← Chapters

ကောင်းဟန်မွှေသည့်ပြဿနာ

Vol. 99 Ch. 1381

ကောင်းဟန်မွှေသည့်ပြဿနာ

Vol. 99 Ch. 1381

အခန်း (၁၃၈၁) ကောင်းဟန်မွှေသည့်ပြဿနာ

“… လူငယ်ကောင်းကင်ဘုံအရှင်….”

ရန်ကျောက်ကဲနှုတ်ခမ်းများ မဲ့ရွဲ့သွားသည်။

“သောက်ကျိုးနဲ... ငါ့မှာ ဒီလိုဘွဲ့နာမည်မျိုးရှိနေတာ ငါကိုယ်တိုင်တောင် မသိရပါလား”

နတ်ဘုရားအဆင့် သိုင်းကျင့်ကြံသူများ၏ ဘွဲ့အမည်များကို ဂရုတစိုက်စဉ်းစားရန် လိုအပ်သည်။

အစစ်အမှန်နတ်ဘုရားအဆင့် ဧကရာဇ်များက ဘယ်သောအခါမှ မိမိကိုယ်ကို ‘နတ်ဘုရားဧကရာဇ်’ ဟု မခေါ်ဆိုကြသလို နက်ရှိုင်းနတ်ဘုရားအဆင့် အုပ်စိုးရှင်များသည်လည်း ဘယ်သောအခါမှ မိမိကိုယ်ကို ‘နတ်ဘုရားအုပ်စိုးရှင်’ ဟု မခေါ်ဆိုကြပေ။

မဟုတ်ပါက ပိုမိုအဆင့်မြင့်မားသော ထိုက်ရွှီးနတ်ဘုရားများနှင့် ကောင်းကင်နတ်ဘုရားများက သူတို့ကို မည်သို့မည်ပုံ သဘောထားမည်နည်း။

ဤသို့နှယ် ပပလွှားလွှားရှိသော ဘွဲ့အမည်ကိုလက်ခံထားခြင်းက အခြားသူများ လာရောက်စိန်ခေါ်မည်ကို ဖိတ်ခေါ်သည့်အလား ဖြစ်သည်။

ကိုယ်တိုင်က စွမ်းအားကြီးမားသူဖြစ်လျှင် လာရောက်စိန်ခေါ်သူများကိုအနိုင်ယူပြီး အခြားသူများ၏ချီးကျူးမှုကို ခံရနိုင်သော်လည်း ၊ ထိုသို့မဟုတ်ပါက အသတ်ခံရနိုင်ဖွယ်ရှိသည်။

ထိုသို့ မာနထောင်လွှားသူမျိုး အသတ်ခံရလျှင် မည်သူမှ မျက်ခုံးတစ်ချက်ပင့်ကြမည် မဟုတ်ပေ။

သိုင်းသူတော်စင်တစ်ယောက် မည်မျှပင် စွမ်းအားကြီးမားပါစေ သူ့ကိုယ်သူ ‘ကောင်းကင်ဘုံအရှင် သိုင်းသူတော်စင်’ ဟု မခေါ်ဆိုရဲကြပေ။ မဟုတ်ပါက ကောင်းကင်ဘုံအရှင်အဆင့်ရှိသူများအားလုံး၏ စီရင်ဆုံးဖြတ်ခြင်းနှင့် ဝေဖန်ခြင်းကို ခံရပေမည်။

ဟယ်မြန်သာ “ကောင်းကင်ကိုးထပ်သခင်” ဆိုသော ဘွဲ့အမည်ကိုခံယူခဲ့ပါက ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများ သူ့ကို လာရောက်စမ်းသပ်ပညာပြိုင်ကြမည်သာပင်။

ယေဘုယျအားဖြင့် ဘွဲ့အမည်အများစုကို သိုင်းကျင့်ကြံသူကိုယ်တိုင်က သတ်မှတ်ပြီး နောက်ပိုင်းမှ အခြားသူများ၏အသိအမှတ်ပြုမှုကိုရရှိကာ တဖြည်းဖြည်းပျံ့နှံ့သွားခြင်း ဖြစ်၏။

