← Chapters

နောက်ဆုံး ဆင့်ခေါ်မှု 

Vol. 62 Ch. 996

နောက်ဆုံး ဆင့်ခေါ်မှု 

Vol. 62 Ch. 996

“သခင်မ...” အရေးကြီးဆုံး အချိန်၌ ချွဲကျိကောင်က သတ္တိများ ပျောက်ဆုံး သွားခဲ့သည်။ “ဒိုဒို ကြောက်တယ်...”

“မြန်မြန်သွားလေ!” ဇိုလာ ဒေါသ ထွက်သွားသည်။ အရိုးမျှော်စင်များရဲ့ စွမ်းအား အားနည်းသွားချိန် ဒြပ်စင် တစ်ခုလုံး၏ အကာ အကွယ်ကို နားလည်သွားသော်လည်း လေဇစ်မြစ် အပိုင်းအစ ကဲ့သို့ မြေဇစ်မြစ် အပိုင်းအစနှင့် တိုက်ရိုက် ယှဉ်ပြိုင် နိုင်သော “ပစ္စည်း” မရှိပေ။ [ဒြပ်စင်၆ခု ပြိုင်ဘက်] လေဇစ်မြစ်ကို သုံးကာ သက်ဆိုင်ရာ စွမ်းအားကို အတုခိုး ရုံသာ တတ်နိုင်၏။ ထိုလမ်းကြောင်းကို ထိန်းသိမ်း ထားရန် အတော်လေး ခက်ခဲလှပေသည်။ ထို့ကြောင့် အချိန် မရှိပေ။

“ဒိုဒိုရဲ့ ခြေထောက် အားမရှိဘူး... ဒိုဒို လှုပ်မနိုင်ဘူး...” ‘ခြေထောက်’ မရှိကြောင်း ထင်ရှား နေသည့် ကြက်သွန်နီကောင်က မလှုပ်ရဲပေ။

အခြေအနေ မကောင်းကြောင်းကို သိသောအခါ သောမက်စ်က လက်ကို အလျင်အမြန် ဝှေ့ယမ်းပြီး သူ့ဆီမှ သွေးတွေ စိမ့်ထွက်လာခဲ့သည်။ သူက သွေးများကို စတေးလိုက်ခြင်းပင်။ လမ်းကြောင်းက ကျဉ်းမြောင်းလာပြီး ဇိုလာကို ဝန်းရံထားတဲ့ သွေးရောင် မီးကွင်းလည်း တချိန်တည်း မီးများ ပွင့်ထွက်လာပြီး အတွင်းဘက်ကို လျင်မြန်စွာ ကျုံ့ဝင်လာတော့သည်။

“မသေချင်ရင် မြန်မြန်သွားတော့။ မဟုတ်ရင် ငါတို့ အကုန်လုံး သေသွားမှာ!” ဇိုလာက ရုတ်တရက် ဖိအားများ တိုးလာကြောင်း ခံစားမိ လိုက်သည်။ သူ၏ ခေါင်းပေါ်မှ ဒြပ်စင် နတ်ဘုရားမ သရဖူက တောက်ပသော အလင်းများ ထုတ်လွှတ်ပြီး သူတို့ကို ကာကွယ်ရန်နှင့် လေဇစ်မြစ် လမ်းကြောင်းကိုပါ ထိန်းသိမ်းရန် အစွမ်းကုန် ကြိုးစားနေရသည်။ ထိုကဲ့သို့ သုံးစွဲမှုက အတော်လေး များပြားပြီး ဝိညာဉ်လက်နက်၏ အကျိုး သက်ရောက်မှု အချိန်က နာရီဝက်သာ ကျန်တော့သည်။ တစ်ခါ ကျရှုံးလျှင် ကြိုးစား ခဲ့သည်များ အားလုံး ဆုံးရှုံးရုံသာမက သူနှင့် ဒိုဒို နှစ်ဦးလုံးလည်း အန္တရာယ် ကျရောက် နိုင်ပေသည်။

ဒိုဒို တုန်လှုပ်သွား၏။ ပျင်းရိခြင်းနှင့် အလုပ်မကြိုက်ခြင်းက သူ၏ စွမ်းရည် ဖြစ်သော်လည်း အသက်ရှင်လိုစိတ်နှင့် သေခြင်းကို ကြောက်ရွံ့ခြင်းတို့က အရေးအကြီးဆုံး အခြေခံ ဖြစ်သည်။ အသက်မရှိဘဲ သူက မည်သို့ ပျော်ပျော်ရွှင်ရွှင် စားနိုင်မည်နည်း။

