တန်ခိုးရှင်၏ အဆုံးအမများ
Vol. 125 Ch. 1624 (2)
အမြွှာပန်းပွင့်ထဲက တိုက်ပွဲသည် မြန်မြန်ဆန်ဆန်ပင် အဆုံးသတ်သွားခဲ့၏။ ရုတ်တရက် ပွင့်ချပ်များ ပွင့်အာကျလာကာ အလင်းတန်းတစ်တန်း တိုးထွက်လာသည်။ သွေးသံတရဲရဲနှင့် လူရိပ်တစ်ခု ပေါ်လာ၏။ သူကား ကောင်းကင်နတ်အရှင်ဟွေ့ပင်။
ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် ကောင်းကင်နတ်အရှင်ရှုက သူ့အား ချက်ချင်း တားကြသည်။ သုံးယောက်သား ပန်းပွင့်အပြင်၌ လျင်မြန်စွာ တိုက်ခိုက်နေကြ၏။ ကောင်းကင်နတ်အရှင်ရှုက ကောင်းကင်နတ်အရှင်ဟွေ့၏ လက်တစ်ဖက်ကို ဖြတ်ပစ်လိုက်သည်။ ကောင်းကင်နတ်အရှင်ဟွေ့က ကောင်းကင်နတ်အရှင်ရှုအား သူမတင်ပါးသူမ ပြန်မြင်ရသည့်အထိ လိမ်ကွေးချလိုက်သည်။
ရှေးဟောင်းနတ်ဘုရားဘုရင်က ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်ကို အသက်သွင်း၍ ဟွေ့၏ ဦးခေါင်းအား ဟွေ့၏ ရင်ဘတ်ထဲသို့ ရိုက်ထည့်ပစ်လိုက်သည်။ ကောင်းကင်နတ်အရှင်ဟွေ့က ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်အရှေ့၌ ရပ်နေသော ရှေးဟောင်းနတ်ဘုရားဘုရင်ကို ညာလက်ဖြင့် ဖမ်းဆွဲလိုက်၏။ တာအိုမီးတောက်က လှည်းဘီးသဖွယ် လည်ကာ ရှေးဟောင်းနတ်ဘုရားဘုရင်အား မုန့်ကြိုးလိမ်လို လိမ်ကျစ်နေသည်။ ရှေးဟောင်းနတ်ဘုရားဘုရင်၏ မူလဝိညာဉ်နှင့် ခန္ဓာကိုယ်မှာ မုန့်ကြိုးမျှင်ထက်ပင် ပါးလျသည့်တိုင်အောင် ဆွဲခန့်လိမ်ဖယ်ခံနေရလေသည်။
ထိုအခိုက်အတန့်တွင် အဆုံးသတ်မြို့ပျက် အသူရာချောက်နက်က ကောင်းကင်နတ်အရှင်ဟွေ့၏ အနောက်၌ ပေါ်လာကာ သူ့အား ချောက်နက်ထဲ ဆွဲချသွားသည်။
ကောင်းကင်နတ်အရှင်ဟွေ့က လျင်မြန်စွာ နောက်ဆုတ်လိုက်ရာ ကောင်းကင်နတ်ဧကရီကို ဝင်တိုက်မိသွားသည်။ ကောင်းကင်နတ်ဧကရီ နောက်လန်သွားသည့်အချိန်၌ သူမ၏ မျက်ခုံးနှစ်ဖက်ကြားရှိ မှဲ့နီက အမည်းရောင် ပြောင်းသွားကာ သခင်မယွမ်မု ဖြစ်သွားချေပြီ။
