ငါ မင်းကို သိမ်းထားမယ်
Vol. 125 Ch. 1626
ချင်မူ ရွှေသင်္ဘောဆီသို့ ပြန်ရောက်လာသည့်အခါ တောင်ကောင်းကင်ကို ငုံ့ကြည့်လိုက်သည်။ တောင်ကောင်းကင်ရှိ ကောင်းကင်ဘုံများမှာ စကြ၀ဠာထဲတွင် တွဲလဲခိုနေသော ပုလဲလုံးလေးများကဲ့သို့ တောက်ပနေကြ၏။
တစ်ချိန်က ကောင်းကင်နတ်အရှင်ဖြစ်ခဲ့သော နဂါးဟန်ခေတ်၏ ကောင်းကင်နတ်အရှင်ဟွေ့သည် သေဆုံးသွားပြီဖြစ်လေရာ ချင်မူမှာ အနည်းငယ်ပင် နှမြောတသ ဖြစ်မိလေသည်။
'အာဏာနဲ့ အင်အားကို ပိုင်ဆိုင်လာတဲ့အခါမှာ မူလနှလုံးသားနဲ့ ရည်ရွယ်ချက်ကို ထိန်းသိမ်းထားဖို့ ခက်လာတယ်…. လောဘတွေ အာဃာတတွေထဲ နစ်မြုပ်ပြီး ကိုယ့်ကိုကိုယ် ဆုံးရှုံးသွားတတ်တယ်’
ချင်မူ စိတ်ထဲမှ တွေးနေမိသည်။ 'ကောင်းကင်နတ်အရှင်ဟွေ့ဟာ ကောင်းကင်နတ်အရှင်ယွီ သေဆုံးသွားတဲ့ အခိုက်အတန့်မှာတည်းက သူ့ကိုယ်သူ ဆုံးရှုံးသွားတာ ဖြစ်မယ်… နောက်ဆုံး တဖြည်းဖြည်းနဲ့ ပိုပိုပြီး နစ်မြုပ်သွားခဲ့တာပဲ… အခုတော့ သူ အရင်တုန်းက ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်ခဲ့တာလဲဆိုတာတောင် မေ့သွားခဲ့ပြီ’
လွန်ခဲ့သည့် နှစ်တစ်သန်းတုန်းက နဂါးသွဲ့ရေကန်တွင် ကောင်းကင်နတ်အရှင်ဟွေ့အား တွေ့ဆုံခဲ့သည့် မြင်ကွင်းကို ပြန်လည်အမှတ်ရသွားမိသည်။ ထိုအချိန်တုန်းက ကောင်းကင်နတ်အရှင်ဟွေ့သည် ဖြတ်လတ်တက်ကြွသော လူငယ်တစ်ဦးဖြစ်ပြီး ကြင်နာသနားတတ်၏။ ကောင်းကင်နတ်အရှင်လင် မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကို လေ့လာနေမှုအပေါ် ချင်မူ၏ ချီးကျူးထောပနာပြုမှုများက ကောင်းကင်နတ်အရှင်လင်အား ထိခိုက်စေသည်ဟု ခံစားရသဖြင့် သူသည် ချင်မူ့ကို တိုက်ခိုက်ခဲ့၏။
ဟွေ့မှာ ချင်မူ၏ အနိုင်ယူခြင်း ခံခဲ့ရသော်လည်း အငြိုးအတေး မထားခဲ့ချေ။
ထိုအချိန်တုန်းက ကောင်းကင်နတ်အရှင်ဟွေ့သည် အစစ်အမှန် ကောင်းကင်နတ်အရှင်ဟွေ့ ဖြစ်ခဲ့သည်။ သို့သော် ကောင်းကင်နတ်အရှင်ယွီ သေဆုံးသွားပြီးနောက် ထိုကောင်းကင်နတ်အရှင်ဟွေ့ပါ သေဆုံးသွားခဲ့လိမ့်မည်။
နောက်ဆုံးအချိန်အထိ အသိစိတ်မ၀င်လာဘဲ ... နောက်ဆုံးအနေနဲ့ ကောင်းကျိုးမသယ်ပိုးခဲ့တာ နှမြောစရာပဲ…. သူက တောင်ကောင်းကင်ရဲ့ ပြည်သူပြည်သားတွေကို ကျွန်တွေအဖြစ် သင်ကြားပျိုးထောင်ခဲ့ပေမယ့် မသေခင်မှာ သူတို့ကို လွတ်မြောက်အောင် မလုပ်ပေးနိုင်ခဲ့ဘူး”