တခါတရံမှာတော့ အခြားသူတစ်ယောက်က ကျင့်ကြံသူတစ်ယောက်ကို အမည်ပေးလိုက်ပြီး ထိုသူကလည်း ၎င်းအမည်ကို တိတ်တဆိတ် လက်ခံသဘောတူသည်မျိုးလည်းရှိသည်။ နောက်ပိုင်း အခြားသူများ အသိအမှတ်ပြုခြင်းကိုခံရပြီး တဖြည်းဖြည်းပျံ့နှံ့သွားပေမည်။

ရန်ကျောက်ကဲက နတ်ဘုရားအဆင့်သို့ မကြာသေးခင်ကမှ တက်ရောက်ခဲ့သည်ဖြစ်ရာ သူ၏ ဧကရာဇ်ဘွဲ့အမည်ကိုပင် မစဉ်းစားရသေးပေ။

သူက ထင်ပေါ်ကျော်ကြားမှုကို နှစ်သက်သည်ဖြစ်ရာ ဘွဲ့အမည်ကို အထူးဂရုစိုက်ရွေးချယ်ရန် စဉ်းစားထားသည်။

‘ကောင်းကင်ဘုံမှ ဆင်းသက်လာသောနတ်ဘုရား’ နှင့် ‘အတုမရှိထိပ်တန်းအရှင်သခင်’ ဆိုသော ဘွဲ့အမည်များကတော့ ယခုအချိန်တွင် သူနှင့် မသင့်တော်တော့ပေ။

သို့သော် ကောင်းဟန်က သူ့အား ‘လူငယ်ကောင်းကင်ဘုံအရှင်’ ဟူသော ဘွဲ့အမည်ကို ပေးအပ်လိမ့်မည်ဟု ဘယ်သောအခါမှ မမျှော်လင့်ခဲ့ပေ။

ပုံမှန်အားဖြင့် ‘လူငယ်’ (ရှောက်) ဆိုသောစကားလုံးက ‘သခင်လေး’ ဆိုသည့်အဓိပ္ပါယ်ရှိပြီး အခြားသူများ၏ ဘွဲ့အမည်များတွင်ထည့်သွင်းသည့်အခါ လေးစားမှု ၊ အသိအမှတ်ပြုမှုနှင့် မျှော်လင့်ချက်တို့ကို ဖော်ပြသည်။

ဥပမာ - ရန်ကျောက်ကဲ ကျင့်ကြံခြင်းအဆင့် နိမ့်ပါးစဉ်ကာလ ၊ အထက်ဘုံကမ္ဘာသို့ ပထမဆုံးရောက်ရှိစဉ်က သူ့တွင်ရှိသော ထူးကဲယန်စည်းတံဆိပ်ကြောင့် လူတစ်ယောက်က သူ့အား ‘နေဝန်းထက်ယံသခင်လေး’ ဟု ခေါ်ဆိုခဲ့သည်။

ပိုမိုအကောင်းမြင်သော ရှုထောင့်မှကြည့်လျှင် ယခုခေါ်ဆိုလိုက်သော ‘လူငယ်ကောင်းကင်ဘုံအရှင်’ ဆိုသောအမည်က ကောင်းကင်ဘုံအရှင်အဆင့်သို့ မတက်ရောက်ရသေးသော်လည်း နောက်ဆုံးတွင် ကောင်းကင်နတ်ဘုရားအဆင့်သို့ရောက်ရှိလာပြီး ‘ကောင်းကင်ဘုံအရှင်’ တစ်ယောက်ဖြစ်လာမည်ဆိုသော အဓိပ္ပါယ်ဖြစ်သည်။

ဤသည်က ရန်ကျောက်ကဲ၏ အလားအလာကို အသိအမှတ်ပြုခြင်းနှင် မျှော်လင့်ချက်ကို ဖော်ပြသည်။

သို့သော် ဤသို့သောဘွဲ့အမည်ကို မကောင်းသောရည်ရွယ်ချက်ဖြင့် ရှုမြင်မည်ဆိုပါက အခြားနည်းဖြင့် အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည်။

ကောင်းကင်နတ်ဘုရားအဆင့်အောက်တွင် ပြိုင်ဘက်ကင်းသူ ၊ ကောင်းကင်ဘုံအရှင်တစ်ပါးနှင့် အနီးစပ်ဆုံး စွမ်းအားကြီးမားသူအဖြစ် ယူဆနိုင်သည်။

ကောင်းကင်ဘုံအရှင်အဖြစ် နိဒါန်းတစ်ခုဟုလည်း အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည်။