ချွဲကျိကောင်က နောက်ဆုံးတွင် သတ္တိကို စုဆောင်းကာ မြွေပုံစံ ရှည်လျားသော ခန္ဓာကိုယ် အဖြစ်သို့ ပြောင်းလဲသွားပြီး လမ်းကြောင်းဆီသို့ အပြေးသွားတော့သည်။

လမ်းကြောင်းထဲမှ ခုခံအားက အတော်လေး အားကောင်းလှသည်။ အနီးနားမှ ကြောက်မက်ဖွယ်ရာ ကောင်းသော ဖျက်ဆီးခြင်း စွမ်းအားကြောင့် ချွဲကျိကောင်၏ ခန္ဓာကိုယ်က အဆက်မပြတ် ပြိုကွဲ ပျက်စီးနေခဲ့သည်။ အထူး အသစ် ပြန်ဖြစ်ခြင်း စွမ်းရည်သာ မရှိလျှင် သူ ကြေမွသွားလေပြီ။

ဒိုဒိုက ခဏတာ အတင်းအကျပ် ရုန်းထွက်ပြီး အဆက်မပြတ် ပြန်လည် အသစ်ဖြစ်လာခဲ့သည်။ ထိုလမ်းက အဆုံးမရှိ သကဲ့သို့ ခံစားရပြီး ပတ်ဝန်းကျင်ရှိ ဖိအားများ တိုးလာနေ သောကြောင့် သူ အော်ဟစ်လိုက် တော့သည်။ “မရတော့ဘူး။ သခင်မ။ သေအောင် နာတယ်။ ကယ်ပါဦး။” သခင်။”

ချွဲကျိကောင် အကြောက်တရားက အကြောင်းရင်းတစ်ခု ဖြစ်ပေသည်။ ထိုလမ်းကြောင်းကို သောမက်စ်က အထူး သွေးစတေးခြင်း စွမ်းအားဖြင့် အသက်သွင်းခဲ့ခြင်းဖြစ်ပြီး ထိုထဲတွင် အကြောက်တရား အရှင်သခင်၏ အငွေ့အသက်များ ပါဝင်နေသည်။ ထို့ကြောင့် စိတ်ထဲရှိ ကြောက်ရွံ့မှုကို အဆက်မပြတ် တိုးချဲ့ နေလိမ့်မည်။ အကြောက်တရား ပိုပြင်းလေလေ၊ အဆုံးသတ် စွမ်းအားက ပိုမို၍ အားကောင်းလေလေ ဖြစ်သည်။

“ဝုန်း!” ချွဲကျိကောင်၏ ခန္ဓာကိုယ် ပေါက်ကွဲသွားပြီး အပိုင်းအစများက တချိန်တည်းမှာပင် အော်ဟစ်ငိုယို ကြတော့သည်။ “ဆာ-ဒိုဒို မခံနိုင် တော့ဘူး!”

ဇိုလာ၏အသံက နောက်ကွယ်မျ ထွက်ပေါ်လာ၏။ “မင်းသမီးစံအိမ် အတွက် ရွှေကတ်အခမဲ့ ၁ ကတ်...”

မရေမတွက်နိုင်သော ‘အစအနများ’ ၏ အော်ဟစ်သံများ ရုတ်တရက် ရပ်တန့်သွားပြီး ပိုမိုရှင်းလင်းစွာ ကြားနိုင်ရန် ကြိုးစားရင်း နားများစွာ၏ ပုံသဏ္ဌာန်သို့ ပြောင်းလဲသွားခဲ့၏။

“တစ်လ အတွင်း ဒီကတ်နဲ့ အကန့် အသတ်မရှိ စားစရာတွေ မှာနိုင်တယ်။” နတ်မိမယ် နဂါး၏ မျက်မှန် နောက်ကွယ်မှ ဉာဏ်အလင်းရောင် တစ်ခု လင်းလက် သွားခဲ့သည်။ “ပြီးတော့ မင်းသမီး လက်လီစတိုးက လက်ဆောင်ရွှေကတ် ၁၀ ကတ်လည်း ထပ်ပေးမယ်။ တစ်ကတ်စီမှာ သလင်းကျောက်နက်ဒင်္ဂါး ၈၈၈ပြား တန်ဖိုးရှိတဲ့ လက်ဆောင်တွေ ရနိုင်တယ်။”

ထို’နားများ’က ကြားခဲ့ရသည်ကို အပြည့်အဝ အတည်ပြုခဲ့ ကြသည်။ တစ်လအတွင်း မင်းသမီးစံအိမ်တွင် အခမဲ့ စားသောက် နိုင်မည်။ မင်းသမီး လက်လီစတိုးမှ သလင်းကျောက်နက် ဒင်္ဂါး ၈၈၈ပြား တန်ဖိုးရှိသော လက်ဆောင် ၁၀ ခုလည်း ရရှိမည်။ အရေးအကြီးဆုံးမှာ ၎င်းတို့အားလုံး အခမဲ့ ဖြစ်ခြင်းပင်။

