← Chapters

ရက်စက်သည့်အမှန်တရား

Vol. 99 Ch. 1382

ရက်စက်သည့်အမှန်တရား

Vol. 99 Ch. 1382

အခန်း (၁၃၈၂) ရက်စက်သည့်အမှန်တရား

ရန်ကျောက်ကဲက သွေးနီမြူခိုးတာအိုဆရာအား လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း...

“ခင်ဗျားရဲ့စကားတွေအတွက် ကျေးဇူးတင်ပါတယ် ၊ ကျုပ် တန်ဖိုးထားပါ့မယ်”

သွေးနီမြူခိုးတာအိုဆရာက ခေါင်းခါယမ်းရင်း...

“ရပါတယ်... ရပါတယ်”

လီရှင်းပါ့က ရန်ကျောက်ကဲကို စိုက်ကြည့်ရင်း အေးစက်စွာဖြင့်...

“သူက ‘ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား’ ဖြစ်နေရင်တောင် ၊ ‘လူငယ်ကောင်းကင်ဘုံအရှင်’ ဖြစ်နေရင်တောင်… အစစ်အမှန်နတ်ဘုရားအဆင့်မှာပဲ ရှိသေးတယ်ဆိုတဲ့အချက်က မပြောင်းလဲနိုင်ဘူး”

သူက ဆက်ပြောလိုက်သည်။

“လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းစွမ်းအား ဘယ်လောက်သန်မာတယ်ဆိုဦးတော့ အစစ်အမှန်နတ်ဘုရားတစ်ပါးက ထိုက်ရွှီးနတ်ဘုရားတစ်ပါးရဲ့  လက်တစ်ချောင်းနဲ့တောင် ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး”

သူ၏ အနီရောင်သမ်းသောမျက်နှာက တည်ငြိမ်နေသည်။

“ကျုပ်စကားတွေကို နားခါးစရာလို့မထင်ပါနဲ့ ၊ ကျုပ်တို့အတွက်တော့ အစစ်အမှန်နတ်ဘုရားတစ်ပါးရဲ့ အမတချီစွမ်းအားဆိုတာ သာမန်အရာတစ်ခုပဲ ၊ ကျုပ်တို့ရဲ့ အမတချီစွမ်းအားအနှစ်သာရကို ထည့်မပြောနဲ့ဦး ၊ အစစ်အမှန်နတ်ဘုရားတစ်ပါးက မဟာတာအိုရဲ့စူးရှတေးသံကို ရင်ဆိုင်နိုင်မှာတဲ့လား ၊ အဲဒီအချိန် သူ ကျောက်ရုပ်ဖြစ်သွားရင် သူ လိုက်လာတာ ဘာအဓိပ္ပါယ်ရှိတော့မှာလဲ”

သွေးနီမြူခိုးတာအိုဆရာ တိတ်ဆိတ်နေသည်။

သူတို့လုပ်မည့်အလုပ်က အမှန်တကယ်ပင် ကျင့်ကြံခြင်းစွမ်းအား လိုအပ်သည်။

လူတစ်ယောက်က မည်မျှပင် အလားအလာကောင်းမွန်ပါစေ လက်ရှိအချိန်တွင် အသုံးမဝင်ပါက အဓိပ္ပါယ်ရှိမည် မဟုတ်ပေ။

လီရှင်းပါ့၏စကားများက ကြားရသည်မှာ နားခါးစရာဖြစ်သော်လည်း သူထောက်ပြသည့်အချက်အလက်များက အတော်လေးပြတ်သားမှန်ကန်သည်။

ရန်ကျောက်ကဲ ရုတ်တရက် ပြုံးလိုက်ရင်း...

