အနက်ရောင်မျှော်စင်၏ စမ်းသပ်မှု...
Vol. 27 Ch. 412
"သွားမယ်" လင်းယွမ်က နတ်ဆိုးကျောက်စိမ်းအမှတ်အသား၏ လမ်းညွှန်မှုအတိုင်း သွားလိုက်သည်။
နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က မည်သည့်အဆင့်ရှိသည်ကို သူမသိသော်လည်း ကြီးမြတ်သူတစ်ယောက်အောက် မကျသည်မှာ သေချာလေသည်။ ထိုသို့သော လူတစ်ယောက်ဖန်တီးထားသော နေရာတစ်ခုတွင် လမ်းညွှန်မှုအတိုင်း သွားခြင်းက အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။
လင်းယွမ်၏ စိတ်အသိ ဆင်းသက်လာချိန်တွင် နတ်ဆိုးကျောက်စိမ်းနေရာ၏ အလယ်ရှိ အနက်ရောင်ရှိသော ကိုးထပ်မျှော်စင်ကြီးတစ်ခု၏ ရှေ့၌ လူပုံသဏ္ဍန် ကျောက်ရုပ်တုတစ်ခုက မျက်လုံးများဖွင့်လာပြီး လင်းယွမ်ရှိရာသို့ ကြည့်လိုက်သည်။
" ခေတ်တွေဘယ်လောက်တောင် ကြာသွားပြီလဲ။ နောက်ဆုံးတော့ နတ်ဆိုးကျောက်စိမ်းမျှော်စင်ရဲ့ အဖွဲ့ဝင်တစ်ယောက်က ဒီစမ်းသပ်ကွင်းထဲကို ပြန်ရောက်လာပြီပေါ့။ "
ကျောက်ရုပ်တုက အဝေးမှ လင်းယွမ်ကို ကြည့်နေသည်။ " အရင်က ငါတို့ နတ်ဆိုးကျောက်စိမ်းမျှော်စင်က အရမ်းစည်ကားခဲ့တာ။ အဖွဲ့ဝင်တွေက အမြဲတမ်း စမ်းသပ်မှုတွေ လုပ်ဖို့လာခဲ့ကြတယ်။ အခုတော့ အဖွဲ့ဝင်တစ်ယောက် လာဖို့တောင် ဒီလောက်ကြာအောင် စောင့်နေရပြီ။ "
ကျောက်ရုပ်တုက သက်ပြင်းချလိုက်သည်။ " သခင် ဘယ်ကိုများရောက်သွားတာလဲ။ သခင်ပျောက်သွားတော့ နတ်ဆိုးကျောက်စိမ်းမျှော်စင်က ဆက်ရှိနေဖို့ လိုသေးလို့လား။ "
နဂါးငွေ့တန်းပင်မကြယ်။
လင်းယွမ်က အနည်းငယ် မျက်မှောင်ကျုံ့သွားသည်။ နတ်ဆိုးကျောက်စိမ်းနေရာထဲသို့ ဝင်ရောက်သွားသော စိတ်အသိမျှင် ကြုံတွေ့သမျှကို သူက သိနိုင်လေသည်။
ထိုစိတ်အသိမျှင်က နတ်ဆိုးကျောက်စိမ်းနေရာတွင် ရှိနေချိန် သူကိုယ်တိုင်ကလည်း ကျင့်ကြံခြင်းများ ပြုလုပ်နိုင်လေသည်။ အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်အနေဖြင့် တစ်ချိန်တည်းတွင် အလုပ်များစွာ လုပ်ဆောင်နိုင်ခြင်းက ထူးဆန်းသောအရာမဟုတ်ပေ။
အကယ်၍ ထိုစိတ်အသိအမျှင်က အရေးကြီးသော တစ်စုံတစ်ခုကို မကြုံတွေ့ရလျှင် သူ၏ စိတ်စွမ်းအားအားလုံးက မူလခန္ဓာကိုယ်ပေါ်တွင်သာ အာရုံစိုက်နေပေလိမ့်မည်။
" အခု လူသားဆင့်ကဲပြောင်းလဲသူ တစ်ယောက်ယောက်က နတ်ဆိုးကျောက်စိမ်းမျှော်စင်ရဲ့ သာမန်အဖွဲ့ဝင် ဖြစ်သွားပြီလားမသိဘူး။ " လင်းယွမ်က တွေးလိုက်သည်။
နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ သာမန်အဖွဲ့ဝင်တစ်ယောက် ဖြစ်လာရန် ဆင့်ကဲပြောင်းလဲခြင်း လမ်းစဉ် ၃၃၃၃မျိုးကို နားလည်ခြင်းနှင့် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ပြည့်စုံအောင် မြင့်တင်ခြင်းတို့ဖြစ်သည်။
" မျိုးနွယ်ခြားတွေရော ဘယ်လိုလဲမသိဘူး။ "
