← Chapters

နောက်တစ်ကြိမ် မျက်လုံးကို ငန်းဆိတ်တာ ခံလိုက်ရပြန်ပြီ

Vol. 99 Ch. 1392

နောက်တစ်ကြိမ် မျက်လုံးကို ငန်းဆိတ်တာ ခံလိုက်ရပြန်ပြီ

Vol. 99 Ch. 1392

အခန်း (၁၃၉၂) နောက်တစ်ကြိမ် မျက်လုံးကို ငန်းဆိတ်တာ ခံလိုက်ရပြန်ပြီ

အခြားပစ္စည်းတစ်မျိုးမှာ မျောက်မျိုးနွယ်၏သွေးဖြစ်သည်။

ဖန်းယွင်ရှန်းက မီးခိုးရောင်အမွှေးရှိသော သူတော်စင်ငယ်ကို ဒဏ်ရာအပြင်းအထန်ရအောင်လုပ်ပြီး သူ၏နတ်မိစ္ဆာသွေး တစ်စိတ်တစ်ပိုင်းကို ထုတ်ယူခဲ့ကြောင်း ရန်ကျောက်ကဲမှလွဲပြီး မည်သူမှ မသိခဲ့ပေ။

တာအိုဝါဒ၏ ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါးနှင့် ယှဉ်နိုင်သော နတ်မိစ္ဆာမျိုးနွယ်သူတော်စင်ငယ်တစ်ဦးအတွက် သူ၏သွေးစက်တိုင်းက အဆုံးစွန်အထိ စွမ်းအားကြီးမားသည်။

သွေးစက်တစ်စက် ယိုစိမ့်ထွက်ခြင်းကပင် ပင်လယ်တစ်ခု သို့မဟုတ် သမုဒ္ဒရာတစ်ခု ဖြစ်ပေါ်လာစေနိုင်သည်။

ဖန်းယွင်ရှန်းက သွေးစက်တစ်စက်ထက် ပိုပြီးယူထားခဲ့သည်ဖြစ်ရာ ဤပမာဏက အသုံးပြုရန်အတွက် လုံလောက်ပြီ ဖြစ်သည်။

အမှန်တော့ သူတို့က စန်းကွမ်းနတ်ရေစင်ကို စိတ်ဝင်စားသည့်အပြင် မျောက်မျိုးနွယ်သွေးကို ထုတ်ယူရန်လည်း ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်၏။

ထိုသွေးကိုရရှိပြီးနောက် ရန်ကျောက်ကဲအနေဖြင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ပန်ပန်တို့အား ထိုနတ်မိစ္ဆာသွေးကို သန့်စင်စေပြီး မျောက်မိစ္ဆာအသွင်ပြောင်းလဲမှုကို စီစဉ်နိုင်မည် ဖြစ်၏။

ယခု သူတို့၏ ခရီးရည်ရွယ်ချက် ပြီးပြည့်စုံသွားပြီဖြစ်သည်။

ခဏမျှစောင့်ဆိုင်းပြီးနောက် ချစ်ရသူ၏ပုံရိပ် ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

“ကျွန်မ နတ်မိစ္ဆာသွေးကို ရလိုက်ပြီ”

သူတို့တွေ့ဆုံချိန် ဖန်းယွင်ရှန်းမျက်နှာထက် အပြုံးတစ်ခုထင်ဟပ်နေသည်။

ရန်ကျောက်ကဲက သူ့လက်ထဲမှ သွေးနီရောင်ဘူးသီးခြောက်ကို လှုပ်ခါလိုက်ပြီး...

“ငါလည်း ဒါ ရလာတယ်”

ဖန်းယွင်ရှန်းက...

