မျိုးဆက်သစ်များက မျိုးဆက်ဟောင်းများထက်သာလွန်
Vol. 99 Ch. 1387
အခန်း (၁၃၈၇) မျိုးဆက်သစ်များက မျိုးဆက်ဟောင်းများထက်သာလွန်
မဟာဂဠုန်များ အရှိန်လျော့သွားသော်လည်း သူတို့အတောင်များမှ ထွက်ပေါ်လာသည့် မိုးကြိုးမုန်တိုင်းများက ဗလာနယ်အလွှာများကို ထိုးဖောက်သွားသည်ဖြစ်ရာ ဟွေ့အန်းခရီးသည်၏ အရမ်းမဲ့သံတုတ်မှာ ရှေ့ဆက်နိုင်ခြင်း မရှိတော့ပေ။
မဟာဂဠုန်များက ခြေသည်းများကို နှိမ့်ချလိုက်ပြီး ဟွေ့အန်းခရီးသည်၏ လက်နှင့်ခြေထောက်များကို ဖမ်းယူရန် ကြိုးစားလိုက်သည်။
မဟာဂဠုန်များ၏ လက်သည်းများဖြင့် ထိတွေ့မိပါက ဗုဒ္ဓဘာသာကျင့်ကြံသူတစ်ယောက်၏ ရွှေခန္ဓာ မည်မျှပင် ကြံ့ခိုင်သန်မာပါစေ တစ်ကိုယ်လုံး အပိုင်းပိုင်းဆုတ်ဖြဲခံရမည် ဖြစ်သည်။
ဟွေ့အန်းခရီးသည်၏ဦးခေါင်းထက်တွင် ရွှေရောင်မီးအိမ်တစ်လုံး ထွန်းလင်းလာပြီး ၊ ထိုရွှေရောင်မီးအိမ်ထဲ၌ ဓာတ်တော်တစ်ခု ထွက်ပေါ်လာသည်။
ဓာတ်တော်မှ ရတနာအလင်းတန်းများဖြာထွက်လာသည့်အခါ ပတ်ဝန်းကျင်တစ်ခုလုံး အမြင်အာရုံ ဝေဝါးသွားစေသည်။
ဤအခွင့်အရေးကို အသုံးပြုပြီး ဟွေ့အန်းခရီးသည်က ခန္ဓာကိုယ်ကိုတစ်ပတ်လှည့်ကာ မဟာဂဠုန်နှစ်ကောင်၏ ထိုးဖောက်လာမှုကို ရှောင်လွှဲလိုက်သည်။
ထိုအချိန်မှာပင် တစ်လောကလုံးအား လင်းထိန်သွားစေသော နေရောင်ခြည်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဟွေ့အန်းခရီးသည်၏ဘေးတွင် အရိပ်တစ်ခု ပေါ်လာသည်။
“ကောင်းဟန်” ပင် ဖြစ်၏။
ကောင်းဟန်က သူ၏ညာလက်ဖြင့် သူတော်စင်အလင်းအလံရှည်ကိုဝှေ့ယမ်းကာ ဟွေ့အန်းခရီးသည်၏ အရမ်းမဲ့သံတုတ်ကို တွန်းလှန်လိုက်ပြီး ဘယ်လက်က သွေးနီရောင်ဘူးသီးခြောက်ကို ရယူရန် ကြိုးစားလိုက်သည်။
သို့သော် ဟွေ့အန်းခရီးသည်၏နောက်ကျောမှ လခြမ်းကွေးဓားနှစ်လက် ပျံသန်းထွက်ပေါ်လာပြီး ကောင်းဟန်ဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာသည်။
ကောင်းဟန်၏ဦးခေါင်းထက်တွင် အလင်းရောင်များစုဝေးလာပြီး သူ၏စွမ်းအားကလည်း အလွန်အမင်း မြင့်တက်လာသည်။
ဒါကိုမြင်တော့ ရန်ကျောက်ကဲရော ဖန်းယွင်ရှန်းပါ အံ့အားသင့်သွားကြသည်။
ကောင်းဟန်၏ ဦးခေါင်းထက်တွင် ထွက်ပေါ်လာသည်က ပန်းနှစ်ပွင့်ပေါင်းစည်းခြင်းသရဖူ ဖြစ်၏။