သခင်မယွမ်မုသည် တစ်ကိုယ်လုံး တသိမ့်သိမ့် တုန်လာသည့်တိုင်အောင် ဟားတိုက်ရယ်နေ၏။ ဘဝပြန်ဝင်စားခြင်းတာအိုကို အသက်သွင်းလျက် ကောင်းကင်နတ်ဧကရီအား ချိတ်ပိတ်နိုင်သွားသော်လည်း ကောင်းကင်နတ်အရှင်ဟွေ့၏ မူလဝိညာဉ်က အသူရာချောက်နက်ထဲမှ ကောင်းကင်သို့ ပျံတက်လာကြောင်း တွေ့လိုက်ရသည်။ ၎င်းက ပျက်စီးနေသော ကောင်းကင်နန်းဆောင်တစ်ဆောင်နှင့်အတူ သခင်မယွမ်မု၏ နောက်စေ့မှ ဖောက်ထွက်လာသည်။
ဝုန်း
ကောင်းကင်နတ်အရှင်ဟွေ့၏ မူလဝိညာဉ်က သခင်မယွမ်မု၏ မျက်ခုံးနှစ်ဖက်ကြားမှ ဖောက်ထွက်သွားလျှင်ချင် သခင်မယွမ်မု၏ မျက်စိ၊ နား ၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ တရဟော စီးကျလာကြသည်။ ပန်းထွက်လာသည့် သွေးတို့က မီးတောက်များအဖြစ် တရှဲရှဲ အငွေ့ပျံကုန်သည်။
ကောင်းကင်နတ်အရှင်ဟွေ့၏ ရင်အစုံမှာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ သူက ရင်ဘတ်ထဲ စိုက်ဝင်နေသော ဦးခေါင်းကို ပြန်ထုတ်၍ မူလဝိညာဉ်ကို ပြန်လည်ရုပ်သိမ်းရန် ပြင်နေစဉ် ကောင်းကင်နတ်အရှင်ရှု၏ လက်ဝဝါးများက သူ၏ ဦးခေါင်းအပေါ်သို့ အရှိန်ဖြင့် ကျလာသည်။ ကြောက်မက်ဖွယ်ရာ မိစ္ဆာစွမ်းအင်တို့ သူ၏ခန္ဓာကိုယ်ထဲ ဖြတ်သန်းသွားပြီးနောက် ကောင်းကင်တံတား ကောင်းကင်ရတနာကို ဖျက်စီးပစ်လိုက်သည်။
ဤစွမ်းအားသည် သူ၏ ခန္ဓာကိုယ်နှင့် စိတ်ထဲသို့ တိုက်ရိုက် ကျူးကျော်၍ သေခြင်းရှင်ခြင်းကောင်းကင်ရတနာ၊ ကောင်းကင်နတ်အသွင်၊ ခုနစ်စဉ်ကြယ်၊ အရပ်ခြောက်မျက်နှာနှင့် ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာများအား ဖျက်စီးနေသည်။ ၎င်းကား သူ၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာကိုပင် ဖျက်စီးပေတော့မညည်။
ကောင်းကင်နတ်အရှင်ဟွေ့၏ မူလဝိညာဉ်က ပျံသန်းလာပြီး ကောင်းကင်နတ်အရှင်ရှု၏ မူလဝိညာဉ်အား သူမခန္ဓာကိုယ်ထဲမှ ရိုက်ထုတ်ပစ်လိုက်သည်။ ကောင်းကင်နတ်အရှင်ရှု၏ ခန္ဓာကိုယ်မှာ ချက်ချင်းဆိုသလို တာအိုမီးတောက်များဖြင့် လောင်မြိုက်ခံလိုက်ရတော့သည်။
ထိုစဉ် ကောင်းကင်နတ်အရှင်ဟွေ့၏ မူလဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲသုသူ ပြန်ဝင်၍ မီးတန်းတစ်တန်းပမာ ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ သူ ပျံတက်သွားသည့်အချိန်မှာ၌ မီးလောင်နေသည့် ရှေးဟောင်းနတ်ဘုရားဘုရင်က ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်ကို အသက်ပြန်သွင်းကာ ဟွေ့၏ နောက်စေ့အား လက်ညှိုးဖြင့် ထိုးချလိုက်၏။