“ကျုပ်လည်း တာအိုရောင်းရင်း’လီ’ ရဲ့စကားကို သဘောတူပါတယ် ၊ လူတစ်ယောက်ကတော့ မလိုက်ခဲ့တာ ပိုကောင်းမယ်ထင်တယ်”

ထိုစကာကြားတော့ လီရှင်းပါ့တို့အုပ်စု ခဏမျှ အံ့အားသင့်သွားကြသည်။

ထို့နောက် ရန်ကျောက်ကဲက သူတို့အုပ်စုထဲမှတစ်ယောက်ကို စူးစိုက်ကြည့်နေကြောင်း သတိပြုလိုက်မိသည်။

ကုန်းစွန်းဟွေ။

လီရှင်းပါ့၏ တပည့်။

“မင်းက ငါ့ကိုပြောနေတာလား”

အစပိုင်းတွင် ကုန်းစွန်းဟွေ အံ့အားသင့်သွားပြီး နောက်တော့ သူ့မျက်နှာထက် အထီမဲ့မြင်အပြုံးတစ်ခု ပေါ်လာသည်။

“မင်းက မကြာခင်ကမှ နတ်ဘုရားအဆင့်ကို တက်လှမ်းထားတဲ့သူ ၊ ငါက ချီစွမ်းအားနှစ်မျိုးပေါင်းစည်းခြင်းရောင်ဝါကို ရရှိထားပြီးပြီ ၊ မင်းရဲ့နောက်ပြောင်တဲ့စကားက နည်းနည်းလွန်နေတယ်လို့ မထင်ဘူးလား”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“မင်းအတွက်ကတော့ ဒါက ရက်စက်တဲ့အမှန်တရားတစ်ခုဖြစ်နိုင်တယ် ၊ ဒါပေမယ့် ငါ့အတွက်ကတော့ ဒါက တကယ့်ကို ရယ်စရာပဲ”

သူက စကားဆုံးသည်နှင့် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ကုန်းစွန်းဟွေ၏ဦးခေါင်းအား လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ရန်ကျောက်ကဲက အလွန်လျှင်မြန်သည်ဖြစ်ရာ ကုန်စွန်းဟွေမှာ လုံးဝ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပေ။

ကုန်းစွန်းဟွေက သင့်တော်သည့်တုံ့ပြန်မှုမျိုး မပြုလုပ်နိုင်ခဲ့သော်လည်း သူ့ဆရာ လီရှင်းပါ့ကတော့ တုံ့ပြန်နိုင်ခဲ့သည်။

နီရဲသောမျက်နှာရှိသည့်အဘိုးအိုက အေးစက်စွာ နှာတစ်ချက်မှုတ်ရင်း...

“မင်းက လုပ်ရဲတယ်လား...”

နီရဲသောမျက်နှာရှိသည့် အဘိုးအို၏အသံက မကျယ်လောင်လှသော်လည်း သူ့ထံမှ ခံစားချက်အငွေ့အသက်က  လုံးဝပြောင်းလဲသွားသည်။

သူ့အသံက ခမ်းနားပြီး မူလရင်းမြစ်ဆန်ကာ ကောင်းကင်ကိုးထပ်မှဆင်းသက်လာသော နတ်ဘုရားအသံတစ်သံပမာ ဖြစ်၏။

လီရှင်းပါ့ မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ရသေးသည့်တိုင် “မဟာတာအို၏စူးရှတေးသံ” က ရန်ကျောက်ကဲထံသို့ အဆုံးမရှိ လှိုင်းထန်စွာ တိုက်ခတ်လာသည်။

ရန်ကျောက်ကဲမှာ သူ၏ စိတ်ဝိညာဉ်နှင့် ရုပ်ခန္ဓာတစ်ခုလုံး တပြိုင်နက်တည်း ဖိနှိပ်ခံရသလို ခံစားလိုက်ရပြီး စကားမပြောနိုင် ၊ မလှုပ်ရှားနိုင် ၊ မတွေးတောနိုင်သည့် အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိသွားသလို ခံစားလိုက်ရသည်။

ဘေးတွင်ရှိနေသော ကောင်းဟန် ၊ သွေးနီမြူခိုးတာအိုတရာ ၊ ကုန်းစွန်းဟွေနှင့် ဖန်းယွင်ရှန်းတို့မှာ သူ၏အမြင်အာရုံထဲမှ ပျောက်ကွယ်သွားပြီး တစ်လောကလုံးတွင် လီရှင်းပါ့၏ ခန္ဓာကိုယ်တစ်ခုသာလျှင် ကျန်ရှိတော့သည်။

