ဒီနေရာမှာ ခင်ဗျားက ဆုံးဖြတ်ချက်ချရမယ့်သူမဟုတ်ဘူး
Vol. 99 Ch. 1383
အခန်း (၁၃၈၃) ဒီနေရာမှာ ခင်ဗျားက ဆုံးဖြတ်ချက်ချရမယ့်သူမဟုတ်ဘူး
ကုန်းစွန်းဟွေမှာ ရန်ကျောက်ကဲ၏ လက်ဖဝါးဖြင့် ဖိနှိပ်ခံထားရပြီး လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။
အခြားတစ်ဖက်တွင် လီရှင်းပါ့ သည်လည်း ဒေါသထွက်လျှက်ရှိသည်။ ဖန်းယွင်ရှန်း၏ အနက်ရောင်ဓားကိုရင်ဆိုင်ရသည်နှင့် သူက စတုရန်းအစွန်းရှိသော ရွှေဓားချိုးတစ်ခုကို ထုတ်ယူပြီး ပြိုင်ဘက်ဆီသို့ ချက်ချင်း ထိုးစိုက်ချလိုက်သည်။
သို့သော် ဖန်းယွင်ရှန်း၏ဓားမှ ကြောက်မက်ဖွယ်ရာ အနက်ရောင်အလင်းတန်းများ မိုးထိအောင် ထွက်ပေါ်လာပြီး ၎င်း၏ အရှိန်အဟုန်က စတုရန်းအစွန်းများရှိသော ရွှေဓားချိုးကို ဖျက်ဆီးပစ်မည့်အလား ထင်ရသည်။
လက်နက်နှစ်ခု ထိပ်တိုက်တွေ့သည်နှင့် လီရှင်းပါ့၏လက် တုန်ခါသွားသည်။
ဓားဝိညာဉ်ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် အရာအားလုံးပျက်ဆီးအဆုံးသတ်တော့မည့်အလား အလွန်ကြောက်မက်ဖွယ်ရာအငွေ့အသက်ကို ခံစားရသည်။
အနက်ရောင်ဓားနှင့် စတုရန်းအစွန်းရှိသော ရွှေဓားချိုး ထိတွေ့လိုက်သည်နှင့် ဓားချိုး၏အစိတ်အပိုင်းတစ်ခု အနည်းငယ်ကျိုးပဲ့သွားသည်။
အနက်ရောင်ဓားက ရှေ့ဆက်တိုးဝင်လာပြီး ရွှေဓားချိုးကို ပဲပြားလှီးသည့်အလား ဖြတ်တောက်ပစ်ရန် ကြိုးစားလိုက်သည်။
လီရှင်းပါ့ အလွန်ထိတ်လန့်သွားပြီး ချက်ချင်းပင် သူ၏လက်နက်ကိုရုတ်သိမ်းကာ ဆုတ်ခွာသွားရသည်။
ထို့နောက် သူကြွေးကြော်လိုက်၏။
“ငါ့သိုင်းကွက်ကို ကြည့်လိုက်စမ်း”
အသံနှင့်အတူ ဝါမှောင်သည့်အလင်းတန်းတစ်ခု ဖန်းယွင်ရှန်းထံသို့ ဝင်ရောက်လာသည်။
ထိုအလင်းတန်းထဲတွင် ဝါမှောင်သည့်အရောင်ရှိသော ပုလဲတစ်လုံးရှိနေပြီး ၊ အလင်းရောင် လက်ခနဲတောက်ပသွားသည်နှင့် ထိုပုလဲ၏အရှိန်အဟုန်က မြေပြင်တစ်ခုလုံးကို ပိုင်းဖြတ်ပစ်တော့မည့်အလား ဖြစ်သည်။
ဤသည်က လီရှင်းပါ့၏ ရတနာ – မြေခွင်းပုလဲ ဖြစ်၏။
ဤရတနာက မြေကြီးမှဆင်းသက်လာခြင်းဖြစ်ပြီး မြေကြီးဖြစ်စဉ်များကို ပိုင်းဖြတ်ရန် အထူးအသုံးပြုနိုင်သည်။ ကျယ်ပြန့်ခိုင်မာသော မြေသားထုတစ်ခုဆိုလျှင်တောင်မှ ဤရတနာပစ္စည်းက နှစ်ပိုင်းခွဲပစ်နိုင်သည်။
ဖန်းယွင်ရှန်း၏ဓားက ရှေ့ဆက်တိုးလာပြီး မြေခွင်းပုလဲကို ခုတ်ပိုင်းချလိုက်ရာ ရုတ်တရက် ထိုပုလဲမှ ကြောက်မက်ဖွယ်ရာ တုန်ခါမှုတစ်ခု ထွက်ပေါ်လာသည်။
