← Chapters

ဟွေ့အန်းခရီးသည်

Vol. 99 Ch. 1386

ဟွေ့အန်းခရီးသည်

Vol. 99 Ch. 1386

အခန်း (၁၃၈၆) ဟွေ့အန်းခရီးသည်

ဟွေ့အန်းခရီးသည်က...

“အမတခုံရုံးက သတင်းရထားတယ် ၊ စန်းချင်း(၃)ပါးအဆက်အနွယ် ဆက်ခံသူတွေ စန်းကွမ်းနတ်ရေစင်ယူဖို့ လာကြမယ်တဲ့ ၊ ကြည့်ရတာ မင်းတို့အုပ်စုကိုပြောတာဖြစ်မယ်”

ကောင်းဟန်က ပြုံးလိုက်ရင်း...

“ခင်ဗျားက ကျုပ်နာမည်ကိုသိတယ်ဆိုတော့... ဂုဏ်ယူစရာပါပဲ”

ဟွေ့အန်းခရီးသည်က ပြုံးလိုက်ရင်း...

“မျိုးဆက်သစ်တွေက မျိုးဆက်ဟောင်းတွေထက် သာလွန်ကြတာပါပဲ ၊ ဒီလောက်နှိမ့်ချနေစရာ မလိုပါဘူး”

သူက ဆက်ပြောလိုက်သည်။

“ကျုပ်တို့တန်းကလူတွေကလည်း နှစ်ပေါင်းများစွာ ပုန်းအောင်းနေတယ်ဆိုပေမယ့် ပြင်ပလောကသတင်းတွေနဲ့ အဆက်မပြတ်ပါဘူး ၊ မင်းတို့နာမည်တွေကို မကြားဖူးပဲ နေမှာတဲ့လား ၊ ပြီးတော့ မင်းတို့တွေက မဟာကပ်ဘေးအလွန်ကာလ တာအိုဝါဒရဲ့ ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်တွေပဲလေ”

“ပြီးတော့ မင်းတို့(၄)ယောက်နဲ့ယှဉ်ရင် ကျုပ်ကလည်း အရမ်းနောက်ကျကျန်နေခဲတဲ့လူတစ်ယောက်တော့ မဟုတ်သေးပါဘူး

ဟွေ့အန်းခရီးသည်က ခေါင်းငုံ့ပြီး သူ့လက်ထဲမှ အနီရောင်ဘူးသီးခြောက်ကိုကြည့်လိုက်သည်။

“ကျုပ်က ဗုဒ္ဓဘာသာထဲ ဝင်ပြီးပါပြီ ၊ အတိတ်က ချည်နှောင်မှုတွေကို စွန့်လွှတ်ထားပြီးပြီ ၊ တကယ်လို့ တခြားကိစ္စဆိုရင် ကျုပ်တို့ရဲ့အတိတ်ကဆက်ဆံရေးကြောင့် မင်းတို့ဖြစ်ချင်တဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးလိုက်မှာပဲ ၊ ဒါပေမဲ့ အမတခုံရုံးကလည်း စန်းကွမ်းနတ်ရေစင်ကို လိုချင်နေကြတယ် ၊ ဒီတော့ ကျုပ်က မဟာမိတ်တွေနဲ့ မျက်နှာမပျက်ချင်ဘူး ၊ ဒါကြောင့် စန်းကွမ်းနတ်ရေစင်ကို မင်းတို့ကို မပေးနိုင်ဘူး”

ရန်ကျောက်ကဲက လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်ပြီး...

“ကျုပ်တို့ကလည်း စန်းကွမ်းနတ်ရေစင်မှ မရရင်မဖြစ်ဘူး ၊ တကယ်လို့ ခင်ဗျားက မပေးနိုင်ဘူးဆိုရင်တော့ အပြစ်ပြုရပါတော့မယ် ၊ ဒါပေမဲ့ ဒါက ယာယီတိုက်ပွဲတစ်ခုပါ ၊ ဒီကိစ္စကြောင့် ကျုပ်တို့ရဲ့ အနာဂတ်ဆက်ဆံရေး မထိခိုက်စေဖို့ မျှော်လင့်ပါတယ်”

ဟွေ့အန်းခရီးသည်က ပြုံးလိုက်ရင်း...