ကောင်းကင်နတ်အရှင်ဟွေ့၏ မျက်ခုံးနှစ်ဖက်ကြား၌ အပေါက်ကြီးတစ်ပေါက် ပေါ်လာသည်။ လက်ညှိုး၏ စွမ်းအားက သူ့ဦးနှောက်ထဲရှိ ကောင်းကင်နတ်ဘုံအားး ထိုးဖော်လာရင်း ကောင်းကင်မုခ်ဝ၊ နဂါးသွဲ့ရေကန်နှင့် နဂါးစီရင်ရာစင်မြင့်တို့အား ဖျက်စီးပစ်ကာ ကျောက်စိမ်းမြို့တော်အထိ ရောက်လာသည်။
ကြောက်မက်ဖွယ်ရာ စွမ်းအားသည် အားမာန်အပြည့်၊ အရှိန်ပြင်းပြင်းဖြင့် နတ်ကောင်းကင်ခန်းမထဲသို့ ဝင်ရောက်တိုက်ခတ်ပစ်လိုက်ရင်း ခန်းမတစ်ခုလုံးအား စိစိညက်ညက် ခြေပစ်လိုက်ချေပြီ။
နတ်ကောင်းကင်ခန်းမ ပေါက်ကွဲသွားသည့်အခါ ဧကရာဇ်ပလ္လင်ထက်၌ နေရာယူထားသော ကောင်းကင်နတ်အရှင်ဟွေ့၏ မူလဝိညာဉ်မှာလည်း ကောင်းကင်နယ်စားမင်း၏ လက်ချောင်းဖြင့် ထိုးဖောက်ခံလိုက်ရတော့သည်။
ဧကရာဇ်ပလ္လင်သည် အရိပ်ပမာ ဝေဝါးသွားပြီးနောက် ပျောက်ကွယ်သွား၏။
ကောင်းကင်နတ်အရှင်ဟွေ့မှာ သူ၏ မှော်စွမ်းအင်များ ပြန့်ကြဲသွားပြီး အင်အား ဆုတ်ယုတ်လာသည်ကို ခံစားမိလိုက်သည်။ သူ၏ သိုင်းအဆင့်သည် ကောင်းကင်နတ်ဘုံအဆင့်မှ ဧကရာဇ်ပလ္လင်အဆင့်၊ ဧကရာဇ်ပလ္လင်အဆင့်မှ နတ်ကောင်းကင်ခန်းမအဆင့် အစရှိသဖြင့် ကျောက်စိမ်းမြို့တော်၊ နတ်ဘုရားစီရင်ရာစင်မြင့်၊ နဂါးသွဲ့ရေကန်၊ တောင်ကောင်းကင်မုခ်ဝ၊ ကောင်းကင်တံတား၊ သေခြင်းရှင်ခြင်းနှင့် ကောင်းကင်နတ်အသွင်အဆင့်သို့ ဆက်တိုက်ကျဆင်းလာချေပြီ။
“ငါက မပျက်စီးနိုင်တဲ့ အောင်ခြင်း ၁၂ ပါးကို ကျင့်ကြံထားတာ... ဒီလောက် ဒဏ်ရာလေးက ငါ့ကို အန္တရာယ်မပြုနိုင်ဘူး”
ကောင်းကင်နတ်အရှင်ဟွေ့က ပြန့်ကြဲနေသော မှော်စွမ်းအင်တို့အား အတင်းအကြပ် ဖိနှိပ်ထားသည်။ ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် ကောင်းကင်နတ်အရှင်ရှုသည် ဒဏ်ရာအပြင်းအထန် ရထားးသည့်တိုင် ဇွဲနပဲ ကြီးစွာဖြင့် သူ့နောက် လိုက်လာနေသေး၏။ တခဏအတွင်း မီးလုံးများက ကောင်းကင်ထက်၌ ဖြာထွက်သွားသည်၊