မြေကြီးကိုထိုးခွဲရန်အတွက် မြေကြီးတုန်ခါခြင်းနှင့်ပုံပျက်ခြင်းကိုဖြစ်စေသော ငလျင်စွမ်းအားပင် ဖြစ်သည်။ မြေကြီးကို မြေကြီးဖြင့် တန်ပြန်တိုက်ခိုက်ခြင်းသည် မြေခွင်းပုလဲ ၏ အထူးပြုစွမ်းရည်ဖြစ်သည်။
သို့သော် ဖန်းယွင်ရှန်း၏ဓားသွားက ငလျင်စွမ်းအားကို ချက်ချင်းပင် ဖြတ်တောက်ပစ်လိုက်လေရာ မည်သည့်တုန်ခါမှုမှမရှိတော့ဘဲ ရုတ်ချည်းပင် ငလျင်ပျောက်ကွယ်သွားရသည်။
လီရှင်းပါ့၏ဦးခေါင်းထက်တွင် အလင်းရောင်များထွက်ပေါ်လာပြီး သူက စွမ်းအားပြည့်အသုံးပြုကာ ပုလဲကို အနိုင်နိုင်ပြန်သိမ်းယူလိုက်ရသည်။
သူက စိုးရိမ်ပူပန်နေသလို ဒေါသလည်းထွက်နေပြီး မျက်နှာတစ်ခုလုံး ခါးသီးမှုများဖြင့် ပြည့်နေသည်။
သူ၏ဆရာပင်လျှင် သူ့ကို မကယ်တင်နိုင်ကြောင်းတွေ့ရသည့်အခါ ကုန်းစွန်းဟွေ၏ နှလုံးသား နစ်မြုပ်သွားသည်။ တစ်ချိန်တည်းမှာပင် သူက ပို၍ တည်ငြိမ်လာသည်။
သူက အချိန်အများစုတွင် ဆရာဖြစ်သူနှင့် သီးသန့်နေထိုင်ခဲ့သော်လည်း လက်ရှိ ကျင့်ကြံခြင်းအဆင့်သို့ရောက်ရှိရန်အတွက် ဒုက္ခများစွာ ခံစားခဲ့ရသည်။
ရန်ကျောက်ကဲ၏ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို ရင်ဆိုင်ရင်း ကုန်းစွန်းဟွေက လက်သီးကိုတင်းတင်းဆုပ်ကာ ဝှေ့ယမ်းလိုက်သည်။ သူ၏လက်သီးချက်က လှုပ်ခါနေသည့်လှံရှည်တစ်လက်ပမာပင်။
အားပြင်းသည့်တုန်ခါမှုတစ်ခု ပျံ့နှံ့ထွက်ပေါ်လာပြီး ရန်ကျောက်ကဲ၏လက်သီးချက်ဖြင့်ဖန်ဆင်းထားသော ပုံရိပ်ယောင်ကမ္ဘာနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်က လောကတစ်ခုလုံးကိုပိုင်းခြားပြီး အစွန်းနှစ်ဖက်ကို ပြောင်းပြန်လည်ပတ်စေသဖြင့် ခုခံရန်ခက်ခဲသည်။
သို့သော် ကုန်းစွန်းဟွေက အတွင်းမှ တန်ပြန်တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။
သူက စက်ဝန်းသံသရအစွန်းနှစ်ဖက်တွင် အစွန်းတစ်ဖက်ကိုဖြတ်တောက်ပြီး ကြောက်မက်ဖွယ်ရာစွမ်းအား၏မျှခြေကို ပျက်ဆီးစေမည်ဆိုလျှင် အောင်မြင်မှုရရှိပေမည်။
သို့သော် ဤသည်က အပြောလွယ်သလောက် အလုပ်ခက်သည်။
ရန်ကျောက်ကဲ၏ အခြားလက်တစ်ဖက်က အောက်ဘက်မှမြင့်တက်လာပြီး ထိုလက်ဖဝါးထဲတွင် ထူးကဲယန်စွမ်းအားဖြင့် ပြည့်နက်နေသည်။ ယင်နှင့်ယန် လည်ပတ်သွားချိန်တွင် တုန်ခါမှုတစ်ခုဖြစ်ပေါ်လာပြီး ကုန်းစွန်းဟွေ၏လက်သီးက လေထုကိုသာ ထိုးစိုက်မိသွားသည်။
