ကမ္ဘာဖျက်နတ်ဆိုးဓား ၊ အလုံးစုံသုတ်သင်ဖျက်ဆီးခြင်း အသူရာချောက်နက်
Vol. 99 Ch. 1390
အခန်း (၁၃၉၀) ကမ္ဘာဖျက်နတ်ဆိုးဓား ၊ အလုံးစုံသုတ်သင်ဖျက်ဆီးခြင်း အသူရာချောက်နက်
မဟာဂဠုန်နှစ်ကောင်က စန်းကွမ်းနတ်ရေစင်ကိုရရှိရန် ရန်ကျောက်ကဲနှင့် ယှဉ်ပြိုင်တိုက်ခိုက်ကြသည်။
ဘုန်းတော်ကြီးအုပ်စုက ကောင်းဟန်နှင့် လီရှင်းပါ့ကို တိုက်ခိုက်နေကြပြီး အခြားမဟာနတ်မိစ္ဆာသုံးကောင်တော့ ဟွေ့အန်းခရီးသည်ကို တိုက်ခိုက်လိုက်သည်။
ယိုထန်ဗောဓိသတ္တကို ကယ်တင်ပြီးနောက် ဟွေ့အန်းခရီးသည်က တိုးညှင်းစွာ အော်ဟစ်လိုက်ပြီး လခြမ်းကွေးဓားနှစ်လက်ကို ထပ်မံဆွဲထုတ်လိုက်သည်။
ဓားနှစ်ချောင်းက ဗလာနယ်အတွင်း၌ ကခုန်လှုပ်ရှားကာ ဓားရောင်ခြည်ပင်လယ်တစ်ခု ဖြစ်ပေါ်လာစေပြီး မဟာနတ်မိစ္ဆာများကို ရှေ့သို့မတိုးနိုင်အောင် တားဆီးလိုက်၏။
အခြားဗုဒ္ဓဘာသာကိုယ်တော်များကလည်း လှုပ်ရှားလာကြပြီး လီရှင်းပါ့ကို ပိတ်ဆို့ထားလိုက်သည်။
ထို့နောက် ဘုန်းတော်ကြီးအုပ်စုက သူတို့၏ ထိပ်တန်းသိုင်းပညာရပ်များကို အသုံးပြုကာ နေရာမှလျင်မြန်စွာ ဆုတ်ခွာသွားကြသည်။
အခြားတစ်ဖက်မှာတော့ ရန်ကျောက်ကဲ၏ အစီအရင်လွှမ်းမိုးမှုအောက်တွင် စန်းကွမ်းနတ်ရေစင် ဖြည့်ထားသော သွေးနီရောင်ဘူးသီးခြောက်က သူ့ဆီသို့ ပျံသန်းလာသည်။
သို့ပေသိ အခြားသူများအားလုံးက ကိစ္စရပ်များ ဤသို့အဆုံးသတ်သွားမည်ကို မလိုလားကြပေ။
လင်ချင်း ၊ သွေးနီမြူခိုးတာအိုဆရာနှင့် မဟာဂဠုန် (၂)ကောင်သည်ပင် ရန်ကျောက်ကဲဆီသို့ အပြေးအလွှားရောက်ရှိလာကြသည်။
ရန်ကျောက်ကဲက နေရာမှာပင် မတ်တတ်ရပ်နေဆဲ ဖြစ်၏။
သူက ကြာပန်းအနေအထားဖြင့် ထိုင်နေပြီး စာလိပ်ကို လက်ထဲတွင် ဆုပ်ကိုင်ထားသည်။
ထိုခဏတွင် ဖန်းယွင်ရှန်း၏ မျက်တန်းများထဲမှ နက်ပြာရောင်နတ်ဆိုးမီးလျှံများက ပိုမိုနက်မှောင်လာပြီး ရက်စက်ကြမ်းတမ်းမှုများဖြင့် ပြည့်လာသည်။
သူမက လက်တစ်ဖက်ဖြင့် ဓားကိုကိုင်ထားပြီး ကျန်လက်တစ်ဖက်တွင် အနက်ရောင်ကျောက်ပုလင်းလေးတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် ဖန်းယွင်ရှန်းက သူမ၏လက်နှစ်ဖက်ကို ဘေးသို့ ဖြန့်ကားလိုက်၏။
ကြောက်မက်ဖွယ်ရာ အနက်ရောင်မီးတောက်များနှင့် နတ်ဆိုးအငွေ့အသက်များသည် သူမ၏ဦးခေါင်းမှ ထွက်ပေါ်လာပြီး သူမ၏ပုခုံးများ ၊ လက်မောင်းများ ၊ နောက်ဆုံး သူမ၏ရှည်လျားသောဓားနှင့် အနက်ရောင်ကျောက်ပုလင်းလေးဆီသို့ ပျံ့နှံ့သွားသည်။
