← Chapters

ကောင်းကင်နတ်အရှင်ဟွေ့၏ သေဆုံးမှု

Vol. 125 Ch. 1625

ကောင်းကင်နတ်အရှင်ဟွေ့၏ သေဆုံးမှု

Vol. 125 Ch. 1625

ရွာသူရွာသားများက ကောင်းကင်နတ်အရှင်ဟွေ့ကို ပယ်ပယ်နယ်နယ် ရိုက်နှက်နေကြဆဲ ဖြစ်ပြီး သေသည်အထိ ရိုက်ချင်ကြပုံရသည်။ ‌ကောင်းကင်နတ်အရှင်ဟွေ့မှာ ဒေါသမထိန်းနိုင်တော့ချေ။ ထိုအခိုက်အတန့်တွင် သူ့မျက်နှာမှာ အနက်ရောင်‌ခွေးသွေးများ တစ်ဇလုံလိုက်ဖြင့် အပက်ခံလိုက်ရသည်။

ကောင်းကင်နတ်အရှင့်မှာ တစ်ကိုယ်လုံး ခွေးသွေးများဖြင့် ပေကျံလျက် ရပ်နေသည်။

ခွေးသွေးတချို့က သူ့မျက်ခုံးနှစ်ဖက်ကြားသို့ စီးဆင်းသွား၏။ ထိုနေရာတွင် ရှေးဟောင်းနတ်ဘုရားဘုရင်သည် ‌ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်ကို အသုံးပြု၍ ထိုးဖောက်ခဲ့သောကြောင့် အပေါက်တစ်ပေါက် ဖြစ်တည်နေသည်။ အပေါက်သည် ထုတ်ချင်းပေါက်နေသဖြင့် ခွေးသွေးများက သူ့ဦးနှောက်ထဲသို့ စီးဆင်းသွားလေသည်။

သာမန်လူတစ်ယောက်သာဆိုပါက အစောကတည်းက သေသွားပေလိမ့်မည်။ သို့‌သော် ကောင်းကင်နတ်အရှင်တစ်ပါးကတော့ ကောင်းကင်နတ်အရှင်တစ်ပါးပင် မဟုတ်ပါလော။

လူငယ်တစ်ယောက်က ‌‌‌ဟင်းချက်ဓားမတစ်လက်ကို ကိုင်ကာ သူ၏ဦးခေါင်းကို လှမ်းခုတ်လိုက်ရင်း အော်ဟစ်သည်။ “သူ့မန္တန်က ‌အနက်ရောင်ခွေးသွေးကြောင့် ပျက်စီးသွားပြီ…. မြန်မြန် သူ့ကို ခုတ်သတ်ပစ်ကြ…. ခေါင်းဖြတ်ပြီး ဆုကြေးငွေ ယူကြ..”

“ဆုကြေးငွေ” ဆိုသည့် စကားပင် မဆုံးသေးခင် ကောင်းကင်နတ်အရှင်ဟွေ့၏ လက်သီးချက်က သူ့မျက်နှာနှင့် မိတ်ဆက်သွားသည်။ လူငယ်မှာ သွေးမှုန်များအဖြစ် ဘန်းခနဲ ပေါက်ကွဲသွားတော့သည်။

ကောင်းကင်နတ်အရှင်ဟွေ့၏ ကောင်းကင်နန်းဆောင်များမှာ ပြိုလဲနေပြီး ကောင်းကင်ရတနာများမှာ ပျက်စီးနေသော်လည်း သူ၏ရုပ်ခန္ဓာကတော့ ကောင်းကင်နတ်အရှင်တစ်ပါး၏ ရုပ်ခန္ဓာဖြစ်နေသေးသည်။

ထိုရွာသားများမှာ သာမန်လူများသာ ဖြစ်သဖြင့် သူနှင့် အဘယ်သို့ပြု၍ ယှဉ်နိုင်ပါမည်နည်း။

ကောင်းကင်နတ်အရှင်ဟွေ့က သုန်မှုန်နေသော မျက်နှာကြီးဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း စတင်တော့သည်။ မကြာမီ အမျိုးသမီးများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် လူငယ်၊ လူလတ်ပိုင်းအရွယ် အကုန်လုံး သွေးပင်လယ်ထဲတွင် ပေါလောမျောနေကြချေပြီ။ တစ်ယောက်မှ အသက်ရှင်မကျန်ခဲ့။

“သစ္စာဖောက်တွေ…. ဒီရက်စက်တဲ့ ကမ္ဘာလောကကြီးမှာ မင်းတို့တတွေ ရှင်သန်နိုင်အောင် ကာကွယ်ပေးခဲ့တာ ငါပဲကွ…. ကလေးတွေ မွေးနိုင်ခဲ့တာကိုတောင် ဒီလို ကျေးဇူးဆပ်လိုက်တာပေါ့လေ…”

ကောင်းကင်နတ်အရှင်ဟွေ့က ခြေထောက်များကို တရွတ်တိုက်ဆွဲ၍ ထွက်ခွာသွားသည်။ သူ၏ ခြေလှမ်းများက ယိမ်းယိုင်နေသည့်အပြင် သူ၏ပါးစပ်မှလည်း သွေးများ စီးကျနေသည်။ သူ့သွေးလော ခွေးသွေးလောကိုတော့ မသိရနိုင်ချေ။

သူ၏ ဦးတည်ရာမှာ အနီးဆုံး နတ်ဘုရားမြို့ပင်။ ထို့ကြောင့် သူသည် တောင်ကောင်းကင်မှ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသို့ ထွက်ခွာလာခဲ့၏။

“မင်းတို့အားလုံးကို ငါ ပျိုးထောင်ခဲ့ပေမယ့် မင်းတို့က ငါ့ကို ခြေစုံကန်ခဲ့တယ်… ငါ့ကာကွယ်မှုသာမရှိရင် မင်းတို့အားလုံးက ရှေးဟောင်းနတ်ဘုရားတွေ ဖျက်ဆီးတာခံရမယ့် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပိုးကောင်တွေသက်သက်ပဲ… မင်းတို့အကုနန် သေဖို့ ထိုက်တန်တယ်… ငါ့ကို အပြစ်တင်လို့မရဘူး… အဟက်…. ငါ့ကို အပြစ်မတင်ကြနဲ့”

