ထပ်မံပူးပေါင်းခြင်းလား
Vol. 62 Ch. 1004
ချန်လွေ့က ခန်းမထဲသို့ လမ်းလျှောက်သွားလိုက်သောအခါ ထိုအမျိုးသမီးက တစ်ခုခုကို သတိထားမိလိုက်ဟန်တူသည်။ သူက ချန်လွေ့ကို လှည့်ကြည့်လိုက်ပြီး မျက်မှောင် ကြုတ်လိုက်သည်။ ဇိုလာနှင့် အစ်ဇဘယ်လာတို့လည်း ထိုအမျိုးသမီး ကြည့်သောဘက်သို့ ကြည့်လိုက်ကြသည်။ သူတို့က ချန်လွေ့က ချက်ချင်း မမှတ်မိကြသော်လည်း ရင်းနှီးသော မျက်လုံးများကို မြင်သောအခါ သူတို့ သဘောပေါက်သွားကြသည်။
ထိုအမျိုးသမီးက တစ်ခုခုကို အာရုံခံမိသွားပြီး သူ၏ မျက်နှာပေါ်၌ ထူးဆန်းသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။ ချန်လွေ့က လက်ကောက်ဝတ်မှ အပူရှိန်တစ်ခုကို ခံစားလိုက်ရပြီး ကြယ်၆ပွင့် အမှတ်အသား တဖြည်းဖြည်း ပေါ်ထွက်လာသည့်အတွက် မျက်နှာ အမူအရာ ပြောင်းလဲသွားခဲ့သည်။
ထိုအမှတ်အသားက ရှိမနေသင့် တော့ပေ။ မမျှော်လင့်ဘဲနှင့် ထိုအမျိုးသမီး၏ စွမ်းအားကြောင့် ပြန်ပေါ်လာခဲ့သည်။ ရုပ်ဖျက်ထားခြင်း ပေါ်သွားကြောင်း ချန်လွေ့ သိလိုက်သည်။ သူက အတွေးများကို လှုပ်ရှားလိုက်ရာ ဇိုလာနှင့် အစ်ဇဘယ်လာတို့က တစ်ချိန်တည်းမှာပင် ပျောက်ကွယ်သွားကြသည်။ သူတို့ကို ကြယ်အပ်နှင်းစင်မြင့်ထဲသို့ ပို့လိုက်ခြင်း ဖြစ်သည်။
ထိုအကွက်က သူ့ပတ်ပတ်လည်မှ လူများကို ကာကွယ်ရန် အမှန်ပင် အစွမ်းထက်ဆုံး အကွက် ဖြစ်၏။
“မတွေ့ရတာ ကြာပြီနော်။ မဒမ် ဖိုက်သွန်။”
ထိုအမျိုးသမီးက ထိုစဉ်က ချန်လွေ့နှင့်အတူ လူသားလောကသို့ ရောက်လာခဲ့သော ဖိုက်သွန်ပင်။
သိဒ္ဓိအလင်းတောင်ထိပ် တိုက်ပွဲတွင် ချန်လွေ့ကို အမြဲပင် ဖော်ရွေနေခဲ့သော ဖိုက်သွန်က အစွယ်များကို ပြသပြီး မိုက်ကယ်ကို ခြိမ်းခြောက်ရန်အတွက် ချန်လွေ့ကို “လူသားဗုံး” ပြုလုပ်ခဲ့သည်။ ချန်လွေ့က ဖိုက်သွန်ကို အမြဲပင် သတိထား နေခဲ့သော်လည်း အလိမ်အညာ ခံခဲ့ရပြီး သေလုနီးပါး ဖြစ်ခဲ့ရသည်။ နောက်ဆုံးတွင် ချန်လွေ့က အသူရာ ကိုယ်ပွားကို အသုံးချပြီး နတ်ဘုရား-ယောင် နှစ်ယောက်ကို လှည့်စားနိုင်ခဲ့ပြီး နောက်ဆုံးတွင် အရိပ်လေပြေ ဘွတ်ဖိနပ်နှင့်အတူ ထွက်ပြေးနိုင် ခဲ့သော်လည်း ဖိုက်သွန်၏ စိတ်နှင့် စွမ်းအားကို သူ အတော်လေး အထင်ကြီးခဲ့သည်။