စောမင်ကျန့်က ကောင်းဟန်၏ဦးခေါင်းထက်မှ ပန်းတစ်ပွင့်ကို ဖျက်ဆီးခဲ့ပြီးနောက် ကောင်းဟန်၏ကျင့်ကြံခြင်း ပျက်ဆီးသွားခဲ့သည်။ သို့သော် ကောင်းဟန်၏ ပြန်လည်ထူထောင်နိုင်သည့် အမြန်နှုန်းက မည်သူမှ မျှော်လင့်မထားလောက်အောင် မြန်ဆန်လွန်းသည်။
သို့သော် ရန်ကျောက်ကဲတို့မှာ ကောင်းဟန်ကို ခဏသာအာရုံထားနိုင်ခဲ့သည်။
အကြောင်းမှာ ဟွေ့အန်းခရီးသည်နှင့်အတူ လိုက်ပါလာသော အခြားဗုဒ္ဓဘာသာကိုယ်တော်များက စတင်တိုက်ခိုက်လိုက်ကြသောကြောင့် ဖြစ်၏။
ရန်ကျောက်ကဲနှင့် အခြားသူများမှာ ထိုသူများကိုရင်ဆိုင်ရန် ဂရုတစိုက် ပြင်ဆင်ရတော့သည်။
ရုတ်တရက်ပင် ထိုက်ရွှီးမူလနတ်ဘုရားအဆင့် ဗုဒ္ဓဘာသာကျင့်ကြံသူများတစ်ယောက်ထက်ပို၍ လှုပ်ရျားလာကြပြီး မဟာတာအို၏စူးရှတေးသံက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ရန်ကျောက်ကဲက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို ကျွမ်းကျင်ပြီး စန်းချင်း(၃)ပါးကျင့်ကြံခြင်းအခြေခံ ခိုင်မာသော်လည်း သူ၏နားစည်များ ပေါက်ထွက်မတတ်ခံစားလိုက်ရကာ ခေါင်းထဲတွင် ကြယ်များလှည့်ပတ်နေသည့်ပမာ မူးဝေသွားရသည်။
သူက ပင့်သက်တစ်ချက် ရှိုက်သွင်းလိုက်ပြီး စိတ်ကိုတည်ငြိမ်စေလိုက်သည်။
သူက လက်ရှိအခြေအနေကို အရေးမစိုက်ဘဲ သူ ကြိုတင်ပြင်ဆင်ထားခဲသော ရတနာပစ္စည်းများကို ထုတ်ယူလိုက်ပြီး ထိုအရာများကို ဗလာနယ်ထဲတွင် ဝှေ့ယမ်းလိုက်သည်။
ဖန်းယွင်ရှန်းကတော့ သူ့နံဘေးတွင် ခိုင်မာစွာရပ်တည်နေပြီး လက်ထဲမှဓားရှည်အား စက်ဝိုင်းသဏ္ဌန်လှည့်ပတ်လိုက်သည်။
အနက်ရောင်ဓားရှည်က ဗလာနယ်ထဲတွင် ဖျောက်ဖျက်မရသော အမှတ်အသားတစ်ခုထားရှိခဲ့ပြီး သူတို့ရှိနေသည့်နေရာက အဆုံမရှိပြင်ပဗလာနယ်ထဲမှ သီးခြားခွဲထုတ်ခံလိုက်ရသည့်ပမာ ဖြစ်သည်။
ဓားအမှတ်အသားမှတစ်ဆင့် အနက်ရောင်အလင်းတန်းများ ကောင်းကင်ထိတိုက်မြင့်တက်သွားပြီး သဏ္ဌန်မဲ့အရံအတားတစ်ခု ဖြစ်ပေါ်လာကာ ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့အား သီးခြားနေရာတစ်ခုသို့ ခွဲထုတ်ပေးလိုက်သည်။
အနက်ရောင်ဓားအလင်းတန်းက အရာအားလုံး၏အဆုံးသတ်ဟု ထင်မှတ်ရပြီး ၎င်းနှင့်ထိတွေ့သမျှအရာအားလုံး ရပ်တန့်သွားကြသည်။
