “မြင့်တက်တော့ ပြန်ကျခဲ့တယ် တဖန် ကျရှုံးရာကနေ ပြန်မြင့်တက်လာခဲ့တယ်…. ဒါက သူရဲကောင်းတစ်ယောက်ရဲ့ အစစ်အမှန်သဘာ၀ပါပဲ”
ကောင်းကင်နတ်အရှင်ဟောင်၏ မျက်နှာထက်ရှိ လှောင်ပြောင်သရော်နေသော မျက်နှာအမူအရာက ပိုပို၍ ပြင်းထန်လာသည်။
ထိုက်ချူမှာ တက်ကြွနေပြီး ပြုံးလျက် ဆက်ပြော၏။ “နှစ်တစ်သန်းကြာပြီးတဲ့နောက်မှာတော့ မင်းဟာ စွမ်းအားကြီးခဲ့တယ် ဟောင်အာ…. သိပ်မကြာခင်တုန်းက အဲ့ဒီစွမ်းအားက လုံး၀ကို လွှမ်းမိုးနိုင်တဲ့ အင်အားတစ်ရပ် ဖြစ်လာခဲ့တယ်…. ဒါကြောင့် ငါ မူလရုပ်ခန္ဓာကို ပြန်ရှာခဲ့ရတယ်…ငါ မွေးရာပါချီတာအိုကို ရခဲ့ရင်တောင်မှ မင်းကို နန်းစွန့်ပေးရုံကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဘူး…. မင်းကို ဒူးထောက်ပြီးတော့တောင် အရိုအသေပေးခဲ့ရသေးတယ်…. အဖေတစ်ယောက်အနေနဲ့ သားဖြစ်သူကို ဒူးထောက်ပူဇော်ရတာ အရှက်ရစရာအကောင်းဆုံးပဲ”
ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးက ပြိုင်တူချီးကျူးလိုက်ကြပြန်သည်။ “သူရဲကောင်းတစ်ယောက်အနေနဲ့ အရှက်ရမှာကို မကြောက်ဘဲ အရိုအသေပေးနိုင်တာဟာ သိပ်ကိုချီးကျူးစရာပါပဲ”
ထိုက်ချူ၏ မျက်နှာကြီးမှာ နီရဲသွားပြီး သူက ပြုံးလျက် ပြောလိုက်၏။ “တာအိုညီတော်နဲ့ညီမတော် မင်းတို့က ငါ့ကို ချီးကျူးတာများနေပြီ… ငါ အရှက်တစ်ကွဲအကျိုးနည်း ဖြစ်ခဲ့ရပြီး ငါ့ရဲ့သားတော်ကို ပြန်ပြီးဦးညွှတ်ပူဇော်ခဲ့ရပေမယ့် ဟောင်အာ၊ မင်းက အတွေ့အကြုံနည်းနေသေးမှန်း ငါ သိတယ်… ဟောင်အာ၊ မင်းက အာဏာကို သိပ်တပ်မက်ခဲ့ပြီး ဘယ်လိုမျှဝေရမလဲ မသိဘူး… ဥပမာအနေနဲ့ မြေအောက်ဘုံအရှင်သခင်၊ ကောင်းကင်နယ်စားမင်း၊ အမိကမ္ဘာမြေတို့အားလုံး ငါ့ဆီမှာ အညံ့ခံခဲ့ကြတယ်… သူတို့အညံ့ခံသရွေ့ ငါ သူတို့ကို လွှတ်ထားပေးခဲ့တယ်… မင်းကတော့ မတူဘူး… အာဏာမှန်သမျှကို သိမ်းပိုက်ထားချင်နေတာ… နန်းတက်တဲ့နေ့ကစပြီး အာဏာတွေကို ပြန်သိမ်းယူခဲ့တယ်… ကောင်းကင်နတ်အရှင်ဟွေ့က မင်းကို မတွန်းလှန်ဘဲ နေပါတော့မလား”