“မင်းက စိတ်ဝင်စားစရာကောင်းတာပဲ ၊ ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရားအဆင့်ဆိုပေမဲ့ စကားတွေက အရမ်းကြီးကျယ်တယ် ၊ မင်းနာမည်ကို ကြားဖူးပြီးသားဆိုပေမယ့် မင်းက နာမည်နဲ့ထိုက်တန်သလားဆိုတာ ကြည့်ကြတာပေါ့”

သူက ဆက်ပြောသည်။

“မင်းတို့ ငါ့ကိုအပြစ်ပြုနိုင်မလားဆိုတာ မင်းတို့အရည်အချင်းအပေါ် မူတည်တယ်”

ရန်ကျောက်ကဲက အနည်းငယ်ပြုံးရင်း...

“ဒါဖြင့် သင်ပြပေးစေချင်ပါတယ်...”

လီရှင်းပါ့က ဒေါသတကြီးဖြင့်...

“ဒါဖြင့်တိုက်တော့လေ... ဘာလို့ အပိုစကားတွေ ပြောနေသေးတာလဲ”

သူက စကားမဆုံးခင်မှာပင် လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ ဝါမှောင်မှောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး ဟွေ့အန်းခရီးသည်၏ ဦးခေါင်းဆီသို့ တန်းတန်းမတ်မတ်ဝင်ရောက်သွားသည်။ အလင်းတန်းဖြတ်သန်းသွားရာ ဗလာနယ်ထဲတွင် အက်ကွဲကြောင်းများစွာ ထင်ကျန်ရစ်ခဲ့လေသည်။

ဟွေ့အန်းခရီးသည်က...

“ကျုပ်မှာရှိတဲ့ စန်းကွမ်းနတ်ရေစင်ပမာဏက အကန့်အသတ်ရှိတယ် ၊ မဟုတ်လို့ကတော့ ကျုပ်ရဲ့အကြီးအကဲတွေက တိမ်မြူမိုင်တစ်သောင်းဂဠုန်ကို နှိမ်နင်းဖို့ ဒီရေစင်ကို အသုံးပြုလိုက်မှာပဲ”

ထို့နောက်သူက အနီရောင်ဘူးသီးခြောက်အဖုံးကို ဖယ်ရှားလိုက်ပြီး...

“ဒါပေမဲ့ မင်းတို့အုပ်စုကို ရှင်းပစ်ဖို့တော့ လုံလောက်ပါတယ်”

သူက ဆက်ပြောလိုက်သည်။

“မင်းတို့တွေ ဒီရေစင်ကို ကျုပ်ဆီကရအောင်ယူနိုင်ရင်တောင် မျှမျှတတ ခွဲဝေနိုင်ပါ့မလား မသေချာဘူး”

ထို့နောက် ဟွေ့အန်းခရီးသည်က တစ်ချက်ရယ်မောလိုက်ပြီး အနီရောင်ဘူးသီးခြောက်ထဲမှ ရေစီးကြောင်းတစ်ခု ထွက်ပေါ်လာသည်။

ထိုရေစီးကြောင်းတွင် အစိမ်း ၊ အဝါနှင့် အဖြူရောင် အလင်းတန်းများပါဝင်ပြီး ရေလိုက်ကာတစ်ခု ဖွဲ့စည်းလိုက်သည်။  လီရှင်းပါ့ ပစ်လွှတ်လိုက်သည့် မြေခွင်းပုလဲက ရေလိုက်ကာနှင့်တိုက်မိသွားပြီး ရေလိုက်ကာ တုန်ခါသွားလေသည်။

စုစည်းနေသည့်ရေလိုက်ကာက မြေခွင်းပုလဲနှင့်ထိမိသည်နှင့် ရေစက်များလွင့်စင်ထွက်လာပြီး ရေစက်များအားလုံးက တုန်ခါခုန်ပေါက်နေကြသည်။

