ဂုဏ်ရောင်ကိုးဝါရတနာခုနစ်ပါး ဝင်္ကပါအစီအရင်
Vol. 99 Ch. 1388
အခန်း (၁၃၈၈) ဂုဏ်ရောင်ကိုးဝါရတနာခုနစ်ပါး ဝင်္ကပါအစီအရင်
ရန်ကျောက်ကဲက သူ၏လက်ကို အောက်သို့ဖိချလိုက်သည့်အခါ အလင်းတန်းက သူ၏ခြေထောက်ထက်သို့ ကျရောက်သွားကာ လျှင်မြန်စွာ ကျယ်ပြန့်သွားပြီး “ကျယ်ပြန့်သည့်ဝိညာဉ်ကျိန်စာစည်းတံဆိပ်” တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
မှိန်ဖျော့သော အလင်းစီးကြောင်းများ အပြင်သို့ ပြန့်ကားထွက်လာပြီး ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။
အလင်းစီးကြောင်းများက အဝေးသို့ပင်ပျံ့နှံ့သွားပြီး အကွာအဝေးသဘောတရားသည်ပင် ပျောက်ကွယ်သွားသယောင် ထင်မှတ်ရသည်။
လူတိုင်းရင်ထဲ လေးလံသည့်ခံစားချက်တစ်ခု ဖိစီးလာသည်။
“မြေကမ္ဘာမယ်တော်ရဲ့ အစစ်အမှန်အမွေအနှစ်တစ်ခုလား...”
သွေးနီမြူခိုးတာအိုဆရာ ရုတ်တရက် သဘောပေါက်သွားသည်။
“ဒါက မြေကမ္ဘာမယ်တော်ရဲ့ ထိပ်တန်းသိုင်းပညာမဟုတ်ဘူး ၊ သူကိုယ်တိုင်ရေးသားထားတဲ့ ကျမ်းတစ်စောင်ပဲ”
ရန်ကျောက်ကဲ အသုံးပြုနေသောစွမ်းအားက နှောင်းပိုင်းမြေကမ္ဘာကျမ်းစာမှ ဆင်းသက်လာခြင်းဖြစ်ပြီး ၊ ထိုအရာက အထက်ဘုံကမ္ယာ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ရှိ ကျူတောပင်လယ်ဒေသတွင် မြှုပ်နှံထားခဲ့သည့်အရာ ဖြစ်သည်။
အတိတ်တစ်ချိန်က ထိုရတနာကို ရယူရန်အတွက် ချင်းယွမ်ဧကရာဇ်၏လမ်းညွှန်မှုဖြင့် တာ့ရွှမ်တိုင်းပြည်က ဒေသများစွာကိုဖြတ်ကျော်ပြီး ကျူတောပင်လယ်ဒေသသို့ ရောက်ရှိလာကာ ရာစုနှစ်ပေါင်းများစွာ ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။
နောက်ပိုင်း တာ့ရွှမ်တိုင်းပြည်က ရန်ကျောက်ကဲနှင့် ဝါဒတောင်လက်ချက်ဖြင့် ပျက်ဆီးသွားသည့်အခါ ချင်းယွမ်ဧကရာဇ်သည်လည်း စိတ်ပျက်လက်ပျက်ဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ရသည်။
ထိုစဉ်က ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအဆင့်က နိမ့်ပါးသေးသဖြင့် နှောင်းပိုင်းမြေကမ္ဘာကျမ်းစာကို ရယူနိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ကျူတောပင်လယ်ဒေသတွင်သာ ဤအတိုင်းထားရှိခဲ့ရသည်။
ချင်းယွမ်ဧကရာဇ်ကတော့ ကျူတောပင်လယ်ဒေသမှ နှောင်းပိုင်းမြေကမ္ဘာကျမ်းစာကိုရယူရန် အခွင့်အရေး ထပ်မံရှာဖွေခဲ့သည်။
