← Chapters

လိုက်လျောခြင်း

Vol. 99 Ch. 1384

လိုက်လျောခြင်း

Vol. 99 Ch. 1384

အခန်း (၁၃၈၄) လိုက်လျောခြင်း

ရန်ကျောက်ကဲက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရုံဖြင့် နက်ရှိုင်းနတ်ဘုရားအဆင့်ရှိ ကုန်းစွန်းဟွေကို ဖိနှိပ်ထားနိုင်ခဲ့သည်။ ဤသည်က သွေးနီမြူခိုးတာအိုဆရာနှင့် လီရှင်းပါ့တို့ကို အမှန်တကယ် အံ့အားသင့်စေခဲ့သည်။

ထိုခဏတွင် သူတို့သည် “ကောင်းကင်ဘုံမှဆင်းသက်လာသောနတ်ဘုရား” နှင့် “လူငယ်ကောင်းကင်ဘုံအရှင်” ဆိုသောအဓိပ္ပါယ်ကို အမှန်တကယ် နားလည်သွားတော့သည်။

ကုန်းစွန်းဟွေက ချီစွမ်းအားနှစ်ခုသာ ပေါင်းစပ်ကျင့်ကြံနိုင်သေးသော်လည်း သူက လီရှင်းပါ့၏လမ်းညွှန်မှုအောက်တွင် နှစ်ပေါင်းများစွာသင်ယူခဲ့သည်ဖြစ်ရာ ၊ သူ၏နည်းစနစ်များက အခြားသူများနှင့်နှိုင်းယှဉ်ပါက သာလွန်ကောင်းမွန်သည်။

သူက လမ်းမှန်တာအိုဝါဒမှ ဆင်းသက်လာခြင်းမဟုတ်သော်လည်း ကိုယ်တိုင်ကြိုးစားအားထုတ်မှုဖြင့် လက်ရှိအဆင့်သို့ ရောက်ရှိခဲ့ပြီး ပြင်ပတာအိုကျင့်ကြံသူများထက် များစွာပိုမိုစွမ်းအားကြီးမားသည်။

သို့သော် ထိုသို့သော ငြိမ်သက်ခြင်းအဆင့်ရှိ နက်ရှိုင်းနတ်ဘုရားတစ်ပါးသည် ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်သော’ရန်ကျောက်ကဲ’ ၏ လက်တွင် ဖမ်းဆီးခံရသည်ဖြစ်ရာ သူတို့နှစ်ယောက်၏ တန်ခိုးစွမ်းအား မည်မျှကွာခြားကြောင်း ထင်ရှားပြသနေသည်။

အခြေအနေများ ဆိုးရွားနေသည့်တိုင် ကုန်းစွန်းဟွေ၏ ချီစွမ်းအားနှစ်ခုပေါင်းစည်းခြင်းရောင်ဝါနှင့် အမတစွမ်းအားရောင်ဝါတို့၏ ကာကွယ်မှုမရှိခဲ့လျှင် သူ့အနေဖြင့် ရန်ကျောက်ကဲလက်ထဲ သေဆုံးသွားမည်မှာ သံသယဝင်စရာမရှိပေ။

အခြားတစ်ဖက်တွင် ဖန်းယွင်ရှန်း၏ တန်ခိုးစွမ်းအားသည်လည်း သူတို့ကို အံ့အားသင့်စေခဲ့သည်။

အစပိုင်းတွင် လီရှင်းပါ့နှင့် သွေးနီမြူခိုးတာအိုဆရာတို့က ရန်ကျောက်ကဲကို သိပ်အထင်မကြီးကြသော်လည်း ဖန်းယွင်ရှန်းအပေါ်မှာတော့ သံသယမဝင်ခဲ့ကြပေ။

အကြောင်းမှာ ဖန်းယွင်ရှန်းကို သူတို့နှင့်အဆင့်တူသည်ဟု မသိမသာ ခံစားမိကြသောကြောင့် ဖြစ်၏။ အနည်းဆုံးတော့ သူမက ချီစွမ်းအားငါးမျိုးစုစည်းခြင်းအဆင့်သို့ ရောက်ရှိထားသည့် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။

