လှုပ်ရှားဖို့အချိန်ကျပြီ
Vol. 99 Ch. 1385
အခန်း (၁၃၈၅) လှုပ်ရှားဖို့အချိန်ကျပြီ
လင်ချင်း အရှိန်လျှော့လိုက်သည်နှင့် သူမပတ်ဝန်းကျင်မှ အေးစက်သောလရောင်သည်လည်း တဖြည်းဖြည်းပျောက်ကွယ်သွားကာ အမှောင်အလွှာတစ်ခုဖြင့် အစားထိုးခံလိုက်ရသည်။
ခဲ့ထူအမှောင်လွှမ်းခြုံမန္တန် ပေါ်ထွက်လာခြင်းဖြစ်ပြီး ထိုမန္တန်က မန္တန်အသုံးပြုသူ၏တည်ရှိမှုကို ဖုံးကွယ်ပေးနိုင်ရုံတင်မက အခြားသူများကိုလည်း ကာကွယ်ပေးနိုင်စွမ်းရှိသည်။
ရန်ကျောက်ကဲနှင့် အခြားသူများကလည်း သူမကိုအတုယူကာ ပြင်ဆင်မှုများ ပြုလုပ်လိုက်ကြသည်။
လီရှင်းပါ့နှင့် သွေးနီမြူခိုးတာအိုဆရာတို့က ရန်ကျောက်ကဲ ဘက်သို့ ကြည့်လိုက်ကြသည်။
ဖန်းယွင်ရှန်း၏ အကူအညီမပါဘဲ ရန်ကျောက်ကဲကိုယ်တိုင်က သူ၏တည်ရှိမှုကို မည်သူမှသတိမထားမိအောင် ဖုံးကွယ်ထားနိုင်ခဲ့သည်။
ဤသည်ကိုမြင်တော့ သူတို့စိတ်ထဲ အနည်းငယ် ထိတ်လန့်သွားကြ၏။ အကြောင်းမှာ ရန်ကျောက်ကဲက သူတို့ထက်ပင် တည်ရှိမှုဖုံးကွယ်ရာတွင် ပိုမိုကျွမ်းကျင်ပုံရသည်။
ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရားတစ်ပါးက ဤနေရာသို့ ပွင့်ပွင့်လင်းလင်း လာရောက်ရဲသည်မှာ အံ့သြစရာမရှိတော့ပေ။
လင်ချင်းက...
“ငါတို့ ဖြည်းဖြည်းချင်းအနားကပ်မယ် ၊ ဒီနားတဝိုက်မှာ ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူတွေ ရှိနေနိုင်တယ်”
သူမက ဆက်ပြောသည်။
“ဒီတော့ အပြောင်းအလဲတစ်ခုခုဖြစ်မလားဆိုတာ လျှို့ဝှက်စောင့်ကြည့်ကြတာပေါ့”
ရန်ကျောက်ကဲ နှင့် အခြားသူများသည် ခေါင်းညိတ်လိုက်သည်။
သူတို့အုပ်စု မှောင်မိုက်နေသည့်ဗလာနယ်ထဲတွင် ခိုးကြောင်ခိုးဝှက် ရွေ့လျားရင်း အရှေ့ဆီသို့ စူးစိုက်ကြည့်လိုက်ကြသည်။
ထိုနေရာတွင် တောက်ပသည့်အလင်းတန်းများ တဖျတ်ဖျတ် လင်းလက်နေပြီး ကျွမ်းကျင်သူများ၏ စွမ်းအားရောင်ဝါ ထိပ်တိုက်ရင်ဆိုင်မှုများက လှိုင်းလုံးများသဖွယ် ဆက်တိုက်ပျံ့နှံ့နေသည်။
ဤနယ်မြေတွင် ဟွေ့အန်းခရီးသည်နှင့် အခြားကျွမ်းကျင်သူများ တိုက်ခိုက်နေကြဟန်ပင်။
နေရာကအလွန်ဝေးကွာသဖြင့် ရန်ကျောက်ကဲ၊ ဖန်းယွင်ရှန်း နှင့် အခြားသူများ အခြေအနေကို မသိနိုင်ခဲ့ကြပေ။
သို့သော် သူတို့က လုံးဝစိတ်မပူခဲ့ကြပေ။
ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူများ ဝင်ရောက်စွက်ဖက်လာပါက မည်မျှဝေးကွာသည်ဖြစ်စေ ပြင်းထန်သည့်ရုန်းရင်းဆန်ခတ်ဖြစ်မှုကို သူတို့အားလုံး သတိပြုမိကြပေလိမ့်မည်။
ထိုအချိန်ရောက်လျှင် ရန်ကျောက်ကဲတို့အုပ်စုအတွက် အခွင့်အရေးရရှိလာနိုင်သည်။
ထို့မတိုင်ခင်မှာတော့ လှုပ်ရှားရန်အတွက် မည်မျှပင် အခြေအနေပေးပါစေ ထင်ယောင်ထင်မှားကိစ္စသာ ဖြစ်ပေမည်။
ကံကောင်းသည်က သူတို့ အချိန်အကြာကြီး မစောင့်လိုက်ရပေ။
ရုတ်တရက်ပင် သူတို့ရှိနေသည့် စကြာဝဠာဗလာနယ်ထဲတွင် လေပြင်းများ တိုက်ခတ်လာသည်။
အလင်းတန်းများထွက်ပေါ်လာကာ ကောင်းကင်တစ်ခုလုံးသို့ လွှမ်းခြုံသွားပြီး မိုးကြိုးမုန်တိုင်းများ တိုက်ခတ်လာသည်။ ထိုအလင်းတန်းများက လူတိုင်းတုံ့ပြန်နိုင်သည့်အမြန်နှုန်းထက် ပိုမိုမြန်ဆန်စွာ ဤနယ်မြေထဲသို့ ရောက်ရှိလာခြင်း ဖြစ်၏။
ရုတ်တရက် အလင်းတန်းများ ရပ်တန့်သွားသည်။
တောက်ပသည့်အလင်းတန်းများ တဖျတ်ဖျတ်ခတ်သွားပြီး အလင်းတန်းများကြားတွင် ကြီးမားသည့်ပုံရိပ်တစ်ခု ထွက်ပေါ်လာကာ ၊ ထိုပုံရိပ်က အတောင်များကိုဖြန့်လိုက်ပြီး စကြာဝဠာတစ်ခုလုံးအား လွှမ်းခြုံလိုက်သည်။
ထိုသူ မည်သူဖြစ်ကြောင်း ရန်ကျောက်ကဲတို့အားလုံး သိရှိပေသည်။
“တိမ်မြူမိုင်တစ်သောင်းဂဠုန်...”
တစ်ချိန်တည်းပင် ကြောက်မက်ဖွယ်ရာ ကြည်လင်သည့် ရွှေရောင်အလင်းတန်းများထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး ဗုဒ္ဓကျမ်းစာရွတ်ဖတ်သံများ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
ကြည်လင်သည့်အလင်းတန်းများက တဖြည်းဖြည်း ပိုမိုတောက်ပလာပြီး ကျယ်ပြောလှသော ကောင်းကင်တစ်ခုလုံးအား လွှမ်းခြုံသွားသည်။
ဗုဒ္ဓဘာသာကျင့်ကြံသူများက ပြိုင်ဘက်ကင်းမဟာနတ်မိစ္ဆာဖြစ်သော “တိမ်မြူမိုင်တစ်သောင်းဂဠုန်” ကို ထောင်ချောက်ဆင် ဖမ်းဆီးရန် ကြိုးစားနေပုံရသည်။
ဗုဒ္ဓအလင်းတန်းအစီအရင်၏အကျုံးဝင်မှုက ကျယ်ပြန့်လှသည်ဖြစ်ရာ ရန်ကျောက်ကဲတို့အုပ်စု ရှိနေသောနေရာသည်ပင် အစီအရင်ဧရိယာထဲ ပါဝင်သွားသည်။
လီရှင်းပါ့နှင့် သွေးနီမြူခိုးတာအိုဆရာက ကောင်းဟန်နှင့် လင်ချင်းကို လှမ်းကြည့်လိုက်သည်။ ကောင်းဟန်က ခေါင်းခါယမ်းလိုက်ပြီး အရမ်းကာရောမလှုပ်ရှားဘဲ တိတ်ဆိတ်စွာနေရန် အချက်ပြလိုက်သည်။
