← Chapters

လူငယ်ကောင်းကင်ဘုံအရှင်

Vol. 99 Ch. 1380

လူငယ်ကောင်းကင်ဘုံအရှင်

Vol. 99 Ch. 1380

အခန်း (၁၃၈၀) လူငယ်ကောင်းကင်ဘုံအရှင်

ရန်ကျောက်ကဲမျက်ဝန်းများတောက်ပသွားပြီး မေးခွန်းထုတ်လိုက်သည်။

“သူတို့က ဒီခရီးစဉ်မှာ ကျုပ်တို့နဲ့အတူ လိုက်မယ့်သူတွေလား”

ကောင်းဟန်က...

“အမှန်ပဲ...”

သူက ဆက်ရှင်းပြသည်။

“ဟွေ့အန်းခရီးသည်က ကျုပ်တို့တာအိုဝါဒက ထိုက်ရွှီးမူလနတ်ဘုရားအဆင့်နဲ့ညီမျှတဲ့ တန်ခိုးစွမ်းအားရှင်တစ်ယောက် ဖြစ်တယ် ၊ သူ့ပတ်ပတ်လည် တိုက်ပွဲနယ်မြေမှာ အနောက်ဘက်သူတော်စင်ဘုံက တန်ခိုးစွမ်းအားရှင်တွေရော နတ်မိစ္ဆာမျိုးနွယ်တွေရော ရှိနေကြတယ် ၊ ဒီတော့ ကျုပ်တို့လှုပ်ရှားမယ်ဆိုရင် စေ့စေ့စပ်စပ် ပြင်ဆင်ထားဖို့လိုတယ်လေ”

ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။

“ဒီစကားမမှားပါဘူး ၊ ဒါပေမယ့် နေဝန်းထက်ယံအရှင်သခင်က ဘယ်နေရာက တန်ခိုးစွမ်းအားရှင်တွေကို ဖိတ်ခေါ်ထားတာလဲ မသိဘူး”

ကောင်းဟန်က ပြုံးလိုက်ပြီး...

“အရင်တုန်းက မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်က အကြီးအကဲတစ်ယောက်ပါ ၊ ပြီးတော့ သူ့တပည့်တစ်ယောက်လည်းပါမယ် ၊ နောက်တစ်ယောက်ကတော့ မဟာကပ်ဘေးကြီးကို ရှောင်လွှဲပြီး အခုထိ အသက်ရှင်နေတဲ့ နောက်ထပ်အကြီးအကဲတစ်ယောက်ပဲ”

ရန်ကျောက်ကဲက...

“အသေးစိတ် ပြောပြနိုင်မလား”

ကောင်းဟန်က...

“မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်က ဝိညာဉ်တိမ်တိုက်နန်းဆောင်မှာနေထိုင်တဲ့ နတ်စစ်သူကြီး(၄)ပါးကို မင်းတို့ဇနီးမောင်နှံ ကြားဖူးတယ်မလား”

ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်း အကြည့်ချင်းဖလှယ်လိုက်ပြီး ခေါင်းညိတ်လိုက်ကြသည်။

ရန်ကျောက်ကဲက...

“ရှေးခေတ်အချိန်တုန်းက သူတို့ကိုယ်သူတို့ နဂါးကိုးကောင်ကျွန်းက သူတော်စင်(၄)ပါးလို့ခေါ်တဲ့ ရေခြေားမြေခြား ကျင့်ကြံသူ (၄)ယောက်ရှိတယ် ၊ သူတို့က စန့်ချင်ကျိုးဂိုဏ်းကိုကူညီဖို့ အပြင်ထွက်လာကြတယ် ၊ နောက်ပိုင်းမှာ ကပ်ဘေးတစ်ခုရင်ဆိုင်ရပြီး နတ်ဘုရားတွေဖြစ်လာကြတယ် ၊ မိုးကောင်းကင်ခုံရုံးကိုဝင်ရောက်ပြီးတဲ့နောက် ဝိညာဉ်တိမ်တိုက်နန်းဆောင်မှာ နတ်စစ်သူကြီး(၄)ပါးအဖြစ် ခန့်အပ်ခံရပြီး ကောင်းကင်ဘုံနန်းတော်ကို စောင့်ကြပ်ခဲ့ကြတယ်”

ရန်ကျောက်ကဲက ခဏမျှ စဉ်းစားလိုက်ပြီး...

