နတ်ဆိုးကျောက်စိမ်းနေရာ....
Vol. 27 Ch. 411
" ဆရာ ကြည့်လိုက်ပါ။ " လင်းယွမ်က သူ၏ ညာလက်ကို မြှောက်လိုက်ရာ သူ၏ လက်ချောင်းများ ကြားတွင် စွမ်းအား သုံးမျှင် လှည့်ပတ်နေသည်။
" ဟုတ်တယ်။ အဲ့ဒါတွေက အဆင့်မြင့် စကြာဝဠာ စွမ်းအားတွေပဲ။ ကြည့်ရတာ အဲ့ဒါတွေကို တတိယအလွှာထိ လေ့ကျင့်ပြီးပြီထင်တယ်။ " ချီခွန်ကြယ်သခင်က လေးစားစွာ ပြောလိုက်သည်။
သူက လင်းယွမ်တိုက်ခိုက်နေသည့် ဗီဒီယိုကို ကြည့်ခဲ့ပြီး သူ၏ တပည့်က စကြာဝဠာစွမ်းအား သုံးမျိုးအား အသုံးပြုနေသည်ကို သိခဲ့ရသော်လည်း ယခု အဆင့်မြင့် စကြာဝဠာစွမ်းအားသုံးမျိုးက သူတပည့်၏ လက်ချောင်းများတွင် လှည့်ပတ်နေသည်ကို မြင်လိုက်ရသောအခါ ပို၍ စိတ်လှုပ်ရှားမိလေသည်။
၎င်းက အဆင့်မြင့် စကြာဝဠာစွမ်းအားဖြစ်သည်။ လမ်းဘေးမှ ဟင်းသီးဟင်းရွက်မဟုတ်ပေ။
" လူတွေက တစ်ယောက်နဲ့ တစ်ယောက် မနှိုင်းယှဉ်သင့်ဘူး။ ငါ စကြာဝဠာစွမ်းအားတစ်မျိုးကို နားလည်တုန်းက တော်တော်ဂုဏ်ယူခဲ့တာ။ ဒါပေမယ့် ငါ့တပည့် မင်းက အဆင့်မြင့် စကြာဝဠာစွမ်းအား သုံးမျိုးတောင် နားလည်ခဲ့တာပဲ။ " ချီခွန်ကြယ်သခင်က ကြေကွဲစွာဖြင့် ပြောလိုက်သည်။
" ကံကောင်းလို့ပါ။ အဲ့ဒါက စကြာဝဠာစွမ်းအားသုံးမျိုးကို နားလည်ရုံပါပဲ။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။
မူလကမ္ဘာတွင် စကြာဝဠာစွမ်းအားများကို ပုံဖော်ခြင်း သို့မဟုတ် အတုယူခြင်းများ မပြုလုပ်နိုင်သောကြောင့် စကြာဝဠာစွမ်းအားတစ်ခုကို နားလည်ခြင်းက ကံတရားနှင့်လည်း သက်ဆိုင်လေသည်။
အချို့အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများက စကြာဝဠာစွမ်းအားတစ်ခုကို နားလည်ရန် နှစ်ပေါင်းသောင်းချီကြာမြင့်သော်လည်း အချို့က ဆယ်စုနှစ်အနည်းငယ်အတွင်း အောင်မြင်နိုင်လေသည်။
" တစ်ခုကို နားလည်တာက ကံကောင်းတာဖြစ်နိုင်တယ်။ ဒါပေမယ့် သုံးခုကို နားလည်တာတောင် ကံကောင်းတယ်လို့ ပြောရဦးမှာလား။ " ချီခွန်ကြယ်သခင်က သက်ပြင်းချလိုက်သည်။
သူ၏ တပည့်က အရာရာတွင် ထူးချွန်သော်လည်း အလွန်နှိမ့်ချလွန်းနေသည်။ သူသာဆိုလျှင် သူ၏ သူငယ်ချင်းများကို ပတ်ကြွားနေပြီဖြစ်သည်။