“ဒါဖြင့် အမြန်သွားရအောင်”

သူမက ဆက်ပြောသည်။

“ကျွန်မ မဟာဂဠုန်တစ်ကောင်ကို သတ်လိုက်တယ် ၊ ဒီနယ်မြေထဲမှာ တိမ်မြူမိုင်တစ်သောင်းဂဠုန်လည်း ရှိနေနိုင်တယ် ၊ ကျွန်မတို့က သူတို့မျိုးနွယ်ကို နှောက်ယှက်ထားတယ်ဆိုတော့ သူက ကျွန်မတို့ကို ပစ်မှတ်ထားလာနိုင်တယ်”

ဖန်းယွင်ရှန်းက စိတ်ထားပျော့ပြောင်းသူ မဟုတ်ပေ။

သူမ၏ဓားအောက်တွင် ဝိညာဉ်ပေါင်းများစွာ သေဆုံးခဲ့ပြီးဖြစ်သည်။

လင်ချင်းနှင့် သွေးနီမြူခိုးတာအိုဆရာက စန်းကွမ်းနတ်ရေစင်ကိုရယူရန် သူတို့နှင့်အတူ ဤနေရာသို့ လာခဲ့ကြသူများဖြစ်သောကြောင့် ဖန်းယွင်ရှန်းက အလွတ်ပေးခဲ့ခြင်း ဖြစ်သည်။

မီးခိုးရောင်မျောက်ကတော့ သူမက ချီထျန်းမဟာသူတော်စင်ကို လေးစားသည့်အတွက် အသက်ချမ်းသာပေးလိုက်ခြင်းပင်။

အခြားပြိုင်ဘက်များကို ရင်ဆိုင်ရာတွင် သူမက သနားညှာတာမှု မပြခဲ့ပေ။

သို့သော် သူမ၏သတ်ဖြတ်ခဲ့မှုများကြောင့် ဖြစ်လာမည့်အကျိုးဆက်များကိုလည်း ရင်ဆိုင်ရမည်ဖြစ်၏။

တိမ်မြူမိုင်တစ်သောင်းဂဠုန်နှင့် နတ်မိစ္ဆာမျိုးနွယ်မဟာသူတော်စင်များမှ ဖြစ်ပေါ်လာသော ခြိမ်းခြောက်မှုကို မည်သူမျှ အထင်သေးရဲမည် မဟုတ်ပေ။

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“တိမ်မြူမိုင်တစ်သောင်းဂဠုန်က ဒီနယ်မြေက နတ်မိစ္ဆာမျိုးနွယ်တွေရဲ့ ခေါင်းဆောင်ပဲ ၊ သူတို့က အနောက်ဘက်သူတော်စင်ဘုံကို တိုက်ခိုက်ဖို့ ဒီနေရာမှာ အထိုင်ချထားတာ ၊ သူတို့ရဲ့အဓိကရန်သူက အနောက်ဘက်သူတော်စင်ဘုံပဲ ၊ ငါတို့ဘက် အာရုံပြောင်းလာဖို့ဆိုတာ ကြာဦးမှာပါ”

သူက ဆက်ပြောလိုက်သည်။

“အရင်တုန်းက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ ရွှေ့‌‌ပြောင်းတုန်းက သူ့သားက ငါတို့ကို အနှောက်အယှက်ပေးဖူးတယ် ၊ အခု သူတို့ မဟာဂဠုန်မျိုးနွယ်တွေကို နည်းနည်းလောက် အကြွေးဆပ်ခိုင်းလိုက်တာပေါ့”

တာအိုစကြာဝဠာအတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲတွင် ဖုလော်ကျီ နောက်ဆုံးရောက်လာခဲ့သော်လည်း ရန်ကျောက်ကဲတို့နှင့် တိုက်ခိုက်နိုင်ခြင်း မရှိခဲ့ပေ။

သို့သော် ကိစ္စရပ်များကို စီစစ်အတည်ပြုပြီးနောက် ရန်ကျောက်ကဲအနေဖြင့် ဤ မဟာဂဠုန်မျိုးနွယ် သခင်လေး၏အမည်ကို ကြားသိခဲ့ရသည်။

ရန်ကျောက်ကဲတို့ ချစ်သူနှစ်ယောက် အတူတူထွက်ခွာလာခဲ့ကြသည်။

လမ်းခရီးတွင် ဖန်းယွင်ရှန်းက...