မဟာတာအို၏စူးရှတေးသံ ချက်ချင်းပင် ဖြတ်တောက်ခံလိုက်ရသည်။
သဏ္ဌန်မဲ့စူးရှတေးသံနှင့် ဗုဒ္ဓကျမ်းစာရွတ်ဖတ်သံများမှာ အနက်ရောင်အလင်း အရံအတားနှင့်ထိတွေ့မိသည်နှင့် ပျောက်ကွယ်သွားပြီး စွမ်းအားမဲ့သောလှိုင်းဂယက်များအဖြစ် ပြောင်းလဲသွားသည်။
ဗုဒ္ဓဘာသာကိုယ်တော်တစ်ပါးက အရံအတားအနီးသို့ရောက်လာပြီး ရန်ကျောက်ကဲ နှင့် ဖန်းယွင်ရှန်းတို့ကို စူးစိုက်ကြည့်လိုက်သည်။
သူက လက်အုပ်ချီလျှက် ဗုဒ္ဓကျမ်းစာတစ်ပုဒ်ကို ခပ်တိုးတိုးရွတ်ဆိုပြီး ဖန်းယွင်ရှန်းပြုလုပ်ထားသည့် ဗလာနယ်ထဲမှ ဓားအမှတ်အသားကို ဖြတ်ကျော်ရန် ရှေ့သို့ခြေလှမ်းလိုက်၏။
ဗုဒ္ဓဘာသာအဆက်အနွယ် သိုင်းပညာရပ်များက တမူထူးခြားသည်။
သူတို့၏ကျင့်စဉ်များက အလယ်ပိုင်းသုခဘုံ၏ပိုင်ရှင်ဖြစ်သော လင်စန်းတောင် ၊ တထာဂတဿဗုဒ္ဓထံမှ ပြီးပြည့်စုံစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။
အလယ်ပိုင်းသုခဘုံမတိုင်ခင်က အနောက်ဘက်သူတော်စင်ဘုံထွက်ပေါ်လာခဲ့ပြီး အနောက်ဒေသမှ ဒုတိယဘိုးဘိုးက ထိုက်ချင်တာအိုလမ်းစဉ်များဖြင့် လမ်းသစ်တစ်ခု စတင်ခဲ့သည်။
ယခု ထိုလမ်းသစ်က လက်ရှိ ဗုဒ္ဓဘာသာအဆက်အနွယ် သိုင်းပညာရပ်များ၏ ပုံရိပ်ဖြစ်လာသည်။
ဤသိုင်းပညာနှစ်ရပ် ပေါင်းစည်းသွားပြီး တဖြည်းဖြည်း ဗုဒ္ဓဘာသာသိုင်းပညာအဖြစ် ပုံပေါ်လာကာ တာအိုဝါဒနှင့်မတူကွဲပြားသော သိုင်းပညာရပ်များ ဖြစ်ပေါ်လာသည်။
ကိုးကားချက်များရှိခဲ့သည့်တိုင် အချို့အပိုင်းများက နဂိုကပင် တူညီခြင်းမရှိကြပေ။
ဗုဒ္ဓဘာသာသိုင်းပညာများက ရတနာ(၃)ပါး သင်ကြားမှုကိုအခြေခံထားပြီး သစ္စာ(၄)ပါးကို အနှစ်သာရအဖြစ်ယူကာ ဗောဓိပက္ခိယတရား (၃၇)ပါးကို အဓိကအုတ်မြစ်အဖြစ် တရားဝင်ဆက်နွယ်ထားရှိသည်။
ထိုအရာများအောက်တွင်မှ မတူကွဲပြားသော သိုင်းပညာအခွဲများ ဆက်လက်ဖွံ့ဖြိုးတိုးတက်လာပြီး အကိုင်းအခက် အစွယ်အပွားများအဖြစ် ပြောင်းလဲသွားကြသည်။
တာအိုဝါဒအဆက်အနွယ်များကဲ့သို့ပင် ပြင်ပရန်သူများနှင့်တိုက်ခိုက်သည့်အခါ ဗုဒ္ဓဘာသာအကိုင်းအခက်များ၏ သိုင်းပညာရပ်များက တိုက်ရိုက်ဗုဒ္ဓဘာသာအဆက်အနွယ်များထက် အားနည်းခြင်းမရှိပေ။
တချို့ဆိုလျှင် တိုက်ရိုက်ဗုဒ္ဓဘာသာအဆက်အနွယ် သိုင်းပညာရပ်များထက်ပင် ကျော်လွန်သွားနိုင်သည်။