“ဒီလိုဆိုရင်... အဲဒီလူက လီရှင်းပါ့ပဲ ဖြစ်ရမယ်”

နဂါးကိုးကောင်ကျွန်းမှ သူတော်စင်(၄)ပါးတွင် လီရှင်းပါ့ ကပ်ဘေးနှင့်ရင်ဆိုင်ရပြီး နတ်ဘုရားတစ်ပါးဖြစ်လာခဲ့ခြင်းမှာ ဟွေ့အန်းခရီးသည်ဟုခေါ်ဆိုသော မုကျားကြောင့်ဖြစ်သည်။

ကောင်းဟန် နှုတ်ခမ်းများ အနည်းငယ်တွန့်ကွေးသွားပြီး ပြုံးလျှက် ခေါင်းညိတ်ရင်း...

“အမှန်ပဲ... သူက အကြီးအကဲ’လီရှင်းပါ့’ ပဲ”

သူက ဆက်ပြောသည်။

“ကျန်တဲ့ စစ်သူကြီး(၃)ယောက်က မဟာကပ်ဘေးကြီးကြောင့် သေဆုံးသွားခဲ့တယ် ၊ အကြီးအကဲ’လီ’ တစ်ယောက်ပဲ အခုချိန်ထိ အသက်ရှင်ကျန်ရစ်ခဲ့ပြီး ပြင်ပဗလာနယ်ထဲမှာ ပုန်းအောင်းနေထိုင်ရင်း လောကီရေးရာတွေကို ဝင်မစွက်ခဲ့ဘူး ၊ အခုလည်း ဟွေ့အန်းခရီးသည်သာ အနောက်ဘက် သူတော်စင်ဘုံက ထွက်မလာဘူးဆိုရင် ကျုပ်လည်း အကြီးအကဲ’လီ’ ထွက်လာအောင် ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး”

လီရှင်းပါ့နှင့်အတူ သူ၏တပည့်တစ်ယောက်လည်း လိုက်ပါလာမည်ဖြစ်သည်။

ထိုတပည့်က မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် လီရှင်းပါ့လက်ခံခဲ့သောတပည့်ဖြစ်ပြီး သူ့အမည်က ’ကုန်းစွန်းဟွေ’ ဖြစ်သည်။

ရန်ကျောက်ကဲက မေးလိုက်၏။

“နောက်တစ်ယောက်ကရော ဘယ်သူလဲ ၊ သူက ကောင်းကင်ဘုံနန်းတော်က မဟုတ်လောက်ဘူးမလား”

ကောင်းဟန်က...

“ဟုတ်တယ်... နောက်တစ်ယောက်က သွေးနီမြူခိုးတာအိုဆရာပဲ ၊ မဟာကပ်‌ဘေးကြီးမတိုင်ခင်က သူက ရေခြားမြေခြားမှာနေတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်ပဲ ၊ မဟာကပ်ဘေးကာလမှာ ဘေးအန္တရယ်ကိုရှောင်လွှဲနိုင်ခဲ့ပြီး အခုချိန်ထိ အသက်ရှင်ကျန်ရစ်နေတာပဲ ၊ သူလည်း ပြင်ပဗလာနယ်ထဲမှာ ပုန်းအောင်းနေခဲ့တာ ၊ သူနဲ့ အကြီးအကဲ’လီ’ က မိတ်ဆွေတွေဆိုတော့ သူက အကြီးအကဲ’လီ’ ကို ကူညီပေးဖို့ ရောက်လာတာပဲ”

ရေခြားမြေခြား တစ်ကိုယ်တော်ကျင့်ကြံသူများအဖြစ် ရပ်တည်ခဲ့ကြသူများဖြစ်သဖြင့် လီရှင်းပါ့နှင့် သွေးနီမြူခိုးတာအိုဆရာတို့က အချင်းချင်းသင့်တင့်ပြီး မကြာခဏအဆက်အသွယ် ရှိကြသည်။

ရန်ကျောက်ကဲက မေးစေ့ကို ပွတ်သပ်ရင်း...

