အဆင့်(၅) မြို့ပြ
Vol. 62 Ch. 1002
ပထဝီဘုံ ကိစ္စကို အပြီးသတ်ပြီး ရှီလန်တောင်မှ ထွက်လာခဲ့သော ချန်လွေ့က အမှောင်လ နယ်မြေသို့ တခါတည်း မပြန်ဘဲ ရေကန်ပြာတောင် နယ်မြေသို့ သွားခဲ့သည်။
အမှောင်ဒြပ်စင် ဘုရင် ဂီဂယ်နှင့် ရေဒြပ်စင် ဘုရင် လန်ဘို့စ်တို့ထံမှ အမှောင်ဒြပ်စင်အရင်းအမြစ်စွမ်းအား နှင့် ရေဒြပ်စင်အရင်းအမြစ်စွမ်းအား တို့ကို ရရှိခဲ့ပြီးနောက်တွင် သူက အရင်းအမြစ် စွမ်းအား ၆မျိုးကို စုဆောင်း ပြီးသွားပြီ ဖြစ်သည်။
‘စကြာဝဠာပျက်သုဉ်း’ က ဇိုလာ၏ [ဒြပ်စင်အမျက်]နှင့် သဘောချင်း ဆင်တူသည်။ ၎င်းက ဒြပ်စင် ၆ခု အကြားမှ မညီမျှမှုနှင့် ပေါင်းစည်းမှုကို အသုံးချကာ ပျက်စီးခြင်း စွမ်းအားကို အကြိမ်များစွာ ပေါက်ကွဲစေခြင်းပင် ဖြစ်သည်။ စွမ်းအား အတိုင်းအတာ အရဆိုလျှင် ၎င်းက ဇိုလာ၏ [ဒြပ်စင်ဒေါသ] ထက် သာလွန်၏။ သို့သော် တစ်ကြိမ်သာ အသုံးပြု နိုင်လေသည်။
‘စကြာဝဠာပျက်သုဉ်း’ကို ချန်လွေ့ လုပ်ရခြင်း၏ တကယ့် ရည်ရွယ်ချက်မှာ ၎င်းက အလင်းမိုးကြိုးတောက်ပနှင့် ချိတ်ဆက် လိုက်သောအခါ စွမ်းအား သုံးလေးဆ တိုးသွားနိုင်ခြင်းပင်။ ပြုလုပ်သော လုပ်ငန်းစဉ်ကလည်း အတော်လေး အန္တရာယ် များလှ၏။ ဒြပ်စင်ဘုရင် ပေးထားသော ပုံကြမ်း ရှိနေသော်လည်း သတိမထားမိလျှင် ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှု တစ်ခု ဖြစ်နိုင်ပြီး ဖန်တီးသူ၏ အသက်ပင် အန္တရာယ် ကျရောက် နိုင်ပေသည်။
သို့သော် ထိုအန္တရာယ်က ချန်လွေ့ အတွက် သုညပင်။ အကြောင်းမှာ သူက ထုတ်လုပ်သော လုပ်ငန်းစဉ် တစ်ခုလုံးကို စူပါစနစ်၏ သန့်စင်ခြင်း အခန်းတွင် ပြီးမြောက်နိုင်၍ ဖြစ်သည်။ မတော်တဆတ တစ်ခုခု ဖြစ်လျှင်ပင် သူ့ကို အန္တရာယ် ဖြစ်စေမည် မဟုတ်ပေ။ တစ်ခုတည်းသော အာရုံစိုက်စရာမှာ အောင်မြင်နှုန်းပင်။ ဒြပ်စင် အရင်းအမြစ် စွမ်းအားက ဒြပ်စင်ဘုရင်၏ အသန့်စင်ဆုံးသော ဥပဒေသစွမ်းအား ဖြစ်သည်။ ၎င်းကို ခန္ဓာကိုယ်မှ ခွဲခွာလျှင် ဒြပ်စင်ဘုရင်က အတော်လေး ထိခိုက်မှု ခံစားရသည်။ ဇိုလာအတွက် အရင်းအမြစ်စွမ်းအား ၆ခုကို ချန်လွေ့ ရှာခဲ့စဉ်က တိုက်ခိုက်ခြင်းနှင့် ကြံစည်ခြင်းတို့၌ အင်အား အတော်လေး သုံးခဲ့ရသည်။ ယခုတွင် သူက ဒြပ်စင်ဘုရင် ၆ပါးနှင့် မိတ်ဆွေများ ဖြစ်သွားကြ ဖြစ်ကာ အရင်းအမြစ် စွမ်းအားကို လွယ်လွယ် ရရှိခဲ့သော်လည်း သူ့လက်ထဲရှိ ဒြပ်စင် အရင်းအမြစ် ၆ခုက အပိုမရှိပေ။