သူ့တွင် နောက်ဆုံး အသက်ကယ်နိုင်မည့် ကြိုးမျှင်တစ်မျှင် ရှိသေးသည်။ ၎င်းက ကောင်းကင်နတ်အရှင်ယွင် ဖြစ်သည်။

ကောင်းကင်နတ်အရှင်ယွင်သည် နူးညံ့ကြင်နာတတ်သူ မဟုတ်ပါလော။ သူသာ ဒူးထောက်၍ သူ့အမှားကို ၀န်ချတောင်းပန်လိုက်ပါက ကောင်းကင်နတ်အရှင်ယွင်မှာ စိတ်မမာနိုင်တော့ဘဲ ချင်မူ့အား ခွင့်လွှတ်ပေးရန် တောင်းဆိုပေးလိမ့်မည်။။

ကောင်းကင်နတ်ဘုံ၏ လျှို့ဝှက်ချက်များကိုလည်း သူ သိထားသည် မဟုတ်လော။ ထိုလျှို့ဝှက်ချက်များက သူ့အား အသက်ရှင်စေမည့််၊ အဆင့်တက်စေနိုင်မည့် အရင်းအနှီးများ ဖြစ်ကြသည်။

ဟွေ့သည် ကောင်းကင်နတ်ဧကရာဇ်ဟောင်နှင့် ကောင်းကင်နတ်ဘုံကို သစ္စာဖောက်သည့်အတွက် မည်သို့မျှ မခံစားရပေ။ သူ့ကိုယ်သူ လူသားမျိုးနွယ်၏ သူရဲကောင်းတစ်ဦး ဖြစ်လာလိမ့်မည်ဟု ထင်မှတ်ထား၏။

'ကောင်းကင်နတ်အရှင်ယွင်က ငါကို ပြောဖူးတယ်... ငါက လူသားမျိုးအတွက် ရန်သူတွေလက်အောက်မှာ နှစ်တစ်သန်းကြာနေခဲ့ရသလို မြင်အောင် လုပ်ပေးမယ်တဲ့... အရှက်ကွဲမှုတွေနဲ့ ၀န်ထုပ်၀န်ပိုးတွေ သယ်ထမ်းထားခဲ့ရတဲ့ ပုံရိပ်တစ်ခုကို ဖန်တီးပေးမယ်တဲ့…. လူသားမျိုးနွယ်ရဲ့ ဘိုးဘေးတွေအတွက် နာမည်ပျက်ခံပြီး ရန်သူတွေဆီမှာတောင် နှစ်တစ်သန်းကြာ အကျိုးပြုခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ပေါ့… အဟက်… လူသားတွေရဲ့ နှလုံးသားက အရူးလုပ်ဖို့ အကောင်းဆုံးပဲ…. အဓိကက အပြောကောင်းဖို့ပဲ လိုတာ”

“ငါက လူသားမျိုးနွယ်ရဲ့ အထူးချွန်ဆုံး အတောက်ပဆုံး သူရဲကောင်းတစ်‌ယောက် ဖြစ်လာလိမ့်မယ်… ကောင်းကင်နတ်အရှင်မူရဲ့ ဂုဏ်သတင်းကတောင် ငါနဲ့ ယှဉ်နိုင်မှာမဟုတ်ဘူး… ဟီးဟီး… သူသာ စဉ်းစားတတ်တဲ့သူဆိုရင် ငါ့ကို လူသားမျိုးနွယ်ရဲ့ ခေါင်းဆောင်ရာထူးတောင် ပေးလာနိုင်တယ်…”

သူက ရှေ့သို့ ခက်ခက်ခဲခဲ ‌ဆက်လျှောက်နေပြီး ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းကို အသက်သွင်းကာ သူ့ခန္ဓာကိုယ်ရှိ ဒဏ်ရာများကို ကုသ‌နေသည်။ သို့သော် သူ့သိုင်းအဆင့်မှာ လျော့ကျသွားသဖြင့် အချိန်တစ်ခုကြာသော်လည်း သက်သာမလာနိုင်သေးပေ။

ကောင်းကင်နတ်အရှင်ဟွေ့သည် သူ၏ပျက်စီးသွားသော ကောင်းကင်ရတနာများအတွက် လုံး၀စိုးရိမ်မနေချေ။ နဂါးဟန်ခေတ်မှ ကောင်းကင်နတ်အရှင်များကား ဗလာနတ္ထိမှ သိုင်းအဆင့်များကိုပင် ဖန်တီးနိုင်ခဲ့သောပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ယခုတွင် သူ၏ ကောင်းကင်ရတနာများ ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သောကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုကို သင်ယူနိုင်ချေပြီ။

သူ့တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာသား လူဝင်စားတစ်ယောက် ရှိသဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုရလဒ်များကို သူ့ထံမှ ဖုံးကွယ်ထား၍မရပေ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကျင့်စဉ်စနစ်အသစ်အတိုင်း ယခု ကျင့်ကြံနိုင်ပြီဖြစ်၍ သူ၏စွမ်းဆောင်ရည်များက ယခင်ကထက် ပိုမိုကောင်းမွန်လာပေလိမ့်မည်။

လမ်းတလျှောက်တွင် ဟွေ့မှာ ရှာတွေ့ခံရမည်စိုးသောကြောင့် တောင်ကောင်းကင်၏ မြို့ရွာများကို အကောင်းဆုံး ရှောင်တိမ်းလာခဲ့သည်။ သို့သော် သူ့အား ရှာမတွေ့ဘဲ မနေကြချေ။

ရှေးဟောင်းနတ်ဘုရားဘုရင်သည် တောင်ကောင်းကင်တွင် နေထိုင်သမျှ သတ္တဝါအားလုံးအား သူ့ကို ရှာဖွေကြရန် အမိန့်ပေးထားခဲ့ပြီးဖြစ်သည်။ ကောင်းကင်နတ်အရှင်ဟွေ့သည် သူ့ကို ရှာတွေ့ခဲ့သူမှန်သမျှကို သတ်ဖြတ်ပြီး အရှင်မထားခဲ့ပေ။