သို့သော် ဖန်းယွင်ရှန်း အမှန်တကယ်လှုပ်ရှားလာချိန်မှာတော့ ယခင်က သူမကို လျှော့တွက်ခဲ့မိကြောင်း လီရှင်းပါ့ သဘောပေါက်ခဲ့ရသည်။

သူက ရှေးခေတ်ကာလတွင် ကြီးကျယ်သောအောင်မြင်မှုများရရှိခဲ့ပြီး ခေတ်အဆက်ဆက် အပြောင်းအလဲများကို တွေ့ကြုံခံစားခဲ့ရသော်လည်း ဖန်းယွင်ရှန်းကိုတော့ မယှဉ်နိုင်ခဲ့ပေ။

သူ၏ရတနာပစ္စည်းများသာမက သူ့အသက်ပင် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။

ဖန်းယွင်ရှန်းက သူ၏တန်ခိုးစွမ်းအားကို ထိန်းထားခဲ့သည်ဟု ကောင်းဟန်က ပြောခဲ့သည်။ ဤစကားကို လီရှင်းပါ့နှင့် သွေးနီမြူခိုးတာအိုဆရာတို့ သံသယမဝင်ခဲ့ကြပေ။

ဖန်းယွင်ရှန်း စတင်တိုက်ခိုက်စဉ်ကပင် သူမ ထိန်းချုပ်ထားကြောင်း သူတို့ အာရုံခံမိကြသည်။

ဤသို့သော အခြေအနေများအောက်တွင် တိုက်ပွဲရလဒ်က လီရှင်းပါ့ကို အရှက်ရစေခဲ့သည်။

မျက်နှာနီရဲနေသော အဘိုးအိုသည် နေရာမှာပင် ကျောက်ရုပ်ခဲ့သို့ တုံ့ဆိုင်းနေပြီး ခရီးဆက်ရမည်လား ၊ ပြန်ဆုတ်ခွာရမည်လား ဝေခွဲရခက်နေသည်။

ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...

“သွေးနီမြူခိုးတာအိုဆရာ... ခင်ဗျား စိတ်ရင်းမှန်တယ်ဆိုတာ ကျုပ်သိပါတယ် ၊ ဒါပေမဲ့ ခင်ဗျား ဘယ်သူနဲ့မိတ်ဆွေဖွဲ့ထားတယ်ဆိုတာ ပိုပြီးသတိထားသင့်တယ် ၊ ခင်ဗျားက အခြေအနေကို တည်ငြိမ်အောင်ကြိုးစားပေးခဲ့ပေမယ့် တာအိုရောင်းရင်း’လီ’ က ခင်ဗျားကို လိုက်လျောပါ့မလား မသေချာဘူး ၊ တကယ်တော့ သူ ခင်ဗျားအပေါ် ရန်ငြိုးတောင်ထားနိုင်သေးတယ်”

ရန်ကျောက်ကဲ၏လက်များက အသုံးမဝင်သောအရာတစ်ခုကို ဆော့ကစားနေသည့်အလား ကုန်းစွန်းဟွေကို ဆက်လက်ဖိနှိပ်ထားဆဲ ဖြစ်သည်။

မြင်ကွင်းကိုကြည့်ရင်း သွေးနီမြူခိုးတာအိုဆရာ မချိပြုံးပြုံးလိုက်မိသည်။

“မင်း ဘာတွေပြောနေတာလဲ လူငယ်ကောင်းကင်ဘုံအရှင်”

သူ ကူရာကယ်ရာမဲ့စွာ ခံစားနေရချိန် အဝေးတစ်နေရာ မှောင်မိုက်သည့်ဗလာနယ်ထဲမှ အေးစိမ့်တောက်ပသော လရောင်ခြည်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ သူတို့အနားသိ့ ရောက်ရှိလာသည်။