ချင်မူက အကြည့်ရုတ်လိုက်ပြီး ရွှေသင်္ဘောအား ကမ္ဘာဦးဘုံဆီသို့ ပြန်လည်ရွက်လွှင့်သွားသည်။
အခြားတစ်ဖက်တွင် ကောင်းကင်နတ်ဧကရာဇ်ဟောင်နှင့် ထိုက်ချူတို့ကြားရှိ တိုက်ပွဲမှာ သခင်မယွမ်မု ပေါ်လာသည်နှင့် ရပ်တန့်သွား၏။ ထိုက်ချူမှာ အတွေ့အကြုံ ရင့်သန်လွန်းသဖြင့် သခင်မ ယွမ်မုပေါ်လာသည်နှင့် အနိုင်ရတော့မည်မဟုတ်မှန်း သိရှိထားသည်။ ကောင်းကင်နတ်အရှင်ဟွေ့သည် သေကံပါလာသည်သာမက သူ့သားတော် လန်ရွှမ်ကိုလည်း ကာကွယ်ပေးနိုင်မည် မဟုတ်ချေ။ နန်းစွန့်ဧကရာဇ်အဖြစ် အေးအေးဆေးဆေး နေသွားခြင်းကသာ ပို၍ ကောင်းမွန်ပေလိမ့်မည်။
သူ့ခွန်အားကြောင့် ကောင်းကင်နတ်ဧကရာဇ်ဟောင်က သူ့ကို သတ်ဖြတ်လိမ့်မည် မဟုတ်ချေ။
“နန်းစွန့်ဧကရာဇ်၊ မနက်ဖြန် ကျုပ် အစ်ကိုတော်လန်ရွှမ်ရဲ့ ဦးခေါင်းကို ကျုပ်စားပွဲပေါ်မှာ မြင်ချင်တယ်” ကောာင်းကင်နတ်ဧကရဇ်ဟောင်က ထွက်ခွာရန် ပြင်နေသည့် ထိုက်ချူအား မှင်သေသေ လှမ်းပြောလိုက်သည်။
ထိုက်ချူ့ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်၏။
“တာအိုညီတော်နဲ့ ညီမတော်၊ မင်းတို့ ငါနဲ့ မလိုက်ဘူးလား” ထိုက်ချူက ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးကို ကြည့်၍ မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။
သူက ထွက်ခွာရန် ခြေလှမ်းလှမ်းပြီး ဖြစ်သော်လည်း ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးက နေရာတွင်သာ ရပ်နေပြီး သူ့နောက်မှ လိုက်မလာကြချေ။
ကောင်းကင်နတ်အရှင်ထိုက်ယင်နှင့် ကောင်းကင်နတ်အရှင်ထိုက်ယန်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် ခေါင်းရမ်းလိုက်ကြသည်။ “တာအိုနောင်တော်ထိုက်ချူ၊ ကျွန်တော်တို့နဲ့ တာအိုရဖို့ လျှောက်ရမယ့်လမ်းက ရှည်သေးတယ်… သေမျိုးလောကမှာ ကိုယ့်ကိုကိုယ်ကို သန့်စင်ပြီး တာအိုနှလုံးသားကို နားလည်အောင် လုပ်ရဦးမယ်.. ကျွန်တော်တို့ အစ်ကိုတော်နဲ့အတူ ခွဲထွက်ပြီး နေထိုင်လို့မရဘူး’
“မင်းတို့က ကောင်းကင်နတ်ဧကရာဇ်ဟောင်နဲ့ ပူးပေါင်းကြတော့မလို့လား… ထင်ထားတဲ့အတိုင်းပဲ… ထင်တားတဲ့အတိုင်းပါလားကွာ...”