လီရှင်းပါ့၏ပုံရိပ်က ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်ကို ပြသနေသည်။

မဟာတာအို၏စူးရှတေးသံ ပဲ့တင်ထပ်ထွက်ပေါ်လာသည်နှင့် လီရှင်းပါ့၏ခန္ဓာကိုယ်က ဧရာမပုံရိပ်ကြီးတစ်ခုအဖြစ် ကြီးမားလာပြီး ရန်ကျောက်ကဲ၏အမြင်ကို လုံးဝဖုံးလွှမ်းသွားသည်။ လီရှင်းပါ့၏ခန္ဓာကိုယ်က အလုံးစုံတည်ရှိနေသယောင်ထင်မှတ်ရပြီး လူတစ်ယောက်၏ဝိညာဉ်ကို လှုပ်ခတ်စေနိုင်သည်။

သို့သော် တစ်ချိန်တည်းပင် ထိုပုံရိပ်က ရန်ကျောက်ကဲထံမှ အလွန်ဝေးကွာသည့်နေရာသို့ ပျံသန်းသွားသည့်ပမာ တဖြည်းဖြည်းသေးငယ်သွားပြန်သည်။

ထို့နောက်မှာတော့ ထိုပုံရိပ်က ရန်ကျောက်ကဲ၏မြင်ကွင်းထဲမှ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး သူ၏အမြင်အာရုံ ဆုံးရှုံးသွားသည့်ပမာ မမြင်နိုင်တော့သလို တွေးတောနိုင်စွမ်းလည်း မရှိတော့ပေ။

သူ၏ခန္ဓာကိုယ်တစ်ခုလုံး စဉ်းစားနိုင်စွမ်းနှင့် အာရုံခံစားမှုများဆုံးရှုံးသွားပြီး နေရာတွင်သာ မတ်တတ်ရပ်နေသည့် သစ်သားရုပ်သေးရုပ်တစ်ရုပ်ပမာ ပြောင်းလဲသွားသည်။

ရန်ကျောက်ကဲ၏ မျက်လုံးများထဲမှ အသက်ဝင်ရှင်သန်မှုက ဖြည်းဖြည်းချင်း ပျံ့လွင့်ပျောက်ကွယ်သွားသည်။

ကုန်းစွန်းဟွေက အေးစက်စွာ ရယ်မောလိုက်ပြီး သူ၏မျက်နှာထက် မထီမဲ့မြင်အမူအရာဖြင့် ပြည့်နက်နေသည်။

သွေးနီမြူခိုးတာအိုဆရာကတော့ မျှော်လင့်ချက်မဲ့စွာ ခေါင်းခါယမ်းလျှက် သက်ပြင်းချကာ တိတ်ဆိတ်ငြိမ်သက်နေလေသည်။

ကောင်းဟန်က ဖန်းယွင်ရှန်းကို စူးစမ်းသည့်အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။

ဖန်းယွင်ရှန်းက ဤနေရာသို့ရောက်လာကတည်းက တိတ်ဆိတ်နေခဲ့သည်။

လက်ရှိအခိုက်အတန့်မှာပင် သူမ၏မျက်နှာအမူအရာက မည်သည့်ပြောင်းလဲမှုမှ မရှိခဲ့ပေ။ သူမက ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည်များကို သတိမထားမိသည့်ပမာ နေရာမှာပင် တိတ်ဆိတ်စွာမတ်တတ်ရပ်နေသည်။

သို့သော် သူမ တကယ်တမ်း ဘာမှသတိမထားမိဟုဆိုလျှင် ကြီးမားသော ဟာသတစ်ခုသာ ဖြစ်ပေမည်။

သူမ၏တုံ့ပြန်မှုအတွက် ရှင်းပြချက်နှစ်ခု ရှိသည်။

ပထမတစ်ချက် - သူမက ရန်ကျောက်ကဲ၏အခြေအနေကို အရေးမစိုက်ခြင်းဖြစ်သည်။

ဒုတိယအချက် - ယခု ဖြစ်ပျက်နေသည်များက ရန်ကျောက်ကဲအား မည်သည့်နည်းနှင့်မှ ထိခိုက်စေမည်မဟုတ်ဟု ယုံကြည်ထားခြင်း ဖြစ်သည်။