သို့သော် အချိန်ခဏအတွင်းမှာပင် ရေစက်များတည်ငြိမ်သွားပြီး တဖန်ပြန်လည်ပေါင်းစည်းသွားကြသည်။

ဖြစ်ရပ်က အလွန်လျှင်မြန်သဖြင့် လီရှင်းပါ့မှာ  အချိန်ကွာခြားချက်ကို အသုံးချပြီး နောက်ထပ်လှုပ်ရှားမှုတစ်ခု မပြုလုပ်နိုင်ခဲ့ပေ။

သူ၏မြေခွင်းပုလဲသည်လည်း ရေလိုက်ကာထက်တွင် ကပ်ငြိလျှက်ရှိလေသည်။

ဝါမှောင်သည့်အလင်းတန်းက ဆက်လက်တုန်ခါနေသော်လည်း တဖြည်းဖြည်းရပ်တန့်သွားပြီး မြေခွင်းပုလဲမှာ ဆက်လက်တိုက်ခိုက်နိုင်ခြင်း မရှိတော့ပေ။

ဟွေ့အန်းခရီးသည်က လီရှင်းပါ့ကို ကြည့်လိုက်ပြီး...

“မင်းက တကယ်ကံကောင်းတာပဲ ၊ နတ်ဘုရားအဖြစ်အပ်နှင်းခံရတဲ့စာရင်းက ထွက်ခွာသွားပြီးတဲ့နောက် အမတခုံရုံး ၊ အဖြူရောင်ကြာပန်းသုခဘုံ ၊ ပြီးတော့ နတ်ဆိုးတွေနဲ့ပါ မပတ်သက်ဘဲ ဒီနေ့အထိ ရှင်သန်နိုင်ခဲ့တယ်”

သူက ဆက်ပြောသည်။

“မင်းက အသက်ရှင်ဖို့အခွင့်အ‌ရေးကို တန်ဖိုးမထားဘဲ ဒီအထိလာပြီး ကျုပ်ဓားအောက်မျာ အသတ်ခံချင်တယ်ဆိုတော့ ဒီလောကမှာ မင်းလောက်မိုက်တဲ့သူ ရှိမှာမဟုတ်ဘူး”

ထိုစကားကြားတော့ လီရှင်းပါ့၏ အနီရောင်သမ်းသောမျက်နှာက မဲမှောင်သွားသည်။

“မျိုးမစစ်ကောင်... မင်းကို လက်စားချေမယ်...”

ဟွေ့အန်းခရီးသည်ကပြုံးလိုက်ရင်း...

“မင်းက တကယ်ခေါင်းမာတာပဲ”

သူက ဆက်ပြောလိုက်သည်။

“အရင်တုန်းက မင်းသာ နတ်ဘုရားအဖြစ် အပ်နှင်းမခံရရင် ကျုပ်ဓားအောက်မှာ အသက်ပျောက်သွားမှာပဲ ၊ အဲဒီတုန်းက မင်းအသက်ကို ထိန်းထားနိုင်ခဲ့ပေမယ့် အသက်ဓာတ်စွမ်းအားက အကြီးအကျယ် ထိခိုက်ပျက်ဆီးသွားပြီ ၊ နတ်ဘုရားအဖြစ်အပ်နှင်းခံရသူတွေက ကျင့်ကြံခြင်းမပြုလုပ်နိုင်ပေမယ့် သူတို့ရဲ့ အချိန်စီးဆင်းမှုကကွဲပြားတယ် ၊ မင်းကို အများကြီးပိုပြီး အသက်ရှည်သွားစေတယ်လေ”

“အခု အဲဒီစာရင်းက ထွက်လာခဲ့ပြီဆိုတော့ မင်းရဲ့အသက်ဓာတ်စွမ်းအားကောင်းမွန်အောင် ကျင့်ကြံသင့်တယ် ၊ မဟုတ်ရင် မင်းအတွက် ဘာတိုးတက်မှုမှမရှိဘဲ နောက်ဆုံး သင်္ချိုင်းကို စောစောရောက်သွားမှာပဲ”