" အဆင့်မြင့်စကြာဝဠာစွမ်းအားသုံးမျိုး... မင်းနဝမအလွှာကို တက်လှမ်းပြီး အခြေခံတည်ဆောက်တဲ့အခါ ဘယ်လောက်တောင်ခိုင်မာလိုက်မလဲ။ " ချီခွန်ကြယ်သခင်က မှတ်ချက်ပေးလိုက်သည်။
သူမသိသည်မှာ သူ၏ တပည့်က အဆင့်မြင့်စကြာဝဠာစွမ်းအားသုံးမျိုးသာမဟုတ်ဘဲ ဆယ်မျိုးကျော်ကို နားလည်ခဲ့ခြင်းဖြစ်သည်။
ချီခွန်မျိုးနွယ် VR ကမ္ဘာ။
ချီခွန်မျိုးနွယ်မှ မရေတွက်နိုင်သော အဖွဲ့ဝင်များက ဆွေးနွေးနေကြပြီး သူတို့၏ အကြည့်က အလယ်ရှိ ခမ်းနားသော ပင်မတောင်ထိပ်သို့ မကြာခဏ ရောက်သွားတတ်သည်။
အချို့အဖွဲ့ဝင်များက ရှစ်စန်းတောင်ထိပ်သခင် ခေါ် နဂါးငွေ့တန်းကြယ်သခင်က ယခု ချီခွန်ကြယ်သခင်နှင့် တွေ့ဆုံနေသည်ကို သိကြလေသည်။
နဂါးငွေ့တန်းကြယ်သခင်.... ယခင်ကဆိုလျှင် လူများက ထိုမျှ စိတ်လှုပ်ရှားကြမည်မဟုတ်ပေ။ သို့သော် နဂါးငွေ့တန်းကြယ်သခင်က အဋ္ဌမအလွှာ တားဆီးမရသူနှစ်ယောက်ကို သတ်လိုက်သည်ဟူသော သတင်းရောက်လာချိန်တွင် ချီခွန်မျိုးနွယ်တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။
ချီခွန်ကြယ်သခင်ပင် မလုပ်ဆောင်နိုင်သောအရာကို လုပ်ခဲ့သောကြောင့် နဂါးငွေ့တန်းကြယ်သခင်က ချီခွန်မျိုးနွယ်၏ အဖွဲ့ဝင်များကို စိတ်လှုပ်ရှားစေခဲ့သည်။ ထိုအရည်အချင်းများနှင့် သူက နဝမအလွှာကို သေချာပေါက် ရောက်ပေလိမ့်မည်။
" ရှစ်စန်းတောင်ထိပ်သခင်က ဘယ်လိုလုပ်ဒီလောက် သန်မာနေရတာလဲ။ "
" ရှစ်စန်းတောင်ထိပ်သခင်က အမြဲတမ်း အံ့ဩစရာတွေပဲ လုပ်နေတာ။ "
" ငါ အဲ့လိုသာ သိခဲ့ရင် ရှစ်စန်းတောင်ထိပ်ကို ရအောင် ဝင်မှာပဲ။ "
" မင်းဝင်ချင်တိုင်း ဝင်လို့ရမလား။ ရှစ်စန်းတောင်ထိပ်သခင်က ခေါ်မှ ရမှာပေါ့။ "
ချီခွန်မျိုးနွယ်၏ အဖွဲ့ဝက်များက စိတ်အားထက်သန်စွာ ဆွေးနွေးနေကြပြီး နဂါးငွေ့တန်းကြယ်သခင်၏ ဂုဏ်သတင်းက လူသားမျိုးနွယ်၏ တောင်ပိုင်းကြယ်ဒေသတစ်လျှောက် ပျံ့နှံ့သွားခဲ့သည်။
ချီခွန်မျိုးနွယ်အတွင်းရှိ ထောင့်တစ်နေရာတွင် ဖန်းယုက စိတ်ရှုပ်ထွေးသော အမူအရာနှင့် အဝေးမှ ပင်မတောင်ထိပ်ကို ကြည့်နေသည်။
ကြယ်ခုနှစ်လုံးလှိုဏ်ဂူစမ်းသပ်မှုတွင် ရှစ်စန်းတောင်ထိပ်သခင်က သူ့ကို အဖွဲ့ဝင်အဖြစ် ခေါ်ယူခဲ့သေည်လည်း သူက ငြင်းပယ်ခဲ့ပြီး အဋ္ဌမအလွှာသို့ ရောက်ပြီးသား မဟာတောင်ထိပ်သခင်ကို ရွေးချယ်ခဲ့သည်။