မရေ မတွက်နိုင်သော ‘နားများ’က တုန်လှုပ်သွားကြသည်။ ထိုအချိန်တွင် အရသာရှိ အစားအစာတောင်များနှင့် ရွှေရောင်ရတနာများ စိတ်တစ်ခုလုံးကို လွှမ်းမိုးသွားတော့သည်။ အသိစိတ် အလွန်အားကောင်းသွားသောကြောင့် အကြောက်တရားနှင့် အခြားသော စိတ်ခံစားမှုများ အတွက် နေစရာ မရှိတော့ပေ။ ၎င်းတို့ အားလုံး ပျောက်ကွယ်သွားခဲ့သည်။

‘နားများ’က ချက်ချင်း ဆိုသလို ကြီးမားသော ပါးစပ်များ အဖြစ်သို့ ပြောင်းလဲသွားပြီး ထူးထူးခြားခြား အရှိန်အဟုန်ဖြင့် ရှေ့သို့ တိုးဝင်ပြီး လမ်းတလျှောက်ရှိ အရာအားလုံးကို ဝါးမျိုတော့သည်။ ကျဉ်းမြောင်းနေပြီ ဖြစ်သော လမ်းကြောင်းသည်ပင် ထို’ပါးစပ်များ’ကြောင့် ကျယ်ဝန်းသော လမ်းမကြီး တစ်ခု ဖြစ်လာခဲ့သည်။

ထိုဖြစ်စဉ်က အမှန်တကယ်၌ အတော်လေး အန္တရာယ်များသည်။ သောမက်စ်၏ လျှို့ဝှက်ပညာရပ်ဖြင့် အသည်းအသန် အသက်သွင်းလိုက် ခြင်းကြောင့် ‘ပါးစပ်များ’ တရစပ် အပိုင်းပိုင်းဖြစ်ကာ ပေါက်ကွဲထွက် သွားသော်လည်း ချွဲကျိကောင်၏ မသေမျိုးခန္ဓာကိုယ်၏ ထူးခြားသော ဂုဏ်သတ္တိကြောင့် ၎င်းတို့က ခဏ အကြာတွင် အသစ် ပြန်ဖြစ်လာ၏။

ဆရာသခင် တကယ် ခန့်ညား၏ မျက်လုံးထဲတွင် ထိုတိုက်ခိုက်မှုများကို အရသာရှိသော အစားအစာများနှင့် ရတနာများ အဖြစ်သို့ လှည့်စားထားခဲ့ သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ မဆုတ် မနစ်သော အစားပုပ်၏ အဟုန်နှင့် အဓိက ယဇ်ပလ္လင်သို့ သူ တည့်တည့် ပြေးသွားပြီး တိုင်ဆီသို့ ပျံသန်းကာ ပါးစပ်ကြီးတစ်ခု ဖန်တီးလိုက်သည်။

“မဖြစ်ရဘူး!” သောမက်စ်၏ အသည်းအသန် အော်ဟစ်သံကြား၌ ဧရာမ ပါးစပ်ကြီးက တိုင်ထိပ်ရှိ မြေဇစ်မြစ်အပိုင်းအစကို မျိုချလိုက် တော့သည်။

အခွင့်အရေးကောင်းပဲ! ဇိုလာက အဓိက ယဇ်ပလ္လင်၏ ကာကွယ်မှု ချက်ချင်း အနိမ့်ဆုံး အဆင့်သို့ ကျဆင်းသွားကြောင်းကို ခံစားမိပြီး အနီးအနားရှိ သွေးရောင်မီးကွင်း ကလည်း လျင်မြန်စွာ မှိန်သွားခဲ့သည်။ သူ၏ ခရမ်းရောင်မျက်လုံး လင်းလက် လာပြီး ဒြပ်စင်နတ်ဘုရားမသရဖူက တောက်ပသော အလင်းရောင်ကို ပဲ့တင်ထပ်လာခဲ့သည်။ သူက ဝိညာဉ် လက်နက်ပုံစံ ဖြစ်နေသော လျို့ဝှက် အရိပ်ကို မြှောက်လိုက်ပြီး မြေပြင်ကို ထောက်လိုက်၏။