မီးတန်းများလည်း တောင်ကောင်းကင်တစ်ခုလုံး ပြည့်နှက်သွားပြီး အရပ်မျက်နှာမျိုးစုံသို့ ဦးတည်နေကြလေသည်။
ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် ကောင်းကင်နတ်အရှင်ရှုတို့ ရောက်လာသည့်အခါ မီးတန်းများကို တိုက်ခိုက်ကြည့်သော်လည်း အကုန်လုံး ဗလာကျင်းနေကြ၏။
ရှေးဟောင်းနတ်ဘုရားဘုရင်မှာ သွေးတဟွတ်ဟွတ် အန်လျက် သူ့ခန္ဓာကိုယ်ပေါ်ရှိ တာအိုမီးတောက်များကို ချိုးနှိမ်လိုက်သည်။၊ သူ့အတွက် ဆက်လိုက်ဖမ်းရန် မလွယ်တော့ပေ။ ကောင်းကင်နတ်အရှင်ရှုမှာလည်း သူ့ထက် သိုင်းအဆင့် နိမ့်ကျသောကြောင့် အခြေအနေ ပိုဆိုးသည်။
သူတို့နှစ်ယောက်မှာ တာအိုမီးတောက်များကို မငြှိမ်းနိုင်ကြပေ။ ရှေးဟောင်းနတ်ဘုရားဘုရင်က သူ၏မှော်စွမ်းအင်လက်ကျန်အား လှည့်ပတ်ရင်း တည်ကြည်လေးနက်စွာ ကြေညာသည်။ “ငါ့အမိန့်ကို နာခံကြလော့... တောင်ကောင်းကင်ရဲ့ နတ်ဘုရားမိစ္ဆာအပေါင်းတို့... ကောင်းကင်နတ်အရှင်ဟွေ့ဟာ ငါတို့အပေါ် သစ္စာဖော်ကခဲ့ပြီ... သူ ထွက်ပြေးလို့ ရနိုင်မယ့် စွမ်းအင်အကူးအပြောင်းတံတားမှန်သမျှ၊ ပိတ်လို့ သူ့ကို ဝိုင်းဖမ်းကြစို့... သူ့ကို သတ်နိုင်ရင် ကောင်းကင်နတ်ဘုံက ဆုလာဘ်ကောင်းကောင်း ချီးမြှင့်မယ်... နယ်စားမင်း၊ မြို့စားမင်း ရာထူးတွေ ခန့်အပ်ပေးမယ်”
တောင်ကောင်းကင်ထက်၌ မီးတောက်များ တစတစ ကူးစက်လာတော့သည်။ သန်းပေါင်းများစွာသော မီးတန်းများသည် ကောင်းကင်များသို့ အဆက်မပြတ် ရွာကျလာသော်လည်း မြေကြီးနှင့် ထိသည့်အခါ ချော်ရည်အဖြစ် စီးဆင်းပျောက်ကွယ်သွားကြသည်။
ရုတ်တရက် မီးတန်းတစ်တန်းက မြေကြီးဆီသို့ အုန်းခနဲ တိုက်ချလိုက်သောကြောင့် တောင်တန်းမြစ်ချောင်းများ တုန်ခါသွားသည်။ ၎င်းသည် ကောင်းကင်နတ်အရှင်ဟွေ့အဖြစ် ပြောင်းလဲသွားပြီးနောက် ငါးကီလိုမီတာခန့် လိမ့်ထွက်သွားပြီးမှ ရပ်တန့်သွား၏။
ကောင်းကင်နတ်အရှင်ဟွေ့မှာ ကုန်းရုန်းထကာ အသက်လုရှူနေရသည်။