မကြာမီ ရှစ်စန်းတောင်ထိပ်သခင်က အဋ္ဌမအလွှာကို တက်လှမ်းခဲ့သောကြောင့် သူက နောင်တရလာခဲ့သည်။ နှစ်များတစ်လျှောက် ဖန်းယုက သူ၏ ရွေးချယ်မှုကို တဖြည်းဖြည်း လက်ခံလာခဲ့သည်။
သူက ရှစ်စန်းတောင်ထိပ်သခင်၏ လက်အောက်သို့ မဝင်ဘဲ မဟာတောင်ထိပ်သခင်၏ လက်အောက်ခံဖြစ်ရသည်မှာ အရေးမကြီးဘူးဟု သူက ထင်ခဲ့သည်။
သို့သော် ၎င်းက ယခု ရှစ်စန်းဆောင်ထိပ်သခင်က အဋ္ဌမအလွှာ တားဆီးမရသူ မျိုးနွယ်ခြားနှစ်ယောက်အား သတ်ပစ်ခဲ့သည်ဟူသော သတင်းကို မကြားရမီဖြစ်သည်။
ဖန်းယုက အလွန်နောင်တရခဲ့ပြီး ထိုအချိန်က ရှစ်စန်းတောင်ထိပ်ကိုသာ ရွေးချယ်ခဲ့လျှင် ယခုအချိန်တွင် သူက အဆင့်မြင့်သော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေပေလိမ့်မည်။
ကြယ်ခုနှစ်လုံးလှိုဏ်ဂူစမ်းသပ်မှုတွင် ရှစ်စန်းတောင်ထိပ်ကို ရွေးချယ်ခဲ့သော ဆင့်ကဲပြောင်းလဲသူနှစ်ယောက်မှ မိုလီက အနီရောင်သင်္ကေတပိုင်ရှင်ဖြစ်ပြီး အစကတည်းက ဖန်းယုထက် အားကောင်းလေသည်။
သို့သော် ဝူလန်က သာမန်ငွေရောင်သင်္ကေတပိုင်ရှင်သာဖြစ်ပြီး နောက်ခံမရှိ၊ ထောက်ပံ့မှုမရှိခဲ့ပေ။ သူမက ရှစ်စန်းတောင်ထိပ်သခင်၏ ဖိတ်ခေါ်မှုကို လက်ခံခဲ့ရုံသာဖြစ်ပြီး ယခုအခါ သူမက ချီခွန်မျိုးနွယ်တွင် အရေးပါသော လူတစ်ယောက်ဖြစ်နေပြီး လူအများကပင် သူမကို လေးစားရလေသည်။
" ခြေတစ်လှမ်းမှားရင် အားလုံးမှားသွားတာပဲ။ " ဖန်းယုက စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
လင်းယွမ်က သူ၏ ဆရာနှင့် စကားအနည်းငယ် ပြောပြီးနောက် VR ကမ္ဘာမှ ထွက်လာလိုက်သည်။
" အခု ငါက အဋ္ဌမအလွှာ အထွတ်အထိပ်ကို ရောက်နေပြီ။ " လင်းယွမ်က တွေးလိုက်သည်။ သိုင်းတာအို၏ အဋ္ဌမအလွှာကို ပြီးမြောက်သွားပြီး နဝမအလွှာကို ချိုးဖျက်ရန်သာ ကျန်တော့သည်။
" ငါ နတ်ဆိုးကျောက်စိမ်းနေရာကို သွားကြည့်သင့်တယ်။ " လင်းယွမ်က ရုတ်တရက် တွေးမိသွားသည်။
ကြီးမြတ်သူတစ်ယောက်၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၃ခုကို နားလည်ပြီးနောက် လင်းယွမ်၏ စိတ်ဝိညာဉ်ထဲတွင် ကျောက်စိတ်အမှတ်အသား နိုးထလာပြီး နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ သာမန်အဖွဲ့ဝင် ဖြစ်လာခဲ့သည်။