အဓိက ယဇ်ပလ္လင်၏ အပေါ်တွင် သက်တန့်တစ်ခု ပေါ်လာပြီးနောက် မြေအောက် နန်းတော် တစ်ခုလုံး တုန်ခါသွားခဲ့သည်။ ခိုင်မာသော တောင်နံရံများပေါ်တွင် အံ့သြဖွယ် ကောင်းသော အက်ကွဲကြောင်းများ ပေါ်လာခဲ့ပြီး ကျောက်တုံးကြီးများက အပေါ်မှ အဆက်မပြတ် ပြုတ်ကျ လာခဲ့သည်။

ထိုတိုက်ခိုက်မှုက နတ်မိမယ်နဂါး၏ စွမ်းအားအကုန်ကို စုစည်းထားခင်း ဖြစ်သည်။ ဒြပ်စင် နတ်ဘုရားမ သရဖူ၊ လျို့ဝှက်အရိပ်၊ ကြယ်ရာထူး တိုးမြှင့်မှု၊ [ကြယ်အဆင့် တိုးမြှင့်မှု] နှင့် နတ်ဘုရားတစ်ပိုင်း တိုင်းပြည်တို့၏ အစွမ်းထက်ဆုံးသော စွမ်းအားများ ပေါင်းစပ်လိုက်‌သောအခါ မြေဇစ်မြစ် အပိုင်းအစ၏ အကာအကွယ်ကို ဆုံးရှုံးသွားသော အဓိက ယဇ်ပလ္လင် ပျက်စီးသွားတော့သည်။

သောမက်စ်၏ ခန္ဓာကိုယ်လည်း စုတ်ပြတ်သတ် သွားခဲ့သည်။

အဓိကယဇ်ပလ္လင် ပျက်စီးသွား သည်နှင့် တပြိုင်နက် ပါ့ဂ်လီအိုထံမှ မဖျက်ဆီး ရသေးသော အရိုးမျှော်စင်များ အလိုလို ပြိုကျ သွားခဲ့သည်။ သွေးမြူခိုးများ အစအန မကျန် ပျောက်ကွယ်သွားပြီး လမ်းကြောင်းရှိ အလောင်းများလည်း ဖျက်ဆီးခံခဲ့ရသည်။ ချန်လွေ့နှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့သော အသူရာ ချောက်နက် ဝိညာဉ်မျိုးကွဲ နှစ်ကောင်လည်း ချက်ချင်း ပေါက်ကွဲ သွားပြီး အမှုန်အဖြစ် ပြောင်းလဲကာ လေထဲ ပြန့်ကျဲသွားတော့သည်။

“တော်တယ်! ဇိုလာ!” ချန်လွေ့ ဝမ်းသာအားရ ဖြစ်သွား၏။ သူက ပါ့ဂ်လီအိုဘေးသို့ ချက်ချင်း နေရာ ပြောင်းရွှေ့လိုက်ပြီး တုန်ယင်နေသော အဆိပ်နဂါးကို ဖက်လိုက်သည်။ အစွမ်းကုန် ထုတ်ခဲ့သော ပါ့ဂ်လီအိုက သွေးစွန်းလူသား တစ်ယောက်အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။ ထိုကဲ့သို့ ဆိုးရွားသော ပုံစံကို မြင်တွေ့လိုက်ရ သောအခါ ချန်လွေ့ လန့်သွား၏။ သူက ချက်ချင်းပင် ဆေးရည် တစ်ပုလင်း တိုက်လိုက်သည်။

“ဖြေရှင်းပြီးပြီလား။ အရူးမဆိုတဲ့ အတိုင်းပဲ...” အဆိပ်နဂါးသည် ခုနက အသည်းအသန် ယုံကြည်မှုနှင့် ဆုံးဖြတ်ချက် အားကိုးပြီး တိုက်ခိုက် နေခဲ့ခြင်း ဖြစ်သည်။ သို့သော် အဓိက ယဇ်ပလ္လင်ကို အောင်မြင်စွာ ဖျက်ဆီး ပြီးနောက် သူ့၏ ထောက်ပံ့အားလည်း ဖိအားများ ပျောက်ကွယ်သွားသည် နှင့်အတူ ရုတ်တရက် ပျောက်ကွယ် သွားခဲ့သည်။ သူ၏ ခြေထောက်များ ချက်ချင်း ပျော့ခွေသွား၏။ ချန်လွေ့၏ ထောက်ပံ့မှုသာ မရှိရင် သူ မြေပေါ် လဲကျသွားပေလိမ့်မည်။

ထိုအချိန် ဒိုဒိုက ပြိုင်ဘက်ကင်း အစားပုပ် အခြေအနေမှ သတိပြန်ဝင် လာခဲ့၏။ ဆရာသခင်ချွဲကျိကောင်က ဒဏ်ရာများ ပြည့်နေပြီး ခုန်၍ပင် မရတော့ပေ။ သူက မြေပြင်ပေါ်တွင် ခူကောင်ကဲ့သို့ တရွတ်တိုက် ရွေ့လျား နေပြီး နောက်ဆုံး၌ သခင်မဆီကို ရောက်လာခဲ့လေသည်။

