အခန်း (၂၀၇-၂၀၉)
Vol. 5 Ch. 207-209
အပိုင်း (၂၀၇) - မင်းက ကိုယ်တော်နဲ့ ခန္ဓာကိုယ်ချင်း ရင်းနှီးပြီးသွားပြီ။
“ကျွန်မ အိမ်ထောင်မပြုချင်ပါဘူး၊ အိမ်ထောင်ပြုရမယ်ဆိုရင်လည်း လုမိသားစုနဲ့အတူနေဖို့ ဆန္ဒရှိတဲ့သမက်ကို ရွေးခြယ်သွားမှာပါ။”
လုလျန့်ဝေ ဖြည်းဖြည်းချင်းပြောသည်။
သူမစကားများက လုံယန်ကို တောင့်ခဲသွားစေသည်။ သူ အံ့ဩစွာဖြင့် လက်သီးဆုပ်များဖြေလိုက်၏။ သူ တစ်ခဏမျှ ပြောစရာစကားမဲ့သွားရသည်။
သူမအကြောင်းပြချက်က သူက သိပ်အသက်ကြီးနေခြင်း ဖြစ်လိမ့်မည်ဟု သူ ထင်ထားခဲ့၏။ သူတို့ ရှန့်ထော်တောင်ထွဋ်သို့ သွားသည့်နေ့က ဒီကောင်မလေး က သူမအား မွေးစားသမီးအဖြစ် မွေးစားပေးဖို့ သူ့ကိုတောင်းဆိုခဲ့သည်ကို သူ မမေ့သေးပေ။ထိုအချိန်က သူ ဒေါသထွက်သည်အပြင် ဆွံ့အသွားခဲ့ရ၏။
မည်သို့ဆိုစေကာမူ သူတို့ကြားက အသက်ကွာဟချက်က အလွန်ကြီးမားခြင်းက ငြင်းမရနိုင်ပေ၊ သူက သူမထက် အများကြီးအသက်ပိုကြီးနေ၏။သူ မျက်လွှာချလိုက်သည်။ သူ့မျက်နှာပေါ် အလင်းရောင်ဟပ်နေသော်လည်း သူ့မျက်နှာအမူအရာက မှိန်ဖျော့ပြီး ဖတ်လို့မရနိုင်။
လုလျန့်ဝေက သူ့ကို တစ်ချက်ခိုးကြည့်လိုက်ပြီးနောက် စကားဆက်သည်။
“ဒါကြောင့်မို့ အရှင်မင်းကြီးက ကျွန်မနဲ့ မသင့်တော်ပါဘူး။”
လုံယန်မှာ အသိပြန်ကပ်လာပြီးနောက် သူ့ရင်ထဲရှိ အောင့်သီးအောင့်သက်ခံစားချက်ကို ဖိနှိပ်ကာ ပြုံးလာသည်။
“ဒါက မင်း ကိုယ်တော့်ကိုငြင်းရတဲ့ အကြောင်းအရင်းပေါ့လေ၊ ခုမှ ကောက်စဉ်းစားလိုက်တာလား။”
ဆိုတော့ သူ့ကိုငြင်းဖို့ ချက်ချင်းလက်ငင်း ဖန်တီးလိုက်တဲ့ဆင်ခြေ မဟုတ်ဘူးပေါ့လေ?လုံယန်က တစ်ခဏမျှ သူမကို စူးစူးစိုက်စိုက် ကြည့်နေသည်။
“သူရဲဘောကြောင်ပြီး အရည်အချင်းမရှိတဲ့ယောက်ျား မျိုးကသာ သူများမိသားစုထဲ ဝင်ရတဲ့သမက် ဖြစ်လာမှာ၊ မင်းတစ်ဘဝလုံး အဲဒီလိုယောင်္ကျားမျိုးနဲ့အတူ ကုန်ဆုံးသွားချင်တာ သေချာရဲ့လား။”
“အဲဒီလိုဆိုရင်တောင် ကိစ္စမရှိပါဘူး၊ ကျွန်မ သူ့ကို ထောက်ပံ့ပေးနိုင်ပါတယ်။”
