ဆရာကို ကျော်တက်သွားသော တပည့်....
Vol. 27 Ch. 408
" ဒီမှတ်ဉာဏ်အဆိပ်နဲ့ဆို ပြိုင်ဘက်ကင်းပါရမီရှင်ကိုလည်း လုံးဝ သတ်ပစ်နိုင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
အင်းဆက်မျိုးနွယ်နှင့် အခြားမျိုးနွယ်များက လူသားမျိုးနွယ်၏ ပါရမီရှင်များကို စာရင်းလုပ်ပြီး လုပ်ကြံသတ်ဖြတ်ရန် ဆုလဒ်များပေးထားလေသည်။
သို့သော် လူသားမျိုးနွယ်ကလည်း အခြား အထွတ်အထိပ်မျိုးနွယ်များမှ ပြိုင်ဘက်ကင်းပါရမီရှင်များကို စာရင်းများလုပ်၍ လူသားမျိုးနွယ်အတွက် အန္တရာယ်ကို ရှင်းလင်းပေးနိုင်လျှင် ကောင်းမှုအမှတ်များကို ဆုလာဒ်အဖြစ် ရရှိနိုင်လေသည်။
" ဒီလိုမှန်းသိရင် ကျန်တဲ့သုံးယောက်ကိုလည်း ရအောင် သတ်လိုက်ပါတယ်။ " လင်းယွမ်က နောင်တရမိသွား၏။
ထိုအဋ္ဌမအလွှာ တားဆီးမရသူ မျိုးနွယ်ခြားများက လူသားမျိုးနွယ်၏ နယ်မြေထဲသို့ ထိုမျှ များပြားသော ရတနာများနှင့် လာလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။
VR ကမ္ဘာရှိ ကိုယ်ပိုင်နေရာတွင် ချီခွန်ကြယ်သခင်နှင့် အဖြူရောင်အလင်းကြယ်သခင်တို့က မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
" မင်းဘာပြောတယ်။မျိူးနွယ်ခြားတွေက ငါ့တပည့်ကို လုပ်ကြံဖို့ အဋ္ဌမအလွှာ တားဆီးမရသူ ငါးယောက်ကို လွှတ်လိုက်တာလား။ " ချီခွန်ကြယ်သခင်က တုန်လှုပ်သွား၏။
အဖြူရောင်အလင်းကြယ်သခင်က နဂါးငွေ့တန်းပင်မကြယ်၏ အပြင်ဘက်တွင် အဋ္ဌမအလွှာ တားဆီးမရသူ မျိုးနွယ်ခြားငါးယောက်ပေါ်လာသည်နှင့် သူ၏ စိတ်အသိမျှင်တစ်ခုကို VR ကမ္ဘာနှင့် ချိတ်ဆက်ပြီး ချီခွန်ကြယ်သခင်ကို ဆက်သွယ်ခဲ့သည်။
" မစိုးရိမ်နဲ့။ ငါ့ရဲ့ လျို့ဝှက်ရတနာ အဖြူရောင်နှလုံးသားမီးတောက်ကို သုံးလိုက်မယ်။ " အဖြူရောင်အလင်းကြယ်သခင်၏ အမူအရာက လေးနက်နေသည်။
" အဖြူရောင်နှလုံးသား မီးတောက်..." ချီခွန်ကြယ်သခင်က စိတ်မချသေးပေ။
အဖြူရောင်နှလုံးသားမီးတောက်ကို အသက်သွင်းလိုက်သည်နှင့် နဝမအလွှာ နီးပါး ခွန်အားကို ရသော်လည်း ပြိုင်ဘက်များက အဋ္ဌမအလွှာ တားဆီးမရသူငါးယောက်ဖြစ်သည်။ သူတို့က အနည်းဆုံး အဖြူရောင်နှလုံးသားမီးတောက်ကို ခဏတာ ခုခံနိုင်စွမ်းရှိကြလေသည်။
