စစ်မြေပြင်သို့ ဖိတ်ခေါ်ခြင်း...
Vol. 27 Ch. 419
လင်းယွမ်က မျှော်စင်ထဲမှ ထွက်လာပြီး အပြင်ဘက်တွင် ပေါ်လာသည်။
" ဘယ်လိုလဲ ကောင်လေး။ " ကျောက်ရုပ်တုရှန်းကျိက ပြုံး၍ မေးလိုက်သည်။
" အသိအမြင်အချို့တော့ ရခဲ့ပါတယ်။ " လင်းယွမ်က ထိုသို့ပြောလိုက်သော်လည်း အမှန်တော့ အချို့ထက် ပိုလေသည်။ သူက အဆင့်မြင့် စကြာဝဠာစွမ်းအား သုံးခုအပါအဝင် စကြာဝဠာစွမ်းအား နည်းစနစ်ခြောက်မျိုးကို နားလည်ခဲ့သည်။
" စကြာဝဠာစွမ်းအားကို အပြည့်အဝ ခံစားနိုင်ရင် မင်းရဲ့ အတွင်းကမ္ဘာကို အတွင်းစကြာဝဠာအဖြစ် အဆုံးစွန်မြှင့်တင်ပြောင်းလဲဖို့အတွက် အများကြီး အကျိုးပြုလိမ့်မယ်။ " ကျောက်ရုပ်တု ရှန်းကျိက ပြောလိုက်သည်။
" အတွင်းစကြာဝဠာ..." လင်းယွမ်၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။
အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက် နားလည်ထားသော စကြာဝဠာစွမ်းအားက အဘယ်ကြောင့် နဝမအလွှာအတွက် အကျိုးရှိသနည်း။
စကြာဝဠာစွမ်းအားက ကြယ်စကြာဝဠာ၏ အခြေခံစွမ်းအားဖြစ်ပြီး အဋ္ဌမအလွှာတွင် အဓိကနိယာမများနှင့် ပေါင်းစပ်၍ ခံစားသိရှိခြင်းက အတွင်းကမ္ဘာကို ပြောင်းလဲပေးပြီး ကြယ်စကြာဝဠာမှ အခြေခံစွမ်းအား၏ အငွေ့အသက်ကို ထည့်သွင်းပေးသောကြောင့်ဖြစ်သည်။ အတွင်းကမ္ဘာက အတွင်းစကြာဝဠာအဖြစ် ပြောင်းလဲသောအခါ ၎င်းက တွန်းအားတစ်ခုအဖြစ် ဆောင်ရွက်ပေးမည်ဖြစ်သည်။
" မင်းလက်ထဲက စကြာဝဠာစွမ်းအားတွေရယ် ကမ္ဘာသစ်ပင်ရဲ့ ဖိနှိပ်မှုနဲ့ဆို အနာဂတ်မှာ မင်းရဲ့ အတွင်းကမ္ဘာကို အတွင်းစကြာဝဠာအဖြစ် ပြောင်းလဲတာက အခက်အခဲ သိပ်ရှိမှာမဟုတ်ဘူး။ မင်းသတိထားရမှာက မင်း ဘယ်လိုအတွင်းစကြာဝဠာမျိုးကို တက်လှမ်းမလဲဆိုတာပဲ။ " ကျောက်ရုပ်တုရှန်းကျိက လင်းယွမ်ကို စိုက်ကြည့်နေသည်။
ကျောက်ရုပ်တုရှန်းကျိက လင်းယွမ်၏ အနာဂတ် အတွင်းစကြာဝဠာက မည်သည့်အဆင့်သို့ ရောက်မည်ကို သိလိုနေသည်။ သာမန်စကြာဝဠာစွမ်းအားများ၊ အဆင့်မြင့်စကြာဝဠာစွမ်းအား ဆယ်ခုကျော်နှင့် မူလအဆင့် စကြာဝဠာစွမ်းအားတစ်ခု။ ထိုအရာအားလုံးက ဘယ်လိုအတွင်းစကြာဝဠာမျိုးကို ဖြစ်ပေါ်လာစေမှာလဲ။
" နှမြောစရာကောင်းတာ မင်းတို့မျိုးနွယ်ရဲ့ ကန့်သတ်ချက်က မမြင့်တာပဲ။ မင်းက လေဟာနယ်နိယာမကို ကျွမ်းကျင်သွားရင်တောင် မင်းရဲ့ အတွင်းကမ္ဘာက ဆယ်သန်းကျော်ပဲရှိလိမ့်မယ်။ နည်းနည်းပိုကြီးရင်တော့..." ကျောက်ရုပ်တုက ထိုသို့ ပြောလိုက်ပြီး ရပ်တန့်သွားသည်။
လင်းယွမ်က စကားပြောရန် ပြင်လိုက်သော်လည်း သူ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။
" လွတ်လပ်ခြင်းနတ်ဘုရားက ငါ့ကို ရှာနေတာလား။ " အတွေးတစ်ခုက လင်းယွမ်၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။
" လေးစားရပါသော ပညာရှိယွမ်..."