ဤသို့သောဘွဲ့အမည်ကြောင့် ကောင်းကင်နတ်ဘုရားများက လုံးဝစိတ်အနှောင့်အယှက်ဖြစ်မည်မဟုတ်ပေ။

သို့သော် ဤသို့သောဘွဲ့အမည်ကို အစစ်အမှန်နတ်ဘုရားတစ်ပါးအား ပေးအပ်မည်ဆိုပါက အခြားသော   ထိုက်ရွှီးနတ်ဘုရားများနှင့် နက်ရှိုင်းနတ်ဘုရားများက စိတ်အနှောင့်အယှက်ဖြစ်ပေလိမ့်မည်။

“ဘယ်လိုပဲကြည့်ကြည့် ကောင်းဟန်က ပြဿနာရှာဖို့ကြိုးစားနေသလိုပဲ...”

ရန်ကျောက်ကဲက မျက်နှာအမူအရာမပြောင်းလဲသော်လည်း စိတ်ထဲမှတွေးလိုက်၏။

သူက ပြုံးလိုက်ပြီး လီရှင်းပါ့တို့ဆီသို့ လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်ရင်း...

“တွေ့ရတာဝမ်းသာပါတယ် ၊ အကြီးအကဲတို့(၃)ယောက်ကို နှုတ်ဆက်ပါတယ်”

လီရှင်းပါ့ ၊ သွေးနီမြူခိုးတာအိုဆရာနှင့် ကုန်းစွန်းဟွေတို့၏ အကြည့်များထက်ရှသွားသည်။

“လူငယ်ကောင်းကင်ဘုံအရှင်” ဆိုသောအမည်ကိုကြားသည်နှင့် ရန်ကျောက်ကဲ ထိတ်လန့်သွားပြီး ပြာပြာသလဲငြင်းဆန်ကာ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချရန်ကြိုးစားမည်ဟု အစပိုင်းတွင် သူတို့က ယူဆခဲ့ကြသည်။

သို့သော် သူတို့ကို အံ့အားသင့်သွားစေသည်မှာ ရန်ကျောက်ကဲက  ‘လူငယ်ကောင်းကင်ဘုံအရှင်’ ဆိုသော ဘွဲ့အမည်ကို ပွင့်ပွင့်လင်းလင်း လက်ခံလိုက်ခြင်း ဖြစ်၏။

ရန်ကျောက်ကဲက ဤသို့သောဘွဲ့အမည်၏အဓိပ္ပါယ်ကို နားမလည်သဖြင့် လက်ခံနေသည်ဟု သူတို့က ထင်မှတ်လိုက်ကြသည်။ မဟုတ်ပါက ဤသို့သောဘွဲ့အမည်ကိုလက်ခံရန် မည်သူက ဤမျှ မာနထောင်လွှားဝံ့ပါမည်နည်း။

ထိုက်ရွှီးနတ်ဘုရားအဆင့် ထျန်းကျွင်းနယ်ပယ်ရှိသူများပင်လျှင်  ဤသို့သောဘွဲ့အမည်ကို ထမ်းပိုးရန် မတတ်နိုင်ကြကြောင်း ဤလူငယ် မသိပေဘူးလား။

ရန်ကျောက်ကဲကိုကြည့်ရင်း ကောင်းဟန်မျက်ဝန်းများတောက်ပသွားသလို အနည်းငယ်လည်းအံ့အားသင့်သွားသည်။ သို့သော် သူ့ပုံစံက အနည်းငယ် ရယ်ချင်သလိုလည်းဖြစ်သွား၏။

ရန်ကျောက်ကဲ၏ တည်ငြိမ်သော မျက်နှာအမူအရာကိုမြင်တော့ လီရှင်းပါ့မျက်နှာက သုန်မှုံသွားသည်။

သို့သော် သူက ဒေါသထွက်ခြင်းမရှိဘဲ ဖန်းယွင်ရှန်းကို ကြည့်လိုက်ပြီး...

“မင်းကိုရော ဘယ်လိုခေါ်ရမလဲ”

ကောင်းဟန်က ပြုံးလျက် သူမနှင့်မိတ်ဆက်ပေးလိုက်သည်။

“သူကတော့ တာအိုရောင်းရင်း'ဖန်း'၊ ဖန်းယွင်ရှန်းပါ ၊ သူက တာအိုရောင်းရင်း'ရန်'ရဲ့ ဂိုဏ်းတူညီမဖြစ်သလို ဇနီးလည်းဖြစ်ပါတယ်”

“ဟမ်...”