သူက ခပ်မဲ့မဲ့ ပြုံး၏။ “စိတ်ရှည်ရှည် မထားဘဲ မင်းရဲ့တောင်ပံတွေကို ကိုယ်တိုင် ချိုးဖျက်ပစ်ခဲ့တာပဲ… ကောင်းကင်နတ်အရှင်ဟွေ့က ငါ့ဆီ အညံ့ခံလာခဲ့ပြီ.. ငါ မင်းကို နောက်ဆုံးတော့ အနိုင်ယူနိုင်ပြီ… နဂါးဟန်ခေတ်ရဲ့ ကောင်းကင်နတ်အရှင်ကိုးပါးလုံးက ဉာဏ်ကြီးရှင်တွေချည်းပဲ… မင်းက ကောင်းကင်နတ်အရှင်ဟွေ့ကို အထင်သေးလွန်းခဲ့တယ်.. နဂါးဟန်ခေတ်ရဲ့ ကောင်းကင်နတ်အရှင်ကိုးပါးကို ရှေးဟောင်းနတ်ဘုရားဘုရင်နဲ့ ကောင်းကင်နတ်အရှင်ရှုတို့ လုံးဝမယှဉ်နိုင်ဘူး… ငါ မင်းကို ပိတ်ထားသရွေ့ ကောင်းကင်နတ်အရှင်ဟွေ့က ရှေးဟောင်းနတ်ဘုရားဘုရင်နဲ့ ကောင်းကင်နတ်အရှင်ရှုတို့ကို သတ်ဖြတ်ပြီး မင်းရဲ့ တောင်ပံတွေကို ဖြတ်တောက်ပစ်လိမ့်မယ်.. အခုအချိန်ကစပြီး ငါ အရေးသာသွားပြီ”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ပေါ့ပါးအေးဆေးစွာ တုံ့ပြန်သည်။ “နန်းစွန့်ဧကရာဇ်၊ ခင်ဗျားက အများကြီးထုတ်ပြောခဲ့တာပဲ… ခင်ဗျားရဲ့ ဉာဏ်ပညာနဲ့ မီလော့နန်းတော်ရဲ့ သခင်လေးလေးနဲ့ သခင်လေးသုံးက ကျုပ်ကို ထောက်ပံ့နေဆဲဆိုတာ မတွေးခဲ့မိဘူးလား”
ထိုက်ချူက ခေါင်းခါရမ်းကာ ဖြေ၏။ “ငါက မင်းထက် ဗျူဟာနေရာမှာ ပိုပြီး ကျွမ်းကျင်တယ်… မင်းက ငယ်လွန်းတယ်… သခင်လေးလေးနဲ့ သခင်လေးသုံးတို့က မင်းရဲ့ ရည်မှန်းချက်တွေကို မသိဘဲနေပါ့မလား… လူ့ပြည်ကို ဝင်ရောက်လာတဲ့အခါ သူတို့ရဲ့အစီအစဉ်တွေ အောင်မြင်နိုင်ဖို့ မင်းနဲ့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်မယ့်သူတစ်ယောက်ကို ထောက်ပံ့ပေးဖို့ လိုတယ်… ငါ မင်းနဲ့တိုက်ခိုက်တာကို သူတို့ ပျော်ပျော်ကြီး ကြည့်နေကြလိမ့်မယ်… မင်း သခင်လေးလေးနဲ့ သခင်လေးသုံးဆီက စွမ်းအား ငှားယူလို့မရတော့ဘူး… ငါ ပြောတာ မယုံရင် ကြိုးစားကြည့်လိုက်”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ခပ်ရွဲ့ရွဲ့ပြုံးပြီးနောက် လက်ခုပ်တီးတာ ချီးကျူးလိုက်သည်။ “သိပ်ကိုအပြောကောင်းတာပဲ… နန်းစွန့်ဧကရာဇ်၊ ခင်ဗျားက ကြံစည်ကောက်ကျစ်လွန်းတာ နှမြောဖို့ကောင်းတယ်… ဒါပေမဲ့ နောက်ဆုံးမှာတော့ ခင်ဗျားက အိုနေတုန်းပဲလေ”
သူက အေးအေးဆေးဆေး ဆက်ပြော၏။ “ကျုပ် အာဏာတွေကို အပိုင်စီးခဲ့တယ် … ကြည့်ရင်တော့ ကျုပ်က အာဏာကိုတစ်ယောက်တည်း သိမ်းပိုက်ပြီး အကျိုးသယ်ပိုးခဲ့တဲ့ ၀န်မင်းတွေအားလုံးကို သတ်ဖြတ်နေတယ်ထင်မှာပေါ့… ရူးမိုက်လွန်းတဲ့ အကွက်တစ်ကွက်ပဲမလား… ဒါပေမယ့် ကျုပ်တိုင်းပြည် နှစ်သန်းပေါင်းများစွာ မဟုတ်သေးဘူး နှစ်ကုဋေချီတဲ့အထိ ထာဝရတည်မြဲနေဖို့အတွက် လုပ်နေတာ… ကောင်းကင်နတ်အရှင်ဟွေ့ကို သတ်လိုက်တာက ကျုပ်အာဏာရဲ့ အခြေခံအုတ်မြစ်ကို ယိုင်လဲသွားစေမှာတဲ့လား”