ကျရှုံးသည်နှင့် သူက ဘုရင်၆ပါးမှ တောင်း၍ မရနိုင်တော့ပေ။ ထို့ကြောင့် သူက တစ်ခါတည်း အောင်မြင်ရန် ကြိုးစားရပေမည်။
ထို့ကြောင့် ချန်လွေ့က ရေကန်ပြာ တောင်တန်းရှိ ကြယ်မြို့သို့ သွားရန် ဆုံးဖြတ်ခြင်း၏ အကြောင်းရင်းမှာ ပထမအနေဖြင့် ‘စကြာဝဠာပျက်သုဉ်း’ ကို ပြုလုပ်၍ အလင်းမိုးကြိုးတောက်ပ ၏ အဆင့်မြင့်ပုံစံကို ပြီးစီးရန် ဖြစ်ပြီး၊ ဒုတိယအနေဖြင့် သဘာဝသစ်ပင်၏ တာဝန်ကို အောင်မြင်ပြီးနောက် ခီလန်ယာ လွှဲပြောင်းပေးခဲ့သည့် ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟော အလူစီယာ ထံမှ ဆုလာဘ် ကြောင့်ပင်။ ၎င်းက ရှေးအဂ္ဂိရတ် အဖွဲ့အစည်း၏ အမွေအနှစ်များ ပြည့်နှက်နေသော သေတ္တာတစ်လုံး ဖြစ်သည်။
ထိုသေတ္တာထဲရှိ ပစ္စည်းများ၏ တန်ဖိုးက ချန်လွေ့အတွက် ငွေဖြင့် တိုင်းတာ၍ မရနိုင်ပေ။ အဆင့်(၃) ဖြစ်သော ကြယ်မြို့ပင် တစ်ခါတည်း အဆင့်(၄)သို့ ရောက်ရှိ သွားနိုင် လောက်ပေသည်။
ချန်လွေ့ ထွက်ခွာရန် ပြင်ဆင်နေစဉ် လိုလီတွင် ပြောစရာတစ်ခု ရှိခဲ့သည်။
အဲလစ်က အလွန် ပျော်ရွှင်ခဲ့သည်။ ရေဒြပ်စင် ဘုရင်နှင့် အမှောင်ဒြပ်စင် ဘုရင်တို့ ရောက်လာရန် အချိန် ကြာဦးမည် ဖြစ်သောကြောင့် သူက ချန်လွေ့ကို ဆွဲခေါ်ကာ ရှီလန်တောင် နှင့် အမှောင်လ အင်ပါယာရှိ လိုင်ရာမြို့ ပတ်ပတ်လည်တွင် လျှောက်လည် ခဲ့ကြသည်။ အဲလစ်က လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း မင်းသမီး စံအိမ်နှင့် မင်းသမီးလက်လီဆိုင် ကို စီမံခန့်ခွဲရန် အလုပ်များနေခဲ့သည်။ သူက ဧကရီ၏ တစ်ဦးတည်းသော ညီမတော် ဖြစ်ပြီး အင်ပါယာ၏ တော်ဝင်မင်းသမီးလေးလည်း ဖြစ်ရာ သူ ခံစားရသည့် ဖိအားက သာမန် မိန်းကလေးများ ခံစားရသည်ထက် များစွာ ကျော်လွန်သည်။ အထူးသဖြင့် သူက ချန်လွေ့ကို သူ၏ အစ်မနှင့် အခြား မိန်းမများနှင့် ရင်းရင်းနှီးနှီး ရှိသည်ကို မြင်သောအခါ သူ၏ နှလုံးသားက ပို၍ပင် နစ်မွန်းခဲ့ရသည်။