အထွတ်အထိပ် မျိုးနွယ်များပင် လူသားမျိုးနွယ်ကဲ့သို့ VR ကမ္ဘာမရှိသောကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်း၏ လွှမ်းမိုးမှုကို ခွဲထုတ်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် ထိုကြီးမြတ်သူ၏ ခန္ဓာကိုယ်ကို လေ့လာသော အထွတ်အထိပ်မျိုးနွယ်များက ကြီးမားသော အန္တရာယ်ကို ရင်ဆိုင်ရမည်ဖြစ်သည်။
" အခုချိန်မှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၃၃ ခုကို နားလည်အောင် လုပ်ရမယ်။ " လင်းယွမ်က စိတ်အသိမျှင်တစ်ခုကို ခွဲထုတ်ပြီး VR ကမ္ဘာနှင့် ချိတ်ဆက်လိုက်သည်။ သူက တောင်ထိပ်ပေါ်တွင် ထိုင်ပြီး ကောင်းကင်အောက်မှ ခန္ဓာကိုယ်အစိတ်အပိုင်းကို ကြည့်လိုက်သည်။
ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၃ခုကို နားလည်သွားလျှင် နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ သာမန်အဖွဲ့ဝင် ဖြစ်လာလေသည်။ လင်းယွမ်က သူသာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၃၃ခုကို နားလည်ခဲ့လျှင် သာမန်အဖွဲ့ဝင်ဖြစ်သော သူ၏ အဆင့်က မြင့်တက်လာနိုင်သည်ဟု ခန့်မှန်းခဲ့သည်။
သူက နတ်ဆိုးကျောက်စိမ်းနေရာတွင် မည်သည့်အရာအား ကြုံတွေ့ရမည်ကို မသိသော်ခဘ်း နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ ပိုအဆင့်မြင့်သော အဖွဲ့ဝင်ဖြစ်လာခြင်းက မကောင်းသောအရာမဟုတ်ပေ။
နတ်ဆိုးကျောက်စိမ်းအမှတ်အသား၏ လမ်းညွှန်မှုဖြင့် လင်းယွမ်က မြူခိုးများကို ဖြတ်၍ နောက်ဆုံးတွင် အနက်ရောင်မျှော်စင်တစ်ခုရှေ့သို့ ရောက်သွားခဲ့သည်။
အနက်ရောင်မျှော်စင်က ကြီးကျယ်ခမ်းနားပြီး လေဟာနယ်အလွှာများကို ထိုးဖောက်နိုင်သော အော်ရာတစ်ခုကို ထုတ်လွှတ်နေသည်။
" ဒီမျှော်စင်က..." လင်းယွမ်က သူ၏ စိတ်ဝိညာဉ် ဖိနှိပ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ထိုမျှော်စင်က သူ၏ စိတ်ဝိညာဉ်မှ နတ်ဆိုးကျောက်စိမ်းမျှော်စင်နှင့် အတူတူပင် ဖြစ်သော်လည်း ၎င်းက လင်းယွမ်ကို ကြီးမြတ်သူရှချင်းအား ရင်ဆိုင်နေရသကဲ့သို့ ပြင်းထန်သော ဖိအားကို ခံစားရစေသည်။
" ကြီးမြတ်သူတစ်ယောက်ရဲ့ ဖိအားကို ထုတ်လွှတ်နိုင်တာဆိုတော့ ဒီမျှော်စင်က ကြီးမြတ်သူနဲ့ ယှဉ်နိုင်တာလား။ " လင်းယွမ်က မယုံကြည်နိုင်ဖြစ်သွား၏။
မူလကမ္ဘာတွင် ကြီးမြတ်သူများက ပြိုင်ဘက်ကင်းပြီး ကြယ်စကြာဝဠာကို လွှမ်းမိုးထားကြသည်။ လင်းယွမ်က မျှော်စင်ကို ဆက်လက်ကြည့်ရှုနေစဉ် လူပုံသဏ္ဍန်ကျောက်ရုပ်တုကြီးက လမ်းလျှောက်ထွက်လာသည်။
" ကောင်းလေး အနက်ရောင်မျှော်စင်ကို အကြာကြီးကြည့်မနေနဲ့။ အဲ့ဒါက မင်းအတွက်မကောင်းဘူး။ " ကျောက်ရုပ်တုက ပြောလိုက်သည်။
လင်းယွမ်က ထိုဘာသာစကားကို မကြားဖူးသော်လည်း အဓိပ္ပါယ်ကို နားလည်နေသည်။