လက်ကောဝတ်ပေါ်မှ ကြယ်၆ပွင့် အမှတ်အသားက ဖိုက်သွန်နေခဲ့သော နေရာဖြစ်ပြီး ၎င်းက “ပိတ်ပင်ခြင်း” စွမ်းအားကို သုံးကြိမ် အသုံးပြုရန် ထောက်ပံ့ပေးနိုင်သည်။ ချန်လွေ့က ၎င်းကို သိဒ္ဓိအလင်းတောင်ထိပ် တိုက်ပွဲ မတိုင်ခင် နဂါးတောင်ကြား၌ နဂါးဧကရာဇ် ပါဂရစ်ဇ်အပေါ်တွင်သာ သုံးရန် အချိန်ရခဲ့သည်။ ထိုအချိန်က နေရာလွတ် အဆောင်ပစ္စည်း ကျက်သရေမျှာ်စင်ကို အသုံးပြု၍ ထွက်ပြေးပြီးနောက် ကြယ်၆ပွင့် အမှတ်အသား ပျောက်ကွယ်သွားပြီး [ပိတ်ပင်ခြင်း] စွမ်းအားလည်း ပျောက်ကွယ်သွားကြောင်းကို သူ ခံစားမိခဲ့သည်။ ထို့ကြောင့် ဖိုက်သွန် သေပြီဟု သူ ထင်ထားခဲ့သည်။ ယခုတွင် သူက မသေသေးဘဲ အိမ်ရှေ့သို့ပင် ရောက်နေပြီဖြစ်သည်။
ချန်လွေ့ စကားပြော ပြီးသည်နှင့် သူက စတင်၍ နေရာပြောင်းရွှေ့၏။ ခဏ ကြာပြီးနောက် သူက ရွှေရောင်နယ်မြေ ဆင်ခြေဖုံးရှိ ကျတ်တီးတောင်ကုန်းထဲသို့ ရောက်ရှိ သွားခဲ့သည်။
“ထွက်ပြေးစရာ မလိုပါဘူး။” ဖိုက်သွန်၏ အသံက အေးအေးဆေးဆေးပင် သူ့နောက်မှ ထွက်ပေါ်လာခဲ့သည်။
“ကျုပ်က စကားပြောဖို့ တိတ်ဆိတ်တဲ့ နေရာတစ်ခုကို ရှာချင်ရုံပါ။” ချန်လွေ့ ရပ်လိုက်သည်။ “မဒမ်-ဖိုက်သွန် အရှေ့မှာ ကျုပ်လိုမျိုး ဘာမှမဟုတ်တဲ့ကောင်က ယုတ္တိ မရှိတဲ့ ထွက်ပြေးတာမျိုးကို တွေးရဲမှာလဲ။”
ဖိုက်သွန်က လောကတွင် အရယ်ရဆုံး ဟာသတစ်ခုကို ကြားလိုက်ရသလိုပင် ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ ထိုအသံက ငွေခေါင်းလောင်းကဲ့သို့ ချိုမြိန်လှသော်လည်း ချန်လွေ့က တိတ်တိတ်လေး စွမ်းအား စုစည်းကာ သတိအနေအထား ဖြစ်နေခဲ့သည်။
သူက ထိုအမျိုးသမီး၏ ရက်စက်မှုကို ကောင်းကောင်း သိသည်။ လူတစ်ယောက်ကို သတ်ရသည်က သူ့အတွက် ဘာမှ မဟုတ်ပေ။
ဖိုက်သွန်က မတိုက်ခိုက်ဘဲ ဖြည်းဖြည်းချင်း အရယ်ရပ်လိုက်၏။ “ယုတ္တိမရှိဘူးဆိုတဲ့ စကားလုံးကို ကောင်းကောင်း သုံးခဲ့တာပဲ။ ပါးကို ဖြတ်ရိုက်လိုက်သလို ခံစားရတယ်။ ငါရော အဲဒီ တကိုယ်ကောင်းသမား မိုက်ကယ်ရောပဲ။ ငါက မင်းလို ဘာမှမဟုတ်တဲ့သူ တစ်ယောက်နဲ့ သိဒ္ဓိအလင်းတောင်ကို သွားခဲ့ပြီးတော့ မိုက်ကယ်နဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်။ ငါတို့ နှစ်ယောက်က ဒဏ်ရာတွေ အပြင်းအထန် ရပြီးတော့ “ဘာမှမဟုတ်တဲ့”မင်းက လေတံဆိပ်နဲ့အတူ ပြောင်ပြောင်တင်းတင်း ထွက်သွားခဲ့တယ်။ ဒါက ပါးကို ခပ်ကြမ်းကြမ်း ဖြတ်ရိုက်လိုက်တာပဲ။”