“သြော်... ဒါနဲ့... အဲဒီ အစိမ်းရောင်မှန်ကူမီးအိမ်က ဘယ်လောက်တောင်တန်ဖိုးရှိတာလဲ”

ရန်ကျောက်ကဲ ခေါင်းခါယမ်းလိုက်သည်။

“မသိဘူး...”

ဖန်းယွင်ရှန်း အံ့အားသင့်သွားပြီး...

“ဟမ်... မသိဘူးဆိုရင် နေဝန်းထက်ယံအရှင်သခင်က စန်းကွမ်းနတ်ရေစင်ထက် အစိမ်းရောင်မှန်ကူမီးအိမ်ကို ပစ်မှတ်ထားနေတယ်ဆိုတာ ဘယ်လိုလုပ် သဘောပေါက်သွားတာလဲ”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ကောင်းဟန်က စန်းကွမ်းနတ်ရေစင်ကို လိုချင်နေတာ အမှန်ပဲ ၊ ဒါပေမဲ့ သူက အစိမ်းရောင်မှန်ကူမီးအိမ်ကို ပိုပြီးလိုချင်နေပုံရတယ်”

ထို့နောက် သူက ပုခုံးတွန့်လိုက်ရင်း...

“တကယ်တော့ ငါလည်း အဲဒီမီးအိမ်ရဲ့ လုပ်ဆောင်ချက်တွေကို မသိဘူး ၊ အဲဒါက ဘယ်လောက်တန်ဖိုးရှိလဲ ၊ ကောင်းဟန်က ဘာလို့ အဲဒါကိုလိုချင်နေလဲဆိုတာ ငါ မသိဘူး”

ရန်ကျောက်ကဲက နှုတ်ခမ်းများကို တွန့်ကွေးလိုက်ရင်း...

“ဒါပေမဲ့ ကောင်းဟန်လိုလူတစ်ယောက်ရဲ့စကားက ဘယ်တော့မှ ယုံကြည်လို့မရဘူးဆိုတာတော့ ငါသိတယ်”

သူက ဆက်ပြောလိုက်သည်။

“သူ ဘယ်လောက် ရိုးသားတဲ့ပုံပေါ်ပါစေ ၊ သူ ဘယ်လောက်ပဲ ဟန်ဆောင်ကောင်းပါစေ ၊ သူ့ရဲ့ရည်ရွယ်ချက်တွေက သံသယဖြစ်စရာပဲ”

“တကယ်တော့ အစိမ်းရောင်မှန်ကူမီးအိမ်အကြောင်း ငါလည်း အသေးစိတ်မသိဘူး ၊ ဒါပေမဲ့ စန်းကွမ်းနတ်ရေစင်ကို ဖယ်လိုက်မယ်ဆိုရင် ကောင်းဟန်ရထားတဲ့ အဖိုးတန်ပစ္စည်းက အဲဒီမီးအိမ်ဆိုတာ လူတိုင်းသိနိုင်တယ်လေ”

“သူက ရန်သူ့လက်ထဲက ရတနာပစ္စည်းကို မရည်ရွယ်ဘဲ ရယူလိုက်တဲ့ပုံမျိုး လုပ်လိုက်ရင်တောင်... အဲဒီပစ္စည်းက ဘယ်လောက်ပဲ သာမန်ဖြစ်ရင်တောင်... ကောင်းဟန်လက်ထဲရောက်နေတယ်ဆိုရင် ငါက သူ့အပေါ် သံသယထားနေမှာပဲ”

ခဏနားပြီးမှ ရန်ကျောက်ကဲ ဆက်ပြောသည်။

“သူ့ဘက်က ဘာလှည့်ကွက်မှမလုပ်ဘူးဆိုရင်တောင် သတိထားရမှာပဲ ၊ ဘာပဲဖြစ်ဖြစ် ငါတို့က သူတို့နဲ့သိပ်မရင်းနှီးဘူး ၊ ဒါပေမဲ့ ဒီလူက အရင်ကတည်းက ငါတို့ကို ထောင်ချောက်တွေအများကြီးချထားခဲ့ဖူးတယ်”

ဖန်းယွင်ရှန်းက ရယ်ချင်သလိုမျက်နှာထားဖြင့် သူ့ကိုစူးစိုက်ကြည့်ရင်း...