ကုန်းစွန်းဟွေ၏ရင်ထဲ တင်းကျပ်သွားသည်။
ယခုအခိုက်အတန့်တွင် သူရှိနေသောနေရာမှာ အဆက်မပြတ်ဖိနှိပ်ခံနေရပြီး သူက ရန်ကျောက်ကဲ၏လက်ခုပ်ထဲမှ ကစားစရာတစ်ခုသဖွယ် ဖြစ်နေသည်။
သူ၏မြင်ကွင်းထဲတွင် ရန်ကျောက်ကဲက မြင့်မားသော ဧရာမပုံသဏ္ဌန်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။
ရန်ကျောက်ကဲက သူ၏လက်ဖဝါးနှစ်ဖက်ကိုပေါင်းစည်းလိုက်ပြီး စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို လက်နှစ်ဖက်ဖြင့် ပုံဖော်လိုက်သည်။
ထိုခဏတွင် ကုန်းစွန်းဟွေသည်လည်း ထပ်မံလှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။
ဖန်းယွင်ရှန်းကလည်း လီရှင်းပါ့၏မြေခွင်းပုလဲကို ပြန်လည်တွန်းထုတ်ပြီးနောက် ရှေ့သို့ဆက်လက်တိုးဝင်သွားကာ သူမ၏ကြောက်မက်ဖွယ်ရာဓားက လီရှင်းပါ့ထံသို့ အဆက်မပြတ် ဝင်ရောက်သွားသည်။
လီရှင်းပါ့မှာ သူမ၏တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိဘဲ အတင်းအကြပ် ဆုတ်ခွာသွားရသည်။
သို့သော် ဖန်းယွင်ရှန်းအတွက် အချိန်နှင့်နေရာ အတားအဆီးမရှိဘဲ အနက်ရောင်ဓားအလင်းတန်းက လီရှင်းပါ့ထံ နောက်တစ်ကြိမ် ဝင်ရောက်လာပြန်သည်။
သွေးနီမြူခိုးတာအိုဆရာက...
“တာအိုရောင်းရင်း... ကရုဏာထားပေးပါ”
ဟုပြောလိုက်ပြီး လီရှင်းပါ့ဘက်မှ အလျှင်အမြန် ကူညီပေးလိုက်သည်။
သွေးနီရောင်မြူခိုးအလွှာများထွက်ပေါ်လာကာ ဖန်းယွင်ရှန်း၏ဓားကို ပိတ်ဆို့ထားလိုက်သည်။
သို့သော် အနက်ရောင်ဓားအလင်းတန်းက ဆက်လက်ဝင်ရောက်လာပြီး သွေးနီရောင်မြူခိုးများကို ဖြတ်တောက်ပစ်လိုက်သည်။
“ဒါကမူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်း ဖြစ်နိုင်မလား”
သွေးနီမြူခိုးတာအိုဆရာ ထိတ်လန့်သွားပြီး လီရှင်းပါ့လည်း စိတ်ရှုပ်ထွေးသွားသည်။
“မဖြစ်နိုင်ဘူး ၊ ဒါပေမဲ့ ဒီသိုင်းပညာက အတော်လေးထူးဆန်းတယ် ၊ ဒါက လင်ပေါင်ထျန်းကျွင်းနဲ့အဆင့်တူညီတဲ့ အခွင့်အာဏာကိုပိုင်ဆိုင်တဲ့ ဒဏ္ဍာရီလာ ဘိုးဘေးမဟာနတ်ဆိုးတစ်ပါးနဲ့ ဆင်တူတယ်”
ဖန်းယွင်ရှန်းက လက်ထဲတွင်ဓားကိုကိုင်ထားရင်းသူမ၏မျက်ဝန်းများတွင် အပြာရောင်မီးလျှံများတောက်ပနေပြီး သူမ၏ နတ်ဆိုးချီစွမ်းအားက ပတ်ဝန်းကျင်တစ်ခွင်လုံးကို ဖုံးလွှမ်းသွားသည်။
ကောင်းဟန်က ပြုံးလျှက်ခေါင်းခါယမ်းလိုက်ရင်း...