ဉာဏ်ပညာနတ်ဘုရား၏ တည်ငြိမ်သော အသံနှင့် ယှဉ်လျှင် လွတ်လပ်ခြင်းနတ်ဘုရား၏ အသံက အေးစက်နေပြီး သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်နေသည်။
" လွတ်လပ်ခြင်းနတ်ဘုရား... " လင်းယွမ်၏ အမူအရာက လေးနက်နေသည်။
လူသားမျိုးနွယ်တွင် နတ်ဘုရားသုံးပါး၏ အဆင့်အတန်းက ကြီးမြတ်သူကိုးယောက်ထက် နိမ့်ကျခြင်းမရှိပေ။ နှစ်ပေါင်းနှစ်သန်းကျော်အတွင်း နတ်ဘုရားသုံးပါးက လူသားမျိုးနွယ်အတွက် ကြီးမားသော အကျိုးပြုမှုများကို ဆောင်ရွက်ခဲ့သည်။
လွတ်လပ်ခြင်းနတ်ဘုရားက စစ်မြေပြင် B0001 မှ ဖိတ်ကြားချက်ကို လင်းယွမ်ဆီသို့ ပေးပို့ခဲ့သည်။
" ငါ့ကို ထျန်းယုမျိုးနွယ်နဲ့ တိုက်ခိုက်ဖို့ စစ်မြေပြင်ကို ဖိတ်ခေါ်တာလား။ ငါလက်ခံရင် စစ်ပွဲရဲ့ ကောင်းမှုအမှတ် ဆယ်ပုံတစ်ပုံကို ရမှာပေါ့။ " လင်းယွမ်က အနည်းငယ် စိတ်ဝင်စားသွားသည်။
လူသားမျိုးနွယ်နှင့် ထျန်းယုမျိုးနွယ်၏ သန်မာသူများပါဝင်သည့် စစ်ပွဲဖြစ်သောကြောင့် ၎င်းနှင့်ပက်သက်သော ကောင်းမှုအမှတ်များကလည်း များပြားလှသည်။
" တစ်ကြိမ်လှုပ်ရှားရုံနဲ့ ကောင်းမှုအမှတ် သန်းဆယ်ချီရနိုင်မှာလား။ " လင်းယွမ်က တွေးလိုက်သည်။
လင်းယွမ်၏ ခွန်အားနှင့် တိုက်ပွဲအခြေအနေကို ပြောင်းလဲပစ်နိုင်ရန် အရေးကြီးဆုံး အချိန်တွင်သာ လှုပ်ရှားရမည်ဖြစ်ပြီး ဆိုလိုသည်မှာ သူက တစ်ကြိမ်သာ လှုပ်ရဖွယ်ရှိလေသည်။
" လွတ်လပ်ခြင်းနတ်ဘုရား အဲ့ဒီ မျိုးနွယ်ခြားစစ်မြေပြင်မှာ နဝမအလွှာ ဒါမှမဟုတ် ဒသမအလွှာတွေ လှုပ်ရှားတာမျိုး ရှိလား။ " လင်းယွမ်က ခဏစဉ်းစားပြီး မေးလိုက်သည်။
" အလတ်စားစစ်မြေပြင်မှာ နဝမအလွှာနဲ့အထက် အင်အားကြီးသူတွေ ဝင်ရောက်တာရှားပါတယ်။ ဝင်ရောက်လာခဲ့ရင်တောင် သူတို့ကို ရင်ဆိုင်ဖို့ လူသားမျိုးနွယ်ရဲ့ နဝမအလွှာနဲ့အထက် ဆင့်ကဲပြောင်းလဲသူတွေ ရှိပါတယ်။ " လွတ်လပ်ခြင်းနတ်ဘုရားက စိတ်ခံစားမှုကင်းမဲ့နေသည့်အလား အေးစက်စွာ ပြောလိုက်သည်။
" ဒါဆို အဲ့ဒီစစ်မြေပြင်ကို ငါသွားရင် ကျိန်စာတိုက်ခံရပြီး သေဆုံးနိုင်တဲ့ မတော်တဆမှုမျိုးတွေ ဖြစ်လာနိုင်လား။ " လင်းယွမ်က ဆက်မေးလိုက်သည်။