“အဲဒီအကြီးအကဲက ကျုပ်တို့ စန်းချင်း(၃)ပါးလမ်းမှန်တာအိုဝါဒ အဆက်အနွယ်က ဆင်းသက်လာတဲ့သူ မဟုတ်ဘူးမလား ၊ ဒါပေမဲ့ အဲဒါက အရေးမကြီးပါဘူး ၊ အခုဆိုရင် ကျုပ်တို့အားလုံးကို လမ်းမှန်တာအိုဝါဒရဲ့ တရားဝင်အမွေဆက်ခံသူတွေအဖြစ် သတ်မှတ်နိုင်ပြီပဲလေ”

အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် အမတခုံရုံးမှ ပြင်ပတာအိုကျင့်ကြံသူများ မပေါ်ပေါက်ခင်က စန်းချင်း(၃)ပါး လမ်းမှန်တာအိုဝါဒတွင် စည်းကမ်းတင်းကျပ်သည့် ဆက်ခံမှုများရှိခဲ့သည်။

သို့သော် နောက်ပိုင်း ခြေရာပြန်ကောက်မည်ဆိုလျှင်တော့ ကျင့်ကြံသူအားလုံး၏ မူလဇစ်မြစ်က စန်းချင်း(၃)ပါး အဆက်အနွယ်များမှ ဆင်းသက်လာကြသည်ပဲ ဖြစ်သည်။

စန်းချင်း(၃)ပါး အဆက်အနွယ်များအဖြစ် သက်ဆိုင်ရာဆရာက ခွင့်မပြုဘဲ ဂိုဏ်းပြင်ပမှလူဖြစ်နေလျှင် ထိုသူများအားလုံးကို လမ်းမှန်တာအိုဝါဒ၏ တိုက်ရိုက်အဆက်အနွယ်အဖြစ် မသတ်မှတ်ဘဲ အကိုင်းအခက်အဆက်အနွယ်များဖြစ်သာ သတ်မှတ်သည်။

သို့မဟုတ် ထိုက်ချင်အဆက်အနွယ် တည်ထောင်သူဆရာဘိုးဘိုး 'တောက်တယ်ထျန်းကျွင်း' ၏ တရားဓမ္မဖြန့်ဖြူးပေးမှု ကျေးဇူးကြောင့် ကျင့်စဉ်လမ်းလျှောက်လှမ်းနိုင်ကြသည်ဖြစ်ရာ ကျင့်ကြံသူအားလုံးကို ထိုက်ချင်အဆက်အနွယ်အောက်တွင် စုစည်းထည့်သွင်းသတ်မှတ်နိုင်သည်။

သို့သော် ထိုသို့ဆိုလျှင်တောင်မှ စန်းချင်း(၃)ပါး တိုက်ရိုက်အဆက်အနွယ်နှင့် စန်းချင်း(၃)ပါးမှခွဲထွက်သွားသော အကိုင်းအခက်အဆက်အနွယ်များ၏မတူညီမှုက အလွန်ပင်ရှင်းလင်းနေဆဲဖြစ်သည်။

ဥပမာဆိုရလျှင်  တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ် ၊ ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းနှင့် မြောက်ပိုင်းနက်ရှိုင်းကောင်းကင်ပြည်နယ် ၊ ယွင်ကဲတောင် ၊ ရွှမ်လျိုကျောင်းတော် အဆက်အနွယ်များသည် သူတို့ကိုယ်သူတို့ စန်းချင်း(၃)ပါး အဆက်အနွယ်ဟု ခံယူထားသော်လည်း မဖြစ်မနေ တိုက်ရိုက်အဆက်အနွယ်များ မဟုတ်ကြပေ။