“မင်းက လက်စားချေဖို့ ကြိုးစားနေတယ် ၊ ဒါပေမဲ့ မင်းရဲ့လက်ရှိစွမ်းအားနဲ့ဆိုရင် ကျုပ်ဓားက မင်းခေါင်းကို ထပ်ဖြတ်ပစ်ဦးမှာပဲ”

ပြောပြီးသည်နှင့် ဟွေ့အန်းခရီးသည်က ‘အရမ်းမဲ့သံတုတ်’ ကိုင်ဆောင်ထားသည့် သူ၏လက်ကို ပင့်မြှောက်လိုက်ပြီး လီရှင်းပါ့၏ စတုရန်းအစွန်းရှိသော ရွှေဓားချိုးဆီသို့ ဝှေ့ယမ်းတိုက်ခိုက်လိုက်သည်။

လီရှင်းပါ့က...

“အလိမ်အညာစကားတွေ ပြောမနေနဲ့ ၊ မင်းကြောင့် ကျုပ်က နတ်ဘုရားအဖြစ် အတင်းအကျပ် အပ်နှင်းခံခဲ့ရတာ ၊ ဒါပေမဲ့ အချိန်တွေအများကြီးကုန်ပြီးတဲ့နောက် မင်းရော ကျုပ်ထက်သာတာ ဘာရှိလို့လဲ ၊ ရှေးခေတ်ကာလကနေ အလယ်ခေတ်အထိ မင်းလည်း ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ကနေ အဆင့်တက်နိုင်လို့လား”

ဟွေ့အန်းခရီးသည်က လီရှင်းပါ့၏စကားကိုအရေးမစိုက်သလို ဒေါသလည်းမထွက်ပေ။

သူက တည်ငြိမ်စွာဖြင့်...

“ဒါပေမဲ့... ကျုပ်အတွက် အခွင့်အရေးဘယ်လောက်နည်းပါးပါစေ ကျုပ်က တထာဂတဿဗုဒ္ဓဖြစ်လာဖို့ ဒါမှမဟုတ် ကောင်းကင်နတ်ဘုရားအဆင့်တက်ရောက်နိုင်ဖို့ အခွင့်အရေး ရှိနေသေးတယ်လေ...”

သူက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့... မင်းကရော အဲဒီလိုအခွင့်အရေးမျိုး ရှိလို့လား ၊ မင်းကိုယ်မင်းတောင် ယုံကြည်မှုမရှိဘူးလို့ ထင်မိတယ် ၊ ပြင်ပတာအိုကျင့်ကြံသူတွေနဲ့ မပူးပေါင်းဘူးဆိုရင်ပေါ့...”

လီရှင်းပါ့ဒေါသထွက်လွန်းသဖြင့် သူ၏နှာခေါင်းမှ အငွေ့များထွက်လာသည့်ပမာ ဖြစ်သည်။ သူက စတုရန်းအစွန်းရှိသော ရွှေဓားချိုးကို ဝှေ့ယမ်းပြီး ဟွေ့အန်းခရီးသည်အား ရိုက်ချလိုက်သည်။

ဟွေ့အန်းခရီးသည်က မထီမဲ့မြင်ပြုံးရင်း သံတုတ်ကို လက်နှစ်ဖက်ဖြင့်ကိုင်လျှက် စတုရန်းအစွန်းရှိသော ရွှေဓားချိုးအားခုခံလိုက်၏။

ထို့နောက် သူ၏နောက်ကျောမှ အလင်းတန်းနှစ်ခု တပြိုင်တည်းလင်းလက်သွားပြီး ဓားခြမ်းကွေးဓားနှစ်လက်က ရုတ်တရက်ပင် ဓားအိမ်ထဲမှ ထွက်ပေါ်လာသည်။

တစ္ဆေဆန်သောဓားအလင်းတန်းက ချက်ချင်းပင် လီရှင်းပါ့ထံသို့ ဝင်ရောက်သွားသည်။

“ဖြည်းဖြည်းလုပ်ကြပါ...”