နတ်ဆိုးကျောက်စိမ်းအမှတ်အသားက စိတ်စွမ်းအားကို တည်ငြိမ်စေသည့်အပြင် ဆန်းကြယ်သော နေရာလွတ်တစ်ခုဖြစ်သည့် နတ်ဆိုးကျောက်စိမ်းနေရာနှင့် ချိတ်ဆက်ထားသည်။ ၎င်းက နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင် ဖန်တီးခဲ့ခြင်းဖြစ်သည်။
လင်းယွမ်က နတ်ဆိုးကျောက်စိမ်းအမှတ်အသားမှ သိခဲ့ရသည်မှာ နတ်ဆိုးကျောက်စိမ်းနေရာသို့ ဝင်ရောက်ရန် အဋ္ဌမအလွှာ အထွတ်အထိပ်ရှိရန် လိုအပ်လေသည်။
" အခု လုပ်နိုင်သွားပြီ။ " လင်းယွမ်က သူ၏ စိတ်ဝိညာဉ်ထဲမှ ကိုးထပ်ရှိသော အနက်ရောင်မျှော်စင်ကို အာရုံစိုက်လိုက်သည်။
လင်းယွမ်က အနက်ရောင်မျှော်စင်ကို အသက်သွင်းလိုက်သည်နှင့် ချက်ချင်း သူ၏ စိတ်စွမ်းအားက အလွန်မြင့်တက်သွားပြီး ဆန်းကြယ်သော နေရာတစ်ခုသို့ ရောက်သွားခဲ့သည်။
နတ်ဆိုးကျောက်စိမ်းမျှော်စင်က စကြာဝဠာအလွန်မှ ဆန်းကြယ်သော အင်အားစုတစ်ခုဖြစ်သည်။ ကြီးမြတ်သူရှချင်၏ ပြောစကားအရ နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က ရှေးယခင်ကတည်းက ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အဖွဲ့ဝင်များကလည်း ထို့အတူ သဲလွန်စမရှိ ပျောက်ကွယ်ခဲ့သည်။
စကြာဝဠာပြင်ပမှ ရောက်ရှိလာသော ထိုကြီးမြတ်သူက နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အဖွဲ့ဝင်ဖြစ်လေသည်။ မဟုတ်လျှင် သူ၏ ခန္ဓာကိုယ်တွင် နတ်ဆိုးကျောက်စိမ်းမျှော်စင်နှင့် သက်ဆိုင်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ ရှိနေမည်မဟုတ်ပေ။
လင်းယွမ်က နတ်ဆိုးကျောက်စိမ်းအမှတ်အသားမှ ရရှိသော အချက်အလက်များအရ ၎င်းချိတ်ဆက်ထားသော နတ်ဆိုးကျောက်စိမ်းနေရာက စမ်းသပ်မှုများပြုလုပ်ရန် နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က အထူးဖွင့်လှစ်ထားခြင်းဖြစ်သည်။
၎င်းက စမ်းသပ်ရန်နေရာဖြစ်သဖြင့် အန္တရာယ်များပါဝင်မည်မှာ သေချာပြီး အဋ္ဌမအလွှာ အထွတ်အထိပ်တွင် မရှိလျှင် မတော်တဆမှုများ ဖြစ်နိုင်လေသည်။
လင်းယွမ်၏ စိတ်ဝိညာဉ်အမျှင်က နတ်ဆိုးကျောက်စိမ်းအမှတ်အသားနှင့်အတူ ဆန်းကြယ်သော နေရာတစ်ခုသို့ ဆင်းသက်သွားသည်။
" ဒါက နတ်ဆိုးကျောက်စိမ်းနေရာလား။ " လင်းယွမ်က ပတ်ဝန်းကျင်ကို သတိနှင့် ကြည့်လိုက်သည်။