ကောင်းဟန်၏စကားကိုကြားတော့ လီရှင်းပါ့တို့အုပ်စု အနည်းငယ် အံ့အားသင့်သွားပြီး ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းကို သံသယအကြည့်များဖြင့် ထပ်မံအကဲခတ်လိုက်ကြသည်။

သူတို့စိတ်ထဲမှသံသယများကို ရန်ကျောက်ကဲရော ဖန်းယွင်ရှန်းပါသိရှိလိုက်ကြသည်။ အကြောင်းမှာ လက်ရှိတွင် ဖန်းယွင်ရှန်းက ရန်ကျောက်ကဲထက် ကျင့်ကြံခြင်းအဆင့် မြင့်မားနေသည် မဟုတ်ပါလား။

ဖန်းယွင်ရှန်းက မျက်မှောင်ကြုတ်သွားပြီး ရန်ကျောက်ကဲကတော့ ရယ်မောလိုက်သည်။

သူတို့နှစ်ယောက်ကို အကဲခတ်ပြီးနောက် လီရှင်းပါ့က ကောင်းဟန်ကို လှည့်ကြည့်ပြီး နက်ရှိုင်းသောအသံဖြင့်...

“တာအိုရောင်းရင်း'ကောင်းဟန်’ ပြောသလိုဆိုရင် ဒီခရီးက ရှုပ်ထွေးပြီး အန္တရယ်များတယ် ၊ အဲဒီပတ်ဝန်းကျင်မှာ မုကျားအပြင် နတ်မိစ္ဆာမျိုးနွယ်တွေနဲ့ ဗုဒ္ဓဘာသာတန်ခိုးစွမ်းအားရှင်တွေလည်း ရှိနေနိုင်တယ်”

သူက ဆက်ပြောလိုက်သည်။

“ဒီတော့ တာအိုရောင်းရင်း’ဖန်း’ လိုက်လာတာကို ကန့်ကွက်စရာမရှိပေမယ့်... တာအိုရောင်းရင်း’ရန်’ ကတော့ အစစ်အမှန်နတ်ဘုရားအဆင့်ပဲ ရှိသေးတယ် ၊ သူလိုက်လာရင် ကျုပ်တို့တွေ သူ့ကိုဂရုစိုက်ပေးနေရမယ် ၊ မဟုတ်ရင်လည်း တိုက်ပွဲအပြင်ဘက်မှာ သူ့ကိုထားခဲ့ရလိမ့်မယ် ၊ ဒီလိုလုပ်ရင်လည်း သူလိုက်မလာတာနဲ့ အတူတူပါပဲ”

သူက ဖန်းယွင်ရှန်း၏ စူးရှသောအကြည့်ကို ရင်ဆိုင်လိုက်ပြီး...

“ကျုပ်တို့က လူကြမ်းကြီးတွေပါ ၊ ပွင့်ပွင့်လင်းလင်းပဲပြောတတ်တယ် ၊ တာအိုရောင်းရင်း'ဖန်း'... မင်းက မင်းခင်ပွန်းကို ဂရုစိုက်နိုင်တယ်ဆိုရင်တောင် မင်းရဲ့စိတ်အာရုံကိုတော့ ပိုင်းခြားထားရမှာပဲ ၊ ကျုပ်တို့က အဲဒီကို အပျော်ခရီးထွက်မှာမဟုတ်ဘူး ၊ ကျုပ်က မုကျားကိုရှာဖို့စီစဉ်ထားတယ် ၊ မင်းတို့(၃)ယောက်က စန်းကွမ်းနတ်ရေစင်ကို ရှာဖွေရမယ် ၊ ဒါတွေက တစ်ခုမှ လွယ်ကူတဲ့အလုပ်တွေမဟုတ်ဘူး”

လီရှင်းပါ့က ဖြည်းညင်းစွာဖြင့်...

“ဒီတော့ ကျုပ်တို့အားလုံးပေါင်းလိုက်ရင်တောင် လုံလောက်မှာမဟုတ်ဘူး ၊ မင်းရဲ့ စိတ်အာရုံကို ပိုင်းခြားထားရဦးမယ်ဆိုရင်တော့...”