ထိုကြွယ်ဝသော အမူအရာများနှင့် တိကျသော ခန္ဓာကိုယ်ဘာသာစကား များက သေလုနီးပါး ဖြစ်နေပြီး ဘဝ အဆုံးသတ်ခင် နောက်ဆုံးဆန္ဒကို ဖြည့်ဆည်း လိုသည့် ‘အရာဝတ္ထု’ တစ်ခုကို အောင်မြင်စွာ ပုံဖော်ခဲ့သည်။

ခုနက တိုက်ခိုက်မှုတွင် ဇိုလာ၏ စွမ်းအားများ ကုန်ဆုံး သွားခဲ့ပြီး နတ်မိမယ်နဂါးက ပြင်းပြင်းထန်ထန် မောဟိုက်နေခဲ့သည်။ ချွဲကျိကောင်၏ ဆိုးရွားသော ပုံစံကို မြင်သောအခါ သူ၏ ခရမ်းရောင် မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး ရွှေကတ်ပြား အများအပြား လက်ထဲ၌ ပေါ်လာ၏။ ဒိုဒို၏ ‘သေလုနီးပါး’ မျက်လုံးများ လင်းလက်သွားပြီး သူ့ပါးစပ်ထဲမှ အဝါနက် သလင်းကျောက် တစ်ခုကို ချက်ချင်းထုတ်ယူကာ လက်နှစ်ဖက် ကမ်းလိုက်၏။ ထိုအရာက မြေဇစ်မြစ် အပိုင်းအစပင်။

ချွဲကျိကောင် တံတွေး ပေနေသည့် ဇစ်မြစ် အပိုင်းအစက နတ်မိမယ် နဂါးကို မျက်မှောင်ကြုတ်စေခဲ့သည်။ ထိုစဉ် အဆိပ်နဂါးနှင့်အတူ ရောက်ရှိ လာသော ချန်လွေ့က ဂရုမစိုက်ခဲ့ပေ။ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ မြေဇစ်မြစ် အပိုင်းအစက ပျံဝဲလာပြီး စူပါစနစ်၏ သိုလှောင် ဂိုဒေါင်ထဲသို့ ဝင်ရောက်သွားတော့သည်။

ဒိုဒိုက အလိုရှိသော ကတ်များကို ရလိုက်သည်နှင့် တစ်ကတ်ချင်းကို ရေတွက်လေသည်။ တချိန်တည်းမှာ သူက လက်ဝါး သုံးလေးခု ဖန်တီး လိုက်သည်။ ၁၁ကတ် ဖြစ်ကြောင်း အတည်ပြု ပြီးနောက်တွင် သူက ပါးစပ် နားရွက် တက်ချိတ်အောင် ပြုံးလိုက်ပြီး ရွှေကတ်ပြားများကို မြှောက်လိုက်၏။ “မင်းသမီးစံအိမ်ရဲ့ အခမဲ့ရွှေကတ်။ မင်းသမီး လက်လီ စတိုးက သလင်းကျောက်နက် ဒင်္ဂါး ၈၈၈ပြား တန်တဲ့ လက်ဆောင်ကတ် ၁၀ကတ်။ ချမ်းသာပြီ! ဆရာသခင် တကယ်ခန့်ညားတဲ့ ဒိုဒို!”

ချွဲကျိကောင်သည် သေလုမြောပါး ဖြစ်နေသည့် သနားစရာ ပုံစံမျိုး မရှိတော့ဘဲ ဝမ်းသာအားရ၊ စွမ်းအင် အပြည့်၊ မယုံနိုင်စရာ ကောင်းသော နုပျိုခြင်း၊ တကယ်ခန့်ညားခြင်းတို့ ပြည့်နှက်နေတော့သည်။

မင်းသမီးစံအိမ် အခမဲ့ ရွှေကတ်။ မင်းသမီး လက်လီ စတိုးဆိုင်က လက်ဆောင်ကတ် ဟုတ်လား။

ချန်လွေ့ အံ့သြသွား ခဲ့သည်။ ပင်လယ်သေ အောက်ခြေတွင် သိဒ္ဓိ နဂါး ရိုဒရီဂူးဇ်နှင့် တိုက်ခိုက်ခဲ့စဉ်က ချွဲကျိကောင်၏ စွမ်းဆောင်ရည်နှင့် အမြဲ ကြောက်ရွံ့တတ်သော အကျင့်ကို ပြန်တွေးကြည့်လိုက်ပြီး သူ့စိတ်ထဲ၌ ရုတ်တရက် သဘောပေါက် သွား၏။ ခဏလေး။ တစ်ခုခု လွဲနေတယ်!