သူက ဂရုမစိုက်ပေ။ “လှုပ်ခါစေမှာတောင် မဟုတ်ဘူး… နယ်စားရာထူးတွေ ပေးပြီးတဲ့ အချိန်ကျမှ လှုပ်ခါလာလိမ့်မယ်… ကောင်းကင်နတ်အရှင်ဟွေ့က သေပြီးတာတောင် တွန်းလှန်ရဲလိမ့်မယ်လို့ ခင်ဗျား ထင်နေတာလား… သူ ပုန်ကန်တွန်းလှန်ရင်တောင်မှ သူ့ကို ရှင်းလင်းဖို့ နည်းလမ်းတွေအများကြီး ရှိတယ်… အဆိုးဆုံးအခြေအနေဆိုရင် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်က တာအိုမိတ်ဆွေတချို့ကို အငှားခေါ်ရုံပဲ… ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်မှာ တခြားဘာမှမရှိပေမယ့် အရင်စကြ၀ဠာတွေရဲ့ တာအိသိုင်းပညာရှင်တွေတော့ အများကြီးရှိတယ်မလား”
သူက လှောင်ပြောင်သရော်သော မျက်နှာအမူအရာဖြင့် ပြောသည်။ “သခင်လေးလေးနဲ့ သခင်လေးသုံးတို့မှာ တခြားရွေးချယ်စရာ မရှိဘူး… ကျုပ်ခွန်အားကို အားကိုးပြီးပဲ ဒီစကြ၀ဠာကို ဝင်ရောက်လာနိုင်မယ့် အခွင့်အရေးရမှာ… ခင်ဗျားရော ကောင်းကင်နတ်အရှင်မူပါ ကျုပ်ကို အနိုင်မယူနိုင်ဘူးဆိုတာ သူတို့သိထားပြီးပြီလေ”
ထိုက်ချူက ရယ်မောလိုက်သည်။ “ကောင်းကင်ယင်သားတော်နဲ့ အရှေ့နတ်မင်းတို့က တခြားတစ်ယောက် သတ်တာခံခဲ့ရပြီ…. အခု ရှေးဟောင်းနတ်ဘုရားဘုရင်နဲ့ ကောင်းကင်နတ်အရှင်ရှုကလည်း သေတော့မှာဆိုတော့ မင်းမှာ တခြား ဘာအင်အားများ ရှိတော့လို့လဲ”
ဤအခိုက်အတန့်တွင် အရှေ့နတ်မင်းချင်းလုံသည် သူတို့ရှိနေသည့်နေရာသို့ ပြေးလာနေခြင်း ဖြစ်၏။ သူတို့၏စကားကို ကြားလျှင် သူ၏နှလုံးသားထဲ၌ အေးခဲတုန်လှုပ်သွားမိသည်။ “ငါ သေသွားပြန်ပြီလား… ငါတောင် မသိလိုက်ဘူး … ပြေးတာကောင်းမယ် ထင်တယ်”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က သူ၏ခမည်းတော်ကို ကြည့်ပြီးနောက် သနားကရုဏာသက်နေသော အမူအရာဖြင့် ပြောသည်။ “နန်းစွန့်ဧကရာဇ်၊ ခင်ဗျားက တော်တော်ကို အိုနေတာပဲ”
သူက သက်ပြင်းချလိုက်၏။
တစ်ချိန်တည်းမှာပင် အလွန်တရာပြင်းထန်လှသော လှိုင်းဂယက်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်နတ်အရှင်ဟွေ့က ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် ကောင်းကင်နတ်အရှင်ရှုတို့ကို တိုက်ခိုက်နေ၏။ ကောင်းကင်နှင့် မြေကြီးမှာ ဆွဲဖြဲခံနေရသည်။ ရှေးဟောင်းနတ်ဘုရားဘုရင်က ကောင်းကင်နယ်စားမင်း၏ ရုပ်ခန္ဓာကို အမြင့်ဆုံးအထိ မြှင့်တင်လိုက်ကာ ကောင်းကင်နတ်အရှင်ဟွေ့ ဦးခေါင်းအနောက်ရှိ မီးတောက်လှည်းဘီးကို ဖျက်ဆီးပစ်လိုက်၏။