နောက်ပိုင်းတွင် ရွာများကို ရှောင်တိမ်းမသွားနိုင်တော့သဖြင့် မျက်နှာကြီး သုန်မှုန်လျက်သာ ၎င်းတို့ထဲ ၀င်ရောက်ဖြတ်သန်းလာခဲ့သည်။

တစ်ခဏကြာသော် သူ ရွာတစ်ရွာထဲမှ ထွက်လာ၏။ သူ့အနောက်တွင်တော့ အလောင်းများပုံနေသည်။

“မင်းတို့အတွက် ကလဲ့စားချေပေးပါ့မယ် မျိုးနွယ်ဝင်တို့”

ကောင်းကင်နတ်အရှင်ဟွေ့က တိုးညှင်းစွာ ရေရွတ်နေသည်။ “မင်းတို့ကို ရှေးဟောင်းနတ်ဘုရားဘုရင်၊ ကောင်းကင်နတ်အရှင်ရှုနဲ့ သခင်မယွမ်မုတို့ သတ်ခဲ့တာ…. ကောင်းကင်နတ်ဧကရာဇ်ဟောင်ကြောင့် မင်းတို့ သေခဲ့ရတာ… သူတို့ ငါ့ကိုသာ ဖိအားမပေးခဲ့ရင် မင်းတို့ သေကြရမှာ မဟုတ်ဘူး … ငါ နဂါးဟန်ခေတ်ရဲ့ ကောင်းကင်နတ်အရှင်ဟွေ့က မင်းတို့အတွက် ကလဲ့စားချေပေးမယ်လို့ ကျိန်ဆိုတယ်”

နောက်ဆုံးတွင်တော့ ညအချိန်ရောက်လာသည့်အခါ သူသည် ကောင်းကင်ဘုံများထဲရှိ နတ်ဘုရားမြို့တစ်မြို့ဆီသို့ ဝင်လာခဲ့၏။

နတ်ဘုရားမြို့မှာ ထွန်းလင်းတောက်ပနေပြီး မြို့မျှော်စင်၌ မည်သည့်အစောင့်အကြပ်မှ မရှိပေ။ မြို့ဂိတ်တံခါး၀များက ပွင့်နေပြီး မြို့ကို စောင့်ကြပ်နေသည့် ကောင်းကင်လက်နက်များနှင့် ကောင်းကင်တပ်မှူးများကိုလည်း မည်သည့်နေရာတွင်မှ မတွေ့ရချေ။

ကောင်းကင်နတ်အရှင်ဟွေ့သည် သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးစက်များကို ခါလိုက်ပြီး မြေပြင်ပေါ်သို့ ကျဆင်းသွားစေ၏။ သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ ဒဏ်ရာမှာလည်း အတော်များများ ကျုံ့၀င်သွားသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ သင်ယူထားသည့် ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းက အသုံးဝင်ပေသည်။

သို့သော် ရှေးဟောင်းနတ်ဘုရားဘုရင်၏ တိုက်ကွက်က ပြင်းထန်လွန်းသဖြင့် သူ့မှာ အလွန်တရာနက်ရှိုင်းသော တာအိုဒဏ်ရာတစ်ခု ရရှိခဲ့ပြီး အချိန်တိုအတွင်း ကုသနိုင်လိမ့်မည် မဟုတ်ပေ။

“ဆရာ”

ကောင်းကင်နတ်အရှင်ဟွေ့ မြို့ထဲသို့ ဝင်လိုက်သည့်အခါ ယင်ယကျစ်သည် သူ၏တပည့်များကို ဦးဆောင်၍ ဒူးထောက်နေကြောင်း ဆီးကြို၍ မြင်လိုက်ရသည်။ သူတို့အရှေ့ရှိ ဧရိယာမှာ အမှောင်ထုဖြင့် လွှမ်းမိုးနေလေသည်။

ကောင်းကင်နတ်အရှင်ဟွေ့၏ အသံထဲတွင် ပျော်ရွှင်မှုတို့ ရောယှက်နေပြီး သူက အက်ကွဲစွာ ပြောလိုက်သည်။ “ယကျစ်၊ ငါ့ရဲ့အဖိုးတန်ဆုံး တပည့်ဆိုတဲ့အတိုင်းပဲ… ငါ သိ…”

“ကောင်းကင်နတ်ဘုံကို ဘာလို့ သစ္စာဖောက်ခဲ့ရတာလဲ ဆရာ”

ယင်ယကျစ်က ခေါင်းမော့လိုက်ရာ သူ၏ မျက်ဝန်းများတွင် မျက်ရည်များ ပြည့်နှက်နေသည်။ သူက ဓားကို ဖြည်းဖြည်းချင်း ဆွဲထုတ်နေရင်း ထစ်အစွာ ပြောလိုက်သည်။ “ကျွန်တော့်အတွက် ခက်ခဲအောင် လုပ်နေတာပဲ”

ကောင်းကင်နတ်အရှင်ဟွေ့မှာ တောင့်တင်းသွားတော့သည်။

ယင်ယကျစ်သည် ဓားရှည်ကို ကိုင်၍ ထရပ်လိုက်၏။ သူ၏အရှိန်အဝါက ပေါက်ကွဲထွက်လာပြီး ကောင်းကင်နတ်အရှင်ဟွေ့အပေါ် ကျရောက်လာသည်။ သူက မျက်ရည်များ စီးကျလျက် ပြော၏။ “ဆရာ၊ ကျွန်တော်ဆရာ့ကို အလေးစားဆုံးပါ… အုပ်ချုပ်သူတစ်ယောက်၊ ပြည်သူပြည်သားတစ်ယောက်၊ ဖခင်တစ်ယောက်နဲ့ သားတစ်ယောက်ရဲ့ တာဝန်တွေကို သင်ပေးခဲ့တယ်… ပြည်သူပြည်သားတစ်ယောက်အနေနဲ့ ကောင်းကင်နတ်ဧကရာဇ်အပေါ် သစ္စာရှိသင့်တယ်… သစ္စာဖောက်လိုက်ရင် ခွေးတစ်ကောင်၊ ၀က်တစ်ကောင်ထက်တောင် ဆိုးရွားတဲ့ပုဂ္ဂိုလ် ဖြစ်သွားပြီ… ကျွန်တော် သစ္စာမဲ့ အကျင့်ပျက်တဲ့သူ မဖြစ်ချင်ဘူး”