ကောင်းဟန် တွေးတောနေစဉ်မှာပင် ရန်ကျောက်ကဲ၏ ဝိညာဉ်မဲ့နေသောမျက်ဝန်းများက ရုတ်တရက် ပြန်လည်လှုပ်ရှားလာသည်ကို တွေ့လိုက်ရသည်။

ရန်ကျောက်ကဲ၏ခန္ဓာကိုယ်က ခဏမျှသာ သက်မဲ့ရုပ်တုတစ်ခုအဖြစ်ပြောင်းလဲသွားပြီး ယခုတော့ ပြန်လည်အသက်ဝင်လာကာ စဉ်းစားတွေး‌ခေါ်နိုင်စွမ်းတို့ဖြင့် ပြန်လည်ပြည့်စုံလာသည်။

ရန်ကျောက်ကဲက အသက်ဝင်လာသည်နှင့် အေးဆေးစွာ ဇက်တစ်ချက်ချိုးလိုက်ပြီး ပေါ့ပါးသောအမူအရာဖြင့် စကားပြောလိုက်သည်။

“တာအိုရောင်းရင်း’လီ’ ... အသံအကျယ်ကြီးပြောစရာမလိုပါဘူး ၊ ကျုပ်ကြားပါတယ်ဗျာ”

ထို့နောက် မည်သည့်အတားအဆီးမှမရှိဘဲ သူ၏လက်ဝါးရိုက်ချက်က ကုန်းစွန်းဟွေဆီသို့ ဆက်လက်ကျဆင်းလာသည်။

လီရှင်းပါ့ မျက်လုံးများ ကျဉ်းမြောင်းလိုက်သည်။

“မဟာတာအိုရဲ့ စူးရှတေးသံက သူ့ကို မထိခိုက်စေဘူးလား”

သူ့တပည့်’ကုန်းစွန်းဟွေ’ ၏ မျက်နှာထက်မှအပြုံးက လမ်းတစ်ဝက်တွင် ရပ်တန့်သွားပြီး မျက်နှာတစ်ခုလုံး မဲမှောင်သုန်မှုန်သွားသည်။

“မဟာတာအိုရဲ့ စူးရှတေးသံကို ငါတောင်မှရင်ဆိုင်ဖို့ခက်တဲ့ဟာကို မကြာခင်ကမှ နတ်ဘုရားအဆင့်တက်ထားတဲ့သူက ဒီလိုလုပ်နိုင်တယ်ပေါ့လေ”

လီရှင်းပါ့က မဟာတာအို၏စူးရှတေးသံကိုအသုံးပြုစဉ်က ရန်ကျောက်ကဲတစ်ယောက်တည်းကိုသာ အာရုံစိုက်ထားပြီး အခြားသူများထံ မပျံ့နှံ့စေရန် ထိန်းသိမ်းထားခဲ့သည်။

မဟုတ်ပါက နက်ရှိုင်းနတ်ဘုရားအဆင့်တွင်ပင်ရှိသေးသော ကုန်းစွန်းဟွေအနေဖြင့် ဆရာဖြစ်သူ၏ မဟာတာအို စူးရှတေးသံကြောင့် ထိခိုက်မှုခံစားရမည် ဖြစ်၏။

သူက နက်ရှိုင်းနတ်ဘုရားတစ်ပါးဖြစ်သဖြင့် အစစ်အမှန်နတ်ဘုရားများနှင့် သိုင်းသူတော်စင်များကဲ့သို့ နေရာမှာပင် ကျောက်ရုပ်ဖြစ်မသွားနိုင်သော်လည်း လှုပ်ရှားမှုများနှင့် စဉ်းစားနိုင်စွမ်းများ နှေးကွေးသွားမည် ဖြစ်သည်။

သွေးနီမြူခိုးတာအိုဆရာ၏မျက်နှာထက် အံ့အားသင့်မှုများဖြင့်ပြည့်နေပြီး ရန်ကျောက်ကဲအား ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်သည်။

“ဒီကောင်လေးက တစ်ခုခုတော့ တစ်ခုခုပဲ...”