သို့သော် သူ လွတ်မြောက်သွားသည့်အချိန်တွင် ကောင်းကင်နတ်အရှင်ဟွေ့က လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။ သူ့မှာ ကောင်းကင်နယ်စားမင်း၏ ရုပ်ခန္ဓာအထက်၌ ရပ်နေပြီး ကောင်းကင်နယ်စားမင်း၏ ရုပ်ခန္ဓာက မီးတောက်လှည်းဘီးထဲမှ ရုန်းထွက်နေဆဲ ဖြစ်သောကြောင့် တားရန် အချိန်မတော့ပေ။
ရှေးဟောင်းနတ်ဘုရားဘုရင်မှာ တိုက်ကွက်ကို ခုခံရန် သူ တည်ဆောက်ထားသော ကောင်းကင်တာအိုရတနာကို ထုတ်သုံးလိုက်ရသည်။ ကောင်းကင်နတ်အရှင်ဟွေ့၏ တိုက်ကွက်တွင် တာအိုကျင့်စဉ်အဆင့် ၂၈ လွှာ ပါရှိပြီး တာအိုမီးတောက်အလွှာတစ်ခုချင်းဆီက ယခင်တစ်ခုစီထက် များစွာအားကောင်းနေ၏။ ၂၈ ဆင့်မြောက်သို့ ရောက်ရှိသည့်အချိန်တွင်တော့ ရှေးဟောင်းနတ်ဘုရားဘုရင် ကြိုးကြိုးစားစား သန့်စင်ခဲ့ရသည့် ကောင်းကင်တာအိုရတနာအားလုံး ရွှေရည်များအဖြစ် အရည်ပျော်သွားကြသည်။
“ရှေးဟောင်းနတ်ဘုရားဘုရင်၊ မင်းက ငါနဲ့ ယှဉ်ပြိုင်ဖို့ အဆင့်မီလို့လား”
ကောင်းကင်နတ်အရှင်ဟွေ့က နှာမှုတ်လိုက်ပြီး သူ၏မူလဝိညာဉ်သည် ကောင်းကင်နန်းဆောင်များကို ဖိချလိုက်ရာ ကောင်းကင်နတ်အရှင်ရှုမှာ အဆက်မပြတ် နောက်ဆုတ်လိုက်ရ၏။ သူမအနေဖြင့် ဤတိုက်ကွက်ကို ခုခံနိုင်ရန် မလွယ်ပေ။
ကောင်းကင်နတ်အရှင်ဟွေ့က ဟိန်းဟောက်လိုက်၏။ “နဂါးဟန်ခေတ် ကောင်းကင်နတ်အရှင်ကိုးပါးထဲမှာ ကောင်းကင်နတ်အရှင်ဟောင်က ခွန်အားအကြီးဆုံးပေမယ့် ငါကလည်း နိမ့်ကျမနေဘူး”
ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် ကောင်းကင်နတ်အရှင်ရှုတို့မှာ အံ့အားသင့်သွားကြသည်။ သူတို့မှာ သူ၏တိုက်ကွက်များကြောင့် နောက်ဆုတ်နေရ၏။
တောင်နတ်မင်းကျုချွဲကို သတ်ဖြတ်ခဲ့ပြီးနောက် ကောင်းကင်နတ်အရှင်ဟွေ့၏ ခွန်အားသည် ကောင်းကင်နတ်အရှင်ဆယ်ပါးတွင် ထိပ်ဆုံးသုံးယောက်အထိ ထိုးတက်သွားခဲ့သည်။ သို့သော် ရှေးဟောင်းနတ်ဘုရားဘုရင်သည် ကောင်းကင်နယ်စားမင်း၏ ရုပ်ခန္ဓာကို ရရှိခဲ့ပြီး ကောင်းကင်နတ်အရှင်ရှုကတော့ ယိုတုမဟာတာအိုတစ်ဝက်ကို ရရှိခဲ့၏။ ထို့ကြောင့် ကောင်းကင်နတ်အရှင်ဟွေ့၏ ခွန်အားသည် သူတို့အောက် နိမ့်ကျနေလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ သူတို့နှစ်ယောက် ပူးပေါင်းလိုက်ပါက သူ့ကို အလွယ်တကူ ဖမ်းဆီးနိုင်မည်ဟု ထင်ထားခဲ့သည်။
