ငါ့တာဝန်ထားလိုက်....
Vol. 27 Ch. 420
" ဖိတ်စာလား။ " လင်းယွမ်က အနည်းငယ် စဉ်းစားလိုက်သည်။
ချက်ချင်းပင် မျက်နှာပြင်တစ်ခုပေါ်လာပြီး အီးမေးလ်ဖွင့်လိုက်သေညအခါ ပညာရှင်မိုလန်ထံမှ စာတစ်စောင်ရောက်နေသည်။
" ခင်ဗျားပြောတာ ဒီဖိတ်စာလား။ " လင်းယွမ်က မဟာပညာရှင်ထိုက်အဲကို ကြည့်လိုက်သည်။
" မင်းက..." မဟာပညာရှင်ထိုက်အဲက ဖိတ်စာကို သေချာစစ်ဆေးပြီး လင်းယွမ်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ " မင်း ဘယ်တုန်းက ပညာရှင်ဖြစ်သွားတာလဲ။ "
ပညာရှင်မိုလန်က သူ၏ ဖိတ်စာကို ဆင့်ကဲပြောင်းလဲခြင်းပညာရှင်များကိုသာ ပေးပို့ရသည့် အကြောင်းရင်းမှာ သူပြောပြသည့် လေဟာနယ်နှင့် အချိန်တို့၏ အနှစ်သာရကို ပညာရှင်အဆင့်အောင် ဖန်တီးသူများ နားလည်ရန် ခက်ခဲသောကြောင့်ဖြစ်သည်။
အနည်းငယ်နားထောင်ခြင်းကပင် အတားအဆီးများကို ဖြစ်စေနိုင်ပြီးသူတို့၏ ကိုယ်ပိုင်နားလည်မှုများကို ထိခိုက်စေနိုင်သည်။ အဆင့်တစ်ခုသို့ မရောက်သေးဘဲ ထိုအဆင့်၏ အချက်အလက်များကို အတင်းအကျပ် လေ့လာခြင်းက ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုများကို မကြာခဏ ဖြစ်စေတတ်သည်။
မဟာပညာရှင် ထိုက်အဲက လင်းယွမ်ကို ဖိတ်စာပေးရန် စီစဉ်ခဲ့ခြင်းမှာ အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ ဆွေးနွေးများမှတစ်ဆင့် လင်းယွမ်၏ စွမ်းရည်နှင့် နားလည်နိုင်စွမ်းက အလွန်အံ့ဩစရာကောင်းသည်ကို သိခဲ့ရသည်။ ပညာရှင်မိုလန်၏ ဟောပြောချက်များကို နားထောင်ခွင့်ရခြင်းက အန္တရာယ်ထက် အကျိုးကျေးဇူးက ပိုများလေသည်။
မဟာပညာရှင်ထိုက်အဲက ပညာရှင်မိုလန်၏ ဟောပြောချက်ကို အထူးစိတ်မဝင်စားပေ။ အကြောင်းမှာ သူက ယခင်အကြိမ်များစွာ နားထောင်ဖူးပြီးဖြစ်ကာ တစ်ကြိမ်လွတ်သွားခြင်းက အရေးမကြီးပေ။
သို့သော် လင်းယွမ်က မတူပေ။ မဟာပညာရှင်ထိုက်အဲအမြင်တွင် လင်းယွမ်က အသစ်ဖြစ်ပြီး ပညာရှင်မိုလန်နှင့် အဆက်အဆံမရှိဖူးပေ။
လူသားမျိုးနွယ်၏ ဖန်တီးသူစီနီယာတစ်ယောက်အနေဖြင့် မဟာပညာရှင်ထိုက်အဲက လင်းယွမ်ကို ကြည့်ရှုစောင့်ရှောက်ရပေမည်။