နတ်ဆိုးမီးတောက်များ ဆက်လက်မြင့်တက်လာသည်။
ဤသည်က အမှောင်နတ်ဆိုးဓားချီမှ ဆင်းသက်လာခြင်းဖြစ်သော်လည်း ၎င်းအတွင်းပါဝင်သော စွမ်းအားက တိုက်စားခြင်းတန်ခိုးစွမ်းအားကဲ့သို့ ရိုးရှင်းခြင်းမရှိပေ။
ထိုစွမ်းအားတွင် ပါဝင်သော ရက်စက်မှုနှင့် ရန်လိုမှုက ပိုမိုနက်ရှိုင်းလာပြီး အထီးကျန်မှုနှင့် အဖျက်တရားများဖြင့် ပြည့်နက်နေကာ အရာအားလုံးထာဝရသေခြင်းတရားဆီသို့ ရောက်ရှိပြီး အဆုံးသတ်သွားသည့်ပမာ ထင်မှတ်ရသည်။
တောက်လောင်နေသော အနက်ရောင်မီးလျှံများ ဆက်လက်မြင့်တက်လာပြီး ဖန်းယွင်ရှန်း၏ဦးခေါင်းထက်တွင် ဝေဝါးသောပုံရိပ်တစ်ခု ဖြည်းညင်းစွာ ဖြစ်တည်လာသည်။
ထိုပုံရိပ်က နတ်ဆိုးတစ်ကောင်၏ပုံစံမျိုးဖြစ်သော်လည်း အသွင်သဏ္ဌန်က ဗလာဖြစ်နေပြီး သေခြင်းတရား၏ ငြိမ်သက်မှုတစ်ခုပမာ ထင်မှတ်ရ၏။
ပုံသဏ္ဌန်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ၊ စိတ်ခံစားမှု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ၊ အသက်ရှင်သည်ဖြစ်စေ ၊ သေသည်ဖြစ်စေ ၊ ထိုအရာနှင့်ထိတွေ့မိသော အရာအားလုံး အဆုံးသတ်ကိုရင်ဆိုင်ရမည်ဖြစ်ပြီး ဆက်လက်တည်ရှိနိုင်မည် မဟုတ်တော့ပေ။
အချိန်နှင့်နေရာ ၊ ဒြပ်စင်များ ၊ သက်ရှိများ ၊ ဝိညာဉ်များနှင့် ကမ္ဘာလောကအတွင်းမှ များပြားလှစွာသော လမ်းစဉ်များပင်လျှင် ၊ မည်သည့်အရာမှ ခြွင်းချက်ရှိမည် မဟုတ်ပေ။
ထိုအရာက ကြောက်မက်ဖွယ်အကောင်းဆုံး ချောက်နက်ကြီးပမာဖြစ်ပြီး အရာအားလုံး၏ နောက်ဆုံးအနားယူရာနေရာနှင့်လည်း ဆင်တူသည်။
ဖော်မပြနိုင်သော ခံစားချက်တစ်ခုကို ခံစားရစေပြီး ထိုခံစားချက်က ထူးဆန်းသောစိတ်ပျက်အားငယ်မှုကို ထွက်ပေါ်လာစေကာ လူတိုင်း၏စိတ်ကို ထုံကျဉ်မှုဖြင့် ကျန်ရစ်စေသည်။
ကမ္ဘာဖျက်နတ်ဆိုးဓား ၊ အလုံးစုံသုတ်သင်ဖျက်ဆီးခြင်း အသူရာချောက်နက်။
ဖန်းယွင်ရှန်း၏ ဦးခေါင်းမှ အလင်းတန်းများ ထွက်ပေါ်လာသည်။
ပထမဦးစွာ အလင်းတန်းတစ်ခု ပေါ်လာသည်...။
ထို့နောက် ဒုတိယတစ်ခု...။
ပန်းနှစ်ပွင့်ပေါင်းစည်းခြင်းသရဖူ...။
သူမ၏ တန်ခိုးစွမ်းအား အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားသည်။
သူမက တိုးလျသည့်လေသံဖြင့်...