“အကြီးအကဲ’လီ’... ခင်ဗျားက အတွေးလွန်နေတတာကိုး ၊ တာအိုရောင်းရင်း’ရန်’ က ထူးခြားတဲ့သူတစ်ယောက်ပါ ၊ ခင်ဗျားအနေနဲ့ ကျုပ်ရဲ့အကဲဖြတ်မှုကိုမယုံကြည်ရင်တောင် တောင်ပိုင်းချန်စန်းဧကရာဇ်ကိုတော့ ယုံကြည်သင့်တယ်မလား”
ထို့နောက် သူကဆက်ပြောသည်။
“အစစ်အမှန်နတ်ဘုရားရဲ့အမတချီစွမ်းအားက ထိုက်ရွှီးမူလနတ်ဘုရားရဲ့အမတစွမ်းအားရောင်ဝါနဲ့ မယှဉ်နိင်တာက ဘာမှမဖြစ်ပါဘူး ၊ တာအိုရောင်းရင်း’ရန်’ ရဲ့ အစီအရင်ပညာကျွမ်းကျင်မှုက အံ့မခန်းပဲလေ ၊ ဒါကြောင့် ကျုပ်ကိုယ်တိုင် သူ့ကိုဖိတ်ကြားလာခဲ့ရတာ”
“ပြီးတော့ တာအိုရောင်းရင်း’ဖန်း’ ကလည်း ထူးခြားတဲ့အရည်အချင်းတွေနဲ့ မွေးဖွားလာတဲ့ ပါရမီရှင်တစ်ယောက်ပဲ ၊ ပြောရရင် သူက သူ့အစွမ်းကို ထိန်းတောင်ထိန်းထားသေးတာ”
ကောင်းဟန် ရယ်မောလိုက်ပြီး လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း...
“အကြီးအကဲ’လီ’ ... ဒီတစ်ကြိမ်တော့ ကျုပ်ကိုယုံကြည်ပေးပါ”
လီရှင်းပါ့ မျက်နှာတစ်ခုလုံး မဲမှောင်သွားသည်။
သူက ပြင်းပြင်းထန်ထန် အသက်ရှူရင်း ဖန်းယွင်ရှန်းကို ခဏမျှ စူးစိုက်ကြည့်နေပြီးမှ အားမလိုအားမရဖြင့် ပြောလိုက်သည်။
“ဒါ ကျုပ်အမှားပါပဲ၊ ကျုပ် သူတို့ကို လျှော့မတွက်ခဲ့သင့်ဘူး”
ကောင်းဟန်က ရန်ကျောက်ကဲဘက်သို့လှည့်လိုက်ပြီး ဖော်ရွေသည့်လေသံဖြင့်...
“စိတ်လျှော့ပါ... လူငယ်ကောင်းကင်ဘုံအရှင်”
သူက ဆက်ပြောလိုက်သည်။
“ကျုပ်တို့တွေ ဟွေ့အန်းခရီးသည်ရဲ့ အခြေအနေကို မသိရသေးဘူး ၊ နည်းနည်းနှောင့်နှေးသွားမယ်ဆိုရင် ကျုပ်တို့အတွက် အခွင့်အရေး ဆုံးရှုံးသွားနိုင်တယ် ၊ ဒီတော့ အဲဒီနေရာကို အလျှင်အမြန်သွားပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြရအောင် ၊ ဒါမှ အောင်မြင်ဖို့ အခွင့်အလမ်းများမှာ မဟုတ်လား”
ရန်ကျောက်ကဲလက်ဖဝါးထဲမှ ဗလာနယ်က သေးငယ်သောဗလာနယ်တစ်ခုအဖြစ်ပြောင်းလဲသွားပြီး ကုန်းစွန်းဟွေကဲ့သို့သော နက်ရှိုင်းနတ်ဘုရားတစ်ပါးကို အတင်းအကျပ်ဖိနှိပ်ထားသည်။
ကုန့်စွန်းဟွေမှာ ခြေထောက်များကိုပင်မဆန့်နိုင်တော့ဘဲ ကုန်းကုန်းကွကွ ဖြစ်နေရသည်။
ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...