“ဒါပေမဲ့ ရှင့်ကိုကြည့်ရတာ သူပေးတဲ့ဘွဲ့နာမည်ကိုတော့ အတော်လေး သဘောကျပြီး ပျော်ရွှင်နေသလိုပဲနော်”

ရန်ကျောက်ကဲက နှာမှုတ်လိုက်ရင်း...

“ငါ သဘောကျတာ မကျတာ အသာထား ၊ အဲဒီလူက မကောင်းတဲ့အကြံအစည်နဲ့ပြည့်နေတာ အမှန်ပဲလေ ၊ ဘွဲ့နာမည်ကတော့... အင်း...”

ရန်ကျောက်ကဲက ချောင်းတစ်ချက်ဟန့်ရင်း...

“ငါက မတတ်သာလို့ လက်ခံလိုက်ရတာပါ”

ထိုစကားကြားတော့ ဖန်းယွင်ရှန်းက ရယ်မောလိုက်သည်။

“ဒါဖြင့် လိုအပ်ချက်တွေအများကြီး ရှိနေတယ်ပေါ့ ၊ ဒါဖြင့် ရှင်က အဲဒီဘွဲ့အမည်ကို မကျေနပ်သေးဘူးလို့ ဆိုလိုတာလား”

“ဟုတ်တယ်...”

ရန်ကျောက်ကဲက တည့်ထိုးပင် ပြောလိုက်သည်။

“ငါက ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် အရှိန်အဝါနဲ့ မာန်မာနကြီးတဲ့ အမည်တစ်ခုပေးနိုင်မလဲ တွေးနေခဲ့တာ ၊ ဘွဲ့အမည်ဆိုတာ ငါ့ရဲ့ဂုဏ်သတင်းနဲ့ တိုက်ရိုက်သက်ဆိုင်နေတာပဲလေ ၊ တချို့အမည်ကတွေက မတော်တဆ အမှားအယွင်းကြောင့်ရတာမျိုး ဖြစ်နိုင်ပေမယ့် ဘွဲ့အမည်ကတော့ မဟုတ်ဘူး”

သူက ဆက်ပြောလိုက်သည်။

“ငါက အကြီးအကဲစောရဲ့ ‘သိုင်းနတ်ဘုရား’ ဒါမှမဟုတ် ငါ့အဘိုးရဲ့ ‘ဓားနတ်ဘုရား’ လို အာဏာရှိပြီး ရိုးရှင်းတဲ့ ဘွဲ့အမည်တစ်ခုကို စဉ်းစားနေတာ ၊ ဒါပေမဲ့ သင့်လျော်တဲ့တစ်ခု မတွေးနိုင်သေးလို့”

ရန်ကျောက်ကဲ အနည်းငယ်ရှက်ရွံ့သလိုဖြစ်သွားသည်။

“ကောင်းဟန်ပေးထားတဲ့ ဘွဲ့အမည်က လက်ခံနိုင်စရာတော့ ရှိပါတယ် ၊ အခုတော့ အဲဒီနာမည်ပဲ သုံးလိုက်တော့မယ်”

ဖန်းယွင်ရှန်း ဘာပြောရမှန်းပင်မသိ ဆွံ့အသွားရသည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ ... ဒီလောက်လည်း စိတ်ဓာတ်ကျမနေပါနဲ့”

သူမက ဆက်ပြောလိုက်၏။

“ကျွန်မတော့ လူငယ်ကောင်းကင်ဘုံအရှင်ဆိုတဲ့နာမည်က ရှင်နဲ့ ပိုပြီးသင့်တော်တယ်လို့ ထင်တာပဲ”