ထိုက်ချူက ရယ်လျက် ချာခနဲ လှည့်သွားသည်။ သူက ကောင်းကင်နတ်ဧကရာဇ်ဟောင်အား တည်ကြည်လေးနက်စွာ ပြော၏။ “ဟောင်အာ၊ မင်း ကောင်းကင်နတ်ဧကရာဇ်နေရာ မြဲချင်တယ်ဆိုရင် ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးကို အသုံးချလို့ မဖြစ်ဘူး…. သူတို့ကို တိုက်ပွဲတွေပဲ တိုက်ခိုင်း…. ဘယ်လိုအာဏာမျိုးမှ မပေးနဲ့ …. သူတို့နှစ်ယောက်ဟာ အာဏာလုရင်းနဲ့ အကျင့်ပျက်သွားကြပြီ… သာတဲ့သူနောက် လိုက်တဲ့ … တစ်ကိုယ်ကောင်းဆန်တဲ့ သာပေါင်းညာစားတွေ ဖြစ်နေကြပြီ… တစ်ချိန်က ကောင်းကင်နတ်ဧကရာဇ်နဲ့ ကောင်းကင်နတ်ဧကရီတို့က အမှားတွေကနေ သင်ခန်းစာယူခဲ့ကြတယ်… ငါတို့လည်း အဲ့လိုပဲလုပ်ရမယ်”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ခပ်မဲ့မဲ့ ပြုံးလိုက်ပြီး အေးဆေးတည်ငြိမ်စွာ ပြန်ချေပသည်။ “နန်းစွန့်ဧကရာဇ်ရဲ့ အကြံပေးချက်ကို နားထောင်လိုက်ပေမယ့် လိုက်နာဖို့တော့ စဉ်းစားရပါဦးမယ်… နန်းစွန့်ဧကရာဇ်၊ ကျုပ်အစ်ကိုတော်ရဲ့ ခေါင်းကို သွားဖြတ်လိုက်ပါတော့… ပြီးတော့ နန်းစွန့်ဧကရာဇ်အနေနဲ့ သီးသန့်စံမြန်းနိုင်မယ့် နေရာတစ်ခု ကျုပ် စီစဉ်ထားပေးပါတယ်…. အရှေ့ဝင်ရိုးစွန်းလေ… အရှင်နတ်မင်းချင်းလုံကိုလည်း နန်းစွန့်ဧကရာဇ် ရှင်းလင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်… ပြောရရင် သူ့ကို တောင်ကောင်းကင်တိုက်ပွဲမှာ သေသွားပြီလို့ ပြောခဲ့ပြီးပြီမလား… သူ အသက်ဆက်ရှင်နေတာ ကျုပ် မလိုချင်ဘူး”
ကောင်းကင်နတ်အရှင်ထိုက်ယန်က မျက်မှောင်ကြုတ်နေပြီး ကောင်းကင်နတ်အရှင်ထိုက်ယင်က ပြော၏။ “တာအိုအစ်ကိုတော်ထိုက်ချူ၊ ရှင် ရှုံးနိမ့်သွားပြီလေ… ဘာကြောင့် ကျွန်မတို့ကို အပြစ်တင်နေရတာလဲ… အသန်မာဆုံးသူသာ ရှင်သန်နိုင်တာက သဘာဝပဲ… ရှင်က လိုက်လျောညီထွေ မပြောင်းလဲနိုင်လို့ အနားယူဖို့ ဆုံးဖြတ်ခဲ့တာလေ… ဒါပေမဲ့ ကျွန်မတို့ကတော့ တာအိုရချင်သေးတယ်”
“တာအိုညီတော်နဲ့ ညီမတော်၊ မင်းတို့က အတိတ်တုန်းက ငါ့လို ကောင်းကင်နတ်အရှင်ဆယ်ပါးလို ဖြစ်လာကြပြီပဲ”
ထိုက်ချူက သက်ပြင်းချလိုက်ပြီးနောက် သံရှည်ဆွဲလျက် ရယ်မောလိုက်သည်။ “ဟားဟား.. နောက်ဆုံးတော့ ငါတစ်ယောက်ပဲ ဖြစ်သွားတာပေါ့လေ”
သူသည် စိတ်ဓာတ်ကျစွာဖြင့် လက်ဝှေ့ရမ်းလိုက်ပြီး အရှေ့ဝင်ရိုးစွန်းသို့ ထွက်ခွာသွားတော့သည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် ပြီးပြည့်စုံသော အောင်မြင်မှုကို ရရှိခဲ့ပြီး၍ ရည်ရွယ်ချက်အပြည့် ရှိနေတော့သည်။
***
ရွှေသင်္ဘောဟင်းလင်းပြင်ကို ဖြတ်သန်း၍ ရွက်လွှင့်နေစဉ် ချင်ဖုန်းကျင့်နှင့် ထိုက်ရှီတို့က ရုတ်တရက် ပျံသန်းလာကြပြီး သင်္ဘောပေါ်သို့ ခုန်ဆင်းလိုက်ကြသည်။ ထိုက်ရှီက ခေါင်းခါရမ်းနေသည်။ “ကောင်းကင်နတ်အရှင်ရှုနဲ့ ရှေးဟောင်းနတ်ဘုရားဘုရင်ကို ရှင်းလင်းဖယ်ရှားဖို့ အခွင့်အရေး မရှိဘူး… ထိုက်ကျိရှေးဟောင်းနတ်ဘုရား ရောက်လာနေကြပြီ… သူတို့ရဲ့ စွမ်းအားတွေက သိပ်ကို အားကောင်းလွန်းတော့ ငါနဲ့ ခေါင်းကြီး သူတို့ကိုသတ်ဖြတ်ဖို့ အခွင့်အရေး မရခဲ့ဘူး”