“ကျွန်မကို အပြစ်မတင်နဲ့တော့...”
မိုးကောင်းကင်ဆီမှ ကမ္ဘာဖျက်စွမ်းအား ဖြစ်စဉ်များအားလုံး သူမ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဆုတ်ခွာသွားသည်။
ထို့နောက် သူမ၏ ဘယ်ဘက်လက်ထဲရှိ အနက်ရောင်ကျောက်ပုလင်းက ပျောက်ကွယ်သွားပြီး ဗလာကျင်းနေသောလက်က ရှေ့သို့ဆန့်ထွက်လာသည်။
အနက်ရောင်အလင်းတန်း၏ လှုပ်ရှားမှုအောက်တွင် အကွာအဝေးသည် အဓိပ္ပါယ်မရှိတော့ပေ။
သူမက မဟာဂဠုန်တစ်ကောင်ရှေ့သို့ ချက်ချင်းရောက်ရှိသွားပြီး လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။
မဟာဂဠုန်က ရုန်းကန်ရန် ကြိုးစားသော်လည်း အနက်ရောင်အလင်းတန်း၏ လှုပ်ရှားမှုအောက်တွင် လွတ်မြောက်နိုင်ခြင်းမရှိခဲ့ပေ။ သူသည် ဖန်းယွင်ရှန်း၏ ဖမ်းဆုပ်မှုအောက်တွင် ရွေ့လျားမရနိုင်ဘဲ ပိတ်မိနေသည်။
ဖန်းယွင်ရှန်းက သူမ၏ဆုပ်ကိုင်မှုကို တင်းကျပ်လိုက်သည်နှင့် မဟာဂဠုန်၏ လည်ပင်းမှ ကျိုးပဲ့သံတစ်ခု ထွက်ပေါ်လာသည်။
သူ၏လေပြွန်မှ သွေးများယိုစိမ့်သံထွက်ပေါ်လာပြီး သူက အတောင်များကို အဆက်မပြတ်ရိုက်ခတ်ရင်း လှုပ်ရှားရန် ကြိုးစားနေသည်။
သူ၏နှုတ်ခမ်းထောင့်မှ သွေးစီးကြောင်းများ အဆက်မပြတ်စီးကျလာပြီး မျက်လုံးများသည်လည်း တဖြည်းဖြည်း ဖြူဖျော့လာသည်။
တစ်ချိန်တည်းမှာပင် ဖန်းယွင်ရှန်းက ရှည်လျားသောဓားဖြင့် အလျားလိုက်ခုတ်ပိုင်းလိုက်သည်။ ထိုတိုက်ခိုက်မှုက အလွန်ပင် သာမန်ဆန်ပြီး အသံမထွက်သလို လှုပ်ရှားမှုလည်း မရှိပေ။
သို့သော် လင်ချင်း ၊ သွေးနီမြူခိုးတာအိုဆရာနှင့် ကျန်ရှိသော မဟာဂဠုန်တစ်ကောင်တို့ သိသိသာသာပင် မျက်နှာများပျက်ယွင်းသွားကြသည်။
သွေးနီမြူခိုးတာအိုဆရာက လက်နှစ်ဖက်ကိုဆန့်ထုတ်လိုက်ရာ သွေးနီရောင်မြူခိုးများက သွေးနီရောင်အလင်းတန်းတစ်ခုအဖြစ် သိပ်သည်းသွားကာ သူ့ရှေ့တွင် ကာကွယ်ပေးသော အရံအတားတစ်ခု ဖြစ်ပေါ်လာသည်။
သို့သော် မည်သည့်သတိပေးချက်မှမရှိဘဲ အနက်ရောင်မျဉ်းတစ်ကောင်းက ထိုအရံအတားထက်တွင် ထွက်ပေါ်လာသည်။
အနက်ရောင်မျဉ်းကြောင်း ကျရောက်လာသည်နှင့် သွေးနီရောင်အလင်းတန်းအရံအတား အက်ကွဲကာ နှစ်ပိုင်းကွဲသွားသည်။
သွေးနီမြူခိုးတာအိုဆရာ ချက်ချင်းပင် လှုပ်ရှားမှုကို လျှင်မြန်စွာ ပြောင်းလဲလိုက်သည်။
သွေးနီရောင်အလင်းတန်းများက တစ်ကြောင်းတည်းအဖြစ် သိပ်သည်းသွားကာ အလွန်ကျစ်လျစ်ပြီး စိတ်ဖြင့်တွေးတောကြည့်၍ မရနိုင်သော ပုံစံတစ်ခု ဖြစ်တည်လာသည်။