မြေကမ္ဘာထိပ်တန်းအရှင်သခင် ဦးဆောင်ပြီး ရွှယ်ချူးချင်အားဝိုင်းဝန်းတိုက်ခိုက်သည့်အခါ ချင်းယွမ်ဧကရာဇ်က သူ့ဘက်မှပါဝင်ခဲ့သော်လည်း နောက်ဆုံး မအောင်မြင်ခဲ့ပေ။
ရန်ကျောက်ကဲက အထက်ဘုံကမ္ဘာ နယ်မြေ(၅)ခုကို အဂ္ဂိရတ်ခန်းမသို့ ပြောင်းရွှေ့လိုက်သည့်အခါ ချင်းယွမ်ဧကရာဇ်မှာ ကျူတောပင်လယ်ဒေသတွင် မြှုပ်နှံထားသော ထိုရတနာပစ္စည်းကို လိုချင်တတ်မက်ရုံမှတပါး ဘာမှမတတ်နိုင်ခဲ့ပေ။
ရန်ကျောက်ကဲ နတ်ဘုရားတံခါးကို တွန်းဖွင့်ပြီး အစစ်အမှန်နတ်ဘုရားအဆင့်သို့ တက်ရောက်ပြီးနောက် မြေကမ္ဘာမယ်တော်တာအိုထုံးတမ်းအစီအရင်၏ အကူအညီဖြင့် နှောင်းပိုင်းမြေကမ္ဘာကျမ်းစာကို ရယူနိုင်ခဲ့သည်။
အဂ္ဂိရတ်ခန်းမက ထျန်းစူးစကြာဝဠာအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်လေရာ ရန်ကျောက်ကဲအနေဖြင့် သွားလေရာ သယ်ဆောင်လာနိုင်ခြင်း မရှိတော့ပေ။
အဂ္ဂိရတ်ခန်းမ မရှိသဖြင့် အခြားသူများကိုတိုက်ခိုက်ရန်အတွက် “ကောင်းကင်ဘုံတို့၏အုပ်စိုးရှင် ၊ ဉာဏ်အလင်းကရုဏာရှင် စောင့်ရှောက်သူနတ်ဘုရား” ၏ တန်ခိုးစွမ်းအားကိုလည်း ပြသနိုင်ခြင်း မရှိတော့ပေ။
သို့သော် ရန်ကျောက်ကဲက မြေကမ္ဘာမယ်တော်၏ နှောင်းပိုင်းမြေကမ္ဘာကျမ်းစာဖြင့် အန္တရယ်ကိုရင်ဆိုင်ရန် ပြင်ဆင်မှုအချို့ ပြုလုပ်ထားခဲ့သည်။
နှောင်းပိုင်းမြေကမ္ဘာကျမ်းစာက တန်ခိုးစွမ်းအားထုတ်လွှတ်လိုက်သည်နှင့် ပတ်ဝန်းကျင်တစ်ခွင်လုံးသို့ အလင်းတန်းများ ပျံ့နှံ့သွားသည်။
ရန်ကျောက်ကဲ၏ ဦးခေါင်းထက်တွင်လည်း အလင်းစီးကြောင်းတစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
အလင်းစီးကြောင်းက ကောင်းကင်ကိုထမ်းပိုးနိုင်သော ၊ ဖြစ်ပျက်သမျှ အရာအားလုံးကို အုပ်စိုးနိုင်သော ၊ ယင်နှင့်ယန် လည်ပတ်မှု၏ သိမ်မွေ့သောအမှန်တရားကို သယ်ဆောင်နိုင်သော စွမ်းအားမျးနှင့်ပြည့်ဝပြီး အဆုံးမရှိသော တည်ရှိမှုတစ်ခုနှင့် ဆင်တူသည်။
“ပေါင်းစည်း...”
ရန်ကျောက်ကဲ တိုးညှင်းစွာ အမိန့်ပေးလိုက်သည်နှင့် သူ၏ခြေထောက်အောက်တွင် ဝိညာဉ်သင်္ကေတများ တဟုန်ထိုးထွက်ပေါ်လာပြီး ကြီးမားသောအလင်းတိုင်ကြီး(၉)တိုင်က မြေပြင်ထဲမှ ဆွဲထုတ်ခံရသည့်အလား ထွက်ပေါ်လာသည်။
ကောင်းကင်ကိုထမ်းပိုးနိုင်စွမ်းရှိသော အလင်းတိုင်ကြီးများက ဗလာနယ်ထဲတွင် တည်ရှိနေပြီး ကောင်းကင်ကို ထောက်မထားသည့်အလား ၊ သို့မဟုတ် နတ်ဘုံနတ်နန်းတစ်ခုကို ထောက်ကူထားသည့်အလား မားမားမတ်မတ် ရပ်တည်နေသည်။
“အစီအရင် အမိန့်ထုတ်ပြန်...”