သို့သော် သူတို့ကိုယ်တွင်းမှ ကျင့်ကြံခြင်းက သိုင်းပညာတစ်ခုချင်းစီ ကွဲပြားမှုကြောင့် မည်မျှမတူညီသည်ဖြစ်စေ နောက်ဆုံးမှာတော့ သူတို့အားလုံးက တူညီသည့်လမ်းကြောင်းဆီသို့ ပြန်လည်ရောက်ရှိသွားကြပေမည်။
ကျင့်ကြံခြင်းအဆင့် မြင့်တက်သွားလေ သူတို့က ကံတရားကိုဖြတ်ကျော်ပြီး သစ္စာလမ်းကိုထွန်းလင်းစေကာ အတ္တမရှိခြင်း၏ စစ်မှန်သောရည်ရွယ်ချက်ကို ထမ်းဆောင်ပြီး ပြီးပြည့်စုံသည့်ဉာဏ်ပညာကို ရရှိမည် ဖြစ်သည်။
ဤသဘောတရားကြောင့် အနောက်ဘက်သူတော်စင်ဘုံနှင့် အလယ်ပိုင်းသုခဘုံက သိသာထင်ရှားစွာ ကွဲပြားခြင်း မရှိပေ။
သို့သော် အဖြူရောင်ကြာပန်းသုခဘုံကတော့ မတူကွဲပြားသည်။
ဘုရားလောင်းက ကျမ်းစာများကို ပြန်လည်ပြုပြင်ဖွဲ့စည်းခဲ့သည်ဖြစ်ရာ “တရားထိုင်ခြင်း” ဆိုသည့်အယူအဆက ရှိနေဆဲဖြစ်သည့်တိုင် အဆိုပါ “တရားထိုင်ခြင်း” ကို ရုပ်ခန္ဓာကျင့်ကြံရန် ၊ ဉာဏ်ပညာနိုးကြားစေရန် ၊ ရည်မှန်းချက်ပြည့်စုံစေရန် သို့မဟုတ် လောကကိုထွန်းလင်းစေရန် အသုံမးပြုတော့ပေ။
ယခု ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ရှေ့တွင်ရှိနေသော ဗုဒ္ဓဘာသာကိုယ်တော်က အနောက်ဘက်သူတော်စင်ဘုံ အဆက်အနွယ်မှ ဖြစ်သည်။
ထိုကိုယ်တော်က လက်နှစ်ဖက်ကိုပင့်မြှောက်လိုက်ပြီး ဗောဓိပက္ခိယတရား (၃၇)ပါးတွင်ပါရှိသော သတိပဋ္ဌာနစည်းတံဆိပ်၏ နောက်ဆုံးစည်းတံဆိပ် “အတ္တမရှိဖြစ်စဉ်” ကို အသုံးပြုလိုက်သည်။
ဖြစ်စဉ်ဆိုသည်မှာ အမျိုးမျိုးသော ဖြစ်စဉ်များကို ဆိုလိုသည်။
ခံစားချက်ရှိသော သက်ရှိမျိုးစုံနှင့် ခံစားချက်မရှိသော အရာဝတ္ထုမျိုးစုံတို့သည် အမျိုးမျိုးသောဖြစ်စဉ်များအဖြစ် ဖော်ပြခံရသည်။
တကယ်တော့ သူတို့အားလုံးက ကံတရားနှင့် မသိမှုအဝိဇ္ဇာတို့ ပေါင်းစပ်ခြင်းမှ ဖြစ်ပေါ်လာကြခြင်း ဖြစ်သည်။
မည်သည့်အရာမှ ကံကြမ္မာမှ ခွဲထွက်နိုင်ခြင်းမရှိသလို စိတ်၏ထင်ယောင်ထင်မှားသိမြင်ခြင်းအားလုံးက မသိမှုအဝိဇ္ဇာဖြစ်သည်။
ဖြစ်စဉ်များတွင် မွေးခြင်း သေခြင်း၏ မတည်မြဲမှုများက ကနဦး “အတ္တ” ၏ အဝိဇ္ဇာလွှမ်းသော အယူအဆဖြစ်သည်။
ဗုဒ္ဓဘာသာကိုယ်တော်က “အတ္တမရှိစည်းတံဆိပ်” ကို အသုံးပြုရင်း သစ္စာ(၄)ပါးမှ တတိယသစ္စာဖြစ်သော ‘နိရောဓသစ္စာ’ ၏ ‘သံသရာပြတ်ခြင်းစည်းတံဆိပ်’ ကို ဆက်လက်လည်ပတ်စေသည်။