ထင်ထားသည့်အတိုင်း ခဏကြာပြီးနောက် အခြားသောနတ်မိစ္ဆာများ၏ မိစ္ဆာချီများက အဝေးတစ်နေရာမှ မြင့်တက်ထွက်ပေါ်လာသည်။
မိစ္ဆာချီများက ဗဟိုချက်ဆီသို့မြင့်တက်လာပြီး ဗုဒ္ဓအလင်းတန်းအစီအရင်အတွင်းမှ ဗုဒ္ဓဘာသာကိုယ်တော်များအား လွှမ်းခြုံသွားသည်။
တိမ်မြူမိုင်တစ်သောင်းဂဠုန်က အစီအရင်၏အတွင်းပိုင်းအကျဆုံး ဗဟိုချက်တွင်ရှိနေပြီး သူက အတောင်ပံများကိုဖြန့်ကာ အပြင်ဘက်သို့ လျှင်မြန်စွာပျံသန်းထွက်ခွာသွားသည်။
သူက အပြင်ဘက်မှ မဟာနတ်မိစ္ဆာအုပ်စုနှင့်ပူးပေါင်းပြီး ဗုဒ္ဓဘာသာကျင့်ကြံသူများ အလစ်ချောင်းတိုက်ခိုက်ရန်ပြင်ဆင်ထားသော အစီအရင်ထောင်ချောက်ကို အတွင်းအပြင်နှစ်ဖက်ညှပ်တိုက်ကာ ဖျက်ဆီးပစ်ရန် ရည်ရွယ်ခဲ့သည်။
ကောင်းဟန်က...
“ထင်တဲ့အတိုင်းပဲ... ဟွေ့အန်းခရီးသည်က တခြားမဟာဂဠုန်တွေကိုပစ်မှတ်ထားနေတာ တိမ်မြူမိုင်တစ်သောင်းဂဠုန်ကို ထောင်ဖမ်းဖို့ပဲ ၊ ဒါပေမဲ့ တိမ်မြူမိုင်တစ်သောင်းဂဠုန်နဲ့ တခြားနတ်မိစ္ဆာတွေကလည်း သိထားပြီးသားဖြစ်ပုံရတယ် ၊ သူတို့က ဗုဒ္ဓဘာသာကျင့်ကြံသူတွေနဲ့တိုက်ခိုက်ဖို့ ဒီနေရာကို တမင်သက်သက်ရောက်လာကြတာပဲ”
ရန်ကျောက်ကဲတို့အုပ်စုက ဖြစ်ပွားနေသောတိုက်ပွဲကို အာရုံမစိုက်ကြပေ။
သို့သော် တိုက်ပွဲက သူတို့နှင့်နီးကပ်လွန်းသဖြင့် နှစ်ဖက်စလုံး၏ ဝိညာဉ်ချီနှင့် မိစ္ဆာချီတို့ ထိပ်တိုက်တွေ့ဆုံမှုကိုကြည့်ပြီး အခြေအနေကို နားလည်နိုင်ခဲ့ကြသည်။
အစပိုင်းတွင် နှစ်ဖက်လုံး ပြင်းထန်စွာ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြပြီး မိုးမြေပြိုကျသည်အထိ စွမ်းအားပြင်းထန်ခဲ့သည်။
ဗုဒ္ဓဘာသာကျင့်ကြံသူများ၏ အလွန်ကြီးမားသော ဗုဒ္ဓအလင်းတန်းအစီအရင်မှာ မဟာနတ်မိစ္ဆာများ နှစ်ဖက်ညှပ်တိုက်ခိုက်ခြင်းကို ပြင်းထန်စွာ ခံစားနေရသည်။
အစီအရင်က ချက်ချင်းပြိုကျမသွားသော်လည်း အလွန်ကြီးမားသည့်ဖိအားကို ခံစားနေရ၏။
နတ်မိစ္ဆာများ၏ တိုက်ခိုက်မှုဖိအားကိုသက်သာစေရန် ဗုဒ္ဓအလင်းတန်းအစီအရင်က ဗလာနယ်ထဲတွင် အဆက်မပြတ်ပြောင်းလဲလှုပ်ရှားလျှက် ရှိသည်။