သို့သော် မဟာပညာရှင်ထိုက်အဲက လင်းယွမ်တွင် သူနှင့် တူညီစွာ ဖိတ်စာရှိနေသည်ကို မြင်ရသောအခါ အံ့အားသင့်ခဲ့ရသည်။ ဆင့်ကဲပြောင်းလဲခြင်းပညာရှင်များအတွက်ဖြစ်သော ဖိတ်စာက လင်းယွမ်၏ လက်ထဲတွင် ရှိနေသည်။
ဖြစ်နိုင်ချေက တစ်ခုသာ ရှိလေသည်။ ၎င်းမှာ လင်းယွမ်ကလည်း ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တစ်ယောက်ဖြစ်လာခြင်းဖြစ်သည်။
မဟာပညာရှင်ထိုက်အဲ၏ အမြင်တွင် လင်းယွမ်က ဆင့်ကဲပြောင်းလဲခြင်းပညာရှင်ဟောင်းတစ်ယောက်မဟုတ်သည်မှာ သေချာလေသည်။ မဟုတ်လျှင် လင်းယွမ်၏ အချက်အလက်များကို ရယူရန် ဉာဏ်ပညာနတ်ဘုရားက သူ့ကို ပြတ်သားစွာ တားဆီးခဲ့မည်မဟုတ်ပေ။
လင်းယွမ်က မဟာပညာရှင်ထိုက်အဲကို ပုံမှန်အတိုင်း စကားပြောပြီးနောက် VR ကမ္ဘာမှ ထွက်ခွာသွားသည်။ လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲခြင်းပညာရှင်များက ယုံကြည်ရလေသည်။ တည်ငြိမ်သော အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးခြင်းက ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တစ်ယောက်ဖြစ်လာရန် တစ်ခုတည်းသော လိုအပ်ချက်ဖြစ်သည်။
" ပညာရှင်မိုလန်။ " လင်းယွမ်က ရွှေရောင်ဖိတ်စာကို တစ်ချက်ကြည့်လိုက်သည်။
သူက ၎င်းကို ပထမဆုံး လက်ခံရချိန်တွင် အလေးအနက်မထားခဲ့ပေ။ လင်းယွမ်က အသက်ငယ်ပြီး အတွေ့အကြုံနည်းသောကြောင့် ပညာရှင်မိုလန်၏ ဟောပြောချက်များက မည်သို့ရှိမည်ကို မသိခဲ့ပေ။ ထို့အပြင် ဖိတ်စာတွင်လည်း အချိန်နိယာမနှင့် လေဟာနယ်နိယာမအကြောင်းကို ဖော်ပြထားခြင်းမရှိပေ။
" အချိန်ရရင် သွားနားထောင်ကြည့်တာပေါ့။ " လင်းယွမ်က တွေးလိုက်သည်။
" အခု စစ်မြေပြင် B0001က အဋ္ဌမအလွှာ တားဆီးမရသူတွေနဲ့ တွေ့ပြီး အသေးစိတ်ဆွေးရမှာလား။ "
လွတ်လပ်ခြင်းနတ်ဘုရားထံမှ မက်ဆေ့ချ်ကို ရရှိပြီးနောက် လင်းယွမ်က ချက်ချင်း လက်ခံလိုက်သည်။ ဆွေးနွေးခြင်းက VR ကမ္ဘာတွင်ဖြစ်ပြီး ထျန်းယုမျိုးနွယ်၏ အင်အားကြီးသူများအား မည်သို့ကိုင်တွယ်ရမည်ကို ဆွေးနွေးခြင်းဖြစ်သည်။
ဖိတ်ကြားခံရသူအနေဖြင့် လင်းယွမ်က ကောင်းမှုအမှတ်များစွာကို ရရှိမည်ဖြစ်ပြီး သဘာဝအတိုင်း တက်ကြွစွာ ပူးပေါင်းရမည်ဖြစ်သည်။