လုံယန်၏ နဖူးပေါ်ကသွေးကြောများ တဒုတ်ဒုတ်ခုန်လာရသည်။ သူမ၏ ဆုံးဖြတ်ချက်ချထားပုံရသော မျက်နှာလေးကို ကြည့်လိုက်ရင်း သူ့မျက်လုံးများ မှေးကျဉ်းသွား၏။ကြည့်ရတာ ဤသည်က သူမ၏တကယ့်အတွေးများဖြစ်ကာ လွန်ခဲ့သည့်စက္ကန့်အနည်းငယ်ကမှ လုပ်ကြံဖန်တီးထားသည့်ဆင်ခြေ ဟုတ်ပုံမရချေ။
သူ့မျက်ခုံးနှစ်တန်းကြား ဒေါသရိပ်များပေါ်လာပြီး သူ ရုတ်တရက် သူမမေးဖျားကို ဖမ်းဆွဲလိုက်သည်။
“ကိုယ်တော် မင်းကို နမ်းဖူးတယ်၊ မင်းလည်း ကိုယ်တော့်ကို နမ်းဖူးတယ်ဆိုတာ မမေ့လိုက်နဲ့၊ မင်းက ကိုယ်တော်နဲ့ ခန္ဓာကိုယ်ချင်း ရင်းနှီးပြီးသွားပြီ၊ ဘယ်လိုလုပ် အခြားလူတစ်ယောက်နဲ့ အိမ်ထောင်ပြုနိုင်မလဲ။”
သူ လုလျန့်ဝေ၏မေးဖျားကို ကိုင်ထားသည့်ပုံစံက သူမအား အနည်းငယ် မသက်မသာဖြစ်စေသည်၊ သူမ အေးစက်စွာသာ ပြန်ဖြေ၏။
“အရှင်မင်းကြီး ကျွန်မကို နမ်းတဲ့ကိစ္စ ကျွန်မ စိတ်ထဲမထားဘူး။”
တစ်ခဏမျှ တန့်သွားပြီးနောက် သူမ ထပ်ဖြည့်ပြောသည်။
“ပြီးတော့ အဲဒီနေ့က ကျွန်မအစ်ကိုရဲ့ စာကြည့်ဆောင်ထဲမှာလည်း ကျွန်မ အရှင်မင်းကြီးကို နမ်းခဲ့တာ မဟုတ်ဘူး၊ အရှင်မင်းကြီးကို လေသွင်းပေးခဲ့တာပါ၊ အဲဒီနေရာမှာ လဲနေတာ တခြားတစ်ယောက်ဆိုရင်လည်း ကျွန်မ အဲ့လိုပဲ လုပ်ပေးခဲ့မှာပါပဲ။”
လုံယန်မှာ သူ့ရင်ဘတ်ထဲ ဒေါသများပွက်ပွက်ဆူနေသည်ကို ခံစားနေရသည်။တခြားယောင်္ကျားတစ်ယောက်သာဆိုရင်လည်း သူမက ဒီလိုပဲလုပ်မှာပဲတဲ့လား။သူမ၏ နူးညံ့သောနှင်းဆီရောင် နှုတ်ခမ်းသားများက အခြားယောင်္ကျားတစ်ယောက်၏ နှုတ်ခမ်းများနှင့် ထိကပ်သွားသည်ကို သူ တွေးကြည့်မိလျှင် သူ့ရင်ထဲ လူသတ်လိုစိတ်များဖြစ်လာ၏။
သူ့တည်ကြည်သောအကြည့်က သူမနှုတ်ခမ်းများအပေါ် ကျရောက်သွားပြီး သူ့မျက်လုံးများက အန္တရာယ်များစွာ မှေးကျဉ်းသွားသည်။သို့သော် အဆုံးမှာတော့ သူမအား နင့်နင့်နဲနဲတစ်ချက်သာ စိုက်ကြည့်ပြီးနောက် စိတ်ဆိုးစွာဖြင့် ထွက်သွားလေတော့သည်။ လုလျန့်ဝေ တံခါးပိတ်သွားသည်ကို ကြည့်နေရင်း သူမနှလုံးသားက တဒုန်းဒုန်းခုန်ပေါက်နေသည်။ သူမအားအင်များ တမုဟုတ်ချင်း ကုန်ဆုံးသွားပုံရ၏။ သူမ စားပွဲကိုကိုင်ကာ ဟန်ချက်ထိန်းထားရသည်။