ကောင်းကင်နတ်အရှင်ဟွေ့က လက်သီးဆုပ်၍ အသက်ပြင်းစွာရှူနေပြီး ယင်ယကျစ်ကို စိုက်ကြည့်နေသည်။

မျက်ရည်များက ယင်ယကျစ်၏ ပါးပြင်ထက်တွင် စီးကျလာနေ၏။ သို့သော် ခပ်ရေးရေးအပြုံးတစ်ခုနှင့် စိတ်လှုပ်ရှားမှုတို့ကလည်း သူ၏မျက်နှာထက်တွင် ထွက်ပေါ်လာသည်။ “ဆရာ၊ ကျွန်တော့်ကို ချစ်တယ်မလားဟင်… ကျွန်တော့်ကို တန်ဖိုးထားဆုံးမဟုတ်လား… တောင်ကောင်းကင် ကျွန်တော့်လက်အောက်မှာ တိုးတက်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်မလား.. မခုခံပါနဲ့ ဆရာ… ကျွန်တော် ဆရာ့ခေါင်းကို ကောင်းကင်နတ်ဘုံဆီ ယူသွားပြီး အကျိုးသယ်ပိုးပါရစေ”

ကောင်းကင်နတ်အရှင်ဟွေ့က ကျယ်လောင်စွာ ရယ်မောလိုက်သော်လည်း သွေးများ အန်လိုက်ရ၏။ “တော်လိုက်တဲ့ တပည့်… ငါသင်ထားတဲ့အတိုင်းပဲ”

“ဟုတ်တာပေါ့ခင်ဗျာ”

ယင်ယကျစ်ကလည်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ဆရာ့ဆီကနေ ကျွန်တော် ကောင်းကောင်းသင်ယူခဲ့ရပါတယ်… ခုခံနေစရာ မလိုပါဘူး… ညီလေးတို့ ဆရာ့ကို နောက်ဆုံးခရီး လိုက်ပို့ပေးကြရအောင်…”

သူ့မှာ စိတ်လှုပ်ရှားနေသဖြင့် အသံများပင် အနည်းငယ် အက်ကွဲတုန်ရီနေသည်။ သူက သံရှည်ဆွဲကာ ပြောလိုက်၏။ “ဆရာ မြန်မြန်သေအောင် လုပ်ပေးကြတာပေါ့… ဝေဒနာ မခံစားရစေနဲ့”

သူ၏အနောက်တွင် ကောင်းကင်နတ်အရှင်ဟွေ့၏ တပည်များက တစ်ယောက်ပြီးတစ်ယောက် ထလာကြသည်။ သူတို့က ကောင်းကင်လက်နက်နှင့် ကောင်းကင်နတ်သိုင်းမျိုးစုံကို အသုံးပြုကာ ကောင်းကင်နတ်အရှင်ဟွေ့ထံ ပြေးဝင်လာကြချေပြီ။

ကောင်းကင်နတ်အရှင်ဟွေ့မှာ ဒေါသထွက်နေသည်။ သူက အားကုန်တိုက်ခိုက်၍ သူကိုယ်တိုင် သင်ပေးခဲ့သော ထိုကောင်းကင်နတ်သိုင်းများထဲသို့ ပြေးဝင်သွား၏။ သူ လက်မြှောက်၍ ရိုက်ချလိုက်သည့်အခါ တပည့်တစ်ယောက်သည် အပိုင်းပိုင်းပေါက်ကွဲထွက်သွားသည်။ သူ ဟိန်းဟောက်လိုက်သည့်အခါ တပည့်များ နောက်သို့ယိမ်းယိုင်သွားကြ၏။

ယင်ယကျစ်က မလှုပ်ရှားပေ။ ထိုအစား သူက စစ်မြေပြင်အပြင်တွင် အေးဆေးစွာ လျှောက်နေသည်။

သူသည် ဧကရာဇ်ပလ္လင်အဆင့် သိုင်းသမားဖြစ်သော်လည်း အလွန်တရာ သတိထားနေ၏။ ကောင်းကင်နတ်အရှင်ဟွေ့မှာ နက်ရှိုင်းသော ဒဏ်ရာများ ရထားပြီဖြစ်သလို မှော်စွမ်းအင်လည်း အနည်းငယ်သာ ကျန်တော့သည်။ သို့သော် ယင်ယကျစ် ကောင်းကင်နတ်အရှင်ဟွေ့ကို အလွန်တရာ ကြောက်ရွံ့နေဆဲဖြစ်သဖြင့် အလျင်စလို မတိုက်ခိုက်ရဲပေ။

ပြောရလျှင် ကောင်းကင်နတ်အရှင်ဟွေ့၌ သိုင်းအခြေခံ သိပ်မကျန်တော့သည့်တိုင် သူ၏ရုပ်ခန္ဓာက ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်နေသေးသည် မဟုတ်ပါလော။

သူ၏ရုပ်ခန္ဓာမှာ အထွတ်အထိပ်အဆင့်အထိ ကျင့်ကြံခံထားရပြီး တာအိုခန္ဓာကိုယ်တစ်ခု ဖြစ်လာရန်ပင် အလွန်တရာနီးကပ်နေချေပြီ။ ၎င်းက ကောင်းကင်နတ်အရှင်ဟွေ့ ဤနေရာအထိ လျှောက်လာနိုင်ခဲ့သည့် အကြောင်းအရင်းလည်း ဖြစ်၏။