ကောင်းဟန်က ပြုံးလိုက်ပြီး...

“အကြီးအကဲ’လီ’... ခင်ဗျား အတွေးလွန်နေပြီ”

သူက ဆက်ပြောသည်။

“ကျုပ်က ချဲ့ကားပြောတာ မဟုတ်ဘူး ၊ လူငယ်ကောင်းကင်ဘုံအရှင်ရဲ့ တန်ခိုးစွမ်းအားကို သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ အကဲဖြတ်လို့မရဘူး”

“တောင်ပိုင်းချန်စန်းဧကရာဇ်တောင် တာအိုရောင်းရင်း’ရန်’ ကို သိသိသာသာ ချီးကျူးစကားဆိုခဲ့တာ”

တောင်ပိုင်းချန်စန်းဧကရာဇ်ဆိုသောအမည်ကိုကြားသည်နှင့် လီရှင်းပါ့တို့အုပ်စု တည်ကြည်လေးနက်သွားကြသည်။

ရန်ကျောက်ကဲက ဘေးနားမှ သတိထားကြည့်ရှုနေပြီး ကောင်းဟန်တွင် ဖျက်လိုဖျက်ဆီးရည်ရွယ်ချက်အချို့ ရှိနေကြောင်း အာရုံခံလိုက်မိသည်။

ကောင်းဟန်က ချီးကျူးဟန်ဖြင့် ဆက်လက်စကားဆိုသည်။

“တာအိုရောင်းရင်း’ရန်’ က လူငယ်တစ်ယောက်ဖြစ်ပြီး နတ်ဘုရားအဆင့်ကို မကြာခင်ကမှ တက်လှမ်းခဲ့တယ်ဆိုပေမယ့် သူက အထက်ဘုံကမ္ဘာတစ်ခု တည်ထောင်ခဲ့ပြီးပြီ ၊ ပြီးတော့ သူက သူဖန်တီးထားတဲ့ကမ္ဘာရဲ့ ပိုင်ရှင်လည်းဖြစ်တယ်”

“အရင်တုန်းက ကျုပ်နဲ့ ကျုပ်တို့ ရွယ်တူတန်းတူတွေကို သူနဲ့နှိုင်းယှဉ်ကြည့်လိုက်ရင် မှိန်ဖျော့သွားသလိုတောင် ခံစားရပါတယ်”

“အထက်ဘုံကမ္ဘာတစ်ခုကို တည်ထောင်ခဲ့တယ် ဟုတ်လား”

ထို(၃)ယောက်၏ မျက်နှာများထက်တွင် အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားသည်။

သူတို့က ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်ကြပြီး...

“ဒါ တကယ်ပဲလား...”

အသိမ်မွေ့ဆုံးဖြစ်သော သွေးနီမြူခိုးတာအိုဆရာသည်ပင် အလွန်အံ့အားသင့်သွားပြီး...

“အောက်ဘုံကမ္ဘာမဟုတ်ဘဲ... ခင်ဗျားတို့တည်ထောင်ခဲ့တဲ့ အထက်ဘုံကမ္ဘာနဲ့နှိုင်းယှဉ်နိုင်တဲ့ အထက်ဘုံကမ္ဘာတစ်ခုလား”

“အစစ်အမှန်နတ်ဘုရားတစ်ပါးက ဘယ်လိုလုပ်ပြီး ဒီလိုမျိုးလုပ်နိုင်မှာလဲ ၊ သူ့မှာ ယွိချင်အဆက်အနွယ် ကောင်းကင်ဖွင့်ကျမ်းစာ၊ စန့်ချင်အဆက်အနွယ် လုန်ဟန့်ကပ်ဘေးဓားသိုင်းနဲ့ ထိုက်ချင်အဆက်အနွယ် ထိုက်ချူးနတ်လက်ချောင်းသိုင်းတွေ ရှိထားရင်တောင်... ဒါက မဖြစ်နိုင်ဘူး”

သူတို့ မှားသွားခဲ့ပြီလား။

ရန်ကျောက်ကဲက အစစ်အမှန်နတ်ဘုရားအဆင့် မဟုတ်ဘူးလား။

သို့သော် ရန်ကျောက်ကဲက မကြာခင်ကမှ နတ်ဘုရားအဆင့်သို့တက်ရောက်ထားသည်ဟု ကောင်းဟန်ကိုယ်တိုင် ပြောခဲ့သည်မဟုတ်လား။

