အရှိန်အဟုန်နှင့်ဖြတ်ကျော်ခြင်း...
Vol. 27 Ch. 413
ကျောက်ရုပ်တုရှန်းကျိက လင်းယွမ်ကို မျှော်စင်ဝင်ပေါက်သို့ ခေါ်လာသည်။
" ကောင်လေး ဟိုလှေကားနက်ဆီကို လျှောက်သွားလိုက်။ မင်း အဲ့ဒီကို ရောက်တာနဲ့ ပထမအထပ်ကို ကျော်ဖြတ်ပြီး ဒုတိယအထပ် ရောက်သွားလိမ့်မယ်။ " ကျောက်ရုပ်တု ရှန်းကျိက ပြောလိုက်သည်။
လင်းယွမ်က မိုင်ရာချီကျယ်ဝန်းသော ပထမအထပ်ကို ကြည့်ပြီး ရှန်းကျိကို မေးလိုက်သည်။ " အကြီးအကဲရှန်းကျိ ပထမအထပ်ကို ဖြတ်ကျော်ဖို့ စွမ်းအားဘယ်လောက်လိုအပ်လဲ။ "
" ပုံမှန်တော့ နဝမအလွှာတွေပဲ မျှော်လင့်ချက်ရှိတယ်။ အဋ္ဌမအလွှာတွေအတွက်ဆိုရင် လေဟာနယ်နိယာမကို အပြည့်အဝ ကျွမ်းကျင်ထားမှ ဖြစ်နိုင်လိမ့်မယ်။ " ကျောက်ရုပ်တု ရှန်းကျိက ပြောလိုက်သည်။
သူ၏ အမြင်အရ လင်းယွမ်က ပထမအထပ်ကို ဖြတ်ကျော်ရန် မျှော်လင့်ချက်မရှိပေ။ သို့သော် သူ့အတွက် စကားပြောဖော်ရလျှင် လုံလောက်လေသည်။ လင်းယွမ်က နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ သာမန်အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး နတ်ဆိုးကျောက်စိမ်းနေရာသို့ အချိန်မရွေးဝင်ရောက်နိုင်လေသည်။
" လေဟာနယ်နိယာမကို ကျွမ်းကျင်ရမယ်။ " လင်းယွမ်က အံ့အားသင့်သွား၏။
အဋ္ဌမအလွှာတစ်ယောက်အတွက် လေဟာနယ်နိယာမကို အပြည့်အဝ နားလည်ရန်မှာ အဋ္ဌမအလွှာ တားဆီးမရသူဖြစ်လာခြင်းထက်ပင် များစွာခက်ခဲလေသည်။
ကြယ်စကြာဝဠာထဲတွင် လူသားမျိုးနွယ်သာမက အခြားအထွတ်အထိပ်မျိုးနွယ်များနှင့် အင်အားကြီးမျိုးနွယ်တိုင်းတွင် အဋ္ဌမအလွှာ တားဆီးမရသူများ ရှိလေသည်။ သို့သော် အဋ္ဌမအလွှာတွင် လေဟာနယ်နိယာမကို ကျွမ်းကျင်သူမှာ မရှိသလောက်ရှားလေသည်။
" ပြီးတော့ မင်း စကြာဝဠာစွမ်းအားတစ်မျိုးမျိုးကို နားလည်ပြီး အဲ့ဒါက လုံလောက်အောင် အစွမ်းထက်ရင်လည်း ပထမအထပ်ကို ဖြတ်ကျော်ဖို့ မျှော်လင့်ချက်ရှိတယ်။ " ကျောက်ရုပ်တုရှန်းကျိက ဆက်ပြောလိုက်သည်။
" အဲ့ဒါ ကောင်းတယ်။ " လင်းယွမ်က စိတ်သက်သာရာ ရသွား၏။