‘အခမဲ့ရွှေကတ်’ကို မင်းသမီး စံအိမ် စတင်ဖွင့်လှစ်ချိန်က အမြင့်ဆုံး အရေးကြီး ပုဂ္ဂိုလ်များကို အကန့် အသတ်ဖြင့် ထုတ်ပေးခဲ့ခြင်း ဖြစ်၏။ ၎င်းကို ရက်၃၀ အသုံးပြုနိုင်ပေမည်။ သို့သော် ၂နှစ်ပြီးလျှင် သက်တမ်း ကုန်ဆုံးမည် ဖြစ်ပြီး ယခုအခါ သက်တမ်း ကုန်သွားပြီ ဖြစ်သည်။

‘မင်းသမီး လက်လီ စတိုးဆိုင် လက်ဆောင်ကတ်’ကို အသုံးပြု၍ ရနိုင်သော်လည်း လက်ဆောင်ရရှိရန် အတွက် အခြေအနေမှာ စုစုပေါင်း သုံးစွဲမှုက သလင်းကျောက်နက် ဒင်္ဂါး ၈၈၈၈ပြား သို့ ရောက်ရှိရမည်ဖြစ်ပြီး တစ်ကြိမ်လျှင် တစ်ခုသာ ကန့်သတ် ထားပေသည်။

ချွဲကျိကောင်က အသေအသချာပင် လှည့်စားခံလိုက်ရခြင်း ဖြစ်သည်။

ချန်လွေ့က ဇိုလာကို ကြည့်လိုက်ရာ မစ်-နတ်မိမယ်နဂါး၏ မျက်လုံးချင်း ဆုံသွားခဲ့သည်။

မစ်-နတ်မိမယ်နဂါး၏ လှပသော ခရမ်းရောင်မျက်လုံးက မှေးမှေးနှင့် မှိတ်တုတ်မှိတ်တုတ်ဖြစ်ပြီး ‘စိတ်နှလုံး မကောင်းသော’ စကားလုံးက တစ်စုံတစ်ယောက်၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။ သူက ချွဲကျိကောင်ကို သနားစိတ်ဖြင့် ကြည့်လိုက်ပြီး ၎င်းကို မဖော်ထုတ်ဘဲ ဇနီးဖြစ်သူ သခင်မကို ပခုံးတွန့်ပြလိုက်၏။

ထိုအချိန်မှာ ပျက်စီးသွားသော ယဇ်ပလ္လင် အလယ်ဗဟိုမှ ထူထဲသော သွေးမြူခိုးများ ထွက်လာခဲ့လေသည်။ ပျော်ရွှင်စွာဖြင့် အော်ဟစ်နေသော ချွဲကျိကောင်က တုန်လှုပ် သွားခဲ့ပြီး သွားများ တဂျက်ဂျက် ဖြစ်လာသည်။ ဒိုဒိုသာမက ချန်လွေ့နှင့် အခြားသော သူများပါ ထိန်းမနိုင် သိမ်းမရသော ကြောက်ရွံ့မှုများ ခံစားလိုက်ရသည်။ အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းသော အရာတစ်ခု ပေါ်လာ တော့မည် သကဲ့သို့ပင်။

ယခုတွင် ပါ့ဂ်လီအို၌ တိုက်ခိုက်ရေး စွမ်းအား မရှိတော့ပေ။ ဇိုလာလည်း ယခင်တိုက်ခိုက်မှုကြောင့် စွမ်းအား ကုန်သလောက် ဖြစ်နေပြီ ဖြစ်သည်။ ပုံမှန် အခြေအနေတွင် ဒိုဒိုကို လျစ်လျူရှုနိုင်ပေသည်။ တိုက်ခိုက် နိုင်သည့် တစ်ဦးတည်းသော သူက ချန်လွေ့ပင်။

ချန်လွေ့ အော်ဟစ် လိုက်ပြီး နတ်မိမယ်နဂါးနှင့် အဆိပ်နဂါးတို့၏ အရှေ့တွင် ပိတ်ဆို့ ထားခဲ့သည်။ မရေမတွက်နိုင်သော ကြယ်များထဲ မာန်ဖီနေသော မီးသင့်နဂါး ရာပေါင်း များစွာက သွေးမြူခိုးဆီသို့ ဟိန်းသံ ပေးကာ ပြေးဝင်သွားခဲ့ကြသည်။