ချင်မူက ခေါင်းညိတ်လိုက်သည်။ “သူတို့ကို ရှင်းလင်းလို့မရတာက မထူးဆန်းပါဘူး … သူတို့ထဲကတစ်ယောက်က ရွှမ်တုကို ထိန်းချုပ်ထားတဲ့အပြင် ကျန်တဲ့တစ်ယောက်က ယိုတုတစ်ဝက်ကို ထိန်းချုပ်ထားတာလေ … ကောင်းကင်ယင်သားတော်က အခု သေသွားပြီဆိုတော့ ကောင်းကင်နတ်အရှင်ရှုအနေနဲ့ ယိုတုတစ်ခုလုံးကို ထိန်းချုပ်ဖို့ မခက်ခဲတော့ဘူး… ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ကမ္ဘာဦးဘုံကို သူတို့နှစ်ယောက် ခြိမ်းခြောက်လာနိုင်တဲ့ အန္တရာယ်က သိပ်များတယ်”
သူက မျက်မှောင်ကြုတ်လိုက်သည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်ကတော့ အန္တရာယ်အများဆုံးဖြစ်၏။
ယခုတွင် ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ အာဏာအလုံးစုံကို ချုပ်ကိုင်ထားချေပြီ။ သခင်မယွမ်မု၏ အကူအညီကိုပါ ရရှိထားသဖြင့် ထိုက်ချူသည် သူနှင့် မယှဉ်နိုင်ပေ။ ထိုက်ချူ၏ အကျင့်စရိုက်အရ အာဏာအလုံးစုံကို သေချာပေါက် လွှဲပြောင်းပေးလိမ့်မည်။
ပို၍အရေးကြီးသည်က ထိုက်ချူသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ခိုလှုံလိမ့်မည် မဟုတ်ပေ။ ကောင်းကင်နတ်ဧကရာဇ်ဟောင် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို တိုက်ခိုက်လာလျှင်တောင်မှ လာရောက်ကူညီပေးလိမ့်မည်။
ပြောရလျှင် သူတို့၏ ရည်ရွယ်ချက်များက ဆက်နွှယ်နေသည်မဟုတ်ပါလား။
ကောင်းကင်နတ်အရှင်ဆယ်ပါးသည် ရည်ရွယ်ချက်တူသော ပုဂ္ဂိုလ်များ စုဝေးနေခြင်း ဖြစ်သဖြင့် အံ့သြစရာတော့ မဟုတ်ပေ။
ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်လာသရွေ့ ထိုသို့အစုအဝေးထဲမှ လွတ်မြောက်နိုင်ရန် ခက်ခဲပေလိမ့်မည်။
“ညီလေး၊ ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ လူဝင်စားက ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ရှိနေသေးတယ်… သူ့ကို ဘယ်လိုလုပ်မှာလဲ” ချင်ဖုန်းကျင့်က မေးလိုက်သည်။
“ဧကရာဇ်ယွိရှို့ စီစဉ်ထားပြီးပြီ မဟုတ်လား… ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ မျိုးဆက်သစ်တွေထဲမှာ အင်အားကြီးသိုင်းပညာရှင်တွေ အများကြီး ရှိတဲ့အတွက် ကျွန်တော်တို့ စိုးရိမ်စရာ မလိုပါဘူး”
ချင်မူက တွေးတောနေပြီနောက် ဆိုသည်။ “ဧကရာဇ်အနေနဲ့ ဘယ်သူ့ကိုမှတောင် လွှတ်စရာ မလိုဘူး… ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ လူဝင်စားလည်း သေခြင်းတရားကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး… သူ့ကို အသတ်ချင်ဆုံးသူက ကျွန်တော်တို့ မဟုတ်ဘဲ ကောင်းကင်နတ်ဧကရာဇ်ဟောင်လေ”
ချင်ဖုန်းကျင့်နှင့် ထိုက်ရှီမှာ ဇဝေဇဝါဖြစ်နေကြသည်။ သူတို့နှစ်ယောက်က အသည်းအသန် တွေးတောစဉ်းစားနေကြပြီးနောက် ချင်ဖုန်းကျင့်က လက်ခုပ်တီးကာ ပြောလိုက်၏။ “ငါ သဘောပေါက်ပြီ… သူ့ကို အသတ်ချင်ဆုံးသူက ကောင်းကင်နတ်ဧကရာဇ်ဟောင်ပဲ… ဒီတစ်ခေါက် ကောင်းကင်နတ်အရှင်ဟွေ့ကို စပြီးတိုက်ခိုက်တာကလည်း ကောင်းကင်နတ်ဧကရာဇ်ဟောင်ပဲမလား… သူလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ လူဝင်စား ရှိတာဆိုတော့ ဒီအခွင့်အရေးကို လုံးဝလက်လွတ်ခံမှာ မဟုတ်ဘူး… ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ လူဝင်စားကို သေချာပေါက် တိုက်ခိုက်လိမ့်မယ်”
ချင်မူက ပြုံးလိုက်၏။ သူ၏ အစ်ကိုကြီးသည် အရွယ်ရောက်လာလေပြီ။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ
တာအိုဒဿနတက္ကသိုလ်၏ဘေး မြေကမ္ဘာကောင်းမှုနန်းတော်၊ ကြယ်ခြွေတောင်တွင်...