စောစောက သူပြောခဲ့သည့်စကားများက ယဉ်ကျေးမှုအတွက်သာဖြစ်သော်လည်း ယခုတော့ ကောင်းဟန်ပြောသည့်စကားများကို ယုံကြည်လာပြီ ဖြစ်သည်။

ကောင်းဟန်၏မျက်နှာထက် အပြုံးတစ်ခုပေါ်ထွက်လာပြီး သူ၏အကြည့်များက ပိုမိုလင်းလက်လာသည်။

“သူ့မှာ ရတနာပစ္စည်းတစ်ခုခုရှိတာလား ၊ ဒါမှမဟုတ် ထိပ်တန်းသိုင်းပညာရပ်တချို့ လေ့ကျင့်ထားတာလား ၊ ဒါမှမဟုတ် နှစ်ခုလုံးပဲလား”

မဟာတာအို၏စူးရှတေးသံက ရန်ကျောက်ကဲအား မထိခိုက်နိုင်ကြောင်း တွေ့လိုက်သည့်အခါ လီရှင်းပါ့က ချက်ချင်းဆိုသလို လက်တစ်ဖက် ပင့်မြှောက်လိုက်သည်။

အဝါရောင်မြူမှုံများ အလွှာလိုက်ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခွင်လုံးလွှမ်းခြုံသွားကာ ရန်ကျောက်ကဲထံသို့ ဝင်ရောက်လာသည်။

သို့သော် တစ်ချိန်တည်းမှာပင် အပြာရောင်အလင်းဖြင့်တောက်ပနေသော အနက်ရောင်နတ်ဆိုးမီးလျှံ ချီစွမ်းအားတစ်ခု မြင့်တက်လာသည်။ ဓားအလင်းတန်းတစ်ခု လှစ်ခနဲထွက်ပေါ်လာပြီး အဝါရောင်မြူခိုးများကို ချက်ချင်းပင် ပိတ်ဆို့ထားလိုက်သည်။

လီရှင်းပါ့ ဓားအလင်းတန်းထွက်ပေါ်လာရာသို့ လှမ်းကြည့်လိုက်တော့ ရန်ကျောက်ကဲဘေးတွင် အမြဲတမ်း တိတ်ဆိတ်စွာရှိနေခဲ့သော ဖန်းယွင်ရှန်း လှုပ်ရှားလာသည်ကို တွေ့လိုက်ရ၏။

ထိတ်လန့်ဖွယ်ရာ အနက်ရောင်ဓားအလင်းတန်းက အဝါရောင်မြူမှုံများကို ခုတ်ပိုင်းဖြတ်တောက်ပစ်လိုက်သည်။

အခြားတစ်ဖက်တွင် ရန်ကျောက်ကဲက သူ၏လက်ကို ပင့်မြှောက်လိုက်ပြီး လက်ဖဝါးကိုလှန်လိုက်ရာ ကောင်းကင်ပြိုကျနိုင်သော တန်ခိုးစွမ်းအားတစ်ခုက ကုန်းစွန်းဟွေထံသို့ ဝင်ရောက်လာသည်။

“အိုး...”