မကြာမီ တပည့်အားလုံး ကောင်းကင်နတ်အရှင်ဟွေ့၏ လက်ချက်ဖြင့် သေဆုံးကုန်ကြပြီး အလောင်းများက နေရာတိုင်းတွင် ပြန့်ကျဲနေတော့သည်။ ယင်ယကျစ်၏ သူငယ်အိမ်များ ကျုံ့၀င်သွားသည်။

ကောင်းကင်နတ်အရှင်ဟွေ့က အလောင်းများ၏ အလယ်တွင် ရပ်လျက် အေးစက်စွာ ပြောသည်။ “မင်းတို့အားလုံးကို ငါ သင်ပေးခဲ့တာ… မင်းတို့အားလုံးက ငါ ပျိုးထောင်ပေးခဲ့တဲ့ ခွေးတွေပဲ… မင်းတို့တစ်ယောက်ချင်းစီရဲ့ အားနည်းချက်ကို ငါ ကောင်းကောင်းသိတယ်… မင်းတို့ကို သတ်ရတာက လက်တစ်ချက် လွှဲရမ်းလိုက်သလို လွယ်တယ်.. မင်းရောပဲ ယင်ယကျစ်”

သူ ရုတ်တရက် လှည့်ကြည့်လိုက်သည့်အခါ ယင်ယကျစ်၏ တာအိုမီးတောက်ဆန်းကြယ်ဓားသွားနှင့် ရင်ဆိုင်လိုက်ရသည်။

ယင်ယကျစ်က အရှိန်အဟုန်ဖြင့် တိုက်ခိုက်လိုက်ပြီး ပြုံးလျက် တုံ့ပြန်သည်။ “ဆရာ၊ အကျိုးအမြတ်အတွက် ကျွန်တော်နဲ့အတူ တိုက်ခိုက်မယ့် ညီလေး ညီမလေးတွေ မရှိတော့ဘူး… ဟုတ်ပါတယ်… ကျွန်တော့်ကို ဆရာ သင်ကြားပေးခဲ့တာပါ… ဒါပေမဲ့ ဆရာက အခု အရမ်းအားနည်းနေပြီ… ရုပ်ခန္ဓာကိုပဲ အားကိုးပြီး ကျွန်တော်နဲ့ မယှဉ်နိုင်ဘူး”

ကောင်းကင်နတ်အရှင်ဟွေ့က လက်မြှောက်၍ ခုခံလိုက်သည်။ ယင်ယကျစ်သည် သူ၏ပတ်ပတ်လည်တွင် တဝှီးဝှီး လှည့်ပတ်နေ၏။ တာအိုမီးတောက်ဆန်းကြယ်ဓားသွားက လျှပ်စီးအလင်းတန်းများကဲ့သို့ အဆက်မပြတ် ခုတ်ချနေသည်။ သူက ခက်ထန်စွာ လှမ်းမေးသည်။ “ဆရာ၊ သေပြီလားခင်ဗျာ’’

ကောင်းကင်နတ်အရှင်ဟွေ့မှာ ဒဏ်ရာများ ပိုပို၍ပြင်းထန်လာသော်လည်း သာမန်ထက်ပို၍ တည်ငြိမ်အေးဆေးနေဆဲပင်။ ရုတ်တရက် သူသည် ပြစ်ချက်တစ်ခုကို တွေ့လိုက်ရသဖြင့် ညာလက်အား ခါလိုက်ရာ တာအိုမီးတောက်ဆန်းကြယ်ဓားသွားမှာ လွင့်ထွက်သွားတော့သည်။

ယင်ယကျစ်မှာ အံ့အားသင့်သွားသည်။ ကောင်းကင်နတ်အရှင်ဟွေ့က သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ လက်ညှိုးထိုးထားချေပြီ။

ယင်ယကျစ်၏ မျက်ခုံးနှစ်ဖက်ကြားရှိနေရာမှာ ပေါက်ကွဲသွားပြီး ဧရာမအပေါက်ကြီးတစ်ပေါက် သူ၏ဦးခေါင်းခွံတွင် ထွက်ပေါ်လာ၏။ သူက မီးတောက်များ တောက်လောင်နေသော တိရစ္ဆာန်တစ်ကောင်ကဲ့သို့ အလောတကြီး ထွက်ပြေးသွားပြီး ပြုံးလျက် လှမ်းပြောသည်။ “ဆရာ မလွတ်မြောက်နိုင်ပါဘူး”

ဝုန်း…

သူက အဝေးမှ‌နေ၍ လက်လွှဲရမ်းလိုက်ရာ နတ်ဘုရားမြို့ထဲရှိ စွမ်းအင်အကူးအပြောင်းတံတားမှာ ဝုန်းခနဲ ပြိုလဲသွားပြီး ကောင်းကင်နတ်အရှင်ဟွေ့၏ ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ထွက်ပြေးမည့် အကြံအစည်မှာ ပျောက်ကွယ်သွားရတော့သည်။

ကောင်းကင်နတ်အရှင်ဟွေ့၏ နှလုံးသားမှာ အေးခဲသွားပြီး သူက ချာခနဲလှည့်၍ တခြားနတ်ဘုရားမြို့တစ်မြို့ဆီသို့ ဦးတည်ထွက်ခွာသွားတော့၏။

သူသည် ဒယိမ်းဒယိုင် လျှောက်နေသော်လည်း သူ၏ ချီနှင့်သွေးတို့က တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာသည်။ သူ၏ခန္ဓာကိုယ်ထဲတွင် ဓာတ်ကြီးငါးပါး၊ အရပ်ခြောက်မျက်နှာ၊ ကောင်းကင်နတ်အသွင်၊ သေခြင်းရှင်ခြင်း၊ ကောင်းကင်နတ်မြစ်နှင့် တခြားကောင်းကင်ရတနာများက ပြန်ပွင့်လာကြ၏။ သူက ကောင်းကင်ရတနာအားလုံးကို စုစည်းရန် မွေးရာပါနတ်သစ်သားတံတားတစ်စင်းကိုပင် တည်ဆောက်ထားလေသည်။