" ငါ့ရဲ့ စိတ်အသိက ဆင်းသက်လာတာလား။ ငါ့ရဲ့ မူလခန္ဓာကိုယ်က နဂါးငွေ့တန်းပင်မကြယ်မှာပေါ့။ "
လင်းယွမ်က သူ၏ အခြေအနေကို စစ်ဆေးလိုက်သည်။ အနန္တဂိတ်တံခါးမှတစ်ဆင့် ဆင်းသက်ဖူးသော လင်းယွမ်အတွက် ထိုခံစားချက်က ရင်းနှီးပြီးသားဖြစ်သည်။
ကွာခြားချက်မှာ အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ဆင်းသက်ခြင်းက အခြားကမ္ဘာတွင် ခန္ဓာကိုယ်တစ်ခုရှိပြီး မူလကမ္ဘာမှ ခန္ဓာကိုယ်၏ တည်ရှိမှုကို မခံစားမိပေ။
ရှစ်ကြိမ်မြောက် ဆင်းသက်ခြင်းမှသာ သူ၏ မူလခန္ဓာကိုယ်ပတ်ဝန်းကျင်ကို ခံစားနိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းကလည်း အနန္တကမ္ဘာများ၏ ဂိတ်တံခါးက ကြားခံအဖြစ် ကူညီပေးသောကြောင့် ဖြစ်သည်။
သို့သော် ယခု လင်းယွမ်က သူ၏ ခန္ဓာကိုယ်ကို မည်သည့်နေရာတွင် ရှိနေသည်ကို ခံစားနိုင်လေသည်။
" ဒီနတ်ဆိုးကျောက်စိမ်းနေရာက မူလကမ္ဘာမှမရှိပေမယ့် တူညီတဲ့ ဒိုင်မင်းရှင်းတစ်ခုမှာ ရှိလောက်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
အကယ်၍ မတူညီသော ဒိုင်မင်းရှင်းတစ်ခုတွင် ရှိနေလျှင် လင်းယွမ်က သူ၏ ခန္ဓာကိုယ်ကို ခံစားမိမည်မဟုတ်ပေ။
" အခု ပြန်သွားချင်တယ်ဆိုရင် ဒီစိတ်အသိမျှင်ကို ရုတ်သိမ်းလိုက်ရုံပဲ။ " လင်းယွမ်က တွေးလိုက်သည်။
နတ်ဆိုးကျောက်စိမ်းအမှတ်အသားက စိတ်အသိမျှင်တစ်ခုသာ ဤနေရာသို့ ခေါ်လာခြင်းဖြစ်ပြီး မူလစိတ်အသိက ခန္ဓာကိုယ်ထဲတွင် ရှိနေဆဲဖြစ်သည်။
" စိတ်အသိပုံရိပ်တစ်ခု.... ငါအခု သုံးလို့ရတာ နိယာမတွေနဲ့ စကြာဝဠာစွမ်းအားတွေပေါ့။ " လင်းယွမ်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။
သူက ကျယ်ပြန့်သော အဖြူရောင်မြူခိုးများကို တွေ့လိုက်ရပြီး သူ၏ စိတ်က ရှေ့မှ ဘယ်ဘက်သို့ ဆွဲဆောင်ခြင်းခံနေရသည်။
" အဲ့ကို သွားခိုင်းတာလား။ " လင်းယွမ်က တွေးလိုက်သည်။ ထိုဆွဲဆောင်မှုက နတ်ဆိုးကျောက်စိမ်းအမှတ်အသားမှ လာခြင်းဖြစ်သည်။
နတ်ဆိုးကျောက်စိမ်းအမှတ်အသားမရှိပါက ဤနေရာသို့ အတင်းအကျပ် ဆင်းသက်လာလျှင်တောင် အဖြူရောင်မြူခိုးများကြောင့် မည်သည့်နေရာသို့ သွားရမည်ကို သိနိုင်မည်မဟုတ်ပေ။