သို့သော် လက်ရှိအမှန်တရားက သူတို့ထင်ထားသည်ထက်ပင် ပို၍ရက်စက်၏။
ယခုတွင် သူတို့မှာ အသတ်ခံရရန် စောင့်ဆိုင်းနေကြသည့် သိုးငယ်လေးများ ဖြစ်နေကြပြီး ကောင်းကင်နတ်အရှင်ဟွေ့ကတော့ မုဆိုးကြီး ဖြစ်လေသည်။
ကောင်းကင်နတ်အရှင်ဟွေ့မှာ တိုက်ခိုက်လေလေ ပို၍ပျော်ရွှင်လာလေလေပင်။ သူက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ကောင်းကင်နတ်သိုင်းမျိုးစုံကို ထုတ်လွှတ်လိုက်သည်။ သူသည် ၎င်းတို့ကို အလွယ်တကူ အသုံးပြုနိုင်နေ၏။ သူ၏ တာအိုနှလုံးသားမှာလည်း ယခင်ကလို ပျက်စီးမှုများ မရှိတော့ပေ။ တဖြည်းဖြည်းနှင့် တာအိုနှလုံးသားသည် ပို၍ကြည်လင်ပြတ်သားလာပြီး နောက်တစ်ဆင့်တက်ပေတော့မည်။
သူ ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် ကောင်းကင်နတ်အရှင်ရှုတို့အား သတ်ပြီးသည်နှင့် ထိုက်ချူနှင့် ပူးပေါင်းကာ ကောင်းကင်နတ်ဧကရာဇ်ဟောင်အား သတ်ဖြတ်မည်။ ထိုက်ချူက သူ့အား အင်မတန်အရေးကြီးသော ရာထူးတစ်ခု ပေးမည် ဖြစ်၍ ပြိုင်ဘက်ကင်းသော အာဏာနှင့် ဝန်မင်းတစ်ပါးဖြစ်လာလိမ့်မည်။
ထိုအခိုက်အတန့်တွင် ဟွေ့သည် ပြင်းထန်လှသော အန္တရာယ်အရှိန်အဝါတစ်ခုကို ခံစားလိုက်ရ၏။ သူ မလှုပ်ရှားနိုင်ခင်မှာပင် အဆုံးသတ်မြို့ပျက် အသူရာချောက်နက်က သူ၏ဦးခေါင်းအနောက် မီးတောက်လှည်းဘီးများ၏ အနောက်တွင် ပေါ်လာသည်။
အဆုံးသတ်မြို့ပျက် အသူရာချောက်နက် ထွက်ပေါ်လာသည်နှင့် ၎င်းက တာအိုမီးတောက်များကို ဝါးမြိုကာ သူ၏ ဦးခေါင်းအနောက်ရှိ မီးတောက်လှည်းဘီးများနှင့် တာအိုသစ်သီးများကိုလည်း ဝါးမျို၍ ချောက်နက်ထဲ စုပ်ယူသွားသည်။
ထိုမျှသာမက သူ့ဦးခေါင်းအနောက်ရှိ ကောင်းကင်နတ်ဘုံမှာလည်း ဟန်ချက်မထိန်းနိုင်ဘဲ ချောက်နက်ထဲ ကျသွားတော့သည်။
ကောင်းကင်ဘုံများဖြင့် ဖွဲ့တည်ထားသော ဦးခေါင်းအနောက်ရှိ စက်ဝန်းမှာလည်း ချောက်နက်ထဲသို့ ပြုတ်ကြနေသည်။ ကောင်းကင်ဘုံအားလုံး လောင်ကျွမ်းလာကြပြီး ကြယ်တာရာများက အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ကြီးထဲ ကျဆင်းနေကြ၏။