သူ့ခန္ဓာကိုယ်မှာ ယိမ်းယိုင်နေပြီး ချုပ်ထားသည့် ဒဏ်ရာများ ပွင့်ထုတ်ကုန်၏။ ဘုန်းခနဲ သူ မြေပေါ် ဒူးထောက်ကျသွားသည်။ သူက မြေကြီးတွင် လေးဖက်ထောက်လျက် ဟက်ခနဲ ရယ်လိုက်သည်။ “ငါ ဒီကပ်ဘေးကနေ လွတ်မြောက်နိုင်သရွေ့ အနိုင်ရနိုင်ခြေ ရှိသေးတယ်... ငါ ဦးပြန်မော့နိုင်သေးတယ်... ကောင်းကင်နတ်အရှင်မူနဲ့ ပူးပေါင်းရမယ်.... ဟုတ်တယ် ကောင်းကင်နတ်အရှင်မူနဲ့ ပူးပေါင်းရမယ်”
သူ၏မျက်လုံးများသည် မြေကြီးကို ကြည့်ရင်း တစတစ တောက်ပလာကာ မျှော်လင့်ချက်လည်း ပြည့်နှက်လာ၏။ “ကောင်းကင်နတ်အရှင်ယွင်က ငါ့အတွက် ဘဝတစ်လျှောက် ခင်ခဲ့ရတဲ့ မိတ်ဆွေပဲ... သူက ကောင်းကင်နတ်ဘုံကို တွန်းလှန်ဖို့ ငါ့ကို ခဏခဏ ကမ်းလှမ်းဖူးတယ်.... ငါ သူ့ဆီ သွားလိုက်ရင် သူ ငြင်းမှာ မဟုတ်ဘူး”
“ဟီးဟီး ကောင်းကင်နတ်အရှင်မူကလည်း ရှုံးနေတာဆိုတော့ ငါ သူ့ဆီ သွားလိုက်ရင် သူ ငါ့ကို အရေးတယူ ဆက်ဆံရမှာပဲ... ငါ့ကို အရေးပါတဲ့ ရာထူးပေးဖို့အပြင် သူ့မှာ ရွေးစရာမရှိဘူး”
“ဟီးဟီး ခိုင်ဧကရာဇ်လည်း သေပြီဆိုတော့ လူသားမျိုးနွယ်မှာ ငါက အင်အားအကြီးဆုံး ဖြစ်နေပြီ....”
ဤအခိုက်အတန့်တွင် ခြေသံများ ကြားလိုက်ရသည်။
ကောင်းကင်နတ်အရှင်ဟွေ့လည်း ခေါင်းကို ခက်ခက်ခဲခဲ မော့ကြည့်လိုက်သည့်အခါ သူ့အရှေ့တွင် တောင်ခြေရွာငယ်လေးတစ်ရွာအား တွေ့လိုက်ရသည်။ ရွာတွင် အသက်ရှင်နေထိုင်ရေးအတွက် လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်နေကြသော် လယ်သမားများ နေထိုင်နေကြသည်။
ခြေသံများက မျက်နှာတစ်ခုလုံး ပါးရေနားရေတွန့်နေသော လယ်သမားအဘိုးကြီးတစ်ယောက်ဆီမှ လာသည်။ သူ့ကြည့်ရသည်မှာ အသက်ခုနစ်ဆယ်၊ ရှစ်ဆယ်ဝန်းကျင် ရှိမည် ထင်သ်ောလည်း အမှန်တွင် အသက်ငါးဆယ်လောက်သာ ရှိလိမ့်မည်။
ဝမ်းစာအတွက် ရုန်းကန်ရသည်မှာ ခက်ခဲကြမ်းတမ်းလွန်းသည်။ နေ့တိုင်း နေပူထဲ ချွေးတလုံးလုံးဖြင့် အလုပ်လုပ်ရသဖြင့် ရှိရင်းစွဲအသက်ထက် ပိုရင့်လာခဲ့ခြင်းပင်။
လယ်သမားအိုကြီးမှာ လယ်ထွန်နေသင့်သည်။ သူ၏ ဘေးတွင် တိရစ္ဆာန်မစင်တွင်းတစ်တွင်း ရှိနေ၏။ သူ၏လက်ထဲတွင် မစင်များ ပေနေသော ထွန်ခြစ်တစ်ခုကို ကိုင်ထားသည်။ ယခုလေးတင် မစင်များ ကျုံးနေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သူ၏ခန္ဓာကိုယ်မှ အညစ်အကြေးအနံ့များက လှိုင်ထွက်နေ၏။