မည်သို့ပင်ဖြစ်စေ အကိုင်းအခက်အဆက်အနွယ်များကို တိုက်ရိုက်အဆက်အနွယ်များထက် အားနည်းသည်ဟု မဆိုနိုင်ပေ။

အတိတ်ကာလ မဟာပ်ကပ်ဘေးကြီးမတိုင်ခင်ကာလတွင် သိုင်းပညာရပ်များစွာထွန်းကားခဲ့ပြီး အကိုင်အခက်အဆက်အနွယ်များသည်လည်း ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ခဲ့ကြသည်။

သူတို့အနေဖြင့် ကျောက်စိမ်းဝိညာဉ်နန်းတော်၊ သိုးလွိနန်းတော်၊ နှင့် အပြာရောင်ခရီးရှည်နန်းတော်ကဲ့သို့သော အထင်ကရများနှင့် နှိုင်းယှဉ်မရသည့်တိုင် အဆင့်အတန်းတစ်ခု ရှိကြသည်ပဲ ဖြစ်၏။

ရန်ကျောက်ကဲကတော့ အမတခုံရုံးတွင် ကျင့်ကြံကြသည့် ထိပ်တန်းသိုင်းပညာရပ်များကို ပိုပြီးစိတ်ဝင်စားနေခဲ့သည်။ အကြောင်းမှာ ထိုပညာရပ်အများစုက တာအိုဝါဒ ဖွံ့ဖြိုးတိုးတက်စဉ်အချိန်ကာလ စန်းချင်း(၃)ပါးအဆက်အနွယ်များမှ ဆင်းသက်လာသည့်ပညာရပ်များ ဖြစ်နေသောကြောင့်ပင်။

မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် အသက်သေဆုံးခြင်းမရှိဘဲ ကျန်ရစ်ခဲ့ကြသော စန်းချင်း(၃)ပါး အဆက်အနွယ်များမှာ ပြင်ပတာအိုကျင့်ကြံသူများ၏ သိမ်းသွင်းခြင်းခံရပြီး ၊ ဤထိပ်တန်းသိုင်းပညာရပ်များသည်လည်း အမတခုံရုံး၏ ကနဦး အခြေခံအုတ်မြစ်များ ဖြစ်လာကြသည်။

မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် အသက်ရှင်ကျန်ရစ်သူများထဲတွင် အချို့က အမတခုံရုံးသို့ ဝင်ရောက်ခဲ့ကြပြီး အချို့ကတော့ အဝေးတွင် နေထိုင်ခဲ့ကြသည်။

အချို့သော စန်းချင်း(၃)ပါးအဆက်အနွယ်များကိုတော့ တောင်ပိုင်းချန်စန်းဧကရာဇ်၊ မြောက်ပိုင်းကြယ်စင်ဧကရာဇ်နှင့် ဝူတန့်မယ်တော်တို့က စည်းရုံးသိမ်းသွင်းခဲ့ပြီး သူတို့အား အထက်ဘုံကမ္ဘာနှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ဝင်ရောက်ခွင့်ပြုခဲ့ကြသည်။

သို့သော် အချို့ကတော့ လောကီရေးရာများဖြင့်ကင်းလွတ်သည့်နေရာများတွင် ပုန်းအောင်းနေထိုင်ခဲ့ကြသည်။ လီရှင်းပါ့နှင့် သွေးနီမြူခိုးတာအိုဆရာတို့က ထိုသို့သောသူများဖြစ်ကြသည်။

လီရှင်းပါ့ပဲဖြစ်စေ ၊ သွေးနီမြူခိုးတာအိုဆရာပဲဖြစ်စေ သူတို့နှစ်ယောက်လုံးက ပြင်ပဗလာနယ်ထဲတွင် သီးသန့်နေထိုင်ခဲ့ကြပြီး ပြင်ပလောကနှင့် အဆက်အသွယ်မပြုရန် ရှောင်ကြဉ်ခဲ့ကြသည်။