ဘယ်အချိန်မဆို ကိုယ်တိုင်ဘေးကင်းလုံခြုံမှုက အဓိကဖြစ်သည်။ ကောင်းမှုအမှတ်များအတွက် လင်းယွမ်က အသက်စွန့်စားရန် မလိုအပ်ပေ။ ပုံမှန်အခြေအနေတွင်လည်း သူ့အတွက် ကောင်းမှုအမှတ်များ ရရှိနိုင်သော နည်းလမ်းများ ရှိလေသည်။
" ပထမဆုံး အလတ်စားစစ်မြေပြင်ဖြစ်တဲ့အတွက် ကြီးမြတ်သူတစ်ယောက်ရဲ့ စောင့်ကြည့်မှုအောက်မှာ ရှိနေပါတယ်။ ပညာရှိယွမ်က မျိုးနွယ်ခြားတွေရဲ့ အဋ္ဌမအလွှာတွေကို တိုက်ခိုက်ဖို့ပဲ အာရုံစိုက်ဖို့လိုပါတယ်။ " လွတ်လပ်ခြင်းနတ်ဘုရားက ထပ်မံပြောကြားလိုက်သည်။
လူသားမျိုးနွယ်အတွက် လင်းယွမ်၏ အရေးပါမှုကို ထည့်သွင်းစဉ်းစားပြီး လွတ်လပ်ခြင်းနတ်ဘုရားက သူ၏ အသက်အန္တရာယ်မထိခိုက်နိုင်သည့်အတွက် လင်းယွမ်ကို စစ်မြေပြင်သို့ သွားခွင့်ပြုခြင်းဖြစ်သည်။
ယခင် လင်းယွမ်က အဋ္ဌမအလွှာသို့ မရောက်မီ အလတ်စား စစ်မြေပြင်သို့ သွားရောက်လိုခဲ့သော်လည်း ဉာဏ်ပညာနတ်ဘုရားက တားဆီးခဲ့သည်။ အကြောင်းမှာ အလတ်စားစစ်မြေပြင်တွင် လင်းယွမ်က မူလခန္ဓာကိုယ်ကို ထိခိုက်စေနိုင်သည့် အန္တရာယ်များကို ကြုံတွေ့နိုင်သောကြောင့် ဖြစ်သည်။
" မျိုးနွယ်ခြားတွေရဲ့ အဋ္ဌမအလွှာတွေပဲပေါ့။ " လင်းယွမ်က ပြုံးလိုက်သည်။ " ဒါဆို ငါလက်ခံတယ်။ "
လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ သူ၏ လက်ရှိခွန်အားနှင့်ဆိုလျှင် လူသားမျိုးနွယ်၏ အဋ္ဌမအလွှာ၌ နံပါတ်တစ်ဟု ပြောနိုင်လေသည်။ ကြယ်စကြာဝဠာအတွင်းရှိ မျိုးနွယ်များ၏ အသန်မာဆုံး အဋ္ဌမအလွှာများပင် သူ့ကို ယှဉ်နိုင်မည်မဟုတ်ပေ။
နဂါးငွေ့တန်းပင်မကြယ်မှ တိုက်ပွဲတွင် လင်းယွမ်က သူ၏ ခွန်အားအပြည့်အဝကို ပြန်မရသေးသကဲ့သို့ စွမ်းအား အားလုံးကိုလည်း ထုတ်ပြခဲ့ခြင်းမရှိပေ။ သို့သော် ၎င်းကပင် လူသားမျိုးနွယ်ကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသကဲ့သို့ မျိုးနွယ်ခြားများကိုလည်း ထိတ်လန့်သွားစေခဲ့သည်။