“နေဝန်းထက်ယံအရှင်သခင်က ချဲ့ကားပြောနေပြန်ပါပြီ ၊ ကျုပ်က ဒီလောက်လေးနဲ့ ဒေါသထွက်စရာမရှိပါဘူး”
သူက ဆက်ပြောလိုက်သည်။
“ပြီးတော့ အလုပ်ကိစ္စနှောင့်နှေးစေမယ့်သူက ကျုပ်လုံးဝ မဟုတ်ဘူး”
လီရှင်းပါ့က ဖြူဖျော့သည့်မျက်နှာဖြင့် ရန်ကျောက်ကဲအားလှမ်းကြည့်ရင်း...
“သူ့ကို အမြန်လွှတ်ပေးလိုက်...”
ရန်ကျောက်ကဲက လီရှင်းပါ့ကို စိုက်ကြည့်လိုက်ပြီး...
“ကျုပ်က သက်ကြီးဝါကြီးတွေကို အမြဲလေးစားတယ် ၊ ဒါပေမဲ့ လေးစားထိုက်တဲ့သူမှလေးစားတာ...”
သူက ဆက်ပြောလိုက်သည်။
“တာအိုရောင်းရင်း’လီ’ ... ခင်ဗျား မေ့သွားပုံရတယ် ၊ ဟွေ့အန်းခရီးသည်နဲ့ရန်ငြိုးရှိတာ ခင်ဗျားနဲ့ ခင်ဗျားရဲ့အသုံးမကျတဲ့တပည့် နှစ်ယောက်တည်းပါ ၊ ကျုပ်တို့က စန်းကွမ်းနတ်ရေစင်ကိုယူဖို့ ဒီကိုရောက်လာတာ ၊ အဲဒါကိုရရင် ကံကောင်းတယ်လို့ယူဆပြီး မရလည်းဘာမှဖြစ်မသွားဘူး ၊ ခင်ဗျားလည်း လက်စားချေဖို့ စိတ်ထဲသိပ်ထည့်မထားရင် ကျုပ်တို့လိုပဲ ပေါ့ပေါ့ပါးပါးနေလို့ရတယ်”
ယခုတော့ အစစ်အမှန်နတ်ဘုရားတစ်ပါးက နက်ရှိုင်းနတ်ဘုရားတစ်ပါးကို အသုံးမကျဟု ပြောဆိုနေသည်တဲ့လား။
အခြားသောအခြေအနေတစ်ခုတွင် ဤသို့သောစကားမျိုးကိုကြားရပါက အမှန်ပင် ရယ်စရာတစ်ခုဖြစ်ပေလိမ့်မည်။
သို့သော် ယခုတော့ ဤစကားပြောသူက နက်ရှိုင်းနတ်ဘုရားတစ်ပါးကို လွယ်ကူစွာဖိနှိပ်ထားသည့် အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်နေလေရာ ထိုစကား မှန်ကန်ကြောင်း သက်သေပြရန် လုံလောက်နေသည်။
ရန်ကျောက်ကဲပုံစံက လူ့ဘုံလောကသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးပမမာဖြစ်ပြီး သူ့လက်ထဲတွင် ကုန်းစွန်းဟွေကို ဖိနှိပ်ထားသည်ဖြစ်ရာ ကုန်းစွန်းဟွေမှာ ကုန်းကုန်းကွကွဖြင့် ခန္ဓာကိုယ်ပင် မတ်မတ်ရပ်နိုင်ခြင်း မရှိတော့ပေ။
ဤသို့သောမြင်ကွင်းက လူအားလုံးကို အံ့အားသင့်စေရန် လုံလောက်သည်။
ရန်ကျောက်ကဲ၏ခန္ဓာကိုယ်က စိတ်ကူးမယဉ်နိုင်လောက်အောင်ကြီးမားသော ဧကရာမပုံရိပ်ကြီးတစ်ခုပမာ ပြောင်းလဲသွားသည်။
သူက တည်ငြိမ်စွာဖြင့်...