“မင်း ဘာရတာပစ္စည်းကို အသုံးပြုခဲ့တာလဲ”

လီရှင်းပါ့က ရှေးခေတ်ကာလကတည်းက ကမ္ဘာတဝှမ်းလှည့်လည်ခဲ့သော အတွေ့အကြုံရင့်ကျက်သူတစ်ယောက် ဖြစ်လေရာ အရင်ဆုံး ပြန်လည်တည်ငြိမ်လာခဲ့သည်။

ရန်ကျောက်ကဲက ကောင်းဟန်ကို ပြုံးရယ်ရင်း လှမ်းကြည့်လိုက်သည်။

ထင်သည့်အတိုင်းပင် ကောင်းဟန်က ပြုံးလိုက်ပြီး...

“မိုးကောင်းကင်ခုံရုံး၊ ကောင်းကင်ဘုံနန်းတော်က ထျန်းစူးခန်းမလေ ၊ အကြီးအကဲ'လီ' ... မှတ်မိတယ် မဟုတ်လား”

“မှတ်မိတာပေါ့...”

လီရှင်းပါ့ ရုတ်တရက် သဘောပေါက်သွားသည်။

“ဆိုတော့ ထျန်းစူးခန်းမက ပျက်ဆီးမသွားဘဲ သူ့လက်ထဲ ရောက်နေတယ်လို့ ဆိုလိုတာလား”

ကောင်းဟန်က ပြုံးလျက် ခေါင်းညိတ်ရင်း...

“တာအိုရောင်းရင်း'ရန်' က ထူးခြားတဲ့ပါရမီရှိရုံသာမက ကံကောင်းခြင်းများစွာကိုပါ ပိုင်ဆိုင်ထားတယ်လေ ၊ သူက သာမန်ပါရမီရှင်တစ်ယောက် မဟုတ်ဘူး”

လီရှင်းပါ့ ခဏမျှ အတွေးထဲနစ်မျောသွားပြီး ရန်ကျောက်ကဲကို အကဲခတ်သည့်မျက်ဝန်းများဖြင့် ထပ်မံကြည့်ရှုလိုက်သည်။

သူ၏တပည့် ကုန်းစွန်းဟွေ၏မျက်နှာကတော့ မနာလိုမှုများဖြင့် ပြည့်နှက်နေပေသည်။

သွေးနီမြူခိုးတာအိုဆရာက တင်းမာမှုကို လျော့ချရန် စကားဝင်ပြောလိုက်သည်။

“တာအိုရောင်းရင်း'ကောင်းဟန်' က အမြဲတမ်း ဆီလျော်တဲ့သူပါ ၊ ကျုပ်တို့တွေ ခင်ဗျားကို ယုံကြည်ပါတယ် ၊ ဒါပေမဲ့... ဒါတွေအားလုံးက ကြီးမားတဲ့ကိစ္စတွေဖြစ်လို့ တာအိုရောင်းရင်း’လီ’ အနေနဲ့ သတိထားသင့်ပါတယ်”

ထို့နောက် သူက ရန်ကျောက်ကဲကိုကြည့်ပြီး ပြုံးလိုက်ရင်း...

“မင်းက နတ်ဘုရားအဆင့်ကိုမရောက်ခင်ကတည်းက ‘ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား’ ဆိုတဲ့ အမည်ရခဲ့ပြီးသားဆိုတော့... မင်းရဲ့ ပါရမီနဲ့ စွမ်းအားက ဘယ်လောက်ထူးခြားတယ်ဆိုတာ ထင်ရှားပါတယ် ၊ အခုတော့ မင်းက ကောင်းကင်ကိုးထပ်ကို ပြန်လည်ရောက်ရှိသွားပြီဆိုတော့ ‘လူငယ်ကောင်းကင်ဘုံအရှင်’ လို့ခေါ်ဆိုတာ မမှားပါဘူး ၊ အနာဂတ်မှာ ကောင်းကင်နတ်ဘုရားအဆင့်ကိုရောက်ရှိစေဖို့ ဆုမွန်ကောင်းတောင်းပါတယ်”

All Chapters