ရန်ကျောက်ကဲက လက်ဖြင့်စည်းတံဆိပ်တစ်ခုပြုလုပ်ပြီး ပုံစံပြောင်းလဲလိုက်သည်။
ချက်ချင်းပင် ကြီးမားသောအစီအရင်ထဲ၌ ခပ်မှိန်မှိန်တောက်ပနေသော အလင်းရောင်အစုအဝေး (၇)ခု ထွက်ပေါ်လာသည်။
ပြင်ပဗလာနယ်ထဲတွင် အလင်းရောင်အစုအဝေး(၇)ခုက လည်ပတ်နေသည့် အခိုးအငွေ့ဟင်းလင်းပြင် (၇)ခုနှင့် ဆင်တူသည်။
အတွင်း၌ ကြီးမားသောစွမ်းအားနှင့်အတူ ပြည့်လျှံသော တက်ကြွမှုများ ပါဝင်သည်။
ကြီးမားသောအစီအရင် လှည့်ပတ်သွားသည်နှင့် အစီအရင်အလွှာများ တစ်ခုနှင့်တစ်ခုချိတ်ဆက်ပြီး တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသည်။
ဂုဏ်ရောင်ကိုးဝါရတနာခုနစ်ပါး ဝင်္ကပါအစီအရင်...။
အစီအရင်ထဲ ကျရောက်နေသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများအားလုံး ခန္ဓာကိုယ်ထက် လေးလံမှုကို ခံစားလိုက်ကြရသည်။
သူတို့အား အောက်သို့ဆွဲယူနေသည့်ဆွဲငင်အားကို ခံစားရရုံသာမက သူတို့၏ ဗုဒ္ဓစွမ်းအားလည်ပတ်မှုသည်လည်း ရပ်တန့်သွားသည်။
သို့သော် အစီအရင်က ဖန်းယွင်ရှန်းအပေါ်မှာတော့ လုံးဝ သက်ရောက်ခြင်း မရှိပေ။
သူမက ခံစစ်အနေအထားမှ တိုက်စစ်သို့ပြောင်းလဲလိုက်ပြီး ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ခြင်းအငွေ့အသက်များပြည့်နေည့် ဓားအလင်းတန်းက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ရန်သူများမှာ ကူရာကယ်ရာမဲ့စွာဖြင့် ဆုတ်ခွာရန်မှလွဲပြီး တခြားနည်းလမ်း မရှိခဲ့ပေ။
နှောင်းပိုင်းမြေကမ္ဘာကျမ်းစာ၏ သက်ရောက်မှုမရှိစဉ်ကပင် ဖန်းယွင်ရှန်း၏ ရုတ်တရက်တိုက်ခိုက်မှုများကို သတိထား ကာကွယ်ခဲ့ရသည်။
ယခု နှောင်းပိုင်းမြေကမ္ဘာကျမ်းစာ၏ သက်ရောက်မှုကိုခံစားရသည့်အခါ အခြေအနေက ပိုမိုဆိုးရွားလာပြီး သူတို့အနေဖြင့် တစ်ချက်မှားယွင်းမိလျှင် ထိုနေရာတွင် အသက်ပျောက်သွားနိုင်၏။
ထိုမြင်ကွင်းကိုတွေ့တော့မှ လီရှင်းပါ့နှင့် သွေးနီမြူခိုးတာအိုဆရာတို့ သက်ပြင်းချလိုက်ကြသည်။ ထို့နောက် တခြားကိစ္စများကိုမစဉ်းစားဘဲ ဟွေ့အန်းခရီးသည်အား ဝင်ရောက်တိုက်ခိုက်လိုက်ကြ၏။
ကောင်းဟန်က ခေါင်းငုံ့ပြီး အလင်းတန်းများဖုံးလွှမ်းနေသော မြေပြင်ကို ကြည့်လိုက်သည်။
သူက မချိပြုံးတစ်ချက်ပြုံးလိုက်ရင်း...