ထိုသွေးနီရောင်အလင်းတန်းက အနက်ရောင်မျဉ်း၏ လမ်းကြောင်းကိုဖမ်းယူပြီး ရှေ့ဆက်မြင့်တက်လာခြင်းမရှိအောင် တားဆီးရန် ကြိုးစားလိုက်၏။
သို့သော် သွေးနီရောင်အလင်းတန်းနှင့် အနက်ရောင်မျဉ်းထိပ်တိုက်ရင်ဆိုင်မိသည်နှင့် သွေးနီရောင်အလင်းတန်းက နေရာအနှံ့သို့အက်ကွဲသွားပြီး အနက်ရောင်မျဉ်းက မထိခိုက်ဘဲ ကျန်ရစ်ခဲ့သည်။
ထိုမျဉ်းက ရှေ့သို့ဆက်တိုးလာသည်။
မည်သည့်နည်းနှင့်မှမတတ်နိုင်သဖြင့် သွေးနီမြူခိုးတာအိုဆရာ ထွက်ပြေးရုံမှတပါး နည်းလမ်းမရှိခဲ့ပေ။
အနက်ရောင်မျဉ်းသည် သတ်ဖြတ်ရန် ရည်ရွယ်ချက် ရှိပုံမပေါ်ပေ။ ထိုအရာက သွေးနီမြူခိုးတာအိုဆရာကို အနားယူခွင့်မပေးဘဲ လိုက်လံတိုက်ခိုက်နေရုံသာဖြစ်၏။
မဟာဂဠုန်တစ်ကောင်က အတောင်ပံခတ်လိုက်ရာ ရွှေရောင်အလင်းတန်းများက လေမုန်တိုင်းများအဖြစ် ပြောင်းလဲသွားပြီး အနက်ရောင်ဓားအလင်းအား ဆန့်ကျင်တိုက်ခိုက်လိုက်သည်။
သို့သော် ဓားအလင်းက လေမုန်တိုင်းထက် ပိုမိုပြင်းထန်ပုံရပြီး ရွှေရောင်အလင်းတန်းများကို ချက်ချင်းဖယ်ရှားပစ်လိုက်သည်။
မဟာဂဠုန်က ထူးဆန်းသော အော်သံတစ်သံ ထုတ်လွှတ်လိုက်ပြီး ဆက်လက်ရင်မဆိုင်ရဲတော့ဘဲ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သူ၏မြန်နှုန်းက အမှန်တကယ် မြန်ဆန်လှသည်။
သူထွက်ပြေးရန်ကြိုးစားသည့်အချိန်မှာပင် သွေးနီမြူခိုးတာအိုဆရာကို ကျော်တက်လုနီးပါး ဖြစ်သွား၏။
သို့သော် ထူးဆန်းစွာပင် သူ့နောက်လိုက်နေသော အနက်ရောင်ဓားအလင်းတန်းက အလွန်အမင်း မြန်နှုန်းမြင့်တက်လာသည်။
မဟာဂဠုန် တောင်ပံခတ်လိုက်သည်နှင့်တပြိုင်နက် ထိုဓားအလင်းဖြင့် ခုတ်ထစ်ခံလိုက်ရသည်။
မဟာဂဠုန်၏လျှင်မြန်မှုက နာမည်ကျော်ကြားမှုနှင့် ထိုက်တန်သည်။ သူက အရေးကြီးသောအစိတ်အပိုင်းများ ခုတ်ထစ်ခံရခြင်းမှ ရှောင်ရှားနိုင်ခဲ့၏။
သို့သော် အဆုံးသတ်မှာတော့ သူ၏တောင်ပံတစ်ဖက် ဖြတ်တောက်ခံလိုက်ရသည်။
လင်ချင်း အံ့အားသင့်သွားသည့်တိုင် သူမက ချက်ချင်း သတိထားလိုက်သည်။
ဖန်းယွင်ရှန်း၏ ဦးခေါင်းထက်တွင် ပန်းနှစ်ပွင့်ပေါင်းစည်းခြင်းသရဖူကို တွေ့လိုက်ရသည်နှင့် သူမက ဖန်းယွင်ရှန်း၏ တိုက်ခိုက်မှုကို ပိတ်ဆို့ရန်မကြိုးစားတော့ဘဲ ချက်ချင်းလှည့်ပြေးရန် ဆုံးဖြတ်လိုက်သည်။