သူ့တွင် အခြားဘာမှမရှိလျှင်တောင် စကြာဝဠာစွမ်းအား အများကြီး ရှိလေသည်။ စိတ်ဝိညာဉ်ကမ္ဘာတွင် နေထိုင်သော နှစ်ပေါင်း၉၂၀ အတွင်း လင်းယွမ်က ဖန်တီးခြင်းစွမ်းအားများကို နားလည်ရန် အချိန်မပေးခဲ့လျှင် ပင်မလေဟာနယ်ပုံစံ ၇၇၈၂ခုကို အပြည့်အဝ နားလည်နေပြီဖြစ်သည်။
" သွားတော့။ " ကျောက်ရုပ်တုရှန်းကျိက ဝင်ပေါက်တွင် ရပ်ပြီး ပြောလိုက်သည်။
" ကောင်းပြီ။ " လင်းယွမ်က တုန့်ဆိုင်းခြင်းမရှိဘဲ အနက်ရောင်မျှော်စင်၏ ပထမအထပ်သို့ ဝင်ရောက်သွားသည်။
ကျောက်ရုပ်တုရှန်းကျိက လင်းယွမ် ဝင်သွားသည်ကို ကြည့်နေသည်။
" သူ ဘယ်လောက်ကြာကြာ ခံနိုင်မလဲမသိဘူး။ ဒါပေမယ့် နတ်ဆိုးကျောက်စိမ်းမျှော်စင်ကို ဝင်ဖို့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၃ခုကို နားလည်ခဲ့တာဆိုတော့ အဋ္ဌမအလွှာဖြစ်နေရင်တောင် ပထမအထပ်ကို ဖြတ်ကျော်ဖို့ မျှော်လင့်ချက်ရှိတယ်။ " ရှန်းကျိက တွေးလိုက်ပြီး ပထမအထပ်၏ မြင်ကွင်းက သူ၏ရှေ့တွင် ပေါ်လာသည်။
အနက်ရောင်မျှော်စင်၏ စောင့်ရှောက်သူအနေဖြင့် ရှန်းကျိက အဖွဲ့ဝင်များများ စမ်းသပ်မှုအတွင်း လှည့်စားခြင်းကို တားဆီးရန် အခွင့်အရေးများစွာ ရှိလေသည်။ ဥပမာ ပြင်ပစွမ်းအားများ အသုံးပြုခြင်းတို့ဖြစ်သည်။ ပြင်ပစွမ်းအားများကို အသုံးပြုလျှင် စမ်းသပ်မှုက အဓိပ္ပါယ်ရှိတော့မည်မဟုတ်ပေ။
အနက်ရောင်မျှော်စင်၏ ပထမအထပ်တွင် လင်းယွမ်၏ ပုံရိပ်ပေါ်လာသည်။ ပတ်ဝန်းကျင်တွင် ဘာမှမရှိဘဲ လှေကားနက်ကြီးတစ်ခုသာ ရှိလေသည်။ ထိုလှေကားနက်ကို တက်ပြီးလျှင် ဒုတိယအထပ်သို့ ရောက်ပြီဖြစ်သည်။
လင်းယွမ်က ခဏစဉ်းစားပြီးနောက် လှေကားနက်ကြီးဆီသို့ သွားလိုက်သည်။ ထိုခဏတွင် ကြီးမားသော ဖိအားတစ်ခုက အဖက်ဖက်မှ ဆင်းသက်လာသည်။ လင်းယွမ်က သူ၏ စိတ်စွမ်းအားများ ပြိုကွဲသွားသကဲ့သို့ ခံစားလိုက်ရပြီး ထိုဖိအားက သူ၏ ခန္ဓာကိုယ်ကို ဆွဲဖြဲလုနီးပါး ပြင်းထန်လှသည်။