မျိုးနွယ်ခြားများက အဋ္ဌမအလွှာ တားဆီးမရသူငါးယောက်ကို စေလွှတ်ခဲ့သောကြောင့် ထိုတာဝန်ကို အောင်မြင်ရန် စိတ်ပိုင်းဖြတ်ထားသည်မှာ သေချာလေသည်။
" မဟုတ်ဘူး။ ငါကြီးမြတ်သူတစ်ယောက်ကို ဆက်သွယ်လိုက်မယ်။ " ချီခွန်ကြယ်သခင်က ရုတ်တရက် ထရပ်လိုက်သည်။
" စောင့်ဦး။ " ရုတ်တရက် အဖြူရောင်အလင်းကြယ်သခင်က ချီခွန်ကြယ်သခင်ကို တားဆီးလိုက်သည်။
" စောင့် ဘာကိုစောင့်ရမှာလဲ။ " ချီခွန်ကြယ်သခင်က မျက်မှောင်ကြုတ်သွား၏။
" ပြီးသွားပြီ။ အဲ့ဒီအဋ္ဌမအလွှာတားဆီးမရသူ မျိုးနွယ်ခြားငါးယောက်က ဆုတ်ခွာသွားပြီ။ " အဖြူရောင်အလင်းကြယ်သခင်က မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။
" နောက်ဆုတ်သွားတာလား။ " ချီခွန်ကြယ်သခင်ကလည်း အံ့ဩသွား၏။ ထိုရလဒ်ကမမျှော်လင့်ထားသော်လည်း သူက အနည်းငယ် စိတ်အေးသွား၏။
" ငါတို့ လူသားမျိုးနွယ်က နဝမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြတ်သွားရင်းနဲ့ ငါတပည့်ကို ကယ်ခဲ့တာလား။ " ချီခွန်ကြယ်သခင်က ပြန်ထိုင်ပြီး ပြောလိုက်သည်။ " ငါ ချီခွန်ကိုယ်တိုင် သူ့ကို ကျေးဇူးတင်ရမယ်။ "
ချီခွန်ကြယ်သခင်၏ အမြင်တွင် အဋ္ဌမအလွှာ တားဆီးမရသူငါးယောက်ကို ဆုတ်ခွာစေနိုင်သူမှာ နဝမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်သာ ဖြစ်သည်။
" အဲ့ဒါ နဝမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်မဟုတ်ဘူး။ " အဖြူရောင်အလင်းကြယ်သခင်က ခဏတိတ်ဆိတ်သွားပြီး သူ၏ ခေါင်းကို ခါလိုက်သည်။
" နဝမအလွှာမဟုတ်ဘူးလား။ " ချီခွန်ကြယ်သခင်က အံ့ဩသွား၏။ " ဒါဆို အဋ္ဌမအလွှာ တားဆီးမရသူအချို့လား။ "
အကယ်၍ နဝမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်မဟုတ်လျှင် အဋ္ဌမအလွှာ တားဆီးမရသူအချို့သာ ဖြစ်နိုင်လေသည်။
" အဋ္ဌမအလွှာ တားဆီးမရသူတွေလည်း မဟုတ်ဘူး။ " အဖြူရောင်အလင်းကြယ်သခင်က မှင်သက်စွာ ပြောလိုက်သည်။
" လူအိုကြီး မင်းစကားကို တစ်ခါတည်းပြီးအောင် ပြောလို့မရဘူးလား။ " ချီခွန်ကြယ်သခင်က စိတ်မရှည်တော့ပေ။