လယ်သမားအိုကြီးက အမြင်မှုန်၀ါးစွာဖြင့် လျှောက်လာသည်။ သူက အသေအချာစစ်ဆေးကြည့်နေပြီးနောက် တုန်ရီနေသော လေသံဖြင့် မေးလိုက်၏။ “ကောင်းကင်… ကောင်းကင်နတ်အရှင်ဟွေ့လားခင်ဗျာ”
ကောင်းကင်နတ်အရှင်ဟွေ့က ခေါင်းညိတ်သည်။ “ငါက တောင်ကောင်းကင်ရဲ့ အုပ်ချုပ်သူ ကောင်းကင်နတ်အရှင်ဟွေ့ပဲ… မင်းတို့ရဲ့ ရွာမှာ ဆေးတွေ ဘာတွေများ ရှိလား… ငါ့ရဲ့ ဒဏ်ရာတွေက သိပ်ကိုပြင်းထန်နေတယ်”
လယ်သမားအိုကြီးမှာ အံ့သြဝမ်းသာသွားသည်။ သူက ထွန်ခြစ်ကို မြှောက်၍ ခုတ်ချလိုက်၏။ ထွန်ခြစ်ထိပ်က ကောင်းကင်နတ်အရှင်ဟွေ့၏ ဦးခေါင်းနှင့် မိတ်ဆက်သွားသည်။ မီးပွားများ ပျံ့ထွက်လာပြီး မစင်များက သူ၏မျက်နှာတစ်ခုလုံးတွင် ပေကျံသွားတော့၏။
“မင်း…” ကောင်းကင်နတ်အရှင်ဟွေ့မှာ ဇဝေဇဝါ ဖြစ်နေသည်။
သူ မသေသေးကြောင်း တွေ့လိုက်ရသည့်အခါတွင် လယ်သမားအိုကြီးက ထွန်ခြစ်ကို ထပ်မံလွှဲရမ်း၍ ရိုက်ချလိုက်ပြန်သည်။ သူ၏အသံက ပျော်ရွှင်နေ၏။ “လာကြဟေ့… တစ်ယောက်ယောက် မြန်မြန်လာခဲ့စမ်း…. ကောင်းကင်နတ်ဘုံကို သစ္စာဖောက်ခဲ့တဲ့ သူပုန်ဟွေ့က ငါတို့ရွာကို ရောက်နေတယ်… ငါတို့တော့ ချမ်းသာပြီပဲ”
ကောင်းကင်နတ်အရှင်ဟွေ့မှာ ဒေါသူပုန်ထနေသော်လည်း သူ၏ဒဏ်ရာများက ပြင်းထန်လွန်းသဖြင့် ထမရပ်နိုင်ပေ။
ရွာထဲရှိ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် အမျိုးသားများအားလုံးက အသည်းအသန် ပြေးထွက်လာကြသည်။ တချို့က ဟင်းချက်ဓားမများ ကိုင်ထားကြပြီး တချို့ကတော့ ချိတ်များ၊ ပေါက်တူးများ၊ တူများ၊ ခက်ရင်းများနှင့် ဂေါ်ပြားများကို ကိုင်ထားကြသည်။ သူတို့အားလုံးက အော်ဟစ်၍ သတ်ဖြတ်ရန် ပြေးထွက်လာကြ၏။
ရွာသူရွာသားများက သူ့ကို ဝိုင်း၍ တိုက်ခိုက်နေကြသည်။ သူတို့က လယ်သမားပစ္စည်းမျိုးစုံဖြင့် သူ့အား ထိုးစိုက်နေကြ၏။
သို့သော် ကောင်းကင်နတ်အရှင်တစ်ပါးအား သူတို့အနေဖြင့် မည်သို့ ထိခိုက်အောင် လုပ်နိုင်မည်နည်း။ သူတို့ မည်မျှတိုက်ခိုက်ပါစေ ကောင်းကင်နတ်အရှင်ဟွေ့မှာ မသေနိုင်ပေ။
“မင်းတို့ ဘာလို့ ငါ့ကို သတ်နေကြတာလဲ”