သူ၏ သိုင်းအခြေခံနှင့် မှော်စွမ်းအင်တို့က ကောင်းကင်နတ်မြစ်အဆင့်အထိ မြင့်တက်လာကြ၏။ သူ နောက်ထပ်ခြေလှမ်းတစ်လှမ်း ထပ်လှမ်းလိုက်ပါက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်နန်းဆောင် ကျင့်စဉ်စနစ်အသစ်ကို ကျင့်ကြံနိုင်ပေလိမ့်မည်။

ဤသို့ဖြင့် ဟွေ့သည် ရွာငယ်တစ်ရွာသို့ ရောက်လာခဲ့၏။ ရွာသားများက ဗုံများ၊ စည်များ တီးလျက် ဟင်းချက်ဓားမများ၊ ပေါက်တူးများနှင့် တခြားလယ်ယာပစ္စည်းများကို ကိုင်ကာ သူ့ကို သတ်ရန် ရွာထဲမှ ပြေးထွက်လာကြသည်။

“မင်းတို့သေပြီးရင် မင်းတို့အတွက် ငါ ကလဲ့စားချေပေးပါ့မယ်”

ကောင်းကင်နတ်အရှင်ဟွေ့က ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက် သူတို့ကို သတ်ဖြတ်ရန် ပြင်လိုက်သည်။ ထိုစဉ် ရွာထဲ၌ လူငယ်တစ်ယောက် ပေါ်လာသည်ကို တွေ့လိုက်ရ၏။ ထိုလူငယ်က လက်နှစ်ဖက်ကို နောက်ပစ်၍ အစိမ်းရောင်သစ်ပင်တစ်ပင်အား မော့ကြည့်နေလေသည်။

သစ်ပင်က လောကသစ်ပင်တစ်ပင် ဖြစ်သည်။ သစ်ပင်အောက်ရှိ လူငယ်မှာ အသက်ကြီးပုံမပေါ်သော်လည်း သူ၏နားထင်တွင်တော့ ဆံပင်ဖြူများ အထင်းသားပင်။

“ကောင်းကင်နတ်အရှင်မူ”

ကောင်းကင်နတ်အရှင်ဟွေ့မှာ အံ့သြဝမ်းသာသွားသည်။ သူက သူ့ကို သတ်ရန် လာနေကြသော ရွာသားများကို လျစ်လျူရှုပြီး ကျယ်လောင်စွာ ရယ်မောလိုက်၏။ “ကောင်းကင်နတ်အရှင်မူ၊ မင်း ငါ့ကို ကယ်ဖို့ ရောက်လာတာလား… မင်းနဲ့ ငါက တကယ်ပဲ တစ်ယောက်ကို တစ်ယောက် နားလည်ကြတာပဲ…”

ချင်မူက သစ်ပင်အောက်တွင် ရပ်နေသော်လည်း သူ့ကို လှည့်မကြည့်လာပေ။ ထိုအစား လက်မြှောက်၍ အသာအယာ ညွှန်ပြလိုက်၏။

အလင်းလှည်းဘီးတစ်ခုက လှည့်ပတ်လာပြီး ကောင်းကင်နတ်အရှင်ဟွေ့အား လွှမ်းခြုံသွားသည်။ သူ့မှာ ရှောင်တိမ်းရန် အခွင့်အရေးပင် မရလိုက်ချေ။

အလင်းလှည်းဘီး တစ်ကြိမ် လှည့်ပတ်သွားသည့်အခါ ကောင်းကင်နတ်အရှင်ဟွေ့မှာ အိပ်မက်ထဲရောက်ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။ သူ မျက်လုံးများ ပြန်ဖွင့်လိုက်သည့်အချိန်တွင် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက လုံးလုံးလျားလျား ပျောက်ကွယ်သွားကြောင်း သတိထားမိလိုက်ရသည်။ သူက သူ၏မျက်နှာကို အလျင်အမြန် ထိကြည့်လိုက်ရာ မျက်နှာသည်လည်း မူလမျက်နှာအဖြစ်သို့ ပြန်လည်ပြောင်းလဲသွား၏။

သူ့မှာ အံ့ဩဝမ်းသာနေမိသည်။ ဤအခိုက်အတန့်တွင် ဟင်းချက်ဓားမတစ်လက်က သူ၏ပခုံးသို့ ခုတ်ချလိုက်၏။

သူ၏ ကောင်းကင်နတ်အရှင်ရုပ်ခန္ဓာမှာ သာမန်ဟင်းချက်ဓားမတစ်လက်ဖြင့် ခုတ်ပိုင်းခံလိုက်ရချေပြီ။ ဖော်ပြ၍ပင် မရနိုင်သော နာကျင်မှုကို ခံစားလိုက်ရသောကြောင့် မျက်ရည်များက ကောင်းကင်နတ်အရှင်ဟွေ့၏ မျက်နှာပေါ်တွင် စီးကျလာတော့သည်။

သူ၏ မှော်စွမ်းအင်မှာလည်း ပျောက်ကွယ်သွားကြောင်း သိရှိလိုက်ရ၏။ သူ၏ရုပ်ခန္ဓာထဲတွင် မည်သည့်ချီစွမ်းအင်ရော ကောင်းကင်ရတနာများပါ မရှိတော့ချေ။

သူ့မှာ ဤရွာသူရွာသားများကဲ့သို့ အားနည်းနေပြီ ဖြစ်သည်။

“သူ့ကို သတ်ကြ”

ရွာသူရွာသားများ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်နေကြ၏။ ကောင်းကင်နတ်အရှင်ဟွေ့၏ အမြင်အာရုံတွင် သူတို့၏ မျက်နှာများက ဝေဝါးယိမ်းယိုင်နေကြသည်။

ဇွပ်…

ထွန်ခြစ်တစ်လက်၏ အသွားသုံးခုက ကောင်းကင်နတ်အရှင်ဟွေ့၏ နဖူးမှတဆင့် ဦးနှောက်ထဲသို့ ထိုးစိုက်သွားသည်။ ကောင်းကင်နတ်အရှင်ဟွေ့မှာ စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း တစ်စုံတစ်ယောက်က သူ၏ ရင်ဘတ်ထဲသို့ လှံတစ်လက် ထိုးစိုက်လိုက်၏။