လရောင်ခြည်အလင်းတန်းများ ဖြန့်ကျက်သွားပြီး မိန်းမပျိုတစ်ယောက်၏ပုံရိပ်ထွက်ပေါ်လာသည်။

သူမက လဝန်းထက်ယံအရှင်သခင် – လင်ချင်း ဖြစ်၏။

ထူးဆန်းသည့်အခြေအနေကိုတွေ့လိုက်သည်နှင့် သူမက ကောင်းဟန်ကို လှမ်းကြည့်လိုက်သည်။

ကောင်းဟန်က အနည်းငယ်ပြုံးလိုက်ပြီး ဖြစ်ပျက်ခဲ့သမျှကို အသံပို့လွှတ်စနစ်ဖြင့် လင်ချင်းအား ပြောပြလိုက်သည်။

လင်ချင်းက...

“ရှင်က သူတို့အားလုံးကို ဆက်သွယ်ခဲ့တဲ့သူနော် ၊ အခု ပဋိပက္ခဖြစ်လာတော့ ရှင်က အရင်ဆုံးဖြေရှင်းမပေးခဲ့ဘူး”

ဖြစ်ပျက်ခဲ့သမျှ ကြားသိပြီးနောက် လင်ချင်းက အသံပို့လွှတ်စနစ်ဖြင့် ပြောလိုက်ခြင်းမဟုတ်ဘဲ လူသိရှင်ကြား ထုတ်ဖော်ပြောလိုက်ခြင်း ဖြစ်သည်။

သူမက ကောင်းဟန်ကိုကြည့်ရင်း ဆက်ပြောလိုက်သည်။

“တကယ်လို့ ကျွန်မတို့မအောင်မြင်ခဲ့ဘူးဆိုရင် အဲဒါ ရှင့်အမှားကြောင့်ပဲ”

ကောင်းဟန်က သက်ပြင်းချရင်း...

“ငါလည်း သူတို့ကြားက ပဋိပက္ခကိုဖြေရှင်းဖို့ အတတ်နိုင်ဆုံးကြိုးစားတာပဲလေ”

ထို့နောက် သူက ရန်ကျောက်ကဲနှင့် လီရှင်းပါ့တို့ဘက်သို့ ကြည့်လိုက်ပြီး လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း...

“အားလုံးပဲ... အချင်းချင်း ခွင့်လွှတ်ပေးကြပါ ၊ တာအိုရောင်းရင်း’လင်ချင်း’ က သတင်းတချို့ယူလာပါတယ် ၊ ဟွေ့အန်းခရီးသည်ရှိနေတဲ့ စကြဝဠာထဲမှာ ထူးဆန်းတဲ့ကိစ္စတစ်ခုခုဖြစ်သွားတဲ့ပုံပဲ ၊ အဲဒီကို အရင်ဆုံးသွားကြည့်ရအောင်”

ရန်ကျောက်ကဲက ပြုံးလျှက် ခေါင်းညိတ်လိုက်ပြီး...

“ကောင်းပြီ... ကျုပ်တို့ဇနီးမောင်နှံကတော့ အချိန်မရွေးပါပဲ”

သူက ထိုသို့ပြောလိုက်သော်လည်း သူ့လက်ထဲတွင် ကုန်းစွန်းဟွေကို ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်လေသည်။

လီရှင်းပါ့မျက်နှာ ခါးသက်သွားပြီး သွေးနီမြူခိုးတာအိုဆရာကတော့ ကူရာကယ်ရာမဲ့လျှက် ရှိသည်။

ကောင်းဟန်က ပြုံးလျှက် ခေါင်းခါယမ်းရင်း...