ကောင်းကင်နတ်အရှင်ဟွေ့မှာ အံ့ဩနေသလို ဒေါသလည်း ထွက်နေမိသည်။ သူက မာန်မဲလိုက်၏။ “ကျေးဇူးမသိတတ်တဲ့ကောင်တွေ… ငါကွ… ကောင်းကောင်းကင်နဲ့ မင်းတို့လို နိမ့်ကျတဲ့ကောင်တွေကို ကာကွယ်ပေးနေတာ ငါပဲ… ငါ မရှိရင် မင်းတို့ သေသွားတာကြာပြီ”
သူသည် မည်သည့်နေရာမှ အင်အားရလာမှန်း မသိသော်လည်း ရွာသူရွာသားများ တိုက်ခိုက်နေသည့်ကြားမှ ထရပ်လိုက်နိုင်သည်။ သူက လယ်သမားအိုကြီး လည်ပင်းကို ဖြစ်ညစ်ကာ မြှောက်တင်လိုက်သည်။
ပတ်ပတ်လည်ရှိ ရွာသူရွာသားများက သူ့ကို ကြောက်လန့်တကြား ကြည့်နေကြပြီး မလှုပ်ရှားရဲကြချေ။
လယ်သမားအိုကြီးမှာ အားနည်းစွာဖြင့် ရုန်းကန်နေသော်လည်း အသက်ရှူနေလိုက်သေး၏။ သူက အော်ဟစ်လိုက်သည်။ “ခွေးကောင်ဟွေ့၊ မင်းက ခေါင်းမာနေသေးတာလား… ကောင်းကင်နတ်ဧကရာဇ်ကို သစ္စာဖောက်တာက အပြစ်ကြီးတစ်ခုပဲ… ကောင်းကင်နတ်ဧကရာဇ်ကို သစ္စာဖောက်တဲ့သူတွေဟာ တိရစ္ဆာန်တွေ ဖြစ်တဲ့အတွက် လူတိုင်း အပြစ်ပေးတာခံရသင့်တယ်လို့ တန်ခိုးရှင်က ငါတို့ကို သင်ထားတာလေ…. မင်းက တိရစ္ဆာန်တစ်ကောင်ပဲ”
ကောင်းကင်နတ်အရှင်ဟွေ့မှာ သွေးတစ်လုပ် အန်လိုက်ရသည်။ သူသည် တောင်ကောင်းကင်မှ လူသားမျိုးနွယ်ကို သင်ကြားပို့ချပေးသည့် “တန်ခိုးရှင်၏ အဆုံးအမများ” ဆိုသည့်စာအုပ်ကို ရေးသားခဲ့ခြင်း ဖြစ်သည်။ ၎င်းကြောင့်သာလျှင် ကောင်းကင်နတ်အရှင်များကြားတွင် ကောင်းကင်နတ်အရှင်ရာထူးကို ရခဲ့ခြင်းလည်း ဖြစ်၏။
ကျန်ရွာသူရွာသားများလည်း ပြေးဝင်လာကြသည်။ ဟင်းချက်ဓားမများ၊ ချိတ်များ၊ ပေါက်တူးများ၊ တူများ၊ ခက်ရင်းများနှင့် ဂေါ်ပြားများဖြင့် သူ၏ခန္ဓာကိုယ်အား တစ်ယောက်ပြီးတစ်ယောက် ရိုက်နှက်ထိုးစိုက်နေကြ၏။ “ဒီ သစ္စာမရှိ၊ အရှက်မရှိ၊ အကျင့်သိက္ခာ မရှိတဲ့ကောင်ကို သေတဲ့အထိ ရိုက်ကြစမ်း… သူ့ခေါင်းကို ယူပြီး ဆုကြေးငွေ သွားထုတ်ကြမယ်… ငါတို့တွေလည်း ကောင်းကင်နတ်အရှင်တွေ ဖြစ်လာလိမ့်မယ်”
“ဒီခွေးကောင်ရဲ့ ခန္ဓာကိုယ်က မာလွန်းအားကြီးတယ်… ငါတို့ သတ်လို့မရဘူး”
“မြန်မြန်… ခွေးတစ်ကောင်ကို သတ်ပြီး ခွေးသွေးနဲ့ သူ့ကို ပက်လိုက်… သူ့မန္တန်ပျက်စီးသွားလိမ့်မယ်”