သွေးမြူခိုးများ ဆက်တိုးလာနေဆဲ ဖြစ်သည်။ [မီးသင့်နဂါးဟိန်းသံ] ၏ ကြီးမားသော သက်ရောက်မှုက လွင့်ပျံနေသော သွေးမြူခိုးအနည်းငယ် မျှကိုပင် မလှုပ်ရှားနိုင်ခဲ့ပေ။

သောင်းကြမ်းသော နဂါးနီလှိုင်းက မျက်စိတစ်မှိတ်အတွင်း သွေးမြူခိုး ထဲသို့ အလျင်အမြန် ဝင်ရောက်သွား ခဲ့သော်လည်း အထဲ ဝင်ရောက်သည့် အခိုက်အတန့်တွင် ကြောက်မက်ဖွယ် အရှိန်အဟုန်နှင့် အလင်းရောင်တို့က ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။

ပြန်လာဖို့ မျှော်လင့်ချက် လုံးဝ မရှိဘဲနဲ့ ပျောက်ကွယ် သွားတာပဲ။ ထိုစကားလုံးက ချန်လွေ့၏ စိတ်ထဲ၌ ရုတ်တရက် ပေါ်လာခဲ့သည်။

ထူးဆန်းသော အနီရောင်မြူခိုးထဲ မျက်လုံးတစ်စုံ ပွင့်လာသကဲ့သို့ပင် ဖြစ်နေသည်။ ၎င်း ဖွင့်လိုက်သည်နှင့် တပြိုင်နက် တောက်ပနေသော အနီရောင် အလင်းတစ်ခု ရုတ်တရက် ထွက်လာပြီး မရေမတွက်နိုင်အောင် ကြောက်မက်ဖွယ်ရာ ကောင်းသော ဧရာမသားရဲ ရာပေါင်း များစွာက သူတို့ထံ ပြန်လှိမ့်လာတော့သည်။

ချန်လွေ့ တုန်လှုပ် သွား၏။ [မီးသင့်နဂါးဟိန်းသံ] တန်ပြန် ခံလိုက် ရတာပဲ။

ဇိုလာ၏ တုံ့ပြန်မှု အမြန်ဆုံး ဖြစ်သည်။ လျို့ဝှက်အရိပ်ကို ဝှေ့ယမ်းလိုက်ရာ သက်တန့်ကွင်း တစ်ခု ပေါ်လာပြီး မီးသင့်နဂါးများ၏ ရှေ့တွင် ပိတ်ဆို့လိုက်သည်။ သို့သော် သက်တန့်က စက္ကန့် အနည်းငယ်သာ ခံနိုင်ခဲ့ပြီး မီးသင့်နဂါးများ၏ ဖျက်ဆီး ခြင်းကို ခံလိုက်ရလေသည်။

သို့သော် ထိုစက္ကန့် အနည်းငယ်က ချန်လွေ့ကို တန်ဖိုးရှိသော တုံ့ပြန်ချိန် ပေးခဲ့ပြီး သူက ကြယ်အပ်နှင်းခြင်း စင်မြင်၏ ပေါင်းစပ်ခြင်း စွမ်းအားကို အသုံးပြုကာ ဇိုလာ၊ ပါ့ဂ်လီအိုနှင့် ဒိုဒိုတို့ကို ကြယ်အပ်နှင်း စင်မြင့်ထဲ ထည့်လိုက်၏။

ထိုအချိန် တန်ပြန်လာခဲ့သော မီးသင့်နဂါးများက ချန်လွေ့ကို ဝိုင်းရံ နေကြလေပြီ။ အဓိက ယဇ်ပလ္လင် အကာအကွယ် စွမ်းအား ဆုံးရှုံး သွားခဲ့သော မြေအောက်နန်းတော်က တုန်ခါနေပြီး နေရာတော်တော်များများ ပြိုကျနေလေပြီ။

သောင်းကြမ်းသော အနီရောင်မီးက နောက်ဆုံးတွင် ငြိမ်းသွားခဲ့သည်။ ထိုပြင်းထန်သော သက်ရောက်မှု အောက်တွင် မြေအောက်နန်းတော်ရှိ မီးတုတ်များနှင့် မှော်မီးအိမ်အများစု ငြိမ်းသွားခဲ့သည်။ လူသားလောကရှိ မှော်မီးအိမ်က နတ်ဆိုးဘုံနှင့် မတူပေ။ ၎င်းက သန့်စင်သော အလင်းဒြပ်စင်၏ စွမ်းအား ဖြစ်ပြီး အလွယ်တကူ အနှောင့်အယှက်ပေးခံရကာ ကွဲကြေ နိုင်လေသည်။