သို့ပေသိ သူမ၏လှုပ်ရှားမှု မည်မျှလျှင်မြန်ပါစေ သူမ၏ခန္ဓာကိုယ်အားလွှမ်းခြုံထားသော ကြည်လင်သည့်လရောင်ခြည်ထက်တွင် အနက်ရောင်မျဉ်းတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် ငြိမ်သက်မှိန်ဖျော့သောလရောင်ခြည်က ချက်ချင်းပြောင်းလဲသွားပြီး သသတိပေးချက်မရှိဘဲ နှစ်ပိုင်းကွဲသွားသည်။
အနက်ရောင်မျဉ်းက လင်ချင်းကို ဆက်တိုက်ဆိုသလို လိုက်လံတိုက်ခိုက်နေလေသည်။
သွေးနီမြူခိုးတာအိုဆရာကဲ့သို့ပင် ထိုဓားအလင်းတန်းက လင်ချင်းကို ထွက်ပြေးစေရန်သာ လုပ်ဆောင်ခြင်း ဖြစ်၏။
ဖန်းယွင်ရှန်း၏တိုက်ခိုက်မှုအောက်တွင် အနက်ရောင်ဓားအလင်းများက နေရာတိုင်း၌ တည်ရှိနေပုံရသည်။
ထိုအရာများက ရေလှိုင်းများပမာ ကွေ့ကောက်လျှက် တက်လာလိုက် ဆင်းသွားလိုက် ပုံမှန်အမြန်နှုန်းဖြင့် ရှေ့သို့တိုးလျှက် ရှိသည်။
ထိုမြင်ကွင်းကို တွေ့မြင်ရသူအားလုံး အံ့အားသင့်သွားကြသည်။
“သူ့အဆင့်က ဒီလောက်အထိ မြင့်မားနေပြီလား”
“ဒါက မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်း မဟုတ်ပေမယ့် အတော်လေးဆင်တူတာပဲ”
မုကျားနှင့် လီရှင်းပါ့တို့၏မျက်နှာထက်တွင် မယုံကြည်နိုင်သော အမူအရာများ ပေါ်ထွက်လာသည်။
ကောင်းဟန်၏မျက်ဝန်းများ လက်ခနဲလှုပ်ရှားသွားပြီး...
“အိုး... တောင်ပိုင်းချန်စန်းဧကရာဇ် သူ့ကို ဒီရတနာပစ္စည်းပေးလိုက်တာ နည်းနည်းစောသွားပြီထင်တယ်”
ဖန်းယွင်ရှန်းက သွေးနီမြူခိုးတာအိုဆရာ ၊ လင်ချင်းနှင့် အခြားမဟာဂဠုန်တစ်ကောင်ကို နောက်သုတ်ဆုတ်ခွာစေလိုက်ပြီး အခြားလက်တစ်ဖက်မှ သူ၏လက်ချောင်းများကို အားထည့်လိုက်ရာ သူမလက်ထဲမှာ မဟာဂဠုန်၏လည်ပင်း လုံးဝ ပြတ်ထွက်သွားလေသည်။
သူမ၏တိုက်ခိုက်မှုက ရိုးရှင်းပြီးစနစ်ကျသည်။ လှုပ်ရှားမှုတိုင်းကို အလွန်ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။
သို့သော် မြန်ဆန်လွန်းသဖြင့် မည်သူမှ ရှောင်ရှားနိုင်ခြင်း မရှိခဲ့ပေ။
မဟာဂဠုန်၏အလောင်းကို ဘေးသို့ပစ်ချလိုက်ပြီးနောက် ဖန်းယွင်ရှန်းပုံရိပ်က ရိပ်ခနဲလှုပ်ရှားသွားပြီး မီးခိုးရောင် မျောက်မျိုးနွယ် သူတော်စင်ငယ်၏ နောက်တွင် ပေါ်ထွက်လာသည်။
စောစောက ဖန်းယွင်ရှန်း မဟာဂဠုန်ကို သတ်မည့်အချိန်တွင် မျောက်မျိုးနွယ် သူတော်စင်ငယ် (၂)ယောက်နှင့် ကြိုးကြာမျိုးနွယ် သူတော်စင်ငယ်(၁)ယောက်တို့က ဗုဒ္ဓဘာသာကျင့်ကြံသူများကို မတိုက်ခိုက်တော့ဘဲ မဟာဂဠုန်ကို ကူညီရန် ကြိုးစားခဲ့ကြသည်။