ထိုနေ့က မိုးသစ်တောမည်း တဲတွင် ဖြစ်ခဲ့သော အဖြစ်အရပ် မှစ၍ ကောင်မလေး၏ နှလုံးသားထဲရှိ အကြီးဆုံး ဝန်ထုပ်ဝန်ပိုး ပြေလည် သွားခဲ့ပြီး စိတ်လှုပ်ရှားကာ ပေါ့ပါး နေခဲ့သည်။ အစောပိုင်း လိုလီလိုပင် အံ့သြဖွယ် အရောင်အဝါနှင့် အဆုံး မရှိသော အားအင်များ ရှိနေခဲ့သည်။ ထိုရက်များတွင် သူက အရာရာကို လွှတ်ချပြီး ဆော့ကစား ပျော်ပါး နေခဲ့ခြင်းကြောင့် အရင်ကထက် ပို၍ ပျော်ရွှင်နေခဲ့လေသည်။
ဝမ်းနည်းစရာမှာ မင်းသမီးလေး အစွမ်းကုန် ကြိုးစားမှုများ ရှိသော်လည်း ထို ‘အနမ်း’ ဂိမ်းတွင် ထပ်မံ အောင်မြင်ခြင်း မရှိပေ။ အအောင်မြင်ဆုံးမှာ သူ့အစ်ကိုကို မျက်နှာ နမ်းရန် လှည့်ဖြားခဲ့ခြင်းသာ ဖြစ်သည်။ ထိုအကြောင်းကြောင့် အဲလစ်က ချန်လွေ့ရှေ့တွင် တစ်ကြိမ် ထက်မက မျက်နှာ ပုတ်ပုတ်ဖြင့် နေခဲ့သည်။ သူက ယောက်ျား တစ်ယောက်တွင် ရင်သားကြီးကြီးများ အပေါ် ‘ထူးခြားသည့် စွဲလမ်းမှု’ ရှိနေကြောင်း ပြစ်တင် ရှုတ်ချခဲ့၏။
အမှန်တကယ်၌ ချန်လွေ့သည် အဲလစ် ပြောခဲ့သည့် အတိုင်း ‘ရင်သားကြီးကြီးစွဲလမ်းသူ’ မဟုတ်။ ရင်သားအပြားကလည်း ရှားပါးသည့် အရင်းအမြစ် တစ်ခုပင် ဖြစ်သည်။ ချိုသော မက်မွန်သီးတွင် မက်မွန်သီး အရသာ ရှိပြီး ပန်းသီး အစိမ်းလည်း ပန်းသီးအရသာပင် ရှိလေသည်။ ပြဿနာက နှလုံးသားထဲ၌ ဖြစ်၏။
အသက်အရွယ်အရ အဲလစ်၏ အသက်က တကယ် ကလေးလေး မဟုတ်တော့ပေ။ တစ်နည်းအားဖြင့် ပြောရလျှင် ယခင်က လိုလီသည် ‘အောင်မြင်စွာ ဖွံ့ဖြိုးပြီး’ သော်လည်း ၁.၄မီတာသာ ရှိသော အရပ်နှင့် ‘မဖွံ့ဖြိုးသော’ အပိုင်းတို့က သူ့ကို လုံးဝ ကလေးလေး(လိုလီ) အဖြစ် ရှိနေ စေသည်။
ထိုမျှ ငယ်ရွယ်သော ခန္ဓာကိုယ်က ထူးခြားသောခံစားမှုမျိုး ပေးနိုင်ပြီး သာမန် ဇီဝကမ္မတုံ့ပြန်မှုများပင် အလွန် ပြင်းထန် လာနိုင်သည်။ သို့သော် ယခင်ဘဝမှ အယူအဆ အချို့ကြောင့် ဖြစ်ပေမည်။ ချန်လွေ့က စိတ်ထဲ၌ ပြစ်မှု ကျူးလွန်သလိုမျိုး အမြဲပင် ခံစားနေခဲ့ရသည်။
ရေစီးအတိုင်း သွားကြတာပေါ့။ သူ အရပ်နည်းနည်း မြင့်တဲ့အထိ စောင့်တာ ကောင်းမယ်ထင်တယ်။ မဟုတ်သေးဘူး။ ဟူး.. ဘာမှ မပြောတာ ပိုကောင်းမယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ ငါက ဘာပဲပြောပြော တိရစ္ဆာန် တစ်ကောင်ပဲ...