အမတခုံရုံးမှ ပြင်ပတာအိုကျင့်ကြံသူများ မည်မျှပင်အင်အားကြီးမားစေကာမူ ၊ လမ်းမှန်တာအိုဝါဒ မည်သည့်အခြေအနေတွင်ရှိနေစေကာမူ သူတို့က ထိုကိစ္စများတွင် ပါဝင်ပတ်သက်ခြင်းမရှိသလို အရေးစိုက်ခြင်းလည်း မရှိကြပေ။

သူတို့က ထိုပြဿနာများနှင့် လွတ်လွတ်ကင်းကင်း နေလိုခဲ့ကြသည်။

အရေးမကြီးသောအခြေအနေများတွင် အမတခုံရုံးကလည်း ထိုသို့သောပုဂ္ဂိုလ်များ၏တည်ရှိမှုကို အနှောက်အယှက်ပေးရန် အားမထုတ်ခဲ့ကြပေ။

နောက်တစ်ချက်မှာ ပြင်ပဗလာနယ်ထဲတွင် နှစ်ပေါင်းများစွာပုန်းအောင်းနေသူများကို ရှာဖွေရန်ကလည်း အလွန်ခက်ခဲလှသည်။

ရန်ကျောက်ကဲက ပြုံးလိုက်ပြီး...

“ဒါဖြင့် ပြောရမယ်ဆိုရင်... လီရှင်းပါ့က စန့်ချင်ကျိုးဂိုဏ်းရဲ့ အဆက်အနွယ်မဟုတ်ဘူး ၊ အရင်တုန်းက သူက စန့်ချင်ကျိုးဂိုဏ်းရဲ့ သင်ပြပေးမှုကိုကြားနားခဲ့ရတဲ့အတွက် ဆက်ဆံရေးအနည်းအကျဉ်းရှိတယ်လို့ပဲ ဆိုနိုင်တယ် ၊ သူက မိုးကောင်းကင်ခုံရုံး၊ ကောင်းကင်ဘုံနန်းတော်က ထွက်ခွာလာပြီး အပ်နှင်းခံနတ်ဘုရားတစ်ပါးမဟုတ်တော့တဲ့နောက် သီးသန့်ပဲနေထိုင်ခဲ့တယ် ၊ ဘယ်လောကီရေးရာကိုမှ ဝင်မပါခဲ့ဘူး”

ကောင်းဟန်က နွေဦးလေပြေကဲ့သို့ပြုံးလိုက်ပြီး...

“မင်းပြောတာ အမှန်ပဲ ၊ သူ့ကို အစကတော့ စာရင်းမသွင်းပေမယ့် အခုတော့ လမ်းတူတဲ့သူတစ်ယောက်လို့ သတ်မှတ်နိုင်တယ်”

ရန်ကျောက်ကဲက...

“အမှန်ပဲ...”

ရန်ကျောက်ကဲ၏အပြုံးက နေရောင်ခြည်ထက်ပင် တောက်ပလျှက် ရှိသည်။

သူတို့အနေဖြင့် ဟွေ့အန်းခရီးသည်နှင့် အပြင်းအထန် ထိပ်တိုက်ရင်ဆိုင်ပါက ဖူရှန်ကျန်းရန် သို့မဟုတ် ချီဟန်ကျန်းရန်တို့က လက်စားချေရန် ပေါ်ထွက်လာနိုင်သည်။

အကယ်၍ သူတို့က ယခင်ဆက်ဆံရေးကို အရေးစိုက်နေသေးသည်ဆိုလျှင် အကြီးအကဲ’လီရှင်းပါ့’ က သဘာဝအလျောက် ကောင်းဟန်နှင့် ရန်ကျောက်ကဲတို့အတွက် ဒိုင်းကာတစ်ခုသဖွယ် ဖြစ်လာပေမည်။

“ကျောက်ကဲ... အခုကျတော့ ရှင်တို့နှစ်ယောက်လုံးရဲ့အပြုံးတွေက အရမ်းကိုတူနေကြပါလား”