မှိန်ပျပျ အလင်းရောင် အောက်တွင် အလွန် ပျက်စီးနေသော မြေပြင်ကို မြင်နေရသည်။ ပုံရိပ် တစ်ခုက မလှုပ်မယှက် ရပ်နေဆဲဖြစ်သော်လည်း ကွဲကြေသော ချပ်ကာ ပျောက်ကွယ် သွားခဲ့ပြီး သူ၏ အဟုန်လည်း သိသိ သာသာ ကျဆင်းသွားခဲ့သည်။

အချိန် ဥပဒေသ စွမ်းအားနှင့် [နတ်ဆိုးယင်ကောင် အသွင်ပြောင်း] ခြင်းသာ မရှိခဲ့လျှင် ချန်လွေ့သည် ခုနက သူ၏ ကိုယ်ပိုင် အဆုံးသတ် တိုက်ကွက်ဖြင့် ချေမှုန်း ခံလိုက်ရပြီ ဖြစ်သည်။

သွေးမြူခိုးထဲတွင် ခြိမ်းခြောက် နေသော အကြည့်ဖြင့် အစိမ်းနက် မျက်လုံးတစ်စုံ ရှိနေ၏။ ထိုမျက်လုံး အကြည့်ကို ချန်လွေ့ ရင်းနှီးသည်။ မြေထူရဲတိုက် မြေအောက်မိုင်းတွင်း၌ သူ မြင်တွေ့ခဲ့ရသော ‘အသိဟောင်း’ ဖြစ်သည်မှာ အသေအချာပင်။

“ကျုပ်တို့ ပြန်တွေ့ကြပြန်ပြီနော်။ အကြောက်တရား အရှင်သခင် ဆိုစဘတ်။” ချန်လွေ့ စွမ်းအားများ အားလုံးကို ရုတ်တရက် ပျောက်ကွယ် သွားစေပြီး စစ်သည်‌တော် အဆင့် (အမြင့်ဆင့် နတ်ဆိုး)သာ စွမ်းအား ရှိနေပုံ ရသည်။ သူသည် မြေပြင် ပေါ်တွင် အားအင်ကုန်ခမ်းစွာ ထိုင်ချ လိုက်သည်။ “စိတ်ပုံရိပ် ဖြစ်ပေမဲ့ ခင်ဗျားက ချူအီလီယာနာ ထက်ကို အများကြီး အားနည်း နေတယ်။ အဲဒါက ဒီအဓိကယဇ်ပလ္လင် ဖျက်ဆီး ခံလိုက်ရလို့လား။”

မှိန်ဖျော့ဖျော့ အစိမ်းရောင် မျက်လုံး လင်းလက် သွားခဲ့ပြီး ချန်လွေ့ကို စိုက်ကြည့်နေလိုက်သည်။

ချန်လွေ့က မြွေပွေး တစ်ကောင်၏ စိုက်ကြည့်ခံနေရသည့် ဖားတစ်ကောင် ကဲ့သို့ ခံစားခဲ့ရသည်။ ကြောက်ရွံ့မှု များစွာက သူ့စိတ်ထဲမှ စိမ့်ထွက်လာ ခဲ့သော်လည်း သူက ပြုံးလိုက်သည်။ “တကယ်တော့ ကျုပ် ပြောပြချင်တဲ့ လျှို့ဝှက်ချက်တွေ အများကြီး ရှိတယ်။ ဒါပေမယ့် အဲဒီမတိုင်ခင် ခင်ဗျားရဲ့... မိတ်ဆွေဟောင်း ဖြစ်နိုင်လောက်တဲ့ လူတစ်ယောက်နဲ့ တွေ့သင့်တယ်။”

သူ၏ လက်ထဲ၌ သိဒ္ဓိလက်စွပ် တံဆိပ် ရှိနေသည်။ မီးသင့်နဂါးများ ရှောင်နေရင်း တံဆိပ်ကို အသက်သွင်း လိုက်ခြင်း ဖြစ်သည်။

စကားဆုံးသွားသည်နှင့် တပြိုင်နက် ပိတ်ထားသော ကောင်းကင်တွင် အလင်းတန်းတစ်ခု မယုံကြည်နိုင် လောက်အောင် ကျဆင်းလာခဲ့သည်။ အလင်းတန်းက အားကောင်းပြီး မြင့်မြတ်သော စွမ်းအားဖြင့် ပြည့်နှက် နေသည်။ အလင်းထဲတွင် ပုံရိပ်တစ်ခု တဖြည်းဖြည်း ထင်ရှားလာပြီး ၎င်း၏ နောက်တွင် အဖြူရောင် အတောင်ပံ ၁၂ခု ရှိနေ၏။

ကောင်းကင် တမန် သုံးပါးထဲမှ တစ်ပါးဖြစ်သော ရာဖယ်ရယ်ပင်။

All Chapters