မည်သို့ဆိုစေ လုံယန်သည် ရေမြေ့သခင်ရှင်ဘုရင်ဖြစ်သည်ပင်။ သူ့ကို ငြင်းဖို့ သူမ အတော်သတ္တိမွေးလိုက်ရသည်။သူမ စိတ်အေးစွာဖြင့် သက်ပြင်းချလိုက်မိပြီး ထိုင်ခုံပေါ် ပုံကျသွားတော့သည်။သူမရင်ထဲ ရှုပ်ထွေးသောခံစားချက်များ တရိပ်ရိပ်တက်လာသည်။အမှန်အတိုင်းပြောရလျှင် လုံယန်၏ ဧကရာဇ်ဟူသောဂုဏ်ပုဒ်ကိုသာ ဘေးဖယ်ထားလိုက်ပါက သူသည် ချောမောခံ့ညားက ဆွဲဆောင်မှုရှိသောအမျိုးသားတစ်ယောက်ဖြစ်သည်က ငြင်းစရာမရှိ။
သူသာ သာမန်အမျိုးသားတစ်ယောက်ဖြစ်ပါက သူမ သိပ်သဘောကျမိလိမ့်မည်။သို့သော် သူက ဧကရာဇ်ဖြစ်နေခဲ့ပါသည်။ သူ့မှာ သူနှင့်အတူအိပ်ဖို့ စောင့်ဆိုင်းမျှော်လင့်နေသည့် မောင်းမဆောင်တစ်ခုစာ မိန်းမလှများရှိ၏။ သူက သူမသဘောကျလို့ရသော အမျိုးသားတစ်ယောက် မဟုတ်။ သူမလည်း မောင်းမဆောင်မှ မိန်းမတစ်ယောက် ဖြစ်လိုသည့်ဆန္ဒမရှိပါ။
သူမ တိတ်တဆိတ် သက်ပြင်းချမိသည်။တစ်ချိန်လုံး အမှောင်ထဲတွင်သာ နေနေခဲ့သည့် ချူးချီးမှာ သခင်ဖြစ်သူက ဒုတိယသခင်မလေးလု၏အခန်းထဲမှ ထွက်လာသည်ကိုမြင်သော် စကားတစ်ခွန်းမဆိုဘဲ လိုက်ပါလာခဲ့သည်။
သူ့သခင်၏မျက်နှာကို မမြင်ရသော်လည်း ဧကရာဇ်က လက်ရှိ စိတ်အခြေအနေမကောင်းကြောင်း သူ ခံစားမိသည်။သူ နားမလည်နိုင်စွာ မျက်မှောင်ကြုံ့လိုက်၏။ ဒီကိုအလာက သခင် အတော်လေးတက်ကြွနေခဲ့သည်။ ဒုတိယသခင်မလေးလုအခန်းထဲက ထွက်လာတော့ ဘယ်လိုလုပ် စိတ်အခြေအနေချဉ်ပေါက်နေရပါလိမ့်။
ဒုတိယသခင်မလေးလုက ဘာတွေလုပ်လိုက်လို့လဲ။ချူးချီး စိတ်ရှုပ်သွားသည်။သူတို့နန်းတွင်းနားသို့ နီးကပ်လာမှသာ သူ့နောက်သို့ ချူးချီးလိုက်လာမှန်း လုံယန် သတိပြုမိလေသည်။
ဆက်ရန်__
Chapter 208
April 10, 2024 by Nay Chi Lynn
အပိုင်း (၂၀၈) - ညဘက်ကြီး ဒုတိယသခင်မလေးလုလို အပျိုလေးရဲ့အခန်းထဲ ခိုးဝင်သွားတယ်။
သူ ခြေလှမ်းများရပ်လိုက်ပြီးနောက် ခေါင်းစောင်းကာ သူ့နောက်ရှိလူငယ်လေးကို လှမ်းကြည့်လိုက်သည်။
“ချူးချီး။”
ချူးချီး ချက်ချင်းရှေ့တိုးလာ၏။
“ဟုတ် သခင်?”