“တာအိုရောင်းရင်း’ရန်’… ကုန်းစွန်းဟွေ ကို လွှတ်ပေးလိုက်ပါ ၊ ဒီမှာရှိတဲ့ လူတိုင်း မင်းအကြောင်းကို သိသွားပြီမို့ ဘယ်သူမှ မင်းကိုထိပါးရဲတော့မှာ မဟုတ်ပါဘူး”

သူက ဆက်ပြောလိုက်သည်။

“အကြီးအကဲ’လီ’ တို့အုပ်စုက မင်းတို့ဇနီးမောင်နှံကို အကဲဖြတ်ခဲ့သလို မင်းတို့နှစ်ယောက်ကလည်း သူတို့ကို အကဲဖြတ်ပြီးပြီ ၊ အခုဆိုရင် ဒီခရီးကို ဘယ်သူလိုက်သင့်တယ် ဘယ်သူမလိုက်သင့်ဘူးဆိုတာ လူတိုင်းစိတ်ထဲမှာ အဖြေရှိနေပါပြီ”

ပြောပြီးသည်နှင့် သူက လီရှင်းပါ့ဘက်သို့ လှမ်းကြည့်လိုက်ပြီး...

“အကြီးအကဲ’လီ’ ... ဘယ်လိုထင်လဲ”

လီရှင်းပါ့ နေရာမှာပင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေလေသည်။

ထိုမြင်ကွင်းကိုတွေ့တော့ ကောင်းဟန်က ရန်ကျောက်ကဲဘက်သို့လှည့်ကြည့်ပြီး ပြုံးပြလိုက်သည်။ ရန်ကျောက်ကဲကလည်း ပြုံးလိုက်ပြီး လက်ကိုလွှတ်ပေးလိုက်ရာ လက်ဖဝါးထဲရှိ တွန့်ခေါက်နေသော ဗလာနယ် ပြိုကျသွားသည်။

ရန်ကျောက်ကဲ ဖန်ဆင်းထားသော အာကာသဗလာနယ်က အပြင်သို့ပျံ့နှံ့သွားပြီး နောက်ဆုံး ပျောက်ကွယ်သွားသည်။   အထဲမှ ကုန်းစွန်းဟွေ အလျှင်အမြန်ထွက်လာပြီး ရှက်ရွံ့စွာဖြင့် ဆရာဖြစ်သူ လီရှင်းပါ့အနားသို့ ပြေးသွားလေသည်။

လီရှင်းပါ့က စိတ်ဆိုးမာန်ဆိုးဖြင့်...

“ဒီမှာ တစ်ယောက်တည်းနေခဲ့”

ထို့နောက် သူက သေးငယ်သော အလံတစ်ခုကို ထုတ်ယူပြီး ကုန်းစွန်းဟွေထံသို့ ပစ်ပေးလိုက်သည်။ ကုန်းစွန်းဟွေက စကားတစ်ခွန်းမှမဆိုရဲဘဲ အလံငယ်ကို အလျှင်အမြန် ဖမ်းယူလိုက်သည်။

ကောင်းဟန်က ရယ်‌မောရင်း...

“ကဲ... ထပ်ပြီး မနှောင့်နှေးနဲ့တော့ ၊ ကျုပ်တို့ သွားကြရအောင်”

လင်ချင်းက အေးစက်သည့်မျက်နှာအမူအရာဖြင့်...

“အားလုံးပဲ... ကျွန်မနောက်လိုက်ခဲ့ကြပါ”

ထို့နောက် သူမက လရောင်ခြည်အလင်းတန်းအဖြစ်ပြောင်းလဲသွားပြီး အဝေးတစ်နေရာသို့ ပျံသန်းထွက်ခွာသွားသည်။

ရန်ကျောက်ကဲက လီရှင်းပါ့နှင့် ကုန်းစွန်းဟွေတို့ဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက် စကားမဆိုဘဲ သူ၏အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ဖန်းယွင်ရှန်းနှင့်အတူ လင်ချင်းနောက်သို့ လိုက်ပါသွားသည်။

လီရှင်းပါ့၏ မျက်နှာအမူအရာက ခါးသက်လျှက်ရှိသည်။

ထို့နောက် သူနှင့် သွေးနီမြူခိုးတာအိုဆရာသည်လည်း ရှေ့သို့ခြေတစ်လှမ်းတိုးကာ လင်ချင်းနောက်သို့ လိုက်ပါသွားကြသည်။