ချန်လွေ့က ရေကန်ပြာတောင် နယ်မြေရှိ ကြယ်မြို့သို့ သွားမည် ဖြစ်ကြောင်း သိသောအခါ ကြယ်မြို့သို့ ပုံမှန် လည်ပတ်နေကျ အဲလစ်က လိုက်သွားချင်ခဲ့သည်။ သို့သော် “စကြဝဠာပျက်သုဉ်း” ဖန်တီးခြင်းက အာရုံစိုက်ရန် လိုအပ်သည့်အတွက် ချန်လွေ့က သူ့ကို ငြင်းခဲ့သည်။
အဲလစ်က ၎င်းနှင့် ပတ်သက်ပြီး အတော်လေး မကျေနပ်ပေ။ ချန်လွေ့ သူ့ကို အတော်လေး ချော့ခဲ့ရပြီး နောက်ဆုံး၌ မင်းသမီးလေးကို အဆုံးသတ် တိုက်ကွက်ကို အသုံးပြု ခဲ့ရတော့သည်။ ထိုအရာက လိုလီလေး အချိန်အကြာကြီး စောင့်မျှော်နေသော “အနမ်း”တစ်ခုပင်။ အဲလစ်ကို ဝါလန် ခံတပ်မှ ဗိုလ်ချုပ်တင်မ်က အမှောင်လ နယ်မြေသို့ ပြန်ပို့ပေးပြီး ချန်လွေ့က ရေကန်ပြာတောင် နယ်မြေသို့ တည့်တည့် သွားတော့သည်။
ကြယ်မြို့တော်၏ ဗဟို ထိန်းချုပ်ခန်း ထဲသို့ ဝင်ပြီးနောက် ချန်လွေ့က အလူစီယာ ပြောခဲ့သော နေရာလွတ် သေတ္တာကို ထုတ်လုိက်သည်။ ဗဟို အသက် သလင်းကျောက် ဖြစ်သော သလင်းကျောက် ဇာမဏီ အကဲဖြတ်မှု ပြီးနောက် အဖြေက ချန်လွေ့ကို အံ့အားသင့် သွားစေခဲ့သည်။
ထိုအမွေအနှစ် ပစ္စည်းများက အဆင့်အမြင့်ဆုံးသော အဆင့်(၆) အဖွဲ့အစည်း မြို့တော်မှ ဖြစ်နေ၏။
ကြယ်မြို့က အဆင့်(၃) မြို့သာ ဖြစ်ပြီး မုန်တိုင်းကျွန်းတွင် ချန်လွေ့ တွေ့ခဲ့ရသော “ကောင်းကင်ဘီး”ပင် အဆင့်(၄) ရှိသေးသည်။
ရှေးအဂ္ဂိရတ်အဖွဲ့အစည်း အဆင့်၌ အဆင့်(၁)နှင့် အဆင့်(၂)ကို “ရဲတိုက်” ဟုခေါ်ပြီး အဆင့်(၃)နှင့် အဆင့်(၄)ကို “မြို့”ဟုခေါ်သည်။ အဆင့်(၅)က သီးသန့်ဖြစ်ပြီး “မြို့ပြ”ဟု ခေါ်၏။ ထိုအရာက အတော်လေး အဆင့် မြင့်မားသော အဖွဲ့အစည်းဖြစ်နေပြီး ကြယ်ကြွေတမန် အင်ပါယာရှိ အမှောင်လနှင့် ညီမျှသည်။ သို့သော် အဆင့်(၅) အထက်တွင် အမြင့်ဆုံး ဖြစ်သော အဆင့်(၆) “မြို့တော်” ရှိလေသည်။ မြို့တော်က အင်ပါယာ တစ်ခုစီ၏ စုစုပေါင်း အဖွဲ့အစည်း အဆင့်က အဆင့်တစ်ခုအထိသို့ ရောက်ရှိရမည် ဖြစ်ပြီး တမူထူးခြား ရပေမည်။