သံသရာပြတ်သည်ဆိုခြင်းမှာ နိဗ္ဗာန်ပင် ဖြစ်သည်။
ဆိုလိုသည်မှာ သုံးလောကအတွင်း မွေးခြင်း သေခြင်း ဒုက္ခများနှင့် ကံတရားများကို အပြီးတိုင် ဖယ်ရှားပစ်ခြင်း ဖြစ်သည်။ မွေးခြင်း သေခြင်းမှ လွတ်မြောက်သွားပါက သုံးလောက်တွင် ပြန်လည်မွေးဖွားခြင်းမရှိတော့ဘဲ နိဗ္ဗန်ကို ရရှိမည် ဖြစ်၏။
ဤသိုင်းပညာရပ်(၂)ခု ပေါင်းစည်းလိုက်သည့်အခါ ဖြစ်စဉ်အားလုံး၏ အဆုံးသတ် ၊ ဒုက္ခအားလုံးကိုဖြတ်တောက်ခြင်း၊ ဒုက္ခများမှလွတ်မြောက်ခြင်းဆိုသော ရည်ရွယ်ချက်အဖြစ် ပြောင်းလဲသွားသည်။
လက်တွေ့တိုက်ပွဲတွင် ဤသို့သောတိုက်ခိုက်မှုမျိုးက စန့်ချင်အဆက်အနွယ် ၊ လင်ပေါင်ဓားသိုင်း(၄)မျိုးမှ “နတ်ဘုရားသုတ်သင်ဓားသိုင်း” နှင့် တူညီသောသက်ရောက်မှုရှိသည်။
ဤဗုဒ္ဓဘာသာကိုယ်တော်က ဗုဒ္ဓဘာသာနယ်မြေအပြင်ဘက်သို့မထွက်သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း ဖန်းယွင်ရှန်း၏ဓားဝိညာဉ်က မည်မျှထူးခြားကြောင်း သိရှိခဲ့သည်။
ထို့ကြောင့် သူက ၎င်းကိုအထင်မသေးရဲဘဲ သူသင်ယူထားသမျှ ကျင့်စဉ်အနှစ်သာရအားလုံးကို ပထမဆုံးတိုက်ကွက်မှာပင် ပေါင်းစပ်ထုတ်ဖော်လိုက်ခြင်း ဖြစ်၏။
ဖန်းယွင်ရှန်း၏ မျက်ဝန်းများထဲတွင် နက်ပြာရောင်နတ်ဆိုးမီးလျှံများ ခုန်ပေါက်လျှက်ရှိသည်။
သူမက မလှုပ်မယှက်ဖြင့် ဓားရှည်ကို ရင်ဘတ်ရှေ့တွင် အလျားလိုက်ကိုင်ထားသည်။ သူမပုံစံက ရွေ့လျားရန် ရည်ရွယ်ချက်မရှိဘဲ ထူးကဲစွာ တည်ငြိမ်ခိုင်မာသည့် တောင်တစ်လုံးပမာ ဖြစ်၏။
တာအိုဝါဒ ထိုက်ရွှီးမူလနတ်ဘုရားနှင့် အဆင့်တူညီသော ဗုဒ္ဓဘာသာကိုယ်တော်၏ တိုက်ခိုက်မှုက ဖန်းယွင်ရှန်း၏ အနက်ရောင်ဓားအလင်း အရံအတားထက်သို့ ဆင်းသက်လာသည်။
အနက်ရောင်ဓားအလင်း အရံအတားက တည်ငြိမ်နေဆဲဖြစ်ပြီး လှိုင်းဂယက် တစ်စုံတစ်ရာပင် မမြင်ရပေ။ ကြည်လင်သော ဗုဒ္ဓအလင်းတန်းက ဗလာနယ်ထဲသို့ ပျံ့လွင့်ပျောက်ကွယ်သွားသည်။
“ခံစစ်စွမ်းအားနဲ့တောင် သူ့ရဲ့တန်ခိုးစွမ်းအားက ဒီလောက်မြင့်မားတာလား”
နေရာတွင် ရှိနေသူများအားလုံး အံ့အားသင့်သွားကြသည်။
“ဒါပမေဲ့ သူ့ကိုကြည့်ရတာ ခံစစ်ထက် တိုက်စစ်မှာပိုပြီး အားသာတဲ့ပုံပေါက်တယ်”
မြင်ကွင်းကိုကြည့်ရင်း ဟွေ့အန်းခရီးသည်လည်း မျက်မှောင်ကျုံ့လိုက်သည်။