လင်ယွိရှို့သည် ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူမ၏ဘေးတွင် အခြွေအရံအနည်းငယ်သာ ရှိသည်။ သူမသည် ကြယ်ခြွေတောင်ထွတ်၏ နန်းဆောင်အရှေ့သို့ ရောက်လာကာ ပြောလိုက်၏။ “၀န်မင်းရှင်း၊ ဒီနှစ်တွေအတွင်း တံခါးပိတ် နေထိုင်ခဲ့တာ ကြာခဲ့ပါပြီ… ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုရလဒ်တွေကိုလည်း ကျွန်မ လူလွှတ်ပြီး အမြဲတမ်း ပို့ဆောင်စေခဲ့ပါတယ်… ရှင့်အနေနဲ့ အကျိုးအမြတ်အများကြီး ရခဲ့ပြီဆိုတော့ ကျွန်မ တစ်ခု တောင်းဆိုချင်တယ်”
“ဧကရာဇ်အပေါ် ကျုပ် ကျေးဇူးကြွေးတင်နေတာဆိုတော့ ဘာလိုအပ်သလဲ မိန့်ပါ” လူငယ်တစ်ယောက်၏ အသံက ကလေးဆန်သော အငွေ့အသက်များ ပြည့်နှက်လျက် နန်းဆောင်ထဲမှ ထွက်ပေါ်လာသည်။
လင်ယွိရှို့က ပြော၏။ “ရှင့်အနေနဲ့ လူတစ်ယောက်ကို သတ်ပေးဖို့ တောင်းဆိုချင်တယ်… ဒီလိုက ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ လူဝင်စားဖြစ်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ရှိနေတယ်… သူ့နာမည်က တုယီ… ၀န်မင်းရှင်းအနေနဲ့ ကူညီပေးစေချင်ပါတယ်”
သူမ လက်မြှောက်လိုက်ရာ ရွှေရောင်စာရွက်တစ်ရွက်က ပျံသန်းလျက် နန်းဆောင်ပေါ် ကျရောက်သွားသည်။
ခဏကြာပြီးနောက် ခံ့ညားချောမောသော လူငယ်တစ်ယောက်သည် ရွှေရောင်စာရွက်ကို ကိုင်၍ နန်းဆောင်ထဲမှ ထွက်လာ၏။ သူ့အနောက်တွင် သေတ္တာတစ်လုံးက ပြေးလျက် လိုက်ပါလာသည်။
ထိုသေတ္တာက လင်ယွိရှို့ အနားသို့ ရောက်လာသည့်အခါ သူမ၏ခြေထောက်ကို သဘောကျနှစ်သက်စွာ ပွတ်သပ်ပြီးနောက် လူငယ်နောက်မှ အမြန်လိုက်သွား၏။
လင်ယွိရှို့လည်း အခြွေအရံများနှင့်အတူ တောင်အောက်သို့ ဆင်းလာခဲ့သည်။ နန်းတွင်းသူတစ်ဦးက သိချင်စိတ်ပြင်းပြစွာ မေး၏။ “အရှင်မင်းကြီး၊ ၀န်မင်းရှင်းဆိုတာ ဘယ်သူလဲဘုရား”
“နှစ်ငါးရာကြာတိုင်း ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာတတ်တယ်ဆိုတဲ့ ဆိုရိုးတစ်ခု ရှိတယ်… အဲ့ဒါက စိတ်ဓာတ်တက်ကြွအောင် ဧကရာဇ်အတိုင်ပင်ခံ ဖြန့်ခဲ့တဲ့ ကောလာဟလ ဆိုပေမယ့် အမှန်တကယ်လည်း လူသားမျိုးနွယ်မှာ နှစ်ငါးရာကြာပြီးတိုင်း ပြိုင်ဘက်ကင်းစွမ်းအားကြီးမားတဲ့ ပုဂ္ဂိုလ်တွေ ထွက်ပေါ်လာခဲ့တယ်”