“ကိုယ်တော်...”
လုံယန် ပါးစပ်ဟလိုက်ပြီးနောက် ရပ်သွားသည်။ချူးချီးက ခေါင်းမော့လာကာ သူ့ကို ကြည့်လိုက်ပြီး သူစကားဆက်ပြောမည်ကို စောင့်နေသည်။
“... ကိုယ်တော်ပြောချင်တာ... အကယ်လို့ မင်းသာ မိန်းကလေးတစ်ယောက်ဆိုရင် နန်းတွင်းဝင်ပြီး ဧကရီဖြစ်ဖို့နဲ့ သမက်တစ်ယောက် အိမ်ထဲခေါ်သွင်းဖို့ ဘယ်တစ်ခုကို ပိုလိုလားမလဲ။”
ချူးချီးက အံ့ဩသွားပြီး သူ့ကို သတိပေးလိုက်၏။
“ကျွန်တော်က ယောင်္ကျားလေးပါဗျ။”
လုံယန် : “....”
သူက ယောင်္ကျားလားမိန်းမလား လုံယန် မသိဘဲနေပါ့မလား။သူက ကိစ္စနှစ်ခုကို နှိုင်းယှဉ်ပြနေခြင်းသာ ဖြစ်ပါသည်။သူ ချူးချီးကို ကြည့်လိုက်ပြီး အဆုံးမှာတော့ သက်ပြင်းချလိုက်၏။ကောင်းပါပြီ၊ သူ မမေးခဲ့သလိုသာ သဘောထားလိုက်ပါမည်လေ။သူတို့ နဂါးကွယ်နန်းဆောင်သို့ ပြန်ရောက်သောအခါ လုံယန် သူ့အိပ်ခန်းသို့သာ တန်းသွားလိုက်သည်။
၎င်းကိုမြင်သော် သူ့ကို စောင့်နေခဲ့သော ကျောက်ချန်က သူ့နောက်သို့လိုက်သွားကာ ဝေယျာဝစ္စများ လိုက်လုပ်ပေးချင်၏။ သို့သော် သူ အခန်းထဲသို့ ခြေမလှမ်းရသေးခင်မှာပဲ ရုတ်တရက် တံခါးက သူ့မျက်နှာရှေ့မှ ဝုန်းခနဲဆောင့်ပိတ်သွားလေသည်။ သူသာ အချိန်မှီမတုံ့ပြန်ခဲ့လျှင် သူ့နှာခေါင်းပြားသွားလိမ့်မည်ဖြစ်သည်။
ထိုထိတ်လန့်သွားမှုကြောင့် သူ ချွေးပင်ပြန်လာပြီး သူ့ရှေ့ရှိ ပိတ်ထားသောတံခါးကို ကြောင်ကြည့်နေမိသည်။ သူ့နှလုံးမှာ ကြောက်ရွံ့မှုကြောင့် ခုန်ပေါက်နေဆဲ။သခင်က အပြင်ကပြန်လာပြီး ဘာကိစ္စ စိတ်အခြေအနေ မကောင်းနေရတာလဲ။သူ နောက်လှည့်လိုက်သော် သူ့နောက်မှ လျှောက်နေသော ချူးချီးကို တွေ့လိုက်ရသည်။ သူ အမြန်သွားကာ ချူးချီးအား တစ်ဖက်သို့ဆွဲခေါ်သွား၏။
“ဟုတ်တယ်၊ သခင်က သူ့အခန်းထဲ ခဏလောက်နေခဲ့သေးတယ်၊ ပြန်ထွက်လာတော့ စိတ်အခြေအနေ ဆိုးသွားတော့တာပဲ။”
ကျောက်ချန်မှာ အင်မတန်အံ့ဩလွန်းသဖြင့် သူ့စိတ်လှုပ်ရှားမှုကို ဖိနှိပ်ထားရန် ချူးရီကဲ့သို့ လက်ကို ပါးစပ်ထဲထည့်ကိုက်ထားရသည်။