" မင်းတပည့်ကိုယ်တိုင် အဋ္ဌမအလွှာ တားဆီးမရသူငါးယောက်ကို နောက်ဆုတ်စေခဲ့တာပဲ။ " အဖြူရောင်အလင်းကြယ်သခင်က ချီခွန်ကြယ်သခင်ကို စိတ်ရှုပ်ထွေးသော အမူအရာနှင့် ကြည့်လိုက်သည်။
" အဲ့ဒါ ငါ့တပည့် ဟမ်... မင်းဘာပြောတယ်။ " ချီခွန်ကြယ်သခင်က ခဏကြောင်သွားသည်။
" ငါပြောတာက မင်းတပည့်က သူတစ်ယောက်တည်းနဲ့ အဋ္ဌမအလွှာ တားဆီးမရသူငါးယောက်ကို ထွက်ပြေးသွားအောင် လုပ်လိုက်တယ်။ "
ဤတစ်ကြိမ်တွင် ချီခွန်ကြယ်သခင်က အပြည့်အဝ နားလည်သွား၏။ သူက ဘာပြောရမှန်းမသိဖြစ်မေသည်။
အဋ္ဌမအလွှာ တားဆီးမရသူငါးယောက်က ဆုတ်ခွာသွားခြင်းမှာ ဖြစ်နိုင်ချေများစွာ ရှိသော်လည်း အကြီးမားဆုံး ဖြစ်နိုင်ချေမှာ သူတို့ငါးယောက်က လင်းယွမ်ကို ယှဉ်နိုင်ခြင်းမရှိဟု သေချာသွားသောကြောင့် ဆုတ်ခွာသွားခြင်းဖြစ်သည်။
လူသားမျိုးနွယ်၏ နယ်မြေတွင် နယ်စပ်ကြယ်နယ်မြေဖြစ်လျှင်တောင် လုပ်ကြံရန် ကြိုးစားချိန်တွင် သူတို့က ကြာကြာနေရဲမည်မဟုတ်ပေ။ မအောင်မြင်နိုင်သည်ကို သိလျှင် ပြတ်ပြတ်သားသား လက်လျှော့ကြပေလိမ့်မည်။
ချီခွန်ကြယ်သခင်က ခံစားချက်များနှင့် ပြည့်နှက်သွားသည်။ ဘယ်လောက်တောင်ကြာသေးလို့လဲ။ သူခေါ်ယူခဲ့သော တပည့်လေးက သူနှင့်တန်းတူရပ်နိုင်နေပြီလား။
" ချီခွန် နောက်ထပ် ကိစ္စတစ်ခုရှိသေးတယ်။ ငါပြောသင့် မပြောသင့်တော့ မသိဘူး။ " အဖြူရောင်အလင်းကြယ်သခင်က ချီခွန်ကြယ်သခင်ကို ကြည့်ပြီး တုံ့ဆိုင်းသွား၏။
" ဘာမပြောသင့်ရမှာလဲ။ ငါ့တပည့်က ငါ့ကိုမီလာတာ ငါအတွက် ဝမ်းသာစရာကိစ္စပဲ။ " ချီခွန်ကြယ်သခင်က ရယ်မောလိုက်သည်။
" မင်းတပည့်က အဲ့ဒီအဋ္ဌမအလွှာ တားဆီးမရသူငါးယောက်ကို နောက်ဆုတ်အောင်လုပ်ခဲ့တဲ့အပြင် သူတို့နောက်ကို လိုက်ပြီး နှစ်ယောက်ကိုလည်း သတ်ပစ်ခဲ့တယ်။ " အဖြူရောင်အလင်းကြယ်သခင်က တိုးညှင်းစွာ ပြောလိုက်သည်။
" အဋ္ဌမအလွှာ တားဆီးမရသူနှစ်ယောက်ကို သတ်ပစ်တာလား။ " ချီခွန်ကြယ်သခင်က တိတ်ဆိတ်သွားပြန်သည်။ သူလို အစွမ်းထက်သူတစ်ယောက်ပင် အဋ္ဌမအလွှာ တားဆီးမရသူနှစ်ယောက်ကို သတ်ဖြတ်ရန် မလွယ်ကူပေ။
" မင်း မြင်တာ သေချာရဲ့လား။ " ချီခွန်ကြယ်သခင်က လေးနက်စွာ မေးလိုက်သည်။