ကောင်းဟန်က ပတ်ဝန်းကျင်ကို ဂရုတစိုက်စစ်ဆေးကာ ခြေရာလက်ရာများအားလုံးကို ရှင်းလင်းလိုက်ပြီး နောက်ဆုံးမှ  လိုက်ပါသွားသည်။

လမ်းခရီးတွင် ဖန်းယွင်ရှန်းက ရန်ကျောက်ကဲအား အသံပို့လွှတ်စနစ်ဖြင့် စကားပြောလိုက်သည်။

“အရင်က ရှင်ပြောတော့ သွေးနီမြူခိုးတာအိုဆရာကလည်း စန်းကွမ်းနတ်ရေစင်အတွက် ရောက်လာတာဆို ၊ လီရှင်းပါ့တို့ကို ကူညီဖို့အတွက်သက်သက်ပဲ မဟုတ်ဘူးမလား”

ရန်ကျောက်ကဲကလည်း အသံပို့လွှတ်စနစ်ဖြင့် ပြန်ဖြေလိုက်သည်။

“ဟုတ်တယ်လေ... ဒါပေမဲ့ နောက်ပိုင်း ငါတို့တွေ  စန်းကွမ်းနတ်ရေစင်ကို လုယူတဲ့အချိန်ကျ... သူက လီရှင်းပါ့လောက်တော့ အသုံးဝင်မှာမဟုတ်ဘူး”

လီရှင်းပါ့က ဖန်းယွင်ရှန်းကို ရှုံးနိမ့်ခဲ့သော်လည်း သူက ထူးခြားသောတန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားသည့် ထိုက်ရွှီးမူလနတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။

ရန်ကျောက်ကဲ၏မျက်လုံးထဲတွင် လီရှင်းပါ့က အလွန်တန်ဖိုးရှိသူ ဖြစ်၏။

ဟွေ့အန်းခရီးသည်၏ဆရာ ဖူရှန်ကျန်းရန် သို့မဟုတ် ချီဟန်ကျန်းရန်တို့က ပြဿနာရှာခဲ့လျှင် လီရှင်းပါ့က သူတို့အတွက် ပြီးပြည့်စုံသည့် အပြစ်ပုံချစရာ လူတစ်ယောက်ဖြစ်သည်။

သွေးနီမြူခိုးတာအိုဆရာကတော့ ထိုသို့မဟုတ်ပေ။

“သွေးနီမြူခိုးတာအိုဆရာ... မြူခိုးအုပ်စိုးရှင်... မဟုတ်သေးဘူး ၊ အခုတော့ သူ့ကို ဒီလိုခေါ်လို့မရတော့ဘူး ၊  သွေးနီမြူခိုးသခင် ဒါမှမဟုတ် ချီလန်ထျန်းကျွင်းလို့ ခေါ်ရမယ်ထင်တယ်”

ထိုတာအိုဆရာအဘိုးအိုကို စူးစိုက်ကြည့်ရင်း ရန်ကျောက်ကဲ တွေးတောလိုက်သည်။

မဟာကပ်ဘေးကြီးမတိုင်ခင် မိုးကောင်းကင်ခုံရုံး၊ ကောင်းကင်ဘုံနန်းတော်တွင် သွေးနီမြူခိုးတာအိုဆရာ၏ အမည်ကို ရန်ကျောက်ကဲ ကြားဖူးခဲ့သည်။

သို့သော် ထိုစဉ်က သွေးနီမြူခိုးတာအိုဆရာ၏ အမည်မှာ မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်မှ ရေခြားမြေခြား လေလွင့်နတ်ဘုရားစာရင်းတွင် မထင်မရှားမှတ်တမ်းတင်ထားသော အမည်တစ်ခုသာဖြစ်သည်။