“တာအိုရောင်းရင်း’လီ’ စကားမပြောခင်... ကျုပ် ကိစ္စတစ်ခု ရှင်းအောင်ပြောလိုက်မယ်”
ရန်ကျောက်ကဲက ဆက်ပြောလိုက်သည်။
“ဒီနေရာမှာ... ခင်ဗျားက ဆုံးဖြတ်ချက်ချရမယ့်သူမဟုတ်ဘူး ၊ နေဝန်းထက်ယံအရှင်သခင်က ခင်ဗျားရဲ့ အသက်အရွယ်နဲ့အဆင့်အတန်းကြောင့် ခင်ဗျားကို လေးလေးစားစားဆက်ဆံနေတာ ၊ ဒါကို ခင်ဗျားက ဆုံးဖြတ်ချက်ချသူလို့ အထင်ရောက်နေနဲ့ ၊ ဆရာကြီးလို လာလုပ်မနေနဲ့”
လီရှင်းပါ့၏မျက်နှာမှာ အနီရောင်တစ်လှည့် အဖြူရောင်တစ်လှည့် ပြောင်းလဲသွားသည်။ သူ ချက်ချင်းပင် ထွက်ခွာသွားလိုက်ချင်သော်လည်း သူ့တပည့်က ရန်ကျောက်ကဲလက်ထဲ ပိတ်မိနေသေးသည်။
ထို့ပြင် ရန်ကျောက်ကဲ၏စကားများကလည်း သူ့နှလုံးသားထဲသို့ နက်ရှိုင်းစွာ ထိမှန်သွားသည် မဟုတ်ပါလား။
အတိတ်တစ်ချိန်က မုကျားကျေးဇူးဖြင့် သူက နတ်ဘုရားတစ်ပါးအဖြစ် စာရင်းဝင်သွားခဲ့သည်။
သူက ထိုရန်ငြိုးကို ယခုထိမှတ်မိနေခဲ့သည်။ ထိုရန်ငြိုးက သူ၏အရိုးထဲတွင် နက်ရှိုင်းစွာစွဲထင်နေပြီး ဖယ်ရှားရန် ခက်ခဲစေသည်။
“တာအိုရောင်းရင်း’လီ’ က မကောင်းတဲ့ရည်ရွယ်ချက် မရှိပါဘူး ၊ သူက ဟွေ့အန်းခရီးသည်နဲ့ရန်ငြိုးကို အလေးထားလွန်းလို့ ဖြစ်သွားတာပါ ၊ သူ့စိတ်ပူပန်မှုကြောင့် အမှားတွေလုပ်မိတာဖြစ်သလို ဒေါသလည်း ရှေ့ထားမိသွားပါတယ် ၊ သူလုပ်ခဲ့တာတွေအတွက် ခွင့်လွှတ်ပေးပါ”
သွေးနီမြူခိုးတာအိုဆရာက လီရှင်းပါ့၏ အင်္ကျီလက်ကိုဆွဲလိုက်ပြီး ဖန်းယွင်ရှန်းနှင့် ရန်ကျောက်ကဲကို ဖြောင်းဖျရန်အတွက် အသံပိုလွှတ်စနစ်ဖြင့် စကားပြောဆိုလိုက်လေသည်။
***
(မှတ်ချက် - လီရှင်းပါ့အသုံးပြုတဲ့ ရွှေဓားချိုးဆိုတာကလေ ဓားလိုပုံစံလက်နက်မှာမ ဓားသွားမဟုတ်ဘဲ အထစ်တွေပါတဲ့ လက်နက်မျိုးပါ ၊ ဓားနဲ့ခုတ်တဲ့သူကို ဓားချိုးနဲ့ခုခံလိုက်တော့ ဓားချိုးရဲ့အထစ်တွေထဲ ရန်သူရဲ့ဓားသွားကဝင်သွားပြီး ဓားအချိုးခံလိုက်ရတာမျိုးပါ __ ဘာသာပြန်သူ)