ထိုစကားကြားတော့ ရန်ကျောက်ကဲ ရယ်မောလိုက်လေသည်။

လွန်ခဲ့သော အနှစ်(၂၀)က ဖန်းယွင်ရှန်း ပြန်ရောက်လာပြီးနောက် သူမက လဝန်းထက်ယံအရှင်သခင်နှင့်တိုက်ခိုက်ခဲ့ပြီး သူမကို ရှေ့ဆက်မတိုးနိုင်အောင် တားဆီးပေးခဲ့သည်။

ထိုတိုက်ပွဲတွင် သူမ အတော်လေး ဂုဏ်သတင်းကြီးသွားခဲ့သည်။

ထိုအချိန်မှစပြီး ‘အမှောင်အေးစိမ့်သခင်မ’ ဟု နာမည်ကျော်ကြားသွားခဲ့သည်။

သို့သော် အခြားသူများကတော့ သူမကို အခြားအမည်တစ်ခုဖြင့် ရည်ညွှန်းခေါ်ဆိုလိုကြသည်။

“နတ်ဆိုးဓား”...။

သို့ပေသိ ထိုနာမည်က နားထောင်ရသည်မှာ နားဝင်မချိုပေ။

အကြောင်းမှာ ငရဲကိုးထပ်နှင့် ဆက်စပ်နေသောကြောင့် ဖြစ်၏။

ထိုအမည်က ယခင်က သတ္တုနေရာကိုကိုယ်စားပြုသောနတ်ဆိုး၏ ပြန်လည်မွေးဖွားခံရသော “ဓားနတ်ဆိုး” နှင့် လွယ်ကူစွာ ဆက်စပ်၍ရနေသည်။ ထို့ကြောင့် လူအများက ထိုအမည်ကို ထုတ်ဖော်ခေါ်ဆိုခြင်း မပြုကြပေ။

ဖန်းယွင်ရှန်းက ရန်ကျောက်ကဲအမူအရာကိုတုပပြီး ပခုံးတစ်ချက်တွန့်လိုက်သည်။

“ကျွန်မကတော့ ကျွန်မကို ဘာနာမည်ပဲခေါ်ခေါ် အရေးမစိုက်ဘူး”

ရန်ကျောက်ကဲက...

“နေဝန်းထက်ယံအရှင်သခင်နဲ့ လဝန်းထက်ယံအရှင်သခင်တို့ကို နှုတ်ဆက်နေစရာမလိုတော့ပါဘူး ၊ ငါတို့ ပြန်ကြရအောင်”

သူက ဆက်ပြောလိုက်သည်။

“စန်းကွမ်းနတ်ရေစင်နဲ့ မျောက်မိစ္ဆာသွေး အသုံးပြုပြီး ငါတို့ ပြင်ဆင်မှုတွေလုပ်ရမယ် ၊ အားလုံးပြီးစီးသွားရင် ဆက်ပြီး စွန့်စားခန်းတွေဖွင့်ရဦးမယ်”

ရန်ကျောက်ကဲစကားကိုကြားတော့ ဖန်းယွင်ရှန်း မေးလိုက်သည်။

“အကြီးအကဲ’ချန်’ နဲ့ တခြားသူတွေကို ရှာဖို့ပြောတာလား”

ရန်ကျောက်ကဲက...

“အဲဒါလည်း တစ်ခုအပါအဝင်ပေါ့”

“ငါက ထုန်းမင်ဧကရာဇ်ရဲ့ ဂူဗိမာန်ကိုလည်း ရှာဖွေချင်သေးတယ် ၊ ငါ့အမေကို အဲဒီနေရာကို ရှာပေးမယ်လို့ ကတိပေးထားတယ် ၊ ဒါပေမဲ့ အခုတော့ စန်းကွမ်းနတ်ရေစင်ကို အရင်ပြန်ပို့ရမယ် ၊ ဒါကြောင့် နောက်တစ်ခေါက်မှပဲ လုပ်နိုင်တော့မယ်”

ဖန်းယွင်ရှန်း ခေါင်းညိတ်လိုက်သည်။

“ကျွန်မတို့က ထျန်းစူးစကြာဝဠာထဲကို မကြာခဏ ဝင်ထွက်နေတယ်ဆိုတော့ ကျွန်မတို့နောက်ကို နောက်ယောင်ခံလိုက်တဲ့သူ ရှိမလားဆိုတာ သတိထားရမယ်”