ဖန်းယွင်ရှန်းက ရန်ကျောက်ကဲထံသို့ အသံပို့လွှတ်စနစ်ဖြင့် စကားပြောလိုက်သည်။

ရန်ကျောက်ကဲက ချက်ချင်းပင် မျက်နှာကိုပြန်တည်လိုက်ပြီး အသံပို့လွှတ်စနစ်ဖြင့် စကားပြန်ပြောလိုက်၏။

“ငါတော့ ဒီလူကို လက်မထောင်ပြီး ချီးကျူးချင်စိတ်တွေ တဖွားဖွားဖြစ်နေမိပြီ ၊ ‘လီရှင်းပါ့’ လောက်ကောင်းတဲ့ အကူအညီမျိုးကို ဘယ်ကရှာတွေ့ခဲ့တာလဲ မသိဘူး ၊ တကယ့်ကို အံ့သြစရာပဲ”

ဖန်းယွင်ရှန်းက...

“လီရှင်းပါ့နဲ့ ဟွေ့အန်းခရီးသည်က ရန်ငြိုးရှိလို့ ထားလိုက်ပါတော့ ၊ သွေးနီမြူခိုးတာအိုဆရာလို လေလွင့်နတ်ဘုရားတစ်ပါးက အမြဲတမ်း ပြင်ပဗလာနယ်ထဲမှာ သီးသန့်နေထိုင်ခဲ့တာလေ ၊ သူ့ကို ဘယ်သူမှလူရာမသွင်းသလို သူပိုင်ဆိုင်တဲ့ ရတနာပစ္စည်းတွေ ရင်းမြစ်ပစ္စည်းတွေလည်း ဘာမှမရှိဘူး ၊ သူ့အတွက် ကျင့်ကြံခြင်းအဆင့်တက်ဖို့ခက်ခဲမှာဆိုပေမယ့်... သူက ပြင်ပတာအိုကျင့်ကြံသူတွေရဲ့အာရုံစိုက်မှုကို ရှောင်ရှားနိုင်ခဲ့တယ် ၊ အခု သူက ဘာလို့ ဒီလှုပ်ရှားမှုထဲမှာ ပါဝင်ဖို့ ဆုံးဖြတ်လိုက်တာလဲ”

သူမက ဆက်ပြီးမေးလိုက်သည်။

“လီရှင်းပါ့ကို ကူညီဖို့သက်သက်ပဲလို့ ပြောနိုင်မလား”

ရန်ကျောက်ကဲက ခဏမျှစဉ်းစားပြီးမှ...

“သူက စန်းကွမ်းနတ်ရေစင်ကို ရည်မှန်းတာဖြစ်ရမယ်”

သူတို့စကားပြောနေစဉ်မှာပင် အဝေးတစ်နေရာမှ အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။

ကောင်းဟန်က ပြုံးလျှက် ရှေ့သို့လျှောက်သွားလိုက်ပြီး...

“ကျုပ်တို့ ရောက်လာပြီ”

ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့လည်း ခြေလှမ်းကျယ်ကျယ်ဖြင့်ပင် အတူတူရှေ့သို့ လျှောက်သွားလိုက်ကြသည်။

သူတို့အားလုံး အလင်းရောင်အနားရောက်သည့်အခါ ထိုနေရာမှ အလင်းတန်း(၃)ခု ထွက်ပေါ်လာပြီး သူတို့ရှေ့သို့ ရောက်ရှိလာကာ လူ(၃)ယောက်အဖြစ် ပြောင်းလဲသွားသည်။

အုပ်စုကိုဦးဆောင်သူက ရွှေရောင်သရဖူဆောင်းထားပြီး အဝါဖျော့ရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသူတစ်ယောက် ဖြစ်၏။

သူ၏မျက်နှာက အနီရောင်သမ်းနေပြီး ပါးပြင်ထက်တွင် မုတ်ဆိတ်မွှေးများရှိနေသည်။ ထိုသူက ဝိညာဉ်တိမ်တိုက်နန်းဆောင်၏ နတ်စစ်သူကြီး(၄)ပါးမှ တစ်ယောက်ဖြစ်သော ‘လီရှင်းပါ့’ ဖြစ်သည်။