လင်းယွမ်၏ စစ်မှန်သော တိုက်ခိုက်ရေးစွမ်းအားက နဝမအလွှာကို ရောက်နေပြီး နဝမအလွှာ၏ မည်သည့်အဆင့်တွင် ရှိသည်ကိုသာ မသိနိုင်သေးပေ။
လင်းယွမ်၏ သဘောတူညီချက်ကို ရရှိပြီးနောက် လွတ်လပ်ခြင်းနတ်ဘုရားက စစ်မြေပြင် B0001 မှ အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူကို ချက်ချင်စ ဆက်သွယ်ခဲ့သည်။ မကြာမီ သူတို့က အသေးစိတ်ဆွေးနွေးရန် VR ကမ္ဘာတွင် တွေ့ဆုံရန် ဆုံးဖြတ်ခဲ့ကြသည်။
" လေဟာနယ်အနက်ဖွင့်ဆိုချက်..." လင်းယွမ်က နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်ခန်ခဲ့သော ကျမ်းကို ဆင်ခြင်လိုက်သည်။
" တကယ် နက်နဲတာပဲ။ " လင်းယွမ်က စဉ်းစားနေသည်။
လေဟာနယ်အနက်ဖွင့်ဆိုချက်မှာ စာလုံးပေါင်း ၃၃၃၃ လုံးဖြင့် ဖွဲ့စည်းထားပြီး တစ်လုံးစီတိုင်းတွင် အဆုံးမဲ့အချက်အလက်များ ပါဝင်နေသည်။
လင်းယွမ်က ဆင်ခြင်သုံးသပ်သည့်အကြိမ်တိုင်း လေဟာနယ်အနှစ်သာရနှင့် ပက်သက်သော ရှုထောင့်အသစ်များကို ခွဲခြားသိမြင်နိုင်လေသည်။ မျက်စိတစ်မှိတ်အတွင်း လင်းယွမ်က ရက်ပေါင်းများစွာ ဆင်ခြင်သုံးသပ်ခဲ့သည်။
" ၇၁၃၂ ခုမြောက် ပင်မလေဟာနယ်ပုံစံ။ " လင်းယွမ်က မျက်လုံးများ ဖွင့်လိုက်ရာ သူ၏ အတွေစများက အနည်းငယ် လှုပ်ရှားသွားပြီး လေဟာနယ်စွမ်းအားများက သူ၏ ရှေ့တွင် စုစည်းသွားပြီး အလွန်ရှုပ်ထွေးသော လေဟာနယ်ပုံစံတစ်ခု လျင်မြန်စွာ ဖြစ်ပေါ်လာသည်။
" လေဟာနယ်ပုံစံ ငါးကျော်လောက်ပဲ ကျန်တော့တယ်။ ပြီးရင် ငါ လေဟာနယ်နိယာမကို အပြည့်အဝ နားလည်နိုင်ပြီ။ " လင်းယွမ်က သက်ပြင်းချလိုက်ပြီး သူ၏ စိတ်ဝိညာဉ်က ပင်ပန်းနွမ်းနယ်မှုကိုလည်း ခံစားမိနေသည်။
လေဟာနယ်အနက်ဖွင့်ဆိုချက်က အလွန်နက်နဲသောကြောင့် လင်းယွမ်က အချိန်ကြာမြင့်စွာ လေ့လာခဲ့ပြီး သူ၏ စိတ်စွမ်းအားက များစွာ ကုန်ခမ်းခဲ့လေသည်။ သူ၏ စိတ်စွမ်းအားလုံလောက်လျှင် အချိန်အကန့်အသန်မှရျီ လေ့လာနိုင်လေသည်။
" VR ကမ္ဘာကို ဝင်ကြည့်ရအောင်..." လင်းယွမ်က သူ၏ စိတ်အသိကို VR ကမ္ဘာနှင့် ချိတ်ဆက်လိုက်သည်။
" ဖန်တီးသူများ၏ကမ္ဘာ..."