" ငါ ဒီဖိအားကို ခုခံဖို့ နိယာမတွေနဲ့ စကြာဝဠာစွမ်းအားအပေါ်ပဲ မှီခိုရလိမ့်မယ်။ " လင်းယွမ်က ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို ကျုံ့ပြီး ဖိအားကို ကာကွယ်လိုက်သော်လည်း သူ၏ နားလည်မှု အကန့်အသတ်ကြောင့် ဖိအားက လေဟာနယ်ကို ထိုးဖောက်ပြီး သူ့ပေါ်သို့ ဆင်းသက်လာပြန်သည်။
" အကြီးအကဲရှန်းကျိက ပထမအထပ်ကို ဖြတ်ကျော်ဖို့အတွက် လေဟာနယ်နိယာမကို အပြည့်အဝ နားလည်ရမယ်လို့ ပြောတာ အံ့ဩသရာမရှိဘူးပဲ။ " လင်းယွမ်က တွေးလိုက်သည်။
" အဋ္ဌမအလွှာတစ်ယောက်အတွက် ပထမအထပ်ကို ဖြတ်ကျော်ဖို့က ခက်ခဲလွန်းတယ်။ " ကျောက်ရုပ်တု ရှန်းကျိက ပထမထပ်မှ လင်းယွမ်ကို ကြည့်ပြီး ရေရွတ်လိုက်သည်။ " သခင်က အဋ္ဌမအလွှာ အထွတ်အထိပ်ကို ရောက်မှာ ဒီကိုဝင်လို့ရမယ်လို့ ပြောခဲ့ပေမယ့် အဋ္ဌမအလွှာအထွတ်အထိပ် တစ်သောင်း ဒါမှမဟုတ် တစ်သန်းမှာ တစ်ယောက်ပဲ ပထမထပ်ကို ဖြတ်ကျော်နိုင်လိမ့်မယ်။ "
ရှန်းကျိက လင်းယွမ်၏ လေဟာနယ်အသုံးပြုပုံကို ကြည့်ပြီး လေဟာနယ်နိယာမကို အပြည့်အဝ နားမလည်သေးကြောင်း သိလိုက်သည်။ ထိုသို့သော အခြေအနေမျိုးတွင် ပထမထပ်ကို ဖြတ်ကျော်ရန် အခွင့်အရေး ပိုနည်းသွားပြီဖြစ်သည်။
" စကြာဝဠာစွမ်းအား။ ဒီကောင်လေးက စကြာဝဠာစွမ်းအားကို နားလည်ထားတာပဲ။ " ကျောက်ရုပ်တုရှန်းကျိက စိတ်ဝင်စားသွား၏။
" ဒီစကြာဝဠာစွမ်းအားက ယင်နဲ့ယန်ကို ပေါင်းစပ်ထားတာ... အဆင့်မြင့်စကြာဝဠာစွမ်းအားလား။ ပြီးတော့ တတိယနယ်ပယ်ထ် ကျင့်ကြံထားတယ်။ "
" စိတ်ဝင်စားစရာပဲ။ ဒါပေမယ့် အဲ့တစ်ခုတည်းနဲ့ ပထမထပ်ကို ဖြတ်ကျော်ဖို့ အရမ်းခက်ခဲနေဦးမှာပဲ။ "
ထိုသို့ ကောက်ချက်ချလိုက်သော်လည်း သူက စိတ်ဝင်စားနေဆဲ ဖြစ်သည်။ အဆင့်မြင့်စကြာဝဠာစွမ်းအားကို တတိယအလွှာထိ ကျင့်ကြံထားသောကြောင့် လင်းယွမ်က ပထမထပ်တွင် အချိန်ကြာ ခုခံနိုင်ပေလိမ့်မည်။
အနက်ရောင်မျှော်စင်၏ ပထမအထပ်။
လင်းယွမ်က လေဟာနယ်နိယာမနှင့် ဖိအားကို မခုခံနိုင်သောကြောင့် ထိုက်ကျိစွမ်းအားကို အသက်သွင်းလိုက်သည်။ ထိုက်ကျိစွမ်းအားက သူ၏ ခန္ဓာကိုယ်ပြင်ပတွင် အကာအကွယ်တစ်ခုအဖြစ် ပေါ်လာပြီး ဖိအားကို ပိတ်ဆို့သွားသည်။
" နောက်ဆုံးတော့ တည်ငြိမ်သွားပြီ။ " လင်းယွမ်က စိတ်ထဲမှ သက်ပြင်းချလိုက်၏။