အသူရာချောက်နက်မှာ မည်သို့နည်းနှင့်မှ မပြည့်နိုင်သည့် အဆုံးမရှိသော တွင်းနက်ကြီးတစ်တွင်းအလားပင်။
ကောင်းကင်နတ်အရှင်ဟွေ့မှာ အံ့ဩမှင်သက်နေမိသည်။ သူက ဦးခေါင်းနောက်ရှိ မီးတောက်လှည်းဘီးအလွှာများကို ချက်ချင်း ဖယ်ရှားလိုက်သည်။ ကောင်းကင်ဘုံထဲရှိ သက်ရှိသတ္တဝါများကိုပင် လျစ်လျူရှုကာ အသူရာချောက်နက်မှ ထွက်ပြေးလွတ်မြောက်နိုင်ရန် ကြိုးစားနေသည်။
သူ၏ကျင့်ကြံခြင်းအခြေခံမှာ အတော်လေး ထိခိုက်သွားခဲ့၏။ သူ ပြန်လှည့်ကြည့်လိုက်သည့်အခါ အဆုံးသတ်မြို့ပျက် အသူရာချောက်နက် ကောင်းကင်နတ်သိုင်းတစ်ခုမဟုတ်ဘဲ အစစ်အမှန် ဖြစ်ကြောင်း တွေ့လိုက်ရ၏။ ၎င်းကို အံ့မခန်းလိလိ မှော်စွမ်းအင် ပိုင်ဆိုင်ထားသော ပုဂ္ဂိုလ်တစ်ယောက်က ဤနေရာသို့ အတင်းအကြပ် ရွှေ့ပြောင်းလိုက်ခြင်းဖြစ်သည်။
အဆုံးသတ်မြို့ပျက်ထဲတွင် ကောင်းကင်နတ်ဧကရီ၏ နန်းဆောင်လည်း ရှိနေသည်။ နန်းဆောင်ထဲတွင် အမျိုးသမီးတစ်ဦးက ကျောက်စိမ်းသလွန်ထက်တွင် ကပိုကရို လဲလျောင်းနေ၏။ သူမသည် အတော်လေး သက်တောင့်သက်သာရှိနေပုံရပြီး ကောင်းကင်နတ်အရှင်ဟွေ့ ကြောက်ရွံ့တုန်လှုပ်နေသည်ကို ပြုံးကြည့်နေသည်။ ထိုအမျိုးသမီးတွင် ကောင်းကင်နတ်ဧကရီ၏ ရုပ်ရည်သွင်ပြင်ကို ပိုင်ဆိုင်ထား၏။
သို့သော် မျက်ခုံးနှစ်ဖက်ကြားရှိ မှဲ့အရ သခင်မယွမ်မု ဖြစ်ချေသည်။
“ကျောက်စိမ်းမျက်နှာ ဆေးဘုရင်၊ ငါ့ နည်းလမ်းတွေကို ဘယ်လိုထင်လဲ”
သခင်မယွမ်မု၏ နှုတ်ခမ်းများက အနည်းငယ် ပွင့်ဟသွား၏။ ထိုအခိုက်အတန့်တွင် ယောက်ျားတစ်ဦး၏ ပုံရိပ်က နန်းဆောင်ထဲတွင် ပေါ်လာသည်။ သူ၏လက်မနှင့် လက်ညှိုးက ဝိညာဉ်ဆေးလုံးတစ်လုံးကို ကိုင်ထားပြီး သခင်ယွမ်မု၏ နှုတ်ခမ်းကြားထဲသို့ အသာအယာ တေ့လိုက်သည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဆေးဆရာမှာ ကျောက်စိမ်းမျက်နှာဆေးဘုရင်ဟု နာမည်ကျော်ကြား၏။ သူသည် တစ်လောကလုံးတွင် နံပါတ်တစ် နတ်ဆေးဆရာဖြစ်သည့်အပြင် ကောင်းကင်နတ်အရှင်ယွဲ့၏ တာအိုဒဏ်ရာများကို ကုသပေးနိုင်ခဲ့ခြင်းကြောင့် လောကတစ်ခွင်တွင် နာမည်ကျော်ကြား၏။
ဆေးဆရာကား အလွန်ချောမောသည့်အလျောက် ကောင်းကင်ယင်သားတော်ထက်ပင် ပရောပရည်လုပ်တတ်လေသည်။