လင်ယွိရှို့က ပြုံးလိုက်သည်။ “ပြီးခဲ့တဲ့ နှစ်ငါးရာမှာ ဧကရာဇ်အတိုင်ပင်ခံကျန်းပိုင်ကွေ့က ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုကို စတင်ခဲ့တယ်… အဲဒီမတိုင်ခင် နှစ်ငါးရာတုန်းကတော့ ဒီပုဂ္ဂိုလ်ပေါ့… သူ့နာမည်က ရှင်းအန်း…. အထူးချွန်ဆုံးပုဂ္ဂိုလ်တစ်ယောက်ပဲ… ကောင်းကင်တံတား ဖျက်ဆီးခံထားရတုန်းက ဘယ်သူမှ နှစ်ရှစ်ရာထက် ပိုပြီး မနေနိုင်ခဲ့ကြဘူး… သူတစ်ယောက်ပဲ နေနိုင်ခဲ့တာ… နောက်ပိုင်း ဧကရာဇ်အတိုင်ပင်ခံက သူ့ကို နားချခဲ့ပေမယ့် သူ့ရဲ့ အကျင့်စရိုက်က ထူးဆန်းတယ်… တာအိုတက္ကသိုလ်ကိုလည်း မသွားသလို ဘယ်သူနဲ့မှလည်း အဆက်အသွယ်မရှိဘူး… ကြယ်ခြွေတောင်ထွတ်မှာပဲ နေတာ..”
အခြွေအရံများမှာ ရှင်းအန်းဆိုသော နာမည်ကို တစ်ခါမှ မကြားဖူးသောကြောင့် တွေးတောနေကြသော်လည်း ဘယ်သူမှ မသိကြပေ။
လင်ယွိရှို့က ရှင်းပြသည်။ “ရှင်တို့အားလုံး သူ့ကို တစ်ခါမှ မကြားဖူးတာ မထူးဆန်းပါဘူး… ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကပ်ဘေးဖြစ်ခဲ့ပြီးတည်းက သူက တစ်ယောက်တည်းတံခါးပိတ်နေထိုင်ပြီး ထွက်လာတာ ရှားတယ်လေ… ဒါပေမဲ့ ကောင်းကင်တန်ခိုးရှင်တက္ကသိုလ် တိုက်ပွဲမှာတုန်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အင်အားကြီးသိုင်းပညာရှင်တွေကို တိုက်ခိုက်ခဲ့တာ.. ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ သိုင်းပညာရှင်တွေအားလုံး မျိုးသုဉ်းလုနီးပါး ဖြစ်ခဲ့ရတယ်”
အခြွေအရံများမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။
“ကောင်းကင်နတ်အရှင်ဟွေ့က နဂါးဟန်ခေတ် ကောင်းကင်နတ်အရှင်ကိုးပါးထဲက တစ်ပါးမဟုတ်လား…. သူတို့တစ်ယောက်ချင်းစီတိုင်းက သူမတူတဲ့ အားသာချက်တွေနဲ့ ပြိုင်ဘက်ကင်းစွမ်းရည်တွေကို ပိုင်ဆိုင်ထားကြတယ်… ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ လူဝင်စားကလည်း သိပ်ကို စွမ်းအားကြီးတယ်… အဆင့်တူမှာ ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ မူလခန္ဓာထက်တောင် ပိုပြီးသန်မာလိမ့်မယ်”
လင်ယွိရှို့က ပြောသည်။ “သူ့ရဲ့ လူဝင်စားကို သတ်ချင်ရင် သူနဲ့ တန်းတူအဆင့်ရှိတဲ့ ကောင်းကင်နတ်အရှင်တစ်ပါးကို လိုအပ်တယ်… ဒါပေမဲ့ လန်ယွီတျန်း၊ ရှုရှန်းဟွာနဲ့ ကျန်တဲ့သူအားလုံးက ဘိုးဘေးနန်းတော်မှာ ရောက်နေကြတဲ့အတွက် ငါ ရှင်းအန်းကို အကူအညီတောင်းလိုက်ရတာပဲ… ဒါပေမဲ့ သူ့ရဲ့အကျင့်စရိုက်က ထူးဆန်းလွန်းတဲ့အတွက် ငါ ဒီနှစ်တွေအတွင်း သူအပေါ်ကျေးဇူးရှိတာကို အသုံးချပြီး တောင်ပေါ်က ဆင်းလာအောင် လုပ်ခဲ့တာ”