VR ကမ္ဘာ၊ ခမ်းနားသော ခန်းမတစ်ခုထဲတွင် အရပ်ပုပုနှင့်အကြီးအကဲအပါအဝင် စစ်မြေပြင် B0001မှ အဋ္ဌမအလွှာ တားဆီးမရသူတို့က ထိုနေရာတွင် စောင့်ဆိုင်းနေကြသည်။
" နဂါးငွေ့တန်းကြယ်သခင်က မကြာခင် ရောက်လာလိမ့်မယ်။ "
" နဂါးငွေ့တန်းကြယ်သခင်က စကားပြောရလွယ်မလွယ် မသိရဘူး။ "
" ငါ နဂါးငွေ့တန်းကြယ်သခင်ရဲ့ဆရာ ချီခွန်ကြယ်သခင်နဲ့ အဆက်အသွယ်အချို့ရှိခဲ့တယ်။ ချီခွန်ကြယ်သခင်က ရိုးသားဖြောက်မတ်သူမလို့ နဂါးငွေ့တန်းကြယ်သခင်ကလည်း ရိုးသားဖြောင့်မတ်လောက်ပါတယ်။ "
ခန်းမအတွင်းမှ လူများက စကားများပြောဆိုနေကြသည်။ နဂါးငွေ့တန်းကြယ်သခင်က အဋ္ဌမအလွှာ တားဆီးမရသူနှစ်ယောက်ကို သတ်နိုင်သောကြောင့် အလွန်စွမ်းအားကြီးသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် သူတို့ရင်ဆိုင်ရမည့်ရန်သူများမှ အထွတ်အထိပ်မျိုးနွယ်တစ်ခုဖြစ်သည့် ထျန်းယုမျိုးနွယ်ဖြစ်သည်။
အဋ္ဌမအလွှာ တားဆီးမရသူနှစ်ယောက်က နဂါးငွေ့တန်းကြယ်သခင်ကို မယှဉ်နိုင်လျှင် ဆယ်ရောက်ဆိုလျှင်ရော ဘယ်လိုလဲ။ နဂါးငွေ့တန်းကြယ်သခင်က သူတို့ကို ရင်ဆိုင်ရန် တန်ဖိုးတစ်ခု ပေးဆပ်ရပေလိမ့်မည်။ နဂါးငွေ့တန်းကြယ်သခင်က ထိုတန်ဖိုးကို မပေးဆပ်ဘဲ လုံလောက်အောင် အားမထုတ်လျှင် သူတို့အတွက် ပြဿနာဖြစ်နိုင်လေသည်။
နောက်ဆုံးတွင် နဂါးငွေ့တန်းကြယ်သခင်က ထျန်းယုမျိုးနွယ်မှ အင်အားကြီးသူများကို မဖြစ်မနေ ရင်တိုင်ရမည်ဟု တောင်းဆို၍ မရပေ။ ထျန်းယုမျိုးနွယ်က အဋ္ဌမအလွှာ တားဆီးမရသူ ဘယ်နှစ်ယောက်ကို စေလွှတ်မလဲမသိနိုင်ပေ။
အထွတ်အထိပ်မျိုးနွယ်တစ်ခုဖြစ်သည့် ထျန်းယုမျိုးနွယ်က အဋ္ဌမအလွှာ တားဆီးမရသူ ရာချီကို စေလွှတ်နိုင်စွမ်းရှိလေသည်။ ထို့အပြင် အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက်က လျို့ဝှက်ရတနာများနှင့် ပေါင်းစပ်ပြီး ကြောက်စရာကောင်းသော စွမ်းအားကို ထုတ်လွှတ်နိုင်လေသည်။
ရုတ်တရက် ခန်းမထဲတွင် လင်းယွမ်က ပေါ်လာပြီး တည်ငြိမ်စွာပြုံး၍ အခြားသူများကို ကြည့်လိုက်သည်။ " အားလုံးမင်္ဂလာပါ။ ကျုပ်က နဂါးငွေ့တန်းကြယ်သခင်ပါ။ "
" နဂါးငွေ့တန်းကြယ်သခင်ကို နှုတ်ဆက်ပါတယ်။ "
" ဒီဘက်ပါ နဂါးငွေ့တန်းကြယ်သခင်။ "