ဆေးဆရာက သခင်ယွမ်မုအား ဆေးလုံးတိုက်ပြီးနောက် သူမကို တခဏကြည့်ကာ ပြုံးလိုက်သည်။ “သခင်မ၊ ခင်ဗျားရဲ့ တာအိုဒဏ်ရာတွေက သက်သာသွားပါလိမ့်မယ်… ကျုပ် ပြန်ဖို့ အချိန်ရောက်ပြီ”
သခင်မယွမ်မုက မျက်လုံးဝေ့လိုက်၏။ “ဘာလို့ ဒီလောက် အလောတကြီး ပြန်ချင်နေရတာတုန်း… နင်က ကောင်းကင်နတ်အရှင်မူရဲ့ အဘိုးလို့ ပြောကြတယ် ဟုတ်တယ်အလား… ကောင်းကင်နတ်အရှင်မူက မိခင်မေတ္တာငတ်နေတယ်လို့ နင် မထင်မိဘူးလား…. သူ့အတွက် အမေတစ်ယောက် ဒါမှမဟုတ် အဘွားတစ်ယောက် ရှာပေးသင့်တယ်နော် … အခု နင့်ကို မြင်တော့မှ ကောင်းကင်နတ်အရှင်မူက တော်တော်ရုပ်ဆိုးမှန်း သိရတယ်”
ဆေးဆရာမှာ မခံနိုင်တော့သဖြင့် ကပျာကယာ လျှောက်တင်လိုက်သည်။ “သခင်မ၊ မလုပ်ပါနဲ့ခင်ဗျာ… အရှင်မင်းကြီးက ကျွန်တော်ကို ခေါင်းဖြတ်သတ်လိမ့်မယ်…. ကောင်းကင်နတ်အရှင်ဟွေ့လည်း ဒီမှာရှိနေတာ”
သခင်မယွမ်မုက တခစ်ခစ် ရယ်လျက် လေပေါ် ပျံတက်ကာ သူ၏ဦးခေါင်းထက်မှ ပျံသန်းသွားသည်။ ဆေးဆရာမှာ ခေါင်းမော့ကြည့်လိုက်သည်နှင့် ချက်ချင်းပင် နှာခေါင်းသွေးလျှံလာပြီး စိတ်ထဲမှ တွေးလိုက်မိသည်။ ‘ဒီကဝေမက အလန်းစားပဲ’
'မူအာ သူနဲ့ အကြာကြီး ရှိခဲ့ဖူးတာတောင် လူပျိုရည် မပျက်သေးဘူး… တကယ့်ကို အာဂကောင်’
ဆေးဆရာမှာ ချင်မူအား လေးစားမိသွားသည်။ ‘ငါသာဆိုရင်တော့ တောင့်ခံနိုင်မှာ မဟုတ်ဘူး’’
သခင်မယွမ်မုက လက်ဆန့်၍ ဆွဲယူလိုက်၏။ အသူရာချောက်နက်ထဲရှိ အမြွှာကြာပန်းပွင့်နှစ်ပွင့်က တဖြည်းဖြည်း မြောက်တက်လာပြီး သူမ၏လက်ထဲသို့ ရောက်ရှိလာသည်။ သူမက ပြုံးနေသည်။ “ကောင်းကင်နတ်အရှင်ဟွေ့၊ ဟောင်အာက နင့်ကို ကောင်းကောင်း ပို့ပေးလိုက်ဖို့ ငါ့ကို မှာထားတယ်”
ကောင်းကင်နတ်အရှင်ဟွေ့မှာ အံ့အားသင့်နေသည်။ သခင်မယွမ်မု၏ အတိုက်အခိုက်စွမ်းအားသည် သူ့အောက် နိမ့်ကျနေခြင်းမရှိဘဲ ပို၍ပင်အားကောင်းနေသလို ခံစားနေရ၏။
သခင်မယွမ်မုက တည်ငြိမ်အေးဆေးနေသည်။ သူမက ဆံနွယ်များကို သပ်လိုက်ပြီး ရုတ်တရက် ကြာပန်းပွင့်ကို ဝှေ့ရမ်းလိုက်၏။ ကြာပန်းပွင့်က ဧရာမတူကြီးတစ်လက်အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နတ်အရှင်ဟွေ့အား ထုချလိုက်တော့သည်။
ဝုန်း..
ကြာပန်းပွင့်သည် ကျဆင်းနေသည့်အချိန်တွင် လှည့်ပတ်ရင်း ပွင့်အာကျလာ၏ အဆုံးသတ်မြို့ပျက်၏ ကြောက်မက်ဖွယ် တာအိုကား ပေါက်ကွဲထွက်ပေါ်လာတော့သည်။