ရှင်းအန်းသည် သူ့အနောက်မှ လိုက်နေသော သေတ္တာနှင့်အတူ လေထဲတွင် လမ်းလျှောက်နေသည်။ သေတ္တာမှာ ချင်မူ့ကြောင့် ဉာဏ်အလင်းပွင့်ခဲ့သဖြင့် အလွန်တရာ ထက်မြက်သည်။ ၎င်းက သေတ္တာထဲမှ မျက်လုံးနှစ်လုံးကို မကြာခဏ ထုတ်၍ သေတ္တာနံရံတွင် ကပ်ထားတတ်သည်။ ထိုမျက်လုံးတို့က ဟိုဟိုသည်သည် လျှောက်ကြည့်နေပြီး ၎င်းကိုယ်တိုင်ကတော့ ရှင်းအန်းနောက်မှ ပြေးလိုက်နေ၏။
ရှင်းအန်းက လင်ယွိရှို့ သူ့ကို ပေးခဲ့သော ရွှေရောင်စာရွက်အား ကြည့်နေသည်။ ၎င်းအပေါ်တွင် အနီရောင်အစက်နှစ်စက်သာ ရှိ၏။ တစ်စက်က သူကိုယ်တိုင်ဖြစ်ပြီး ကျန်တစ်စက်ကတော့ ကောင်းကင်နတ်အရှင်ဟွေ့၏ လူဝင်စား တုယီပင်။
သူ အနီရောင်အစက်ကို ထိလိုက်ပါက တုယီ၏ ပြုံးနေသောမျက်နှာနှင့် အသံကို ကြားရနိုင်သည်။
“ဒီစာရွက်က ယိုတုလမ်းစဉ် သုံးပြီး ဖန်တီးထားတာပဲ … ဝိညာဉ်ကို ပစ်မှတ်ထားနိုင်တယ်… မင်းမှာ စိတ်အလျဉ် ရှိပေမယ့် ဝိညာဉ် မရှိဘူးလေ …. ဒီစာရွက်က မင်းရဲ့ လမ်းကြောင်းကို ဘယ်ပြပါ့မလဲ” ရှင်းအန်းက သေတ္တာကို ပြောပြနေသည်။
တစ်ရက်၊ နှစ်ရက်ခန့် ကြာပြီးနောက် ရှင်းအန်းနှင့် တုယီမှာ ပိုပို၍ နီးကပ်လာတော့၏။
ရုတ်တရက် ကြောက်မက်ဖွယ်ရာ ကောင်းကင်နတ်သိုင်းလှိုင်းဂယက်များက အရှေ့မှ ထွက်ပေါ်လာသည်။ ရှင်းအန်းက မျက်မှောင်ကြုတ်လိုက်ပြီး လက်မြှောက်လိုက်၏။ သေတ္တာက ခုန်တက်လိုက်ပြီး လက်ကိုင်တစ်ခုက သူ၏လက်ဖ၀ါးထဲသို့ ကျရောက်လာသည်။
ရှင်းအန်းက သေတ္တာကို သယ်ဆောင်၍ ကောင်းကင်နတ်သိုင်း လှိုင်းဂယက်များ ထွက်ပေါ်လာသည့်နေရာသို့ လျှောက်သွားသည်။ ၎င်းတို့က ပိုပို၍ ပြင်းထန်လာ၏။ တိုက်ခိုက်နေကြသူနှစ်ယောက်မှာ သမားရိုးကျသိုင်းအဆင့်၌ မမြင့်မားသော်လည်း သူတို့၏ တာအိုအဆင့်က အတော်လေးနက်နဲပြီး တာအိုအဆင့် ကောင်းကင်ဘုံ ၃၀ အထိ ထုတ်ဖော်ထားနိုင်လေသည်။
ထိုသို့ခွန်အားမျိုးနှင့် ဆိုပါက သူတို့သည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ထိပ်တန်းသိုင်းပညာရှင်များ ဖြစ်နေချေပြီ။