အဋ္ဌမအလွှာ တားဆီးမရသူများက ချက်ချင်း စိတ်အားထက်သန်သော အမူအရာများကို ပြလိုက်ကြသည်။ လာမည့်စစ်ပွဲတွင် လင်းယွမ်က အဓိကဖြစ်သောကြောင့် ယခုအချိန်တွင်လည်း သူ့ကို လျစ်လျူရှုထား၍ မရပေ။
" နဂါးငွေ့တန်းကြယ်သခင် " အရပ်ပုပုနှင့်အကြီးအကဲက လင်းယွမ်ကို ရိုသေစွာ နှုတ်ဆက်လိုက်သည်။
" ပိုင်ယွင်ကြယ်သခင်..." လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ထိုလူက ပိုင်ယွင်ကြယ်နယ်မြေ၏ ကြယ်သခင်ဖြစ်သည်။ သူနားလည်ထားသော စကြာဝဠာစွမ်းအားက အဆင့်မြင့်စကြာဝဠာစွမ်းအားမဟုတ်သော်လည်း သာမန်စကြာဝဠာစွမ်းအားများထဲတွင် အင်အားကြီးမားလေသည်။ စစ်မြေပြင်တွင် အခြားအဋ္ဌမအလွှာ တားဆီးမရသူများက ပိုင်ယွင်ကြယ်သခင်ကို သူတို့၏ ခေါင်းဆောင်အဖြစ် လက်ခံထားကြသည်။
" အခု စစ်မြေပြင်ရဲ့ အခြေအနေကို နဂါးငွေ့တန်းကြယ်သခင်ကို ပြောပြပေးပါမယ်။ " ပိုင်ယွင်ကြယ်သခင်က ပြောလိုက်သည်။
" ပြောပါ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
" လက်ရှိ စစ်မြေပြင်မှာတော့ ထျန်းယုမျိုးနွယ်က အသာစီးရနေပါတယ်။ သူတို့မှာ အဋ္ဌမအလွှာ တားဆီးမရသူ ၆၇ ယောက်၊ အဆင့်တစ် စစ်လက်နက် ၂၁၂ခုနဲ့ အဋ္ဌမအလွှာ ၂၃၀၀ရှိပါတယ်။ "
" အခု ကျုပ်တို့ လူသားမျိုးနွယ်က ထျန်းယုမျိုးနွယ်ရဲ့ ထိုးစစ်ကို ရင်ဆိုင်ဖို့ ရုန်းကန်နေရပါတယ်။ ဒါပေမယ့် လာမယ့် အဆုံးအဖြတ်တိုက်ပွဲမှာ ဘာမှမပြောင်းလဲဘူးဆိုရင် ကျုပ်တို့ လူသားမျိုးနွယ်က ရှုံးနိမ့်ပါလိမ့်မယ်။ " ပိုင်ယွင်ကြယ်သခင်၏ အသံက လေးနက်နေသည်။
ထျန်းယုမျိုးနွယ်က စစ်နိုင်သွားသည်နှင့် လူသားဆင့်ကဲပြောင်းလဲသူများက ထွက်ပြေးရမည်ဖြစ်ပြီး အဋ္ဌမအလွှာ တားဆီးမရသူများပင် ဘေးကင်းစွာ ဆုတ်ခွာနိုင်မည်ဟု အာမမခံနိုင်ပေ။
အဋ္ဌမအလွှာ တားဆီးမရသူအချင်းချင်း ရှုံးနိမ့်အောင် လုပ်နိုင်ခြင်းမရှိသော်လည်း စစ်မြေပြင်များတွင် လေဟာနယ်လှိုင်းများ မငြိမ်သက်မှုကြောင့် သူတို့က ချက်ချင်း တည်နေရာရွှေ့ပြောင်းနိုင်မည်မဟုတ်ပေ။
အဆင့်တူပြိုင်ဘက်များ၏ ဝန်းရံခြင်းခံရလျှင် အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက်ပင် သေဆုံးနိုင်လေသည်။ ကိုယ်ပွားတစ်ခုဖြစ်လျှင်တောင် မူလခန္ဓာကိုယ်နှင့် နီးစပ်သော ကိုယ်ပွားတစ်ခုဖန်တီးရန် များစွာရင်းနှီးမြှုပ်နှံထားရလေသည်။