သူ၏ဘယ်ဘက်တွင် အဝါဖျော့ရောင် တာအိုဝတ်ရုံ ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူရွယ်တစ်ယောက်ရှိနေသည်။ သူက လီရှင်းပါ့၏တပည့် ကုန်းစွန်းဟွေ ဖြစ်၏။

လီရှင်းပါ့၏ ညာဘက်မှာတော့ သွေးနီရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော တာအိုဆရာ အဘိုးအိုတစ်ယောက်ရှိနေသည်။ သူ၏ဝတ်ရုံထက်တွင် မြူခိုးတိမ်တိုက်ပုံစံများရေးထိုးထားသည်။

ကောင်းဟန်က ပြုံးလျက် သူတို့(၃)ယောက်ကို နှုတ်ဆက်လိုက်၏။

“အကြီးအကဲ'လီ'၊ သွေးနီမြူခိုးတာအိုဆရာ၊ တာအိုဆရာကုန်းစွန်း... ခင်ဗျားတို့ အချိန်အကြာကြီးစောင့်နေရတဲ့အတွက် တောင်းပန်ပါတယ် ၊ တကယ် စိတ်မကောင်းပါဘူး”

“တာအိုရောင်းရင်း'ကောင်းဟန်' က ယဉ်ကျေးလွန်းနေပါပြီ ၊ ကျုပ်တို့လည်း အခုမှရောက်ခါစပဲ ရှိသေးတာပါ”

သွေးနီမြူခိုးတာအိုဆရာက ယဉ်ကျေးစွာပင် ပြန်ဖြေသည်။

လီရှင်းပါ့နှင့် ကုန်းစွန်းဟွေတို့က ကောင်းဟန်ကို နှုတ်ဆက်ပြီးနောက် သူတို့မျက်ဝန်းများက ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းဆီသို့ ကျရောက်သွားသည်။

“တာအိုရောင်းရင်း'ကောင်းဟန်' ၊ ဒီလူနှစ်ယောက်က ဘယ်သူတွေများလဲ သိပါရစေ”

ကောင်းဟန်က ပြုံးလိုက်ရင်း...

“ကျုပ်လည်း မိတ်ဆက်ပေးမလို့ပဲ”

ထို့နောက် သူက ရန်ကျောက်ကဲudk လှည့်ကြည့်လိုက်ပြီး..

“သူက တာအိုရောင်းရင်း'ရန်' ရန်ကျောက်ကဲပါ ၊ သူ့ကို မဟာကပ်ဘေးကြီးပြီးဆုံးတဲ့နောက် ကျုပ်တို့ လမ်းမှန်တာအိုဝါဒမှာ ထိပ်တန်းပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်ထားတယ် ၊ တကယ်တော့ မဟာကပ်ဘေးကြီးမတိုင်ခင်ကတည်းက သူ့လိုလူမျိုးနဲ့ ယှဉ်နိုင်တဲ့သူ အနည်းငယ်ပဲ ရှိပါတယ် ၊ ဒါကြောင့်လည်း သူ့ကို ‘ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား’ လို့ ခေါ်ကြတာပေါ့”

သူက ဆက်ပြောလိုက်သည်။

“အခုတော့ သူက နတ်ဘုရားတံခါးကိုတွန်းဖွင့်ပြီး ကောင်းကင်ကိုးထပ်ကို ပြန်ရောက်သွားပြီဆိုတော့... ‘ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား’ ဆိုတဲ့ နာမည်က သူ့အတွက် မသင့်တော်တော့ဘူး”

ကောင်းဟန်က တည်ငြိမ်စွာဖြင့်...

“တာအိုရောင်းရင်း’လင်ချင်း’ နဲ့ ကျုပ်ကတော့ သူ့ကို ‘လူငယ်ကောင်းကင်ဘုံအရှင်’ လို့ ခေါ်ကြတယ်”

All Chapters