အဋ္ဌမအလွှာ တားဆီးမရသူများကို သတ်ဖြတ်ခြင်းက မယုံကြည်နိုင်စရာ ဖြစ်ရပ်တစ်ခုမဟုတ်ပေ။ စစ်မြေပြင်ကြီးများတွင် အဋ္ဌမအလွှာ တားဆီးမရသူများက မကြာခဏ သေဆုံးရတတ်သည်။
သို့သော် အဋ္ဌမအလွှာ တားဆီးမရသူများကို သတ်ခဲ့သူက သူ၏ တပည့်၊ လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်မှ အဋ္ဌမအလွှာသို့ တက်လှမ်းခဲ့သူ၊ အသက်တစ်ရာပင် မပြည့်သေးသော လူငယ်လေးဖြစ်၏။
" ငါသေချာတယ်။ " အဖြူရောင်အလင်းကြယ်သခင်က အတည်ပြုလိုက်သည်။
သူက အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက်မဟုတ်သော်လည်း လေဟာနယ်နိယာမကို နက်ရှိုင်းစွာ နားလည်ထားသောကြောင့် အကွာအဝေးက သူ့အတွက် ပြဿနာမရှိပေ။ နဂါးငွေ့တန်းကြယ်သခင်၏ လက်ချက်ဖြင့် အဋ္ဌမအလွှာ တားဆီးမရသူနှစ်ယောက် သတ်ခံလိုက်ရသည်ကို သူ၏ မျက်စိဖြင့် တပ်အပ်မြင်ခဲ့ခြင်းဖြစ်သည်။
" ငါ့တပည့်..." ချီခွန်ကြယ်သခင်က မယုံကြည်နိုင်ဖြစ်နေသည်။
သူ၏ တပည့်က ယခင် သူပြောသကဲ့သို့ သူ့ကို မီလာခြင်းမဟုတ်ဘဲ ကျော်တက်သွားခြင်းပင်ဖြစ်သည်။
" ချီခွန် မင်းက တပည့်ကောင်းတစ်ယောက်ရထားတာပဲ။ " အဖြူရောင်အလင်းကြယ်သခင်က ချီခွန်ကြယ်သခင်ကို ကြည့်ပြီး ပြောလိုက်သည်။
လူသားမျိုးနွယ်တွင် တပည့်တစ်ယောက်က ဆရာတစ်ယောက်ကို ကျော်လွန်သွားခြင်းက မထူးဆန်းပေ။
မျိုးနွယ်ခြားများကတော့ သူတို့မျိုးနွယ်မှ ပါရမီရှင်များကို ဖိနှိပ်ခြင်းနှင့် ကျွန်ပြုခြင်းများ ရှိနိုင်လေသည်။ ထို့ကြောင့် သန်မာသူများက သန်မာဆဲ ဖြစ်ပြီး အဆင့်အတန်းမြင့်မားသူများက သူတို့၏ အဆင့်အတန်းကို တည်မြဲစေရန်အတွက် အောက်ရှိလူများ၏ လမ်းကြောင်းများကို ကန့်သတ်ခြင်းများ ပြုလုပ်ကြလေသည်။
သို့သော် ထိုဖြစ်ရပ်မျိုးက လူသားမျိုးနွယ်တွင် မရှိသလောက်ပင် ဖြစ်သည်။ နတ်ဘုရားသုံးပါး၏ အုပ်ချုပ်မှုအောက်တွင် အရည်အချင်းကို ပြသနိုင်သရွေ့ ကာကွယ်မှုကို ရရှိမည်ဖြစ်သည်။ အရည်အချင်းများ မရှိလျှင်တောင် တည်ငြိမ်ပြီး လုံခြုံသော ဘဝကို ရနိုင်လေသည်။ ဥပဒေများကို မချိုးဖောက်သရွေ့ မည်သည့်ပြဿနာမှ ရှိမည်မဟုတ်ပေ။