သူ့မှာ အားပြတ်သွားပြီး မြေပေါ် လဲကျသွားတော့သည်။ သူ၏ပတ်ပတ်လည်ရှိ ရွာသူရွာသားများမှာ သာမန်ထက်ပို၍ စိတ်လှုပ်ရှားတက်ကြွနေကြ၏။ တုတ်ချောင်းများက လေထဲတွင် ပျံဝဲနေကြပြီး ဓားများ၊ လက်များက ပေါ်လိုက်ပျောက်လိုက်ဖြင့် သူ၏ခန္ဓာကိုယ်အား တစ်ခုပြီးတစ်ခု ထိုးစိုက်နေကြသည်။

“နေဦး”

တစ်စုံတစ်ယောက် အော်ဟစ်သံကို သူ ကြားလိုက်ရ၏။ “သူ့မျက်နှာကို မဖျက်စီးနဲ့ဟ… ဆုကြေးထုတ်ဖို့ သူ့ခေါင်းကို ယူသွားရမှာလေ”

ကောင်းကင်နတ်အရှင်ဟွေ့၏ မျက်ဝန်းများ ပိတ်ပိတ်ပုန်း မှောင်မည်းနေသည်။ ကြမ်းတမ်းသော လက်တစ်ဖက်က သူ၏ဆံပင်ကို ဆောင့်ဆွဲထားသည်ကိုသာ ခံစားနေရသည်။ ဓားတစ်ချောင်းက သူ၏လည်ပင်းပေါ်တွင် တင်ထားပြီး ခေါင်းဖြတ်ကြပေတော့မည်။

သူ၏အသိစိတ်အလျဉ်မှာ လုံးဝ မည်းမှောင်သွားတော့၏။

ထိုအခိုက်အတန့်တွင် လက်ဖျောက်တီးသံတစ်ချက် ကြားလိုက်ရသည်။

လောကသစ်ပင်အောက်တွင် ချင်မူက လက်ဖျောက်တီးလိုက်ရာ ကောင်းကင်နတ်အရှင်ဟွေ့၏ ဝိညာဉ်က ရုပ်ခန္ဓာထဲသို့ ပြန်လည်ဝင်ရောက်သွားပြီး အသိစိတ်အလျဉ်မှာလည်း နောက်တစ်ကြိမ် နိုးထလာသည်။

“မပြောင်းလဲသော ဒြပ်ထု ကောင်းကင်နတ်သိုင်းလား”

ကောင်းကင်နတ်အရှင်ဟွေ့မှာ အံ့သြဝမ်းသာဖြစ်သွားပြန်၏။ သူက ပြုံးလျက် မေးလိုက်လေသည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်း ငါ့ကို မသတ်ရက်ဘူးမလား… ငါ မှားမှန်း သိအောင် အပြစ်ပေးနေရုံသက်သက်ပဲမလား”

ချင်မူက လောကသစ်ပင်အောက်မှ လျှောက်လာသည့်အခါ လောကသစ်ပင်သည် သူနှင့်အတူ လှုပ်ရှားသွား၏။ ကောင်းကင်နတ်အရှင်ဟွေ့မှာလည်း အားတစ်ရပ်၏ လှုပ်ရှားခြင်းကို ခံလိုက်ရ၏။

မကြာမီ သူသည် ချင်မူ့နောက်မှ ဒုတိယရွာတစ်ရွာကို ရောက်လာခဲ့သည်။

နောက်ထပ်ရွာသူရွာသားများက ချင်မူ့ကို မမြင်ဘဲ ကောင်းကင်နတ်အရှင်ဟွေ့ကိုသာ မြင်ကြသည့်အလား ပြေးထွက်လာကြ၏။ သူတို့က လက်နက်မျိုးစုံ ကိုင်၍ စိတ်လှုပ်တရှား အော်ဟစ်ပြေးဝင်လာကြသည်။

ကောင်းကင်နတ်အရှင်ဟွေ့မှာ သွေးပင်လယ်ထဲသို့ နစ်မြုပ်သွားပြန်၏။ တစ်စုံတစ်ယောက် သူ၏ဆံပင်ကို ဆွဲ၍ ခေါင်းဖြတ်ရန် ကြိုးစားနေသည်ကို ခံစားနေရသည်။

လက်ဖျောက်တီးသံ နောက်တစ်ကြိမ် ကြားလိုက်ရပြီး အရာအားလုံး ပုံမှန်ပြန်ဖြစ်သွား၏။

ကောင်းကင်နတ်အရှင်ဟွေ့မှာ ချင်မူ့နောက်မှ လိုက်၍ အော်ဟစ်လိုက်မိသည်။ “ကောင်းကင်နတ်အရှင်မူ၊ ငါ့အမှားကို တကယ်သိပါပြီ… ငါ မင်းကို ကူညီပေးရင် တစ်လောကလုံးကို အေးချမ်းသွားမှာကွ… ငါ…”

နောက်တစ်ရွာဘေးတွင် သူ့မှာ သတ်ဖြတ်ခံရပြန်သည်။

လက်ဖျောက်တီးသံ ထွက်ပေါ်လာပြီး ကောင်းကင်နတ်အရှင်ဟွေ့က အသက်ပြန်ရှင်လာသည်။ သူ့မှာ ချင်မူနှင့်အတူ နောက်ရွာတစ်ရွာသို့ ရောက်လာခဲ့ပြန်သည်။

“ကောင်းကင်နတ်အရှင်မူ၊ မင်း စိတ်တည်ငြိမ်သွားပြီမလား”

ကောင်းကင်နတ်အရှင်ဟွေ့က သူ၏ အကြောက်တရားကို ဖုံးဖိ၍ ပြုံးလိုက်သည်။ “မင်းနဲ့ ငါ ပူးပေါင်းလိုက်ရင် တစ်လောကလုံးမှာ ပြိုင်ဘက်ကင်း ဖြစ်သွားလိမ့်မယ်… အခု အခြေအနေက ကောင်းတယ်… မင်း ထိုက်ချူနဲ့ ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို ရှင်းလင်းသတ်ဖြတ်နိုင်အောင် ငါ ကူညီပေးနိုင်တယ်..”