သွေးနီမြူခိုးတာအိုဆရာက သိမ်မွေ့စွာအော်ဟစ်ရင်း သူ၏လက်ဖဝါးနှစ်ဖက်ကို တပြိုင်နက်ဆန့်ထုတ်လျှက် ‘သွေးနီမြူလွှာ ကျမ်းဆယ်ဖြာ’ ပညာကို အသုံးပြုလိုက်သည်။

သွေးနီရောင်မြူခိုးများက စန်းကွမ်းနတ်ရေစင်ဖြင့် ဖွဲ့စည်းထားသော ရေလိုက်ကာထက်သို့ ကျရောက်သွားသည်။

ရေလိုက်ကာတုန်ခါသွားပြီး ပျက်ဆီးမသွားသည့်တိုက် မြေခွင်းပုလဲကတော့ ရေလိုက်ကာပေါ်တွင် ကပ်ငြိမ်မနေတော့ဘဲ လီရှင်းပါ့ထံသို့ ပျံသန်းထွက်ခွာသွားသည်။

ထို့ကြောင့် ဟွေ့အန်းခရီးသည်၏ဓားချက်က လီရှင်းပါ့အား ထိမိလုဆဲဆဲတွင် မြေခွင်းပုလဲက ကာကွယ်ပေးလိုက်နိုင်သည်။

သို့သော် လခြမ်းကွေးဓားက ဓားနှစ်လက်ဖြစ်လေရာ ဓားအလင်းတန်းတစ်ခုကို ပိတ်ဆို့နိုင်ခဲ့သော်လည်း နောက်ထပ်ဓားအလင်းတန်းတစ်ခုက လီရှင်းပါ့ထံသို့ ဆက်လက်ဝင်ရောက်လာဆဲပင်။

ကောင်းဟန်က စိတ်ရှုပ်ထွေးသည့်အမူအရာဖြင့်...

“လခြမ်းကွေးဓားနှစ်လက်ရဲ့ ဂုဏ်သတင်းကို ကြားဖူးတာကြာပါပြီ ၊ အခုမှပဲ ကိုယ်တိုင်မြင်တွေ့ခွင့်ရတော့တယ်... တကယ့်ကို ဂုဏ်သတင်းနဲ့ထိုက်တန်တာပဲ”

ထို့နောက် သူက လက်ကိုဆန့်ထုတ်လိုက်ရာ နေနှင့်ကြယ်များစုဝေးနေသယောင်ထင်မှတ်ရသော တောက်ပသည့်အလံရှည်တစ်ခု သူ့လက်ထဲတွင် ပေါ်လာသည်။

သူက ‘သူတော်စင်အလင်းအလံရှည်’ ကို ပင့်မြှောက်လိုက်ပြီး ဟွေ့အန်းခရီးသည်၏ ဒုတိယဓားအလင်းကို ပိတ်ဆို့ထားလိုက်၏။

ဓားအလင်းတန်းက တုန်ခါသွားပြီး အနောက်သို့ပျံသန်းသွားကာ လခြမ်းကွေးဓားနှစ်လက်လုံး ဟွေ့အန်းခရီးသည်နောက်ကျောမှ ဓားအိမ်အတွင်း ပြန်ဝင်သွားသည်။

“အိုး...”

ဟွေ့အန်းခရီးသည်က သွေးနီမြူခိုးတာအိုဆရာကို ကြည့်ရင်း အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့်...

“မင်းက စန်းကွမ်းနတ်ရေစင်ရဲ့သက်ရောက်မှုကို ဖိနှိပ်နိုင်တယ်လား”

သွေးနီမြူခိုးတာအိုဆရာက တိတ်ဆိတ်နေရင်းမှာ ရေလိုက်ကာကိုဖိနှိပ်ထားသည့် သူ၏လက်ဖဝါးနှစ်ဖက်ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။

ထိုအချိန် အခြားသောဗုဒ္ဓဘာသာကိုယ်တော်များ ရှေ့တက်လာပြီး သူတို့အုပ်စုအား ဝိုင်းရံလိုက်ကြသည်။