“မင်းက ဒီလောက်တောင် သတိကြီးတာလား”
လင်ချင်းကတော့ တိတ်ဆိတ်စွာမတ်တတ်ရပ်ရင်း ရန်ကျောက်ကဲကို တစ်ချက်စူးစိုက်ကြည့်လိုက်ပြီး ဟွေ့အန်းခရီးသည်ကို ဆက်လက်တိုက်ခိုက်လိုက်သည်။
ဗုဒ္ဓဘာသာကိုယ်တော်များ အတင်းထိုးစစ်ဆင် မတိုက်ခိုက်ရဲတော့ပေ။
သူတို့က ဟွေ့အန်းခရီးသည်အနီးသို့ ပိုမိုတိုးကပ်လာပြီး အတူပူးပေါင်းပြီး ရန်သူများကိုကာကွယ်ရန် ကြိုးစားလိုက်ကြသည်။
အစပိုင်းတွင် ဗုဒ္ဓဘာသာကျင့်ကြံသူများဘက်က လူအင်အားများသဖြင့် နတ်မိစ္ဆာများနှင့်ရော ကောင်းဟန်တို့အုပ်စုနှင့်ပါ တိုက်ခိုက်နေရသည့်တိုင် မည်သည့်ဆုံးရှုံးမှုမှ မခံစားရပေ။
သို့သော် ရန်ကျောက်ကဲ၏ နှောင်းပိုင်းမြေကမ္ဘာကျမ်းစာ လွှမ်းခြုံမှုအောက်သို့ ရောက်သွားသည့်အခါ သူတို့ဘက်မှ အားနည်းချက်ရှိလာသည်။
ဟွေ့အန်းခရီးသည်က...
“ပြန်ဆုတ်... ဒီနေရာက ပြန်ဆုတ်ကြ ၊ နောက်မှ ထပ်ပြီးထိုးစစ်ဆင်မယ်”
ဟွေ့အန်းခရီးသည်က ဆုံးဖြတ်ချက်ချရာတွင် ပြတ်သားသည်။
သူက မရရအောင် အတင်းတိုက်ခိုက်နေခြင်းမျိုးမလုပ်ဘဲ စန်းကွမ်းနတ်ရေစင်ကို သိမ်းဆည်းလိုက်ပြီး အခြားသော ဗုဒ္ဓဘာသာကိုယ်တော်များနှင့်အတူ ဆုတ်ခွာရန်ပြင်ဆင်လိုက်သည်။
ဒါကိုမြင်တော့ ရန်ကျောက်ကဲက ပြုံးလိုက်ပြီး ရှေ့သို့ ခြေလှမ်းလိုက်၏။
ဟွေ့အန်းခရီးသည်နှင့် အခြားသူများ ကျောရိုးတစ်လျှောက် အေးစိမ့်မှုကို ခံစားလိုက်ရသည်။
နှောင်းပိုင်းမြေကမ္ဘာကျမ်းစာဖြင့် ရန်ကျောက်ကဲ ပြုလုပ်ထားသည့်အစီအရင်က တစ်နေရာတည်းတွင် ရပ်တည်နေခြင်းမဟုတ်ဘဲ နေရာပေါင်းစုံသို့ လိုက်ပါရွေ့လျားနိုင်စွမ်း ရှိသည်။
သူတို့က ခြေလှမ်းတိုင်း ကြာပန်းများပေါက်နိုင်စွမ်းရှိသည့် ဗုဒ္ဓဘာသာကျင့်ကြံသူများဖြစ်သည့်တိုင် နှောင်းပိုင်းမြေကမ္ဘာကျမ်းစာ၏သက်ရောက်မှုကြောင့် လုံးဝ မြန်နှုန်းတိုးတက်ခြင်း မရှိတော့ပေ။
သူတို့အားလုံး ရန်ကျောက်ကဲ၏ထောင်ချောက်ထဲမှ ရုန်းထွက်နိုင်ခြင်းမရှိပေ။
ဗုဒ္ဓဘာသာကိုယ်တော်များ ပင့်သက်တစ်ချက်ရှိုက်လိုက်ကြသည်။
ဗုဒ္ဓဘာသာကိုယ်တော်တစ်ပါးက...