သယက ပထမအထပ်ကိုပင် မဖြတ်ကျော်နိုင်မည်ကို စိုးရိမ်နေခဲ့သည်။ နတ်ဆိုးကျောက်စိမ်းအမှတ်အသား ရှိနေသရွေ့ သူက အကန့်အသတ်မရှိ ကြိုးစားနိုင်သော်လည်း အစကတည်းက ပထမအထပ်ကို ဖြတ်ကျော်နိုင်ခြင်းမရှိလျှင် နောက်အထပ်များ၏ အခက်အခဲကို စဉ်းစားကြည့်နိုင်လေသည်။
" နတ်ဆိုးကျောက်စိမ်းမျှော်စင်အတွင်းက စမ်းသပ်မှုတွေကို ဖြတ်ကျော်ဖို့ ကိုယ့်ကိုကိုယ်ပဲ မှီခိုလို့ရမယ်။ " လင်းယွမ်က တွေးလိုက်သည်။
သို့သော် သူမသိသေးသည့် နည်းလမ်းတစ်ခု ရှိနေသေးသည်။ ၎င်းက ပြင်ပစွမ်းအားများကို မှီခိုခြင်းဖြစ်သည်။ စိတ်ဝိညာဉ်ထဲသို့ ထည့်သွင်းနိုင်သည့် ရတနာများကို ယူဆောင်လာနိုင်လေသည်။ သို့သော် မျှော်စင်သခင်က ပြင်ပစွမ်းအားများအား မှီခိုခြင်းကို သဘောမကျသောကြောင့် ကျောက်ရုပ်တု ရှန်းကျိအား စောင့်ကြည့်ရန် တာဝန်ပေးထားခဲ့ခြင်းဖြစ်သည်။
လင်းယွမ်က လှေကားနက်ကြီးဆီသို့ လျှောက်သွားနေပြီး ရှေ့ရောက်လာသည်နှင့် ဖိအားက ပိုမိုပြင်းထန်လာသည်။ သို့တိုင် လင်းယွမ်က ထိုက်ကျိစွမ်းအားကို မှီခိုပြီး ခုခံနိုင်ဆဲ ဖြစ်သည်။
ပုံသဏ္ဍန်မရှိသော ဖိအားက ပုံသဏ္ဍန်ဖြစ်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ သတ္တဝါများကို ဖန်တီးကာ လင်းယွမ်ကို စတင်တိုက်ခိုက်လာကြသည်။ သို့သော် သူတို့က ထိုက်ကျိအတားအဆီးနှင့် တိုက်မိပြီး ဖုန်မှုန့်များအဖြစ် ပြိုကွဲသွားကြသည်။
" ဟင်..." လင်းယွမ်က မျက်မှောင်ကြုတ်သွားသည်။
ကြောက်မက်ဖွယ်ရာသတ္တဝါများက ထိုက်ကျိအတားအဆီးကို တိုက်မိသည့်အကြိမ်တ်ုင်း အတားအဆီးက အနည်းငယ် လှုပ်ခါသွားသည်ကို သူက ခံစားမိနေသည်။
" ဒါနဲ့တော့ မဖြစ်တော့ဘူး။ " လင်းယွမ်က ထိုသတ္တဝါများ ထိုက်ကျိအတားအဆီးကို ထိခွင့်ပြု၍မရသည်ကို နားလည်သွားသည်။
" အနှိုင်းမဲ့စွမ်းအား... မဟာဖျက်ဆီးခြင်းစွမ်းအား..." လင်းယွမ်က အဆင့်မြင့်စကြာဝဠာစွမ်းအား သုံးမျိုးကို အသုံးပြုပြီး ကြောက်စရာကောင်းသော သတ္တဝါများကို ဖျက်ဆီးပစ်လိုက်သည်။
ဝုန်း ဝုန်း....