သခင်က ဉာဉ့်နက်ကြီး ဒုတိယသခင်မလေးလုလို အပျိုလေးရဲ့ အခန်းထဲ ခိုးဝင်သွားတယ်၊ အထဲမှာ ခဏလောက် နေခဲ့သေးတယ်၊ ထွက်လာတဲ့အခါကျ စိတ်အခြေအနေ ဆိုးသွားတယ်တဲ့လား။
တစ်ချိန်တည်းမှာ သူ့ခေါင်းထဲ အတွေးမျိုးစုံ ပလူပျံသွားသည်။အချိန်က ဒီလောက်နောက်ကျနေပြီဖြစ်သော်လည်း သခင်က ဒုတိယသခင်မလေးလု၏ အပျိုအခန်းထဲ ဝင်သွားသည်။ ဧကန္တ သူက ... ရန်ကြိုးစားသော်လည်း ဒုတိယသခင်မလေးလုထံမှ အငြင်းခံလိုက်ရသောကြောင့်စိတ်အခြေအနေ သုန်မှုန်နေသည်လား။
သခင်က ကာမဆန္ဒ ခံစားနေရတာလား။ကျောက်ချန် သူ့လက်ကို ပါးစပ်ထဲမှ ထုတ်ကာ အကျီတွင်သုတ်လိုက်ရင်း ထိုအခြေအနေကို မသုံးသပ်မစဉ်းစားမိဘဲ မနေနိုင်။ထိုလူ အတွေးနစ်နေသည်ကို မြင်သောအခါ ချူးချီးက သူ့ကို လျစ်လျူရှုထားရန်သာ ဆုံးဖြတ်လိုက်သည်။ သူ လှည့်ထွက်သွားတော့မည့်အခိုက်တွင် ကျောက်ချန်က သူ့လက်မောင်းကို ထပ်ဆွဲလာပြန်၏။
“ချူးချီး၊ သခင်က ပြန်တဲ့လမ်းတစ်လျှောက်လုံး မျက်နှာသုန်မှုန်နေတာပဲလား။”
ချူးချီး တစ်ခဏမျှ တွေးလိုက်ပြီးနောက် ခေါင်းညိမ့်သည်၊ ထို့နောက် ခေါင်းခါပြန်သည်။ကျောက်ချန် သူ့ကို ကြည့်ရုံနှင့်တင် ခေါင်းမူးလာရသည်။
အပြန်လမ်းတစ်ဝက်တွင် သခင်က သူ့ကိုပြောခဲ့သည့်စကားကို ပြန်သတိရပြီးနောက် ချူးချီးက မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။
“သခင်က တစ်လမ်းလုံးဆူပုတ်နေတာတော့ မဟုတ်ဘူး၊ လမ်းတစ်ဝက်လောက်ရောက်တော့ ကျွန်တော်သာ မိန်းကလေးဆို နန်းတွင်းထဲဝင်ပြီး ဧကရီဖြစ်ဖို့ရွေးမလား၊ မိသားစုထဲ သမက်ခေါ်သွင်းဖို့ကို ရွေးမလားလို့တောင် သခင်က ကျွန်တော့်ကို မေးသေးတယ်ဗျ။”
သူ ခေါင်းမော့ကာ ချူးချီး၏ အလွန်အမင်းသိမ်မွေ့သော မျက်နှာအစိတ်အပိုင်းအချိုးအစားတို့ကို ကြည့်လိုက်သည်။ သူ ပိုကြည့်လေလေ၊ ပိုထိတ်လန့်လာရလေလေပင်။