တစ်စုံတစ်ယောက်၏ ပါရမီနှင့် သိမြင်နားလည်နိုင်စွမ်း မြင့်မားသရွေ့ ခွန်အားကို မြှင့်တင်ရန် အကောင်းဆုံးနည်းလမ်းမှာ သမားရိုးကျကျင့်စဉ်ဖြစ်သည့် ကောင်းကင်နန်းဆောင်နှင့် ကောင်းကင်ရတနာစနစ်မဟုတ်ဘဲ တာအိုကျင့်စဉ်စနစ်ဖြစ်လေသည်။
မြင့်မားသော သိမြင်နားလည်နိုင်စွမ်း ပိုင်ဆိုင်ထားသူများအနေဖြင့် နှစ်ရာအနည်းငယ်အတွင်း တာအိုကျင့်စဉ်စနစ်၏ ကောင်းကင်ဘုံ ၂၀ ကို ကျင့်ကြံနိုင်ပြီး မဟာတာအိုစွမ်းအားကို ကျောက်စိမ်းမြို့တော်အဆင့်နှင့် နှိုင်းယှဉ်နိုင်သောအဆင့်တစ်ခုအထိ တိုးမြှင့်နိုင်ပေသည်။
သို့သော် ထိုသို့ပုဂ္ဂိုလ်မျိုးမှာ စကြ၀ဠာတစ်ခုလုံးတွင်ပင် အလွန်တရာ ရှားပါး၏။
ရှင်းအန်းက မျက်မှောင်ကြုတ်လိုက်သည်။ သူ ရောက်လာသည့်အချိန်တွင် လူငယ်နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ဖြတ်သန်းသွားကြသည်ကို တွေ့လိုက်ရ၏။ ကြောက်စရာကောင်းလှသော ကောင်းကင်နတ်သိုင်းလှိုင်းဂယက်တို့က တောင်များကို ရေမျက်နှာပြင်အလား တုန်ခါနေစေသည်။
ရှင်းအန်းက မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ တုန်ခါနေသည့် တောင်တန်းများမှာ ချက်ချင်း ငြိမ်သက်သွားကြ၏။ ၎င်းတို့က လုံးဝမလှုပ်ရှားတော့ပေ။
ဘုတ်…
လူငယ်တစ်ယောက် ပြိုလဲသွားသည်။ သူ၏ဝိညာဉ်မှာ ဖျက်ဆီးခံလိုက်ရပြီး အသေဆိုးဖြင့် သေဆုံးသွားတော့၏။
ရှင်းအန်းက ရှေ့သို့ လျှောက်၍ အလောင်းကို လှန်ကြည့်လိုက်သည်။ ထိုသူကား တုယီပင်။
တုယီ၏ ဝိညာဥ်မှာ လွင့်ပြယ်ပျောက်ကွယ်သွားပြီး သူကိုယ်စားပြုသည့် ရွှေရောင်စာရွက်ပေါ်ရှိ အနီရောင်အစက်မှာလည်း ပျောက်ကွယ်သွားတော့သည်။
“မင်းက လန်ယွီတျန်းလား”
ကျန်လူငယ်က သူ့ကို အံ့အားသင့်စွာ ကြည့်နေသည်။ ထို့နောက် ခေါင်းရမ်း၍ ပြုံးလိုက်၏။ “မင်းက လန်ယွီတျန်း မဟုတ်ဘူး… မင်းရဲ့ ခန္ဓာကိုယ်က လန်ယွီတျန်းနဲ့ တူပေမယ့် ဖန်ဆင်းခြင်းကောင်းကင်လက်နက်တစ်ခု ဖြစ်ရမယ်… ကြည့်စရာ မလိုတော့ဘူး… ငါ ကောင်းကင်နတ်အရှင်ဟွေ့ကို သတ်ပြီးသွားပြီ… ထာဝရငြိမ်းချမ်းရေးအင်ပါယာဧကရာဇ်ကို ပြန်လျှောက်တင်လိုက်တော့”
ရှင်းအန်းက ထရပ်ကာ လူငယ်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးများက တောက်ပလာ၏။ “မင်းရဲ့ ခန္ဓာကိုယ်ကို ငါ သိပ်ကြိုက်တယ်”
လူငယ်က ရယ်မောလိုက်မိသည်။ “ငါ ဘယ်သူလဲ သိလို့လား”
ရှင်းအန်းက ခေါင်းခါပြ၍ သေတ္တာအား ချလိုက်သည်။ “မသိဘူး… ဒါပေမဲ့ ငါ မင်းကို သိမ်းထားပေးမယ်”