“ဒီအစီအရင်ကို မဖျက်ဆီးရင် ကျုပ်တို့ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
သူက ရွှေရောင်ကြာပလ္လင်ထက်တွင်ထိုင်နေပြီး ဦးခေါင်းထက်တွင် ရွှေရောင်မီးအိမ်တစ်လုံး တောက်ပနေသည်။ သူ၏ဘယ်လက်တွင် မှန်ကူမီးအိမ်တစ်လုံးကိုင်ထားပြီး ညာလက်မှာတော့ ယိုထန်ပန်းကို ကိုင်ဆောင်ထားသည်။
“မင်းပြောတာ အမှန်ပဲ... ယိုထန်ဗောဓိသတ္တ”
ဟွေ့အန်းခရီးသည်နှင့် အခြားဗုဒ္ဓဘာသာကျွမ်းကျင်သူများ ခေါင်းညိတ်လိုက်ကြပြီး အားလုံးက ရန်ကျောက်ကဲအား ဝိုင်းဝန်းတိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။
ဖန်းယွင်ရှန်းက မျက်ခုံးများကို တွန့်ချိုးလိုက်၏။
သူမသည် ရှေ့သို့လှမ်းလိုက်ပြီး လက်ထဲတွင်ရှိသော အနက်ရောင်ဓားကို မြှောက်လိုက်ပြီး ဓားကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ အောက်သို့ခုတ်ပိုင်းချလိုက်သည်။
“အော်မီတော်ဖော်...”
ဟွေ့အန်းခရီးသည် ၊ ယိုထန်ဗောဓိသတ္တနှင့် အခြားဗုဒ္ဓဘာသာကိုယ်တော်များ ဗုဒ္ဓကျမ်းစာရွတ်ဆိုပြီး သူတို့ကိုင်ဆောင်သည့် ဗုဒ္ဓရတနာပစ္စည်းများကို ထုတ်ယူလိုက်ကြသည်။
လခြမ်းကွေးဓားနှစ်လက်၊ မှန်ကူမီးအိမ်၊ ရွှေခန္ဓာမိုးကြိုး၊ သပိတ်...။
ဗုဒ္ဓစွမ်းအားများ၏ ထောက်ပံ့မှုဖြင့် ဗုဒ္ဓရတနာများက အဆုံးမရှိအလင်းတန်းများဖြင့် တောက်ပနေသော ဗုဒ္ဓအစီအရင်အဖြစ်သို့ လျှင်မြန်စွာ ပြောင်းလဲသွားသည်။
သို့သော် ဖန်းယွင်ရှန်း၏အနက်ရောင်ဓား ဗုဒ္ဓအစီအရင်ပေါ်သို့ ကျရောက်လာသည်နှင့် အဆုံးမရှိသော အလင်းတန်းများ မှိန်ဖျော့သွားရသည်။
ဗုဒ္ဓရတနာများ တစ်ခုပြီးတစ်ခု ပြိုကျလာသည်။
သို့သော် ထိုအခိုက်အတန့်တွင်ရရှိသည့် အခွင့်အရေးကိုအသုံးပြုပြီး ယိုထန်ဗောဓိသတ္တ၏လက်ချောင်းထိပ်မှ ပန်းပွင့်အလွှာတစ်ခုက အလင်းစီးကြောင်းအဖြစ်ပြောင်းလဲသွားပြီး ရန်ကျောက်ကဲထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာသည်။
အလင်းစီးကြောင်းက ဗလာနယ်တစ်လျှောက်ဖြတ်သန်းသွားပြီး ရန်ကျောက်ကဲရှေ့သို့ ရောက်ရှိလာသည်။ ထိုအရာက နဂိုကပင် ရန်ကျောက်ကဲရှေ့တွင်ရှိနေသည်ဟု ထင်မှတ်ရလောက်အောင် လျှင်မြန်လှသည်။