ချူးချီး ဒီလောက်မိန်းကလေးနှင့်တူသည်ကို သူ အရင်က ဘာကြောင့် သတိမထားမိခဲ့ရသည်လဲ။ထိုကောင်လေး စကားမပြောဘဲ ဒီတိုင်းရပ်နေလျှင် အမှန်ပင် မိန်းကလေးနှင့်တူလှ၏။ဒါဖြင့်ရင် သခင် သူ့ကို မေးခဲ့တဲ့ မေးခွန်းက ဆိုလိုတာက....။
ကျောက်ချန်၏မျက်လုံးထဲ ထိတ်လန့်မှုများ ဖြတ်ပြေးသွား၏။မဟုတ်လောက်ပါဘူးနော်?သခင်က ချူးချီးကို မျက်စိကျနေတာများလား။သူ မနေနိုင်ဘဲ လက်လှမ်းကာ ချူးချီး၏မျက်နှာကို လှမ်းဆွဲ၍ ပို၍အနီးကပ်စစ်ဆေးကြည့်လိုက်သည်။
သူ့မျက်နှာထက်ရှိ ထင်မှတ်မထားလောက်အောင် အံ့ဩနေသည့်အမူအရာက ချူးချီးကို အလွန့်အလွန် စိတ်အနှောင့်အယှက်ဖြစ်သွားစေသည်။သူ ခေါင်းမော့ကာ ကျောက်ချန်၏ ခပ်ပြည့်ပြည့်မျက်နှာကို ကြမ်းကြမ်းတမ်းတမ်း တွန်းထုတ်လိုက်သည်။
သို့သော် ကျောက်ချန်က သူ့ကိုလွှတ်ပေးဖို့ ငြင်းဆန်ပြီး သူ့နောက်မှ အလောတကြီး လိုက်လာလေသည်။စိတ်ရှုပ်သွားသော ချူးချီးက ကိုယ်ဖော့သိုင်းဖြင့် ရှောင်ပြေးသွား၏။
အလုပ်ပြီးသောအခါ လုလျန့်ဝေက ထုံးစံအတိုင်း သက်ရှည်ခန်းမသို့သွားကာ မြို့စားကတော်ဟောင်းကို အဖော်ပြုပေးသည်။မြို့စားကတော်ဟောင်းသည် သူမ၏ နူးညံ့ညင်သာကာ လိမ္မာသော မြေးမလေးကို ကြည့်နေရင်း တစ်ခဏမျှ စဉ်းစားနေပြီးနောက် ဖွင့်ဟပြောလာသည်။
၎င်းကိုကြားသော် လုလျန့်ဝေ၏နှလုံးသားမှာ ဆတ်ခနဲနစ်မြုပ်သွားသည့်အလား ခံစားရသည်။ သို့သော် သူမ နားမလည်ချင်ယောင်ဆောင်ကာ ပြန်ဖြေလိုက်၏။
မူရင်းစာရေးသူ ps ; ကျောက်ချန် : ဘုရားရေ၊ သခင်က ချူးချီးကို မျက်စိကျနေတယ်တဲ့၊ ဒါဖြင့် ငါ သခင့်ကို လူငယ်ချောချောလေးတွေ ကူရှာပေးရ ကောင်းမလား၊ ဒါပေမယ့် ပြောကာမှ ငါ သခင့်စိတ်ကို သိသွားတာပဲ၊ လူသတ်နှုတ်ပိတ်ခံရမှာတော့ မဟုတ်လောက်ပါဘူးနော်!?
ဆက်ရန်__
Chapter 209
April 11, 2024 by Nay Chi Lynn
အပိုင်း (၂၀၉) - မွေးစားသမက် ရွေးချင်ပါတယ်။
မြို့စားကတော်ဟောင်းက သူမလက်ကိုကိုင်ကာ ခံစားချက်အပြည့်ဖြင့် ပြောလေသည်။
“ငါတို့ဝေဝေလေး မျက်စိတစ်မှိတ်အတွင်း အရွယ်ရောက်လာပြီပဲ....”