" အဲ့ဒါကြောင့်ကိုး။ " လင်းယွမ်က နားလည်လေသည်။
ထိုအခြေအနေကို သူမျှော်လင့်ထားပြီးဖြစ်သည်။ လူသားမျိုးနွယ်က စစ်မြေပြင်တွင် အသာစီးရနေလျှင် ကောင်းမှုအမှတ်များပေးပြီး အကူအညီတောင်းမည်မဟုတ်ပေ။
" အဆုံးအဖြတ်စစ်ပွဲမစခင် ငါတို့မှာ အချိန်ဘယ်လောက်ရှိသေးလဲ။ " လင်းယွမ်က မေးလိုက်သည်။
" ခန့်မှန်းရရင် ငါးနှစ်နဲ့ ဆယ်နှစ်ကြားလောက် ရှိမယ်။ " ပိုင်ယွင်ကြယ်သခင်က ခဏစဉ်းစားပြီး ပြောလိုက်သည်။
ထျန်းယုမျိုးနွယ်က အဆုံးအဖြတ်စစ်ပွဲအတွက် ပြင်ဆင်ရန် လိုအပ်ပြီး ပိုင်ယွင်ကြယ်သခင်က ၎င်းကို အနည်းဆုံး ငါးနှစ်ကြာမည်ဟု ခန့်မှန်းလေသည်။
" ငါနားလည်ပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ " ငါ ငါးနှစ်အတွင်း စစ်မြေပြင်ကို လာခဲ့ပါမယ်။ "
လင်းယွမ်က စစ်မြေပြင်ကို သွားခြင်းမှာ သူ၏ ကိုယ်ပွားသာ ဖြစ်ပြီး သူ၏ မူလခန္ဓာကိုယ်က နဂါးငွေ့တန်းပင်မကြယ်တွင်သာ ရှိနေပေလိမ့်မည်။ သူ၏ မူလစိတ်ဝိညာဉ်က အခြားဆင့်ကဲပြောင်းလဲသူများ၏ ကိုယ်ပွားနှင့်မတူဘဲ မူလခန္ဓာကိုယ်သေဆုံးလျှင်တောင် မူလစိတ်ဝိညာဉ်မှ ပြန်လည်ရှင်သန်နိုင်လေသည်။
လင်းယွမ်၏ မူလခန္ဓာကိုယ်က လုပ်စရာများရှိသောကြောင့် စစ်မြေပြင်သို့ သွားနိုင်မည်မဟုတ်ပေ။ အမှန်တွင် သူ၏ လက်ရှိခွန်အားဖြင့် ကိုယ်ပွားက မိုင်သန်းပေါင်းများစွာ ကျယ်ဝန်းသော အတွင်းကမ္ဘာမရှိလျှင်တောင် အဋ္ဌမအလွှာ တားဆီးမရသူများကို ချေမှုန်းနိုင်လေသည်။
" ကျေးဇူးတင်ပါတယ် နဂါးငွေ့တန်းကြယ်သခင်.... " ပိုင်ယွင်ကြယ်သခင်က ပြောလိုက်သည်။
" ဒါပေမယ့် နဂါးငွေ့တန်းကြယ်သခင်က ထျန်းယုမျိုးနွယ်က ဘယ်ကျွမ်းကျင်သူတွေကို ကိုင်တွယ်ဖို့ စီစဉ်ထားလဲ။ " ပိုင်ယွင်ကြယ်သခင်ကမေးလိုက်သည်။
" မင်းတို့ ဘယ်နှစ်ယောက်ကို ကိုင်တွယ်နိုင်လဲ။ " လင်းယွမ်က ပြန်မေး၏။
" ကျုပ်တို့က ထျန်းယုမျိုးနွယ်ရဲ့ အဋ္ဌမအလွှာ တားဆီးမရသူ ငါးဆယ်လောက်ကို ကိုင်တွယ်နိုင်ပါတယ်။ " ပိုင်ယွင်ကြယ်သခင်က ခဏစဉ်းစားပြီး ပြောလိုက်သည်။
" ပြဿနာမရှိဘူး။ ကျန်တဲ့ အဋ္ဌမအလွှာ တားဆီးမရသူတွေကို ငါတာဝန်ထားလိုက်။ " လင်းယွမ်က ခေါင်းညိတ်လိုက်သည်။