“ဒီမိန်းကလေးကို အလေးအနက်ထားဖို့ စာရင်းသွင်းထားတာ အံ့သြစရာမရှိပါဘူး ၊ သူက ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးရဲ့ အခွင့်အာဏာကို ရရှိထားတယ် ၊ သူ့ရဲ့ပင်ကိုယ်စွမ်းအားကလည်း ထူးခြားတယ် ၊ ဒီ စွမ်းအားနှစ်ခု ပေါင်းစပ်လိုက်တော့ ထိုက်ရွှီးမူလနတ်ဘုရားအဆင့်မှာ သူနဲ့ယှဉ်နိုင်တဲ့သူ နည်းနည်းပဲရှိတယ် ၊ ဒါပေမဲ့ သူ့ကိုကြည့်ရတာ တမင်တကာ သူ့ကိုယ်သူထိန်းချုပ်ထားသလို ခံစားရတယ်”
သူက ဖန်းယွင်ရှန်းဘေးတွင် တိတ်ဆိတ်ငြိမ်သက်နေသည့် ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်ပြီး ပို၍မျက်မှောင်ကျုံ့သွားသည်။
“ဒီလူငယ် နာမည်ဂုဏ်သတင်းကြီးတာလည်း အလကားမဟုတ်ဘူးပဲ”
ဟွေ့အန်းခရီးသည်တွေးနေရင်းမှပင် ခန္ဓာကိုယ်ကို ဘေးသို့လှည့်ပြီး တိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။
ပူလောင်တောက်ပနေသော နေမင်းကြီးက ဗလာနယ်အလွှာများကို ထိုးခွင်းထွက်ပေါ်လာပြီး အဆုံးမရှိသောအလင်းတ်းများအဖြစ်ပြောင်းလဲသွားသည်ဖြစ်ရာ ဟွေ့အန်းခရီးသည်မှာ အနိုင်နိုင် ရှောင်တိမ်းလိုက်ရ၏။
ကောင်းဟန်က ပြုံးလိုက်ပြီး ခန္ဓာကိုယ်တစ်ပတ်လှည့်ကာ လခြမ်းကွေးဓားနှစ်လက်ကို ခုခံလိုက်ပြီး ဟွေ့အန်းခရီးသည်ကို ထပ်မံတိုက်ခိုက်လိုက်သည်။
“သူက လီရှင်းပါ့ထက် အများကြီးသာတာပဲ...”
ကောင်းဟန်၏တိုက်ခိုက်မှုကိုရင်ဆိုင်ရသည်နှင့် ဟွေ့အန်းခရီးသည် သက်ပြင်းချရင်း တွေးလိုက်သည်။
“မျိုးဆက်သစ်တွေက မျိုးဆက်ဟောင်းတွေထက်သာတယ်ဆိုတာ အမှန်ပဲ...”
ထိုအခိုက်အတန့်တွင် စစ်မြေပြင်တစ်ခုလုံး ရှုပ်ထွေးနေပြီး နေရာအနှံ့ တိုက်ပွဲများ ဖြစ်ပွားနေသည်။
ဖန်းယွင်ရှန်းနှင့် ရန်ကျောက်ကဲတို့နှစ်ယောက်သာ တိုက်ပွဲမှ သီးသန့်ခွဲထွက်နေပြီး ကျန်လူများအားလုံး တိုက်ပွဲဝင်နေကြသည်။
“ပြီးပြီ...”
ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။
ထို့နောက် သူက လက်နှစ်ဖက်ကိုယှက်လိုက်ရာ သူ၏မျက်လုံးရှေ့တွင် အလင်းတန်းများ ခုန်ပေါက်ထွက်ပေါ်လာသည်။
နောက်ဆုံးတွင် အလင်းတန်းများက မှိန်ဖျော့သွားပြီး မှိုင်းညို့သည့်ပုံမကျပန်းမကျ အလင်းရောင်များအဖြစ် ပြောင်းလဲသွားလေ၏။