ပြီးတော့ လေလွင့်နတ်ဘုရားတစ်ပါးစီ၏ အသေးစိတ်အချက်အလက်များမှာလည်း တစ်ယောက်နှင့်တစ်ယောက် မတူကွဲပြားကြသည်။

ထိုစဉ်အချိန်က မြူခိုးအုပ်စိုးရှင် – သွေးနီမြူခိုးတာအိုဆရာနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို ပိုမိုမှတ်တမ်းတင်ထားခဲ့သည်။

သူသည် မိုးကောင်းကင်ခုံရုံး၊ ကောင်းကင်ဘုံနန်းတော်နှင့် များစွာဆက်နွယ်ခဲ့ပြီး ၎င်းအပေါ်တွင် တစ်စိတ်တစ်ပိုင်း မှီခိုအားထားခဲ့သော လေလွင့်နတ်ဘုရားတစ်ပါးဖြစ်သည်။

သူ၏အဆက်အနွယ် ထိပ်တန်းသိုင်းပညာရပ်ဖြစ်သော “သွေးနီမြူလွှာ ကျမ်းဆယ်ဖြာ” ကျင့်စဉ်ကို ကောင်းကင်ဘုံနန်းတော်စာကြည့်တိုက်တွင် အပြည့်အဝ မှတ်တမ်းတင်ထားခဲ့သည်။

ဤထိပ်တန်းသိုင်းပညာက ရေစွမ်းအားပညာရပ်များနှင့် နီးကပ်စွာဆက်စပ်နေပြီး ရေစွမ်းအားပညာရပ်မျိုးစုံကိုလည်း တန်ပြန်တိုက်ခိုက်နိုင်စွမ်းရှိသည်။

စန်းကွမ်းနတ်ရေစင်ဖြင့်ဆိုလျှင် သွေးနီမြူခိုးတာအိုဆရာ၏ တိုက်ခိုက်မှုများက ပိုမိုထိရောက်မှုရှိလာပေမည်။ ထိုရတနာပစ္စည်းက သူ့အတွက် အလွန်ကောင်းသည့် လက်နက်တစ်ခုဖြစ်သည်။

ထို့ပြင် စန်းကွမ်းနတ်ရေစင်က သူ၏ကျင့်စဉ်အတွက်လည်း မယုံနိုင်လောက်အောင် အကျိုးကျေးဇူးများစွာ ရှိသည်။

သို့ဖြစ်ရာ အခွင့်အရေးတစ်ခုပေါ်ပေါက်လာသည်နှင့် သွေးနီမြူခိုးတာအိုဆရာက စိတ်အားထက်သန်စွာဖြင့် ဤနေရာသို့ အလျင်အမြန် ရောက်ရှိလာခဲ့သည်။

ရန်ကျောက်ကဲက ‘သွေးနီမြူလွှာ ကျမ်းဆယ်ဖြာ’ ကျင့်စဉ်ကို သိထားပြီးသားဖြစ်သော်လည်း တစ်ခါမှ မကျင့်ကြံဖူးခဲ့ပေ။

သူက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို ကျင့်ကြံထားသူဖြစ်လေရာ ဘယ်အချိန်ထပြီးကျင့်ကြံကျင့်ကြံ အဆင်ပြေသည်။

သို့သော် ယခု ဤနေရာတွင် သွေးနီမြူခိုးတာအိုဆရာရှိနေသဖြင့် ရန်ကျောက်ကဲ စိတ်အေးနိုင်သည်။

စန်းကွမ်းနတ်ရေစင်ကို နောက်ဆုံးတွင် မည်သူပိုင်ဆိုင်မည်ဆိုသည်ကတော့ ထိုပစ္စည်းကိုရယူပြီးမှ ဆုံးဖြတ်ရမည်ဖြစ်၏။

ထိုအချိန် လင်ချင်းက အရှိန်လျှော့ချလိုက်ပြီး...

“ရောက်ပြီ...”

ဟု ပြောလိုက်လေသည်။

All Chapters