" အကြီးအကဲကို နှုတ်ဆက်ပါတယ်။ " လင်းယွမ်က ပြောလိုက်သည်။
မျှော်စင်နက်၏ အပြင်ဘက်တွင် ပေါ်လာသော ကျောက်ရုပ်တုကြီးက မျှော်စင်နှင့်တူညီသော အော်ရာကို ပိုင်ဆိုင်ထားပြီး အစောက်အရှောက်တစ်ယောက် ဖြစ်ပေလိမ့်မည်။ ၎င်းက နတ်ဆိုးကျောက်စိမ်းမျှော်စင်နှင့် ဆက်စပ်နေသောကြောင့် လင်းယွမ်က အကြီးအကဲဟု လေးစားစွာ ခေါ်လိုက်ခြင်းဖြစ်သည်။
" ဟားဟားဟား..." ကျောက်ရုပ်တုက ရယ်လိုက်သည်။ " နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ နတ်ဆိုးကျောက်စိမ်းမျှော်စင်ရဲ့ အဖွဲ့ဝင်တစ်ယောက်ကို တွေ့လိုက်ရပြီ။ နောက်ဆုံးတော့ စကားပြောဖော်ရပြီပေါ့။ "
" ဟမ် " လင်းယွမ်၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားသည်။
ကျောက်ရုပ်တု၏ ပြောစကားအရ လင်းယွမ်အရင် နောက်ဆုံးလူဝင်ရောက်ခဲ့သည်မှာ အလွန်ကြာမြင့်ပုံရလေသည်။ ဆိုလိုသည်မှာ လူသားမျိုးနွယ် သို့မဟုတ် မျိုးနွယ်ခြားများက နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အဖွဲ့ဝင်များ ဖြစ်မကြသေးပေ။
အချို့သူများက နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ သာမန်အဖွဲ့ဝင်ဖြစ်လာသော်လည်း အဋ္ဌမအလွှာ အထွတ်အထိပ်သို့ မရောက်သေးသောကြောင့် နတ်ဆိုးကျောက်စိမ်းနေရာသို့ မဝင်ရဲခြင်းဖြစ်နိုင်သော်လည်း ဖြစ်နိုင်ချေမှာ အလွန်နည်းလေသည်။ လူတိုင်းက လင်းယွမ်ကဲ့သို့ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းကို ပိုင်ဆိုင်ထားခြင်းမရှိကြပေ။
" ငါ့နာမည် ရှန်းကျိ ကောင်လေး မင်း ငါ့နာမည်ပဲ ခေါ်လို့ရတယ်။ " ကျောက်ရုပ်တုက ပြုံး၍ ပြောလိုက်ပြီး လင်းယွမ်ကို သေချာစစ်ဆေးနေသည်။
" ဟမ် မင်းက နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၃ခုကို နားလည်ပြီး နတ်ဆိုးကျောက်စိမ်းမျှော်စင်ရဲ့ သာမန်အဖွဲ့ဝင်ဖြစ်လာတာလား။ မင်းရဲ့ နားလည်နိုင်စွမ်းက အထင်ကြီးစရာပဲ။ "
ကျောက်ရုပ်တု ရှန်းကျိ၏ အသံတွင် အံ့အားသင့်မှုများ ပါဝင်နေသည်။ နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၃ခုကို နားလည်ရန် မလွယ်ကူသော အရာဖြစ်ပြီး နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို နားလည်ခြင်းထက်ပင် အချိန်ပို၍ လိုအပ်လေသည်။
ထူးခြားသော နားလည်နိုင်စွမ်းရှိသူများမှ လွဲ၍ နတ်ဆိုးကျောက်စိမ်းမျှော်စင်ကို ထိုနည်းလမ်းဖြင့် ဝင်ရောက်သူ အလွန်နည်းပါးလေသည်။ ထိုသို့သော သာမန်အဖွဲ့ဝင်များကို နတ်ဆိုးကျောက်စိမ်းမျှော်စင်က နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ပြည့်စုံအောင်လုပ်ပြီး ဝင်ရောက်သူများထက် ပို၍ တန်ဖိုးထားကြလေသည်။
" ကံကောင်းလို့ပါ။ " လင်းယွမ်က ချက်ချင်း ပြန်ဖြေလိုက်သည်။