ကျွမ်းကျင်သူတစ်ယောက်က ပြိုင်ဘက်၏တိုက်ခိုက်မှု မည်မျှပြင်းထန်ကြောင်း သိရှိနိုင်သည်ဖြစ်ရာ ရန်ကျောက်ကဲထံမှ ကျရောက်လာသော လက်ဝါးရိုက်ချက်ကိုတွေ့မြင်သည်နှင့် တစ်ခုခုမူမမှန်ကြောင်း ကုန်းစွန်းဟွေ ခံစားလိုက်မိသည်။

စောစောက သူ၏မာန်တက်နေမှုနှင့် မထီမဲ့မြင်ပြုမှုများကို ချက်ချင်းပင် ပြန်လည်ရုပ်သိမ်းလိုက်ရလေသည်။

ကုန်းစွန်းဟွေက ရန်ကျောက်ကဲ၏ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို အချိန်မီရှောင်တိမ်းနိုင်ခြင်းမရှိသဖြင့် ဟန့်တားရန်အတွက် အားတင်းပြီး လက်ကိုပင့်မြှောက်လိုက်ရသည်။

ထိုခဏတွင် ပုံသဏ္ဌန်မရှိသော ဗလာနယ်အလွှာများက သူ့အားဝိုင်းပတ်ထားသလိုခံစားလိုက်ရပြီး ထိုဗလာနယ်များက ကမ္ဘာများအဖြစ်သို့ပြောင်းလဲသွားပြီး ကုန်းစွန်းဟွေကို ဗဟိုပြုကာ ပြိုကျလာသည်။

ကုန်းစွန်းဟွေ အလယ်ဗဟိုတွင် မတ်တတ်ရပ်လျှက် ရှိသည်။

သူ ရပ်နေသောနေရာက မိုးမြေနယ်နိမိတ် ၊ ယင်နှင့်ယန် ဆက်သွယ်သည့်နေရာအဖြစ် ထင်မှတ်ရသည်။

အရာဝတ္ထုမျိုးစုံက ဆန့်ကျင်ဘက်အနေအထားကို ပြသနေပြီး အစွန်းနှစ်ဖက် တည်ရှိနေသည်။ ထို့နောက် ၎င်းတို့က ကုန်းစွန်းဟွေရပ်နေသော အလယ်ဗဟိုတွင် ပုံပျက်ခြင်းကို ဖြစ်ပေါ်လာစေသည်။

ထိုနေရာတွင် မတ်တတ်ရပ်နေရင်း ထိတ်လန့်ဖွယ်ရာ ကြီးမားသောစွမ်းအားတစ်ခုက သူ၏ခန္ဓာကိုယ်အား ပြင်းထန်စွာ တိုက်စားနေကြောင်း ကုန်းစွန်းဟွေ ထိတ်လန့်ဖွယ်ရာ ခံစားလိုက်ရသည်။

“ယွိချင်အဆက်အနွယ် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်လား ၊ ဒါက... အစစ်အမှန်နတ်ဘုရားတစ်ပါး ထုတ်ဖော်အသုံးပြုလိုက်တဲ့ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်လား”

ကုန်းစွန်းဟွေ အံ့အားသင့်သွားသည်။

သူ၏ခန္ဓာကိုယ်က ချီစွမ်းအားနှစ်ခုပေါင်းစည်းခြင်းရောင်ဝါနှင့် အမတစွမ်းအားရောင်ဝါတို့ ပေါင်းစပ်ထားသည်ဖြစ်ရာ အစစ်အမှန်နတ်ဘုရားတစ်ပါးကြောင့် ထိခိုက်မှုဖြစ်ရန် ခဲယဉ်းပေသည်။

ထိုသို့မဟုတ်ပါက ကုန်းစွန်းဟွေအနေဖြင့် မိုးမြေကြားတွင်ဖွဲ့စည်းထားသော ကြိတ်စက်တစ်ခု၏အလယ်ဗဟိုသို့ရောက်ရှိသွားသည့်ပမာ အမှုန့်ကြိတ်ခံရသလို ခံစားရမည်ဖြစ်၏။

လောလောဆယ် သူ့အတွက် အန္တရယ်မရှိသည့်တိုင် လှုပ်ရှားနိုင်ခြင်းလည်း မရှိခဲ့ပေ။ ရန်ကျောက်ကဲ၏ တန်ခိုးစွမ်းအားက သူ၏လှုပ်ရှားမှုများကို အပြည့်အဝကန့်သတ်ထားသည်ဖြစ်ရာ သူ လုံးဝ လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။

All Chapters