နတ်မိစ္ဆာမျိုးနွယ်တန်ခိုးစွမ်းအားရှင်များက ချက်ချင်းလှုပ်ရှားမှုမပြုသေးဘဲ အခြေအနေကို ဆက်လက်စောင့်ကြည့်နေကြသည်။

ရန်ကျောက်ကဲနှင့် အခြားသူများက စန်းကွမ်းနတ်ရေစင်ရရှိရန် အနောက်ဘက်သုခဘုံမှ ဟွေ့အန်းခရီးသည်နှင့် တိုက်ပွဲဝင်နေကြောင်း တွေ့မြင်ပြီးနောက် နတ်မိစ္ဆာမျိုးနွယ် တန်ခိုးစွမ်းအားရှင်များ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

ထို့နောက် ခေါင်းတစ်ချက်ညိတ်လိုက်ကြပြီး တိုက်ပွဲထဲ ပါဝင်လာကြသည်။

အထူးသဖြင့် မဟာဂဠုန်နှစ်ကောင်က ဟွေ့အန်းခရီးသည်အား အတိအကျ ပစ်မှတ်ထားတိုက်ခိုက်လိုက်သည်။

ယခင်က ဟွေ့အန်းခရီးသည်က စန်းကွမ်းနတ်ရေစင် အသုံးပြု၍ သူတို့အား ဒုက္ခပေးခဲ့သည် မဟုတ်ပါလား။

ယခု အခွင့်အရေးရပြီဖြစ်ရာ မဟာဂဠုန်နှစ်ကောင်က ဤအတိုင်းဆုတ်ခွာသွားရန် မရည်ရွယ်တော့ပေ။ သူတို့ ဆုတ်ခွာသွားလျှင်တောင်မှ ယာယီမျှသာ အေးချမ်းမှု ရရှိနိုင်မည်ဖြစ်၏။

စန်းကွမ်းနတ်ရေစင်ပြဿနာကို အပြည့်အဝ ကိုင်တွယ်နိုင်ခဲ့လျှင်တော့ သူတို့ မဟာဂဠုန်မျိုးနွယ်များအတွက် ထာဝရ အေးချမ်းမှု ရရှိမည် ဖြစ်သည်။

အခြေအနေကိုရင်ဆိုင်ရသည်နှင့် ဟွေ့အန်းခရီးသည်က လခြမ်းကွေးဓားနှစ်လက်ကို ထပ်မံအသုံးပြုလိုက်သည်။

သူက လီရှင်းပါ့နှင့် သွေးနီမြူခိုးတာအိုဆရာကို ဆုတ်ခွာစေလိုက်ပြီး စန်းကွမ်းနတ်ရေစင်ဖြင့်ဖွဲ့စည်းထားသည့် ရေလိုက်ကာကို ပင့်မြှောက်ကာ မဟာဂဠုန်နှစ်ကောင်၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

ထိုအခါ ထူးဆန်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။

မဟာဂဠုန်မျိုးနွယ်များက အတောင်တစ်ချက်ခတ်ရုံဖြင့် မိုင်ပေါင်းသန်းချီ ခရီးနှင်ပျံသန်းနိုင်သည်။ သို့သော် စန်းကွမ်းနတ်ရေစင်ဖြင့် ပိတ်ဆို့ခံလိုက်ရသည်နှင့် မဟာဂဠုန်များမှာ ၎င်းနှင့်ထိတွေ့မှုမရှိသည့်တိုင် သူတို့၏အမြန်နှုန်းက ရုတ်တရက် နှေးကွေးသွားလေတော့သည်။

မဟာဂဠုန်များ မြန်နှုန်း‌နှေးကွေးသွားသည်နှင့် ဟွေ့အန်းခရီးသည်က ချက်ချင်းပင် သူ၏ ‘အရမ်းမဲ့သံတုတ်’ ကို ကိုင်မြှောက်ကာ သူတို့၏ဦးခေါင်းများအား ရိုက်နှက်ချလိုက်လေသည်။

All Chapters