ထိုအချိန် လှည့်ပတ်နေသည့်အစီအရင်ထဲတွင် အက်ကွဲကြောင်းတစ်ခုပေါ်လာလေရာ ရန်ကျောက်ကဲတို့အုပ်စုက ထိုအက်ကွဲကြောင်းမှတစ်ဆင့် အစီအရင်ဖုံးလွှမ်းထားသော ဧရိယာထဲမှ တိတ်တဆိတ် ထွက်ခွာလာခဲ့ကြသည်။
အစီအရင်ထဲသို့ သူတို့ရောက်ရှိနေပြီး ပြန်လည်ထွက်ခွာသွားသည်ကို ဗုဒ္ဓဘာသာ ကျွမ်းကျင်သူများ သံသယဝင်နိုင်သည့်တိုင် ထိုသူများအနေဖြင့် ရန်ကျောက်ကဲတို့အုပ်စုကို အာရုံစိုက်နိုင်ခြင်း မရှိပေ။
နတ်မိစ္ဆာများက အတွင်းအပြင် ဖိညှပ်တိုက်ခိုက်နေသဖြင့် အစီအရင်ကြီးက လှုပ်ရှားပြောင်းလဲနေသော်လည်း ဗုဒ္ဓဘာသာကျွမ်းကျင်သူအုပ်စုကတော့ တိမ်မြူမိုင်တစ်သောင်းဂဠုန်အား အစီအရင်ထဲတွင် ဆက်လက် ထောင်ချောက်ဆင် ဖမ်းဆီးထားနိုင်ဆဲ ဖြစ်သည်။
ရန်ကျောက်ကဲက...
“တကယ့်ထိပ်တိုက်တွေ့တဲ့ပွဲပဲ ၊ ဗုဒ္ဓဘာသာတွေဘက်က ဘယ်လောက်ထိခိုက်မှုကြီးမားပါစေ ရွှေအတောင်မဟာဂဠုန်ကို သတ်ဖြတ်ပစ်ဖို့ စိတ်ပိုင်းဖြတ်ထားပုံရတယ်”
သူက ဆက်ပြီး ချီးကျူးစကားဆိုလိုက်သည်။
“အံ့သြစရာတော့ မရှိပါဘူး ၊ ရွှေအတောင်မဟာဂဠုန်ရဲ့မြန်နှုန်းက အရမ်းအာသာချက်များတယ် ၊ ဒီလိုထူးခြားတဲ့အခြေအနေမှာတောင် တစ်ယောက်တည်းနဲ့ နည်းလမ်းပေါင်းစုံ အသုံးပြုနိုင်စွမ်းရှိတယ်”
တိုက်ပွဲအရှိန်အဟုန်ကြောင့် သူတို့ရှေ့မှ ဗလာနယ်က အဆက်မပြတ် ပုံပျက်လျှက်ရှိသည်။
လှည့်ပတ်နေသည့် မိစ္ဆာချီများဖြင့် ဖွဲ့စည်းထားသော နက်မှောင်သည့်တိမ်တိုက်တစ်ခုက အလင်းရောင်များတောက်ပနေသော ဗုဒ္ဓအလင်းတန်းအစီအရင်ကို ဖုံးလွှမ်းသွားပြီး အဝေးသို့တဖြည်းဖြည်း ဆွဲခေါ်သွားသည်။
အစီအရင်ကြီးအတွင်းမှ မိုးကြိုးမုန်တိုင်းများကတော့ အစီအရင်နှင့် ထိပ်တိုက်ရင်ဆိုင်နေဆဲ ဖြစ်၏။
ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူအုပ်စု အဝေးသို့ရောက်သွားသည်နှင့် စိတ်ဝိညာဉ်ကို မွန်းကြပ်ထုံကျဉ်စေသော ကြောက်မက်ဖွယ်ရာဖိအားများ ပျောက်ကွယ်သွားသည်။
ထိုအခါမှ ရန်ကျောက်ကဲတို့အုပ်စု စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ကြသည်။
ထို့နောက် သူတို့က သူတို့ရှေ့တွင်ရှိသော စစ်မြေပြင်အား စိတ်အားထက်သန်သောမျက်လုံးများဖြင့် လှမ်းကြည့်လိုက်ကြသည်။
ကောင်းဟန်ကပြုံးလိုက်ပြီး ခပ်တိုးတိုးလေသံဖြင့်...