အနှိုင်းမဲ့စွမ်းအားက ပတ်ဝန်ကျင်ကို ဖြန့်ကျက်သွားပြီး စတင်ရှင်းလင်းနေသည်။ ထိုအချိန်တွင် လင်းယွမ်က အခြားစကြာဝဠာစွမ်းအားများကိုလည်း မကြာခဏ အသုံးပြုနေပြီး တစ်ခါတစ်ရံ သဲနွံစကြာဝဠာစွမ်းအား ဆယ်မျိုးကျော်ကိုလည်း အသုံးပြုခဲ့သည်။
" ဒါက ပိုလွယ်တယ်။ " လင်းယွမ်က ပြုံးလိုက်သည်။ မတူညီသော စကြာဝဠာစွမ်းအားများကို ပေါင်းစပ်အသုံးပြုခြင်းက ပို၍ ကြီးမားသော သက်ရောက်မှုများကို ပေးစွမ်းလေသည်။
စိတ်ဝိညာဉ်ကမ္ဘာတွင် လင်းရှုအင်မော်တယ်ဘုရင်က သာမန်ဖန်တီးခြင်းစွမ်းအား ခြောက်မျိုးကို ပေါင်းစပ်ပြီးနောက် အဆင့်မြင့် စကြာဝဠာစွမ်းအားနီးပါး အစွမ်းထက်သွားခဲ့သည်။
လင်းယွမ်က သာမန်စကြာဝဠာစွမ်းအားများကို များပြားစွာ ပိုင်ဆိုင်ထားပြီး ပို၍ ပြည့်စုံစွာ ပေါင်းစပ်ထားသဖြင့် ရှေ့သို့ လျင်မြန်စွာ သွားနိုင်လေသည်။
" ပထမအထပ်ကို ကျော်ဖြတ်တဲ့အချိန်က ပိုနည်းလေ ဆုလာဘ်က ပိုကြီးလေပဲ။ "
လင်းယွမ်က အရှိန်မြှင့်လိုက်သည်။ ပတ်ဝန်းကျင်မှ ဖိအားက တိုးလာပြီး ဖန်တီးထားသော သတ္တဝါများက ပိုများလာသော်လည်း ပေါင်းစပ်ထားသော စကြာဝဠာစွမ်းအားများအောက်တွင် လင်းယွမ်၏ ခြေလှမ်းများကို ရပ်တန့်နိုင်စွမ်းမရှိကြပေ။
လင်းယွမ်က လှေကားနက်နှင့် မီတာတစ်ရာအကွာသို့ ရောက်ချိန်တွင် ကြောက်မက်ဖွယ်ရာ စွမ်းအားများနှင့် ခြေရှစ်ချောင်းရှိသော သတ္တဝါတစ်ကောင်ပေါ်လာသည်။
" ဟင်..." လင်းယွမ်က နောက်ဆုံးတွင် ရပ်တန့်သွားသည်။ သူက ထိုခြေရှစ်ချောင်းသတ္တဝါထံမှ သေးငယ်သော ခြိမ်းခြောက်မှုတစ်ခုကို ခံစားလိုက်ရသည်။
" မြန်မြန်အဆုံးသတ်ရမယ်။ " လင်းယွမ်က ခြေရှစ်ချောင်းသတ္တဝါနှင့် အချိန်ဖြုန်းလိုခြင်းမရှိပေ။ သူက ပထမအထပ်ကို လျင်မြန်စွာ ဖြတ်ကျော်ပြီး ဆုလာဘ်များကို ကြည့်ချင်နေပြီဖြစ်သည်။
ဝုန်း ဝုန်း...
စကြာဝဠာစွမ်းအား ဆယ်မျိုးကျော်က ပေါင်းစပ်သွားသည်။
စကြာဝဠာစွမ်းအားများကြားတွင် စွမ်းအားမျှင်တစ်ခုက နက်နဲသော အော်ရာကို ထုတ်လွှတ်နေသည်။ ၎င်းက အဆင့်မြင့်စကြာဝဠာစွမ်းအားများထက် ကျော်လွန်သော မူလစွမ်းအားပင်ဖြစ်၏။
လင်းယွမ်က စိတ်ဝိညာဉ်ကမ္ဘာတွင် နှစ်ပေါင်းကိုးရာကျော် နေထိုင်ခဲ့ပြီး မူလကျောက်တုံးသာမရှိလျှင် ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့်ပင် ထိုသို့ အဆင့်မြင့်စကြာဝဠာစွမ်းအားများထက် ကျော်လွန်သော စွမ်းအားကို နားလည်နိုင်မည်မဟုတ်ပေ။
မူလစွမ်းအား ပထမအလွှာက တတိယအလွှာရှိသော စကြာဝဠာစွမ်းအားများထက်ပင် ကျော်လွန်နေသည်။
ဝူး....
ခြေရှစ်ချောင်းသတ္တဝါက အစစ်အမှန်ဖြစ်လုနီးပါး ဖြစ်သောကြောင့် ၎င်း၏ နောက်ဆုံးအချိန်တွင် ရူးသွပ်စွာ ဟိန်းဟောက်ပြီးနောက် စကြာဝဠာစွမ်းအားအမျိုးမျိုး၏ လွှမ်းမိုးမှုအောက်တွင် ဖုန်မှုန့်များအဖြစ် ကြေမွသွားသည်။
" မြန်မြန်သွားမယ်။ " လင်းယွမ်က လှေကားနက်ဆီသို့ ဆက်လက်လျှောက်သွားလိုက်သည်။