၎င်းက လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ဖန်တီးသူများအတွက် သီးသန့်ဖန်တီးထားခြင်းဖြစ်ပြီး ဖန်တီးသူအချင်းချင်း ဆက်သွယ်နိုင်သော နေရာတစ်ခုလည်း ဖြစ်သည်။
လင်းယွမ်က ဖန်တီးသူများ၏ ကမ္ဘာသို့ ဝင်လိုက်သည်နှင့် မဟာပညာရှင်ထိုက်အဲက သူ၏ ဘေးတွင် ပေါ်လာသည်။ ဖန်တီးသူများ၏ ကမ္ဘာတွင်လည်း ဖန်တီးသူတိုင်းဝင်ရောက်နိုင်သော နေရာရှိလေသည်။
" ကောင်လေး မင်းလိုင်းပေါ်မတက်တာကြာပြီပဲ။ " မဟာပညာရှင်ထိုက်အဲက လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။
သူက လင်းယွမ်ကို အလွန်သိချင်စိတ်ပြင်းပြနေခဲ့သည်။ ဉာဏ်ပညာနတ်ဘုရား၏ သတိပေးမှုသာ မရှိလျှင် သူက လင်းယွမ်၏ အထောက်အထားကို ဆွဲထုတ်နိုင်ရန် နည်းလမ်းအချို့ အသုံးပြုပေလိမ့်မည်။
" ကျုပ် နည်းနည်းအလုပ်ရှုပ်နေလို့ပါ။ " လင်းယွမ်က ဖြေလိုက်သည်။ သူ့တွင် လေဟာနယ်အနက်ဖွင့်ဆိုချက်၊ ပေါင်းစပ်နိယာမ၊ အနက်ရောင်မျှော်စင် စသည်ဖြင့် လုပ်စရာအလွန်များလေသည်။
" အလုပ်များတာ ကောင်းပါတယ်။ " မဟာပညာရှင်ထိုက်အဲက ခေါင်းညိမ့်လိုက်သည်။
" ဒါနဲ့ မကြာခင် ပညာရှိမိုလန်က လေဟာနယ်နိယာမနဲ့ အချိန်နိယာမရဲ့ အနှစ်သာရကို ဆွေးနွေးဖို့ စီစဉ်ထားတယ်။ မင်းစိတ်ဝင်စားလား။" မဟာပညာရှင်ထိုက်အဲက လင်းယွမ်ကို ကြည့်လိုက်သည်။
ပညာရှင်မိုလန်က ဖန်တီးသူများ၏ ကမ္ဘာတွင် မိမိ၏ အထောက်အထားကို ထုတ်ဖော်ခဲ့သော ပညာရှင် အနည်းငယ်ထဲမှ တစ်ယောက်ဖြစ်သည်။
အကြောင်းမှာ ပညာရှင်မိုလန်က လူသားမျိုးနွယ်အတွင်း ရှေးအကျဆုံး ပညာရှင်များထဲမှ တစ်ယောက်ဖြစ်ပြီး သူ၏ အထောက်အထားကို လူသိရှင်ကြားကြေညာလျှင်တောင် ပြဿနာရှိမည်မဟုတ်ပေ။
" လေဟာနယ်နိယာမနဲ့ အချိန်နိယာမတွေရဲ့ အနှစ်သာရလား။ " လင်းယွမ်၏ မျက်လုံးများက တောက်ပသွားသည်။ ယခုအချိန်ထိ သူက အချိန်နိယာမအပေါ် အထူးအာရုံစိုက်ခြင်းမရှိခဲ့ပေ။
" သွားဖို့စိတ်ဝင်စားလား။ ငါ့မှာ ဖိတ်စာတစ်ခုရှိတယ်။ " မဟာပညာရှင်ထိုက်အဲက မေးလိုက်သည်။
ပညာရှင်မိုလန်၏ ဟောပြောချက်ကို လူတိုင်းနားထောင်နိုင်မည်မဟုတ်ပေ။ ပညာရှင်အဆင့်ရှိသူများသာ ဖိတ်စာကို ရရှိမည်ဖြစ်သည်။
အကယ်၍ ပညာရှင်တစ်ယောက်က ဆွေးနွေးပွဲတွင် ပါဝင်လိုခြင်းမရှိလျှင် သူတို့၏ ဖိတ်စာကို အခြားဖန်တီးသူများအား လက်ဆောင်ပေးနိုင်လေသည်။ မဟာပညာရှင်ထိုက်အဲက ထိုသို့စီစဉ်ထားခြင်းဖြစ်သည်။