“သေချာတာပေါ့”

ထို့နောက် ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ ခရီးဆက်လက်ထွက်ခွာလာကြသည်။

သူတို့နှစ်ပျောက်ကွယ်သွားပြီး အချိန်အတန်ကြာတော့မှ ပြင်ပဗလာနယ်ထဲတွင် လူတစ်ယောက်၏ပုံရိပ်ထွက်ပေါ်လာသည်။

ထိုသူက လဝန်းထက်ယံအရှင်သခင် ‘လင်ချင်း’ ဖြစ်၏။

လင်ချင်းက ခံစားချက်ကင်းမဲ့သည့်မျက်နှာထားဖြင့် ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး နေရာမှာပင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေသည်။

ခဏအကြာမှာတော့ ဗလာနယ်ထဲတွင် လှိုင်းတွန့်အလွှာပုံစံတစ်ခုဖြစ်ပေါ်လာပြီး တုန်ခါလာကာ အဖြူရောင်ဝတ်ထားသော လူငယ်တစ်ယောက် ထွက်ပေါ်လာသည်။

ထိုသူက ‘ကောင်းဟန်’ ပင် ဖြစ်၏။

လင်ချင်းက...

“သူတို့ ဒီနေရာက ဖြတ်သွားကြတဲ့ပုံပဲ ၊ ဒါပေမဲ့ သူတို့ကို ခြေရာခံလို့မရတော့ဘူး”

ကောင်းဟန်က ပြုံးလျက်...

“ဒီလိုဖြစ်မယ်လို့ ထင်ထားပြီးသားပါ ၊ သူတို့ကို ဒီလောက်လွယ်လွယ်နဲ့ ဘယ်လိုလုပ်ရှာတွေ့နိုင်မှာလဲ ၊ ရှာတွေ့နိုင်လို့ကတော့ သူတို့တွေ အနှစ်(၂၀)လုံးလုံး ပုန်းနေနိုင်မှာမဟုတ်ဘူး”

လင်ချင်းက သူ့ကို ကြည့်လိုက်သည်။

“စန်းကွမ်းနတ်ရေစင် ပျောက်သွားပြီ ၊ မီးအိမ်ကရော ဘယ်လိုလဲ”

ထိုစကားကိုကြားတော့ ကောင်းဟန်က လက်ဖြင့်မျက်နှာကိုအုပ်ရင်း သက်ပြင်းချလိုက်သည်။

ဤစကားကို ကြားလိုက်ရသောအခါ ကောင်းဟန်သည် သူ၏လက်ဖြင့် မျက်နှာကို အုပ်ကာ သက်ပြင်းချလိုက်သည်။

“ငါတော့ နောက်တစ်ကြိမ် မျက်လုံးကို ငန်းဆိတ်တာ ခံလိုက်ရပြန်ပြီ”

(မှတ်ချက် - မျက်လုံးကို ငန်းဆိတ်ဆိုသည်မှာ ကိုယ်ထောင်ဖမ်းထားသည့်သားကောင်က ကိုယ့်ကို ပြန်ကိုက်ခြင်း ၊ ပြန်ဒုက္ခပေးခြင်းကို ဆိုလိုသည့်စကားပုံဖြစ်သည်။ __ ဘာသာပြန်သူ)

(မှတ်ချက် - ဤ ရှန်းရှစာစဉ်မှ ဗုဒ္ဓ ၊ ဘုရားလောင်း ၊ ဗုဒ္ဓဘာသာဆိုသည့်အသုံးအနှုန်းများမှာ မဟာယာနဗုဒ္ဓဘာသာကို ရည်ညွှန်းခြင်းဖြစ်ပြီး ထေရဝါဒဗုဒ္ဓဘာသာနှင့်သက်ဆိုင်ခြင်းမရှိပါ - ဘာသာပြန်သူ)

All Chapters