သူ့မှာ ပျော်ရွှင်ဝမ်းမြောက်နေသော ရွာသူရွာသားများ၏ နောက်တဖန် အမဲလိုက်သတ်ဖြတ်ခြင်းကို ခံလိုက်ရပြန်သည်။

ဤကဲ့သို့ အကြိမ်ကြိမ် ဖြစ်ပွားနှုန်းက ပိုပို၍ များပြားလာသည်နှင့်အမျှ ကောင်းကင်နတ်အရှင်ဟွေ့မှာ အတော်လေး ကြောက်ရွံတုန်လှုပ်လာမိသည်။ ချင်မူသည် ဘဝပြန်ဝင်စားခြင်းလမ်းစဉ်ကို သုံး၍ သူ၏သိုင်းအခြေခံမှန်သမျှ ဖျက်ဆီးပြီး တောင်ကောင်းကင်သား ရွာသူရွာသားများ၏ သတ်ဖြတ်ခြင်းကို အကြိမ်ကြိမ်ခံစေကာ ပြန်လည်အသက်သွင်းပေးနေသည်။

ဤသို့ ဖြစ်ပျက်နေစဉ်အတွင်း ချင်မူသည် သူ့ကို လှည့်မကြည့်သလို စကားတစ်လုံးမှလည်း မပြောပေ။

ကောင်းကင်နတ်အရှင်ဟွေ့၏ နှလုံးသားထဲရှိ အကြောက်တရားက ပိုပို၍ကြီးမားလာတော့၏။ ‘သူက ငါ့ကို သတ်ချင်နေတာ… ငါ့ကို တကယ် သေစေချင်နေတာ…. အခု ငါ့ကို ကစားနေရုံသက်သက်ပဲ’

နောက်ဆုံးတွင် ချင်မူက ရပ်တန့်လိုက်သည်။ “ကျွန်တော် ပင်ပန်းနေပြီ” သူက တည်ငြိမ်းအေးဆေးသော မျက်နှာအမူအရာဖြင့် ပြော၏။ “ပင်ပန်းသွားပြီ… ခင်ဗျား သေတာကို အကြိမ်ကြိ မ်ကြည့်ရတာက ကျုပ်ကိုပျော် စေလိမ့်မယ်လို့ ထင်ခဲ့မိတာ… တောင်ကောင်းကင်ရဲ့ လူသားမျိုးနွယ်အတွက် ကလဲ့စားချေပေးနိုင်တဲ့ စိတ်ကျေနပ်မှုကို ရနိုင်လိမ့်မယ်လို့ ထင်ထားခဲ့မိတယ်… ဒါပေမဲ့ တောင်ကောင်းကင်ရဲ့ အရူးတွေက ခင်ဗျားကို သတ်ပြီးတာတောင်မှ ရူးနေကြတုန်းပဲဆိုတာကို သိခဲ့ရတယ်… ခင်ဗျား ခဏခဏသေလို့လည်း ကျုပ် ပျော်မသွားဘူး”

ကောင်းကင်နတ်အရှင်ဟွေ့၏ နှလုံးသားထဲတွင် မျှော်လင့်ချက်ရောင်ခြည်သန်းလာပြီး သူက အားတင်းပြုံးလိုက်၏။ “ကောင်းကင်နတ်အရှင်မူ၊ ငါ မှားမှန်း တကယ်သိပါပြီ… ငါ ပြောင်းလဲပ့ါမယ်… အဲဒါက ကောင်းမွန်တဲ့အရာပဲမလား… ငါက အသုံးဝင်ပါသေးတယ်… မင်းရဲ့ နောက်လိုက်ခွေးအနေနဲ့ မင်းအတွက် တိုက်ခိုက်ပေးလို့ရတယ်… ငါ မျှော်လင့်မိတာက…”

“ခင်ဗျားရဲ့ အမှားကို သိတာနဲ့ ခွင့်လွှတ်ပေးရမယ်ဆိုရင် တရားဥပဒေတွေက ဘာအတွက် တည်ရှိနေတော့မှာလဲ..”

ချင်မူက ခေါင်းခါရမ်းလိုက်ပြီး သူ့ကို ကြည့်မလာသေးပေ။ သူက လက်ချောင်းငါးချောင်းကို ဖြန့်ကားလိုက်၏။

ဝုန်း… ဝုန်း… ဝုန်း..

ကောင်းကင်နတ်အရှင်ဟွေ့၏ ဦးခေါင်း၊ ရုပ်ခန္ဓာနှင့် ခြေလက်များမှာ တစ်စစီ ပေါက်ကွဲပျောက်ကွယ်သွားပြီး သူ၏ဝိညာဥ် ထွက်ပေါ်လာသည်။

ချင်မူက လက်သီးဆုပ်၍ ထွက်ခွာသွားတော့၏။

ကောင်းကင်နတ်အရှင်ဟွေ့၏ ဝိညာဉ်က တစ်ခဏမျှ ရုန်းကန်နေသော်လည်း နောက်တစ်ခဏတွင် ပေါက်ကွဲ၍ အနက်ရောင်ဝိညာဉ်သဲမှုန်များအဖြစ် ပြောင်းလဲသွားတော့သည်။

ထို့နောက် အနက်ရောင်ဝိညာဉ်သဲမှုန်များက ပြိုလဲသွားပြီး ဖရိုဖရဲစွမ်းအင်အလုံးတစ်လုံးအဖြစ် သိပ်သည်းခံလိုက်ရ၏။

လေတစ်ချက် ဝှေ့ကာ တိုက်ခိုက်သွားပြီး ဖရိုဖရဲစွမ်းအင်မှာလည်း အစအနပင် မကျန်အောင် လွင့်ပျယ် ပျောက်ကွယ်သွားတော့သည်။

All Chapters