ထိုပန်းပွင့်လွှာနှင့် ရင်ဆိုင်ရသည့်အခါ ရန်ကျောက်ကဲစိတ်က ခဏတာ ဗလာကျင်းသွားသည်။
မဟာတာအို၏စူးရှတေးသံကိုမကြားရသည့်တိုင် သူ့စိတ်တစ်ခုလုံး ဗလာကျင်းသွားသည့်ပမာ ခံစားရသည်။
ဗလာကျင်းသွားသည်ဟု ပြောရန်အပြင် တိကျစွာဖော်ပြရန် အခြားစကားလုံး မရှိပေ။
ဘာမှမရှိသော ဗလာနယ်ထဲတွင် သေမျိုးလူသားလောက၏ကိစ္စများကို ထိုးထွင်းသိမြင်ပြီး အရာအားလုံးက တံလျှပ်မျှသာဖြစ်ကြောင်းခံစားမိကာ ၊ သူ၏တွေးခေါ်နိုင်စွမ်းတို့သည်လည်း ပျောက်ဆုံးသွားသယောင် ရှိသည်။
အပြင်ဘက်တွင်ကြည့်မည်ဆိုလျှင် ယိုထန်ဗောဓိသတ္တရော ရန်ကျောက်ကဲ၏မျက်နှာထက်တွင်ပါ အပြုံးတစ်ခုစီ ထွက်ပေါ်လာသည်။
သို့သော် ရန်ကျောက်ကဲ၏မျက်နှာထက်မှအပြုံးက လျှင်မြန်စွာ ပျောက်ကွယ်သွားကာ ချက်ချင်းပင် ပြန်လည်တည်ငြိမ်သွားသည်။
သူက တည်ငြိမ်မှုကိုထိန်းထားပြီး ခြေလှမ်းများကိုရပ်တန့်လိုက်ကာ မျက်လုံးများက အေးစက်သွားသည်။
ချက်ချင်းဆိုသလိုပင် ဂုဏ်ရောင်ကိုးဝါရတနာခုနစ်ပါး ဝင်္ကပါအစီအရင်ထဲမှ ကောင်းကင်ကိုထမ်းပိုးထားသော အလင်းတိုင်များက မြေအောက်သို့နစ်မြုပ်သွားပြီး ကောင်းကင်ကိုထောက်ပံ့မထားတော့ဘဲ မြေပြင်ထဲသို့ ပြန်လည်နစ်မြုပ်သွားသည်။
အခိုးအငွေ့ဟင်းလင်းပြင် (၇)ခုက တပြိုင်နက်တည်းအထက်သို့တက်လာပြီး သေမျိုးလူသားလောကမှသည် ကောင်းကင်ဘုံသို့ တက်ရောက်သည့်ပမာ ထင်မှတ်ရ၏။
ဤပြောင်းလဲမှုဖြင့် မိုးနှင့်မြေ နေရာချင်းလဲသွားပြီး ယင်နှင့်ယန်က ကြီးမားသောအစီအရင်အတွင်း လှည့်ပတ်သွားသည်။
ဧရာမ ယင်ယန်ကားချပ်တစ်ခုသည် ပေါ်ထွက်လာပြီး အစီအရင်တစ်ခုလုံးကို လွှမ်းခြုံသွားကာ ထိုအရာက ရန်ကျောက်ကဲ၏ဦးခေါင်းထက်တွင် တည်ရှိနေသည်။
ယိုထန်ပန်း အလင်းတန်းက ယင်ယန်ကားချပ်နှင့်ထိတွေ့သွားပြီး ယင်နှင့်ယန်ထဲတွင် လှည့်ပတ်နေသည်။
***
(မှတ်ချက် - ဤ ရှန်းရှစာစဉ်မှ ဗုဒ္ဓ ၊ ဘုရားလောင်း ၊ ဗုဒ္ဓဘာသာဆိုသည့်အသုံးအနှုန်းများမှာ မဟာယာနဗုဒ္ဓဘာသာကို ရည်ညွှန်းခြင်းဖြစ်ပြီး ထေရဝါဒဗုဒ္ဓဘာသာနှင့်သက်ဆိုင်ခြင်းမရှိပါ - ဘာသာပြန်သူ)