" ကောင်းပြီ။ မင်းမေးချင်တာရှိရင် မေးလို့ရတယ်။ " ကျောက်ရုပ်တု ရှန်းကျိက ပြောလိုက်သည်။
သူက လင်းယွမ်ကို အတော်လေး ကျေနပ်နေသည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် အဖွဲ့ဝင်တစ်ယောက် ရောက်လာခြင်းကြောင့် သူ့အတွက် စကားပြောဖော်လည်း ရလေသည်။
ထို့အပြင် လင်းယွမ်၏ နားလည်နိုင်စွမ်းက အထင်ကြီးစရာ ကောင်းလှသည်။ အချိန်မည်မျှကြာသည်ဖြစ်စေ သူက နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၃ခုကို နားလည်ထားခြင်းဖြစ်ပြီး သူ၏ နားလည်နိုင်စွမ်းကို မေးခွန်းထုတ်စရာမလိုပေ။
" အကြီးအကဲရှန်းကျိ " လင်းယွမ်က ခဏကြာပြီးနောက် စကားပြောလိုက်သည်။ " ဒီစမ်းသပ်မှုက ဘယ်လိုလုပ်ရတာလဲ။ "
လင်းယွမ်က နတ်ဆိုးကျောက်စိမ်းအမှတ်အသားဖြင့် နတ်ဆိုးကျောက်စိမ်းနေရာသို့ ဝင်ရောက်ပြီး ဆုလာဒ်များ ရရှိနိုင်သည်ကိုသာ သိထားသည်။ သို့သော် စမ်းသပ်မှုများကို မည်သို့ လုပ်ဆောင်ပြီး မည်သည့်ဆုလာဘ်များရမည်ကို သူမသိပေ။
" လွယ်ပါတယ်။ " ရှန်းကျိက စိတ်ရှည်စွာ ရှင်းပြလိုက်သည်။ " ကိုးထပ်ရှိတဲ့ မျှော်စင်ကို တွေ့လား။ မင်းက အဲ့ဒီအလွှာတိုင်းက စမ်းသပ်မှုတစ်ခုကို အောင်နိုင်ရင် နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင် ချန်ခဲ့တဲ့ ကြီးမားတဲ့ ဆုလာဘ်တစ်ခုကို ရလိမ့်မယ်။ "
" နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင် ချန်ခဲ့တဲ့ ဆုလာဘ်လား။ " လင်းယွမ်က စိတ်လှုပ်ရှားသွားမိသည်။
" အပေါ်ရောက်လေ ဆုလာဘ်က ကြီးလေပဲ။ " ကျောက်ရုပ်တု ရှန်းကျိက ပြောလိုက်သည်။ " ဒါပေမယ့် အပျော်မစောနဲ့ဦး။ ပုံမှန်အဋ္ဌမအလွှာရှိတဲ့သူတွေက ပထမထပ်ကို ဖြတ်ဖို့ မဖြစ်နိုင်သလောက်ပဲ။ ခုနှစ်ထပ်က စပြီး အလွှာဆယ့်နှစ်ရှိသူတွေပဲ ကြိုးစားနိုင်လိမ့်မယ်။ " (ဒသမအလွှာနောက်ပိုင်းကို ဒွါဒသမဟူ၍ မသုံးဘဲ အလွှာဆယ့်တစ်၊ အလွှာဆယ့်နှစ်ဟုသာ သုံးနှုန်းသွားပါမည်။)
" အလွှာဆယ့်နှစ်..." လင်းယွမ်က နှလုံးခုန်မြန်သွားသည်။
မူလကမ္ဘာတွင် အလွှာဆယ့်နှစ်ကို နာမည်များစွာ ရှိလေသည်။
အဆုံးစွန်သော သက်ရှိ သို့မဟုတ် ကြီးမြတ်သူ။
ကျောက်ရုပ်တုရှန်းကျိ၏ ပြောစကားအရ ကြီးမြတ်သူတစ်ယောက်ပင်လျှင် ခုနှစ်ထပ်မြောက်ကို ကျော်ဖြတ်ရန်သာ မျှော်လင့်နိုင်ပြီး နောက်တွင် အဋ္ဌမအထပ်နှင့် နဝမအထပ်တို့ ကျန်နေသေးသည်။
" ဆုလာဘ်တွေက အတိအကျ ဘာတွေလဲ။ " လင်းယွမ်က အတော်သိချင်နေသည်။
" အဲ့ဒါတော့ ငါလည်းမသိဘူး။ သခင်ချန်ထားခဲ့တဲ့ ဆုလာဘ်တွေက လျို့ဝှက်ချက်ပဲ။ " ကျောက်ရုပ်တု ရှန်းကျိက စိတ်ရှည်စွာ ပြောလိုက်သည်။
ခေတ်ပေါင်းများစွာ အထီးကျန်ခဲ့သဖြင့် ယခု သူက အဋ္ဌမအလွှာ ကောင်လေးတစ်ယောက်နှင့် တွေ့ဆုံရသောအခါ စကားပြောရန်သာ စိတ်အားထက်သန်နေပြီး မေးခွန်းတိုင်းကို ဖြေကြားနေသည်။