အတိတ်တွင် ရှေးအဂ္ဂိရတ် အဖွဲ့အစည်းများတွင် မရေမတွက် နိုင်အောင် အင်ပါယာများ ရှိခဲ့သော်လည်း အင်အား အကြီးဆုံး အင်ပါယာ လေးခုကသာ မြို့တော် ရှိခဲ့သည်။
ထိုအမွေအနှစ်များက အဆင့်(၅) မြို့ပြ ဖြစ်လိမ့်မည်ဟု ချန်လွေ့ ခန့်မှန်း ထားခဲ့သော်လည်း ၎င်းက သူ၏ အထင်ထက် ကျော်လွန်နေခဲ့ပြီး အမြင့်ဆုံးသော အဆင့်(၆) မြို့တော် ဖြစ်နေလေသည်။ သလင်းကျောက် ဇာမဏီ၏ ပဏာမ ခွဲခြမ်းစိတ်ဖြာမှု အရဆိုလျှင် ယဉ်ကျေးမှု တိုင်ကီက အဆင့်(၄)သို့ မြှင့်တင်ရန် ကုန်ကြမ်း အတော်များများကို ပြောင်းလဲပြီး သွားပြီ ဖြစ်သည်။ ထို့ပြင် အသက် သလင်းကျောက်ကို စွမ်းအားတိုး စေသော လျို့ဝှက် နယ်မြေမှ ချန်လွေ့ ပြန်ယူလာသော ယွမ်သလင်းကျောက် များနှင့် ယခုတစ်ခေါက် ယူလာသော အဖိုးအတန်ဆုံး မြို့တော် ကုန်ကြမ်း အများအပြားက ကြယ်မြို့ကို အဆင့်(၅) မြို့ပြသို့ အဆင့်မြှင့်နိုင်စေ လောက်သည်။
အဆင့်(၂) ရဲတိုက်မှ အဆင့်(၃) မြို့သို့ အဆင့်မြှင့်ရာတွင် အထူး အသစ် တည်ဆောက်ပုံ နှစ်ခု ရှိလာ ခဲ့သည်။ ပထမ တစ်ခုမှာ အဆင့်မြင့် သက်ရှိ ဂိုဒေါင်ဖြစ်ပြီး မြို့၏ အဂ္ဂိရတ် သက်ရှိများကို အမျိုးမျိုးသော အရည်အသွေးများ တိုးမြှင့်ပေးနိုင် လေသည်။ ဥပမာ ပြောရလျှင် မူက အခြေအနေအရ ဖန်တီးထားသော ရွှေမီးအိမ်ဝိညာဉ်များတွင် A အဆင့် စွမ်းအား ရှိကြပြီး ၎င်းက ယခုတွင် A+ ဖြစ်နေပြီ ဖြစ်သည်။
ဒုတိယမှာ ယဉ်ကျေးမှု တိုင်ကီ ဖြစ်ပြီး အလွန်အမင်း အစွမ်းထက် လုပ်ဆောင်ချက်တစ်ခု ရှိသည်။ ၎င်းက (တိုင်တန်ကဲ့သို့) အဂ္ဂိရတ်သက်ရှိ အသစ်များကို သုတေသန ပြုလုပ်ပြီး ပျိုးထောင်နိုင်ရံုသာမက ပိုမို၍ သန့်စင်သော စွမ်းအင် ကုဗတုံးများကို ဖန်တီးနိုင်ပြီး လက်ရှိ ကုန်ကြမ်းကို အသုံးပြုကာ အဖွဲ့အစည်းကို အဆင့်မြှင့်ရန်အတွက် လိုအပ်သော ကုန်ကြမ်းအမျိုးမျိုးအဖြစ် ပြောင်းလဲ နိုင်ပေသည်။ တစ်ခုတည်းသော အားနည်းချက်မှာ နှေးလွန်းခြင်းပင်။