အကြောင်းမှာ သူတို့က မိတ်ဆွေများဖြစ်ကြသောကြောင့်ပင်။ သို့သော် သူတို့ အချိန်မီရောက်မလာခင်မှာပင် တိုက်ပွဲက ပြီးဆုံးသွားခဲ့ပေပြီ။
မျောက်မျိုးနွယ် သူတော်စင်ငယ် တစ်ကိုယ်လုံးရှိ အမွှေးများထောင်သွားသည်။
သူ၏ပုံရိပ်က အလွန်အမင်း ကြီးမားလာပြီး မည်သည့်နည်းဖြင့်မျှ တိုင်းတာမရနိုင်သော အရွယ်အစားသို့ ရောက်ရှိသွားသည်။
သူ၏ဦးခေါင်းတစ်ခုတည်းသည်ပင် ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာမှ ခွန်လွန်တောင်ထွတ်ကဲ့သို့ ကြီးမားလွန်ပေ၏။
သို့သော် ထိုသို့ကြီးမားသည့်ခန္ဓာကိုယ်ရှိသော်လည်း သူ တန်ပြန်တိုက်ခိုက်နိုင်ခြင်းမရှိခင်မှာပင် ဖန်းယွင်ရှန်းက ဓားဖြင့်ခုတ်ပြီးနေပြီဖြစ်၏။
သူမက ကရုဏာထားပြီး မျောက်မျိုးနွယ်သူတော်စင်ငယ်၏အသက်ကို မယူခဲ့ပေ။
သို့ပေသိ အနက်ရောင်အလင်းတန်း ထွက်ပေါ်လာရာနေရာတိုင်းတွင် နတ်မိစ္ဆာသွေးများပန်းထွက်လာပြီး မျောက်မျိုးနွယ်နတ်မိစ္ဆာ၏ တောင့်တင်းကြီးမားသောခန္ဓာကိုယ်ကြီးက လေဖြည့်ထားသောမီးပုံပျံ လျှင်မြန်စွာ ကျုံ့ဝင်သွားသည့်ပမာ ကျုံ့ဝင်သွားပြီး ဒူးထောက်လျှက်ကျသွားတော့သည်။
ထိုမြင်ကွင်းကိုတွေ့သည်နှင့် အခြားသော အစိမ်းရောင်အမွှေးရှိသော မျောက်မျိုးနွယ် သူတော်စင်ငယ်နှင့် ကြိုးကြာမျိုးနွယ် သူတော်စင်ငယ်တို့မှာ ကြောက်ရွံ့စွာဖြင့် ရှေ့ဆက်တိုးမလာတော့ဘဲ ရပ်တန့်လိုက်တော့၏။
ဖန်းယွင်ရှန်းအကြည့်က သူတို့ဆီသို့ ဖြတ်ကျော်သွားပြီး ထိုနေရာတွင် ရပ်တန့်မနေဘဲ ဗလာနယ်ထဲသို့ကြည့်လိုက်သည်။ သူမ၏မျက်ဝန်းများထဲတွင် နက်ပြာရောင်နတ်ဆိုးမီးလျှံများက ဆက်လက်တောက်လောင်နေသည်။
ထို့နောက် သူမ၏မျက်ဝန်းထဲမှ နတ်ဆိုးမီးလျှံများငြိမ်သက်သွားပြီး သူမက နောက်ပြတ်ဆုတ်ကာ ဖျက်ဆီးခြင်းအငွေ့အသက်များကို ပြန်လည်ရုတ်သိမ်းလိုက်သည်။
ရန်ကျောက်ကဲနှင့်သူမအကြား နားလည်မှုက အလွန်နက်ရှိုင်းသည်။
ဖန်းယွင်ရှန်းနှင့် ဆက်သွယ်ပြောဆိုရန်ပင်မလိုဘဲ သူက မြေပြင်ထက်သို့ လက်နှစ်ဖက်ဖြင့် ဖိနှိပ်လိုက်၏။
ကြီးမားသော အစီအရင်ကြီးအလယ်မှ ဗလာနယ်က အောက်သို့ပြိုကျသွားပြီး ကြီးမားသောတွင်းနက်တစ်ခု ဖြစ်ပေါ်လာသည်။
ထိုတွင်းနက်က ပတ်ဝန်းကျင်တစ်ခုလုံးကို ဝါးမျိုတော့မည့်ပမာ ပိုမိုကြီးမားလာလေသည်။