ထို့ကြောင့် လူသားမျိုးနွယ်ရှိ စွမ်းအားကြီးသူများက အခြားအထွတ်အထိပ်မျိုးနွယ်များနှင့်ယှဉ်လျှင် နည်းပါးလျှင်တောင် အစွမ်းထက်သူများကို အဆက်မပြတ် မွေးထုတ်နိုင်ဆဲ ဖြစ်သည်။
" အင်း အရမ်းတော်တဲ့ တပည့်ရထားတာကလည်း တကယ်ပြဿနာပဲ။ " ချီခွန်ကြယ်သခင်က သက်ပြင်းချလိုက်သည်။
ချီခွန်ကြယ်သခင်၏ အဆင့်နှင့် ခဏအတွင်း တိုးတက်ရန် ခက်ခဲပြီး ပုံမှန်အားဖြင့် မိတ်ဆွေရင်းများနှင့် ငြင်းခုန်နေပြီး တပည့်များကို နှိုင်းယှဉ်ခြင်းကလည်း ထိုထဲမှ တစ်ခုဖြစ်သည်။
လင်းယွမ်က ပို၍ ထူးချွန်လေ ချီခွန်ကြယ်သခင်က ပို၍ ဂုဏ်ယူရလေဖြစ်သည်။ လင်းယွမ်ကို တပည့်လက်ခံခဲ့ချိန်မှ စ၍ချီခွန်ကြယ်သခင်က အလွန်သက်သာခဲ့ပြီး မိတ်ဆွေများနှင့် နှိုင်းယှဉ်ရာတွင်လည်း ဘယ်တော့မှ မရှုံးနိမ့်ခဲ့ပေ။
အထူးသဖြင့် ယခု အဖြူရောင်အလင်းကြယ်သခင်ထံမှ လင်းယွမ်၏ ကြောက်စရာကောင်းသော အောင်မြင်မှုများကို ကြားရသောအခါ ချီခွန်ကြယ်သခင်က ပို၍ ကျေနပ်ခဲ့ရလေသည်။ သူ၏ မိတ်ဆွေများ နဝမအလွှာသို့ ရောက်သွားလျှင်တောင် တပည့်များကို သင်ကြားရာတွင် သူက အပြတ်အသတ် အနိုင်ရနေဆဲ ဖြစ်သည်။
" ဘာတွေလှောင်နေတာလဲ။ " အဖြူရောင်အလင်းကြယ်သခင်က ချီခွန်ကြယ်သခင်ကို ကြည့်လိုက်သည်။
" မင်းတပည့် နဝမအလွှာကို ရောက်သွားရင် မင်းလည်း အဋ္ဌမအလွှာမှာပဲ ကပ်ကျန်မနေခဲ့စေနဲ့။ " အဖြူရောင်အလင်းကြယ်သခင်က လှောင်ပြောင်လိုက်သည်။
" ငါသဘောကျတယ်။ " ချီခွန်ကြယ်သခင်က ဂရုမစိုက်ပေ။
အချိန်ကြာလာသည်နှင့်အမျှ နဂါးငွေ့တန်းပင်မကြယ်၏ အပြင်ဘက်မှ တိုက်ပွဲက လူသားမျိုးနွယ်တစ်ခုလုံး မုန်တိုင်းသဖွယ် ပျံ့နှံ့သွားခဲ့သညိ။
လူသားမျိုးနွယ်က ကျယ်ပြောလှပြီး နဝမအလွှာ သို့မဟုတ် ဒသမအလွှာများ၏ သတင်းများပင် များစွာ ပျံ့နှံ့ခြင်းမရှိပေ။ သို့သော် လင်းယွမ်က အဋ္ဌမအလွှာ တားဆီးမရသူ မျိုးနွယ်ခြားငါးယောက်နှင့် တိုက်ခိုက်ခဲ့ပြီး နှစ်ယောက်ကို သတ်ဖြတ်နိုင်ခြင်းက လူသားမျိုးနွယ်တစ်ခုလုံး တုန်လှုပ်သွားစေခဲ့သည်။
အဋ္ဌမအလွှာ တားဆီးမရသူများက အဆင့်တူခြင်း သတ်နိုင်ရန် မည်မျှခက်ခဲသည်ကို ကောင်းစွာ သိကြလေသည်။ ၎င်းက သတ်ဖြတ်ခြင်းဖြစ်ပြီး အနိုင်ယူခြင်း သို့မဟုတ် ဖိနှိပ်ခြင်းမဟုတ်ပေ။