အဆင့်(၄)သို့ အဆင့်မြှင့်ပြီး နောက်တွင် အဆောက်အအုံ အသစ် မရှိခဲ့ပေ။ သို့သော် ထိန်းချုပ်ရသော တပ်သားများက ၅ဆ တိုးလာခဲ့ပြီး ဂရမ်လင် အစေခံ ၃သိန်း၊ သလင်းကျောက် သားရဲ ၁၅သိန်း၊ မီးအိမ်ဝိညာဉ် ၇သောင်းခွဲ၊ စုစည်း ရုပ်သေး ၁သောင်းခွဲနှင့် ဧရာမ သလင်းကျောက်သားရဲ ၁၅၀၀ အထိ ဖြစ်သွားခဲ့သည်။
ထို့အပြင် ရဲတိုက်၏ တိုက်စစ်နှင့် ခံစစ်၊ သက်ရှိများ ထုတ်လုပ်နှုန်းနှင့် ယဉ်ကျေးမှုတိုင်ကီ၏ သုတေသန လုပ်ဆောင်ချက်များနှင့် ကုန်ကြမ်း ပြောင်းလဲနှုန်းတို့က ကြီးကြီးမားမား တိုးမြင့်သွားခဲ့သည်။ အချို့ လက်ရွေးစင် အဆင့် အဂ္ဂိရတ် သက်ရှိများက အဆင့်ကြီး ဆင့်ကဲ ပြောင်းလဲမှု ဖြစ်ပွားခဲ့သည်။ တစ်နည်း ပြောရလျှင် ဧရာမ သလင်းကျောက် သားရဲများနှင့် တိုင်တန်များက နတ်ဆိုး အရှင်သခင်အဆင့်အထိသာ အကန့်အသတ် ဖြစ်ခဲ့သော်လည်း ယခုတွင် တိုင်းပြည်အဆင့်သို့ ဆင့်ကဲ ပြောင်းလဲသွားကြသည်။
အဆင့်(၅) မြို့ပြသို့ အဆင့်မြှင့်တင် ပြီးနောက်တွင် အဖွဲ့အစည်း တစ်ခုလုံး အရည်အသွေးအရ ပြောင်းလဲမည် ဖြစ်သည်။ အထင်ရှားဆုံးမှာ မြို့၏ နေရာလွတ် ဖြစ်ပြီး အပြင်မှ မြင်နိုင်သည်ထက် ကျော်လွန်သော နေရာလွတ် အကျယ်ကြီး ဖြစ်သွား ပေလိမ့်မည်။ ချန်လွေ့ နားလည်သည့် အတိုင်းဆိုလျှင် လေယာဉ်တင် သင်္ဘောနှင့် ဆင်တူသော အရာမျိုး ဖြစ်ပြီး လူဦးရေ အများအပြားနှင့် စစ်တပ်ကို သယ်ဆောင်နိုင်ပေသည်။
လက်နက်များအရတွင် ဥပဒေသ စွမ်းအားနှင့် ဆင်တူသော “ဥပဒေသ လက်နက်” တစ်ခု ထပ်တိုးသွားပြီး အလွန်အမင်း အစွမ်းထက်လှသည်။ သို့သော် ထိုဥပဒေသ လက်နက်က အစွမ်းအထက်ဆုံး စွမ်းအင် ကုဗတုံး လိုအပ်ရုံသာမက အထူး “ဥပဒေသ စွမ်းအင်”လည်း လိုအပ်ပေသည်။
သလင်းကျောက် ဇာမဏီနှင့် အတည်ပြုပြီးနောက် ထို “ဥပဒေသ စွမ်းအင်”ကို ချန်လွေ့၏ လက်ထဲရှိ “ဥပဒေသအပိုင်းအစ”မှ ပြောင်းလဲ၍ ရနိုင်ကြောင်း သိခဲ့သည်။ တိုင်းပြည် အဆင့် ကနဦးပိုင်း ဥပဒေသ အပိုင်းအစ တစ်ခုကို ၁၀၀၀ယူနစ်ရှိ ဥပဒေသ စွမ်းအင်တုံး ၁၀ခုအဖြစ် ပြောင်းလဲနိုင်လေသည်။
ဥပဒေသ အပိုင်းအစ များကို ဆွေမျိုးများနှင့် မိတ်ဆွေများအား လေ့ကျင့်ရေးအတွက် မျှဝေခဲ့ပြီး လက်ရှိတွင် ချန်လွေံ၌ ဥပဒေသ အပိုင်းအစ နှင့် ဥပေဒေသ သလင်းကျောက် စက်လုံးတို့က အနည်းငယ်သာ ကျန်တော့သည်။ ဥပဒေသ အပိုင်းအစနှင့် ဥပဒေသ သလင်းကျောက် စက်လုံးတို့က ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေရှိ လျို့ဝှက်နယ်မြေ၌သာ ရရှိနိုင်ပေသည်။ အရင်းအမြစ်က အင်အားကြီး ခြေသလုံး အိမ်တိုင် ဝိညာဉ်များပင်။
လျို့ဝှက်နယ်မြေသတို့ ဝင်ပေါက်က အရိပ်နက် အင်ပါယာရှိ ရှေးမှော် မျှော်စင် ပဉ္စမ အလွှာတွင် ရှိပြီး အင်အားကြီး ချိပ်ပိတ်တစ်ခု ရှိနေ၏။ ဆာရီရယ်နှင့် စေတန် ကဲ့သို့သော နတ်ဘုရား-ယောင်အဆင့် ထိပ်သီးပိုင်း များကပင် ချိပ်ပိတ် အားအနည်းဆုံး အချိန်၌ ဖွင့်ရုံသာ ဖွင့်နိုင်လေသည်။ ယခုတွင် အကောင်းဆုံးအချိန်က ကျော်သွားပြီ ဖြစ်သည်။ ထို့ပြင် ချန်လွေ့၏ စွမ်းအားနှင့်ဆိုလျှင် ချိပ်ပိတ်ကို လုံးဝ မဖွင့်နိုင်ပေ။
သို့ရာတွင် ချန်လွေ့၌ အကောင်းဆုံး လူလည်ကျနည်း ဖြစ်သော [ကြယ်ဂိတ်] ရှိနေသည်။ သူက ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေ၌ အစကတည်းက ကြယ်အမှတ်တစ်ခု ချထားခဲ့သည်။ [ကြယ်ဂိတ်] နှင့်ဆိုလျှင် သူက လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်ပြီး ခြေသလုံး အိမ်တိုင် ဝိညာဉ်များကို အမဲလိုက်ကာ ဥပဒေသ အပိုင်းအစများ ရရှိနိုင်ပေ၏။
ထို့ပြင် ထိုနေရာက လေ့ကျင့်ရန် ကောင်းမွန်သော နေရာတစ်ခုလည်း ဖြစ်ပေသည်။ ချန်လွေ့ ကိုယ်တိုင် သာမက ဇိုလာ၊ ပါ့ဂ်လီအိုနှင့် အခြား သူများလည်း အတူတူ သွားနိုင် ပေသည်။
ပါ့ဂ်လီအိုက ရွှေလင်းလက် မြေအောက် နန်းတော်ရှိ အကြောက်တရား အဓိက ယဇ်ပလ္လင် တိုက်ပွဲတွင် အစွမ်းကုန် ထုတ်ခဲ့ပြီး သွေးမျိုးဆက် စွမ်းအားကို လုံးဝ လောင်ကျွမ်းစေခဲ့ကာ သေလုနီးပါး ဖြစ်သွားခဲ့သည်။ သို့သော် ၎င်းက အဆိုးထဲမှ အကောင်းပင်။ သူက မိုးကြိုး ကောက်ရိုက်တုတ်မှ သွေးမျိုးဆက် အမွေအနှစ် စွမ်းအားကို မတော်တဆ အသက်သွင်း လိုက်နိုင်ကာ ချိတ်ဆက် သွားခဲ့သည်။ ယခုတွင် အဆိပ်နဂါးက မိုးကြိုး ကောက်ရိုက်တုတ်၏ စွမ်းအားကို အလွယ်တကူ အသုံးပြုနိုင်ပြီး ၎င်းထံမှ ထူးခြားသော တုံ့ပြန်မှု စွမ်းအားကိုလည်း ရရှိခဲ့၏။ တိုင်းပြည်အဆင့် ထိပ်သီးပိုင်းသို့ တက်ရောက်တော့မည့် လက္ခဏာများ ရေးရေးလေး ပြသနေခဲ့သည်။
ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေ၌ အမှန်တကယ် တိုက်ခိုက်လိုက်လျှင် အဆိပ်နဂါးနှင့် အခြားသူများက အဆင့်မြန်မြန် ပိုတက်သွားမည် ဖြစ်လေသည်။ သို့သော်လည်း ထိုနေရာက အန္တရာယ်များ ပြည့်နှက် နေလေသည်။ အနည်းငယ် သတိ လက်လွတ် ဖြစ်သွားသည်နှင့် ခြေသလုံး အိမ်တိုင် ဝိညာဉ်များ ဝိုင်းရံခြင်းကို ခံရပေလိမ့်မည်။ နတ်ဘုရားတစ်ပိုင်းအဆင့် ထိပ်သီးပိုင်း သည်ပင် ကျရှုံးနိုင်သည်။ ထို့ကြောင့် ထိုကဲ့သို့ လေ့ကျင့်ရေးမျိုး အတွက် ချန်လွေ့ အတူတူ သွားရမည် ဖြစ်သည်။ အရေးပေါ် တစ်ခုခု ရှိပါက သူက ကြယ်အပ်နှင်း စင်မြင့်၏ ကြယ်ပေါင်းစည်းခြင်းကို အသုံးပြုပြီး [ကြယ်ဂိတ်] မှ ထွက်ပြေးနိုင်၏။
သို့သော်လည်း အဆင့်(၅) မြို့ပြ၏ ဥပဒေသ လက်နက် ဖြစ်စေ ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေ ဖြစ်စေ၊ နောက်ပိုင်း ကိစ္စများသာ ဖြစ်၏။ လက်ရှိတွင် ကြယ်မြို့က အဆင့်(၅)သို့ ရောက်ရှိရန် အပြင်ပိုင်း အခြေအနေ ပြည့်စုံပြီ ဖြစ်ရာ သူက အလိုလို အဆင့်မြှင့်ခြင်းကို အတည်ပြု လိုက်သည်။ ၎င်းက ၃လခန့် ကြာမည် ဖြစ်သည်။
ယခုတစ်ခေါက် နတ်ဆိုးဘုံသို့ ချန်လွေ့ ပြန်လာခြင်းက ယာယီမျှသာ ဖြစ်သည်။ အကြောင်းမှာ လူသား လောကရှိ ကိစ္စများက အပြိးမသတ် သေးဘဲ မင်းသား အာသာ ပျောက်ဆုံး သွားရခြင်းကို ထိန်းချုပ်ရဦးမည် ဖြစ်သည်။ ထို့ကြောင့် ၎င်းကို အချိန် အကြာကြီး ဆွဲနေ၍ မရပေ။ ထို့အပြင် သူက အသူရာ၏ အသိစိတ်မှ အရေး အကြီးဆုံး သတင်းတစ်ခုကို ရရှိခဲ့ လေသည်။ ထိုအရာက အမုန်းတရား အဓိက ယဇ်ပလ္လင် အကြောင်းပင်။
ထိုသတင်းက ချန်လွေ့အတွက် မူလ အစီအစဉ် ပြောင်းလဲရန် လုံလောက် ပေသည်။ သို့သော် တစ်ခုကတော့ မပြောင်းလဲပေ။ ထိုအရာမှာ အဓိက ယဇ်ပလ္လင်ကို ဖျက်ဆီးရန်ပင်။