သူမလေသံအရ သူမ နောက်ထပ် ဘာပြောတော့မည်ကို လုလျန့်ဝေ ခန့်မှန်းလို့ရနေသည်။။
လုလျန့်ဝေ မျက်တောင်တဖျတ်ဖျတ်ခတ်ကာ သူမလက်မောင်းပေါ် မှီတွယ်လိုက်ပြီး နှုတ်ခမ်းဆူကာ ပြောသည်။
“အမှန်တော့ ကျွန်မ အရွယ်မရောက်သေးပါဘူးလို့။”
မြို့စားကတော်ဟောင်းက အပြုံးတစ်ပွင့်ဖြင့် သူမကို ဆူပူ၏။
“အသက်ဖြင့် ၁၅ နှစ်ရှိနေပြီ၊ အရွယ်မရောက်သေးဘူးပြောနေသေးတယ်၊ အရေတော်တော်ထူပါ့လား ဟမ်။”
လုလျန့်ဝေက မိမိမျက်နှာကို ထိကြည့်လိုက်ပြီးနောက် အလေးအနက်ပြောသည်။
“ကျွန်မအသားအရည်က အကောင်းကြီးပါအဘွားရဲ့ မထူပါဘူး။”
သူမအပြုအမူကြောင့် ရယ်မိရပြီး မြို့စားကတော်သည် သူမခေါင်းလေးကို ပွတ်သပ်လာသည်။သူမ သက်ပြင်းချလိုက်ပြီး ပြော၏။
“ဝေဝေ သမီးအသက်ပဲ ၁၅ နှစ်ရှိနေပြီ၊ အဘွား သမီးအတွက် အိမ်ထောင်ပြုဖို့ မိသားစုကောင်းကောင်း ရှာပေးရင်ရော ဘယ်နှယ့်လဲ။”
ထိုအချိန်က လုံယန်၏ တုံ့ပြန်မှုနှင့် ကျောက်ချန်၏ စကားလုံးတို့မှာ အရိပ်အမြွက်များ အတော်လေးပါနေ၏။ ထို့နောက်တွင် လူအုပ်ကြားက သံသယများကို ဖြေရှင်းရန် ကျောက်ချန်နှင့် မြို့စားကတော်ဟောင်းတို့က ရှင်းလင်းပြောကြားခဲ့သော်လည်း မြို့စားကတော်ဟောင်းကိုယ်တိုင်ကတော့ တစ်စုံတစ်ရာကို သတိပြုမိသွားခြင်း ဖြစ်နိုင်သည်။
ထို့အပြင် မနေ့ညက လုံယန်သည် သူမအား သူ့ဧကရီ ဖြစ်လာစေချင်ကြောင်း ထုတ်ဖော်ပြောပြခဲ့၏။သူမ နှုတ်ခမ်းများ စေ့လိုက်သည်။ မြို့စားကတော်ဟောင်းက လုံယန်၏ရည်ရွယ်ချက်များကို ခန်းမှန်းမိသွားခြင်းဖြစ်လိမ့်မည်။ ဧကန္တ သူမကရော မိမိ နန်းတွင်းထဲဝင်ဖို့ အားမပေးဘူးဆိုတဲ့သဘောများလား။
လုလျန့်ဝေ အကြာကြီးတိတ်ဆိတ်သွားသည်ကို သတိထားမိသောအခါ မြို့စားကတော်ဟောင်းသည် သူမ ထိုအကြံကို သဘောမကျဟု ထင်သွား၍ ညင်ညင်သာသာ ပြောလာသည်။
“အိမ်ထောင်ပြုဖို့ အလျင်မလိုပါဘူး၊ သမီးအတွက် မိသားစုတစ်ခု ရွေးပေးချင်ရုံပါ၊ သမီးသဘောကျတာရှိရင် အရင်ဆုံး ဒီတိုင်း သူတို့နဲ့ အစီအစဉ်ချထားတာပေါ့၊ မဂ်လာပွဲလုပ်ဖို့ရက်ကို နောက်ရွှေ့ထားလို့ရပါတယ်၊ သမီးလက်ထပ်ချင်မှ ဆုံးဖြတ်လို့ရတယ်။”