“ပြောရမှာ ရှက်မိပါတယ်။ အဲဒါက ကံကောင်းခဲ့ရုံပါ။” ချန်လွေ့၏ အမူအရာက မမောက်မာသလို နှိမ့်ချခြင်းလည်း မရှိပေ။ သူနှင့် ဖိုက်သွန်က အသိအကျွမ်းဟောင်း အဖြစ် သတ်မှတ်၍ ရနိုင်သည့်ဖြစ်ရာ သူက ဟန်ဆောင်နေရန် မလိုတော့။ “မဒမ်-ဖိုက်သွန် ရောက်လာတာက ကျုပ်က အံ့အားသင့်သွားစေခဲ့တယ်။”
“ငါတောင် အံ့သြနေခဲ့တာ။ အဲဒီတုန်းက မိုက်ကယ်လက်ထဲကနေ ထွက်ပြေးနိုင်ခဲ့တာက မင်း ကျက်သရေမျှော်စင်ကို အသက်သွင်းပြီးတော့ နေရာလွတ်ကို ဖြစ်စေခဲ့တဲ့အရာတွေရဲ့ ကျေးဇူးကြောင့်ပဲ။ မဟုတ်ရင် ငါ အကောင်းဆုံး ကြိုးစားရင်တောင် နေရာလွတ် အက်ကြောင်းတွေကနေ တဆင့် ထွက်ပြေးနိုင်မှာ မဟုတ်ဘူး။”
ထိုအချိန်မှသာ ချန်လွေ့က ဖိုက်သွန် လွတ်မြောက်သွားရခြင်းမှာ မိမိကြောင့်သာဖြစ်ကြောင်း သိသွားပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လိုက်၏။ မထင်ထားတဲ့ အလှည့်အပြောင်းပဲ။
“မင်းကို ရှာရတာလည်း မလွယ်ဘူး။ ဒါပေမဲ့ ခက်တော့လည်း မခက်ပါဘူး။” ဖိုက်သွန်က အသာလေး ပြုံးလိုက်သည်။ “ငါက ငတုံး မဟုတ်ဘူးလေ။ ပြောရရင် မင်းသားအာသာရဲ့ ဂုဏ်သတင်းက ကျော်ကြားလွန်းနေတာပေါ့။ အဲဒါက ငါ့လို ပျင်းစရာလူကို စိတ်ဝင်စားအောင် လုပ်နိုင်ခဲ့တယ်။ အထူးသဖြင့် မင်းရဲ့ ဇနီး နဂါးမလေးကို မြင်တော့ ငါထင်တာကို အတည်ပြုနိုင်ခဲ့တယ်။ သူက အသွင်ပြောင်းထားပေမဲ့ ငါ့ဆီကနေ မဖုံးကွယ်နိုင်ခဲ့ဘူး။ ငါ အထင်ကြီးမိသွားတယ်လို့ ပြောရမယ်။ သူ အဆင့်တက်တဲ့ အမြန်နှုန်းက မယုံနိုင်စရာပဲ။ မင်းသား အာသာနဲ့ ယန္တရားမဟာဆရာသခင် ဆိုတဲ့ ဂုဏ်ပုဒ်တွေလိုပေါ့။ ဒါနဲ့ ခုနက နေရာလွတ် စွမ်းအားက အတော်လေး အံ့အားသင့်စရာကောင်းတယ်။ သူတို့ ဘယ်လို ပျောက်သွားလဲဆိုတာ ငါ မမြင်ခဲ့ဘူး။”
“ဒီစကားတွေက အချက်အလက် များလွန်းတယ်။” ချန်လွေ့က အသာလေး မျက်မှောင်ကြုတ်လိုက်သည်။ “ကျုပ်က အတွေးလွန်တာ ဖြစ်ရင် ဖြစ်မယ်။ ဒါပေမဲ့ မဒမ်က ကျုပ် “အသက်ကယ်”ခဲ့တာအတွက် ကျေးဇူးတင်ဖို့ ရောက်လာတာ မဟုတ