“အခုချိန်က ကျုပ်တို့ လှုပ်ရှားရမယ့်အချိန်ပဲ”
စကားဆုံးသည်နှင့် သူ့ကရှေ့သို့ခြေလှမ်းကာ အရင်ဆုံး ထွက်ခွာသွားသည်။
ရန်ကျောက်ကဲနှင့် အခြားသူများကလည်း ဗလာနယ်ကိုဖြတ်ကျော်ကာ သူ့နောက်သို့ လိုက်သွားကြသည်။ တိုက်ပွဲနယ်မြေနှင့် နီးကပ်လာသည်နှင့်အမျှ အခြားတစ်ဖက်မှ ဗုဒ္ဓဘာသာကိုယ်တော်များ ထွက်ပေါ်လာသည်ကို တွေ့ရသည်။
ဤနေရာက နဂိုကပင် ထောင်ချောက်များဖြင့်ပြည့်နက်နေလေသည်။
ကောင်းကင်နတ်ဘုရားအဆင့် ဗုဒ္ဓဘာသာကျွမ်းကျင်သူများက တိမ်မြူမိုင်တစ်သောင်းဂဠုန်နှင့် အခြားသောနတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်များကို တိုက်ခိုက်နေစဉ် အခြားသော ဗုဒ္ဓဘာသာကိုယ်တော်များက နတ်မိစ္ဆာမျိုးနွယ်ဘက်မှရောက်လာမည့် စစ်ကူများကိုတားဆီးရန် ပုန်းအောင်းစောင့်ဆိုင်းနေခဲ့ကြသည်။
ရန်ကျောက်ကဲ အနီးကပ်ကြည့်လိုက်တော့ ဗလာနယ်ထဲတွင်ရပ်နေသည့် ဆယ်ကျော်သက်လူငယ်ပုံစံရှိသည့် ဗုဒ္ဓဘာသာကိုယ်တော်တစ်ပါးကို တွေ့ရသည်။
သူ၏လက်တစ်ဖက်တွင် သံတုတ်တစ်ချောင်းကိုင်ထားပြီး နောက်ကျောတွင် ဓားနှစ်လက်လွယ်ထားသည်။ အခြားလက်တစ်ဖက်မှာတော့ သွေးနီရောင်ဘူးသီးခြောက်တစ်လုံး ကိုင်ဆောင်ထား၏။
သူ၏ရုပ်သွင်က အခြားသောဗုဒ္ဓဘာသာကိုယ်တော်များနှင့် ကွဲပြားနေပြီး ထူးခြားထင်ရှားလျှက် ရှိသည်။
သူ့ပတ်ဝန်းကျင်တွင် အသက်ဓာတ်စွမ်းအားများပြည့်နက်နေပြီး သူ၏ခန္ဓာကိုယ်မှ ဗုဒ္ဓရောင်ခြည်အလင်းတန်းများ တောက်ပစွာ ထွက်ပေါ်နေသည်။
လျှော့တွက်၍မရသည့်လူစားမျိုး ဖြစ်သည်။
ထို့ပြင် သူ၏အသွင်အပြင်က ဒဏ္ဍာရီလာထင်ရှားသည့် ဟွေ့အန်းခရီးသည် – မုကျားနှင့် ကိုက်ညီသည်။
သံသယဖြစ်စရာ မရှိပေ။
သူ၏နောက်ကျောတွင်လွယ်ထားသည့်ဓား(၂)လက်က နာမည်ကျော် ‘လခြမ်းကွေးဓားနှစ်လက်’ ဖြစ်၏။ အနီရောင်ဘူးသီးခြောက်ထဲတွင်တော့ စန်းကွမ်းနတ်ရေစင်ကို သိုလှောင်ထားဖွယ်ရှိသည်။
သူနှင့်မျက်နှာချင်းဆိုင်တွင် နတ်မိစ္ဆာမျိုးနွယ်အုပ်စုတစ်စု ဖြည်းညှင်းစွာ နီးကပ်လာနေသည်။
ရန်ကျောက်ကဲက နတ်မိစ္ဆာအုပ်စုကိုလှမ်းကြည့်လိုက်တော့ မဟာဂဠုန်(၂)ကောင်၊ ကြိုးကြာဖြူ(၁)ကောင်နှင့် မျောက်မိစ္ဆာ(၂)ကောင် – တစ်ကောင်မှာ အစိမ်းရောင်ဖြစ်ပြီး တစ်ကောင်မှာ မီးခိုးရောင်ဖြစ်သည်။
မျောက်ဟုဆိုသော်လည်း သူတို့အရွယ်အစားက တောင်တန်းကြီးများထက်ပင် ပိုမိုကြီးမားပြီး သူတို့ မတ်တတ်ရပ်နေပုံက ဧရာမ ဝိညာဉ်နတ်ဘုရားကြီးများနှင့် ဆင်တူသည်။
သူတို့ကိုတွေ့သည်နှင့် ရန်ကျောက်ကဲမျက်ဝန်းများ လက်ခနဲတောက်ပသွားသည်။
သူက ဖန်းယွင်ရှန်းနှင့် အကြည့်ချင်းဖလှယ်လိုက်ပြီး စကားတစ်ခွန်းမဆိုဘဲ အချင်းချင်းနားလည်လိုက်ကြသည်။
ဟွေ့အန်းခရီးသည်တို့အုပ်စုကလည်း ရန်ကျောက်ကဲ ၊ ကောင်းဟန်နှင့် အခြားသူများကို သတိပြုမိသွားကြပြီး တိုက်ပွဲကို အနည်းငယ်အရှိန်လျှော့လိုက်ကြသည်။
ဟွေ့အန်းခရီးသည်က လီရှင်းပါ့ဘက်သို့လှည့်ကြည့်ပြီး ပြုံးလိုက်ရင်း...
“လက်စသတ်တော့ တာအိုရောင်းရင်း’လီ’ ကိုး ... ဘယ်လိုလဲ... အခြေအနေကောင်းရဲ့လား”
လီရှင်းပါ့ နှာမှုတ်လိုက်ပြီး ဟွေ့အန်းခရီးသည် နောက်ကျောတွင်လွယ်ထားသည့် လခြမ်းကွေးဓားနှစ်လက်ကို တည့်တည့်စိုက်ကြည့်လိုက်သည်။
ရှေးခေတ်ကာလတွင် သူက ထိုလခြမ်းကွေးဓားနှစ်လက်ဖြင့် ခေါင်းဖြတ်ခံခဲ့ရပြီး အတင်းအကျပ် နတ်ဘုရားအဖြစ် အပ်နှင်းခြင်းခံခဲ့ရသည်။
ဟွေ့အန်းခရီးသည်က သူတို့အုပ်စုကို စူးစမ်းသည့်အကြည့်ဖြင့်ကြည့်ရင်း...
“ကောင်းဟန်၊ လင်ချင်း၊ ရန်ကျောက်ကဲ၊ ဖန်းယွင်ရှန်း... မှန်ရဲ့လား”
သူက ဆက်ပြောလိုက်သည်။
“အိုး... ကျုပ် မမှတ်မိတဲ့ လူတစ်ယောက်လည်း ရှိနေသေးတာပဲ ၊ ဒါနဲ့... မင်းတို့က လီရှင်းပါ့ကို ကူညီဖို့လာတာလား ၊ ဒါမှမဟုတ် စန်းကွမ်းနတ်ရေစင်ကို လိုချင်လို့လား…”