လုလျန့်ဝေ သူမစကားကို တိတ်ဆိတ်စွာ နားထောင်နေသည်။ ထိုစကားများမှတစ်ဆင့် မြို့စားကတော်ဟောင်း၏ သူမအပေါ်ထားသည့် အလိုလိုက်မှုနှင့် ချစ်မြတ်နိုးမှုများကို ခံစားနိုင်သည်။
ဤခေတ်တွင် အိမ်ထောင်ပြုခြင်းက မိဘခွင့်ပြုချက်နှင့် အောင်သွယ်တော်၏အကြံပြုမှုအပေါ် မူတည်သည်။ သို့သော် လုမိသားစုကတော့ ၎င်းနှင့်ဆန့်ကျင်ဘက်ပင်။မြို့စားကတော်ဟောင်းသည် အငယ်ဖြစ်သော သူမအား အာဏာအသုံးမပြုဘဲ သူမကို အလိုလိုက်လေသည်။
လုလျန့်ဝေ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ အဘွားက သူမဆန္ဒများကို လျစ်လျူရှုပြီး သူမအတွက် အတင်းအကြပ် မိသားစုတစ်ခု သတ်မှတ်ရွေးခြယ်ပေးလိုက်မည်ကို သူမ စိုးရိမ်နေခဲ့ရသည်။ သို့သော် ယခု ကြည့်ရတာတော့ သူမ အလကားစိတ်ပူမိခဲ့ပုံပေါ်ပါသည်။
သူမစကားများကိုကြားသော် မြို့စားကတော်ဟောင်း၏မျက်လုံးများ တောက်ပသွားသည်။ ကြည့်ရတာ ဝေဝေက လုထင်ချန်းပြောသလိုပင် သမက်တစ်ယောက်မွေးစားရန် တကယ်အစီအစဉ်ရှိပုံပေါ်သည်။
“ဒါဖြင့် လက်မထပ်ချင်ရင် ဘာလုပ်ဖို့အစီအစဉ်ရှိတုန်း။”
“အမှန်အတိုင်းပြောရရင် အဘွား ကျွန်မ မွေးစားသမက် ရွေးချင်ပါတယ်၊ အဲ့လိုဆို တစ်သက်လုံး လုမိသားစုမှာပဲနေပြီး အဘွားနဲ့အဖေတို့ကို ပြုစုလို့ရတာပေါ့၊ ဒါပေမယ့် အဘွားနဲ့အဖေတို့က ငြိုငြင်တယ်ဆိုရင် ကျွန်မတို့ အိမ်ပြောင်းလို့ရ....”
၎င်းကိုကြားသော် မြို့စားကတော်ဟောင်းက မျက်မှောင်ကြုံ့လိုက်သည်။
“ကလေးမလေးကတော့၊ အဘွား ဘယ်တုန်းက ညည်းကို ငြိုငြင်ဖူးလို့လဲ။”
အဘွားအိုအား ဒေါသထွက်သွားစေမိသည်ကိုမြင်သော် လုလျန့်ဝေက ချက်ချင်းပင် သူမလက်မောင်းကိုဖက်ကာ ပြုံးလျက် ပြောလိုက်သည်။
မြို့စားကတော်ဟောင်းက အနည်းငယ် မကျေမနပ်ဖြစ်နေဆဲပင်။
“ညည်းဒီလိုစကားတွေ ထပ်ပြောရင် ငါ့အဆောင်ကို မလာခဲ့နဲ့တော့။”
ထို့နောက် သူမ ပါးစပ်ကို ချိပ်ပိတ်လိုက်သည့်ပုံစံဖြင့် နှုတ်ခမ်းများ တင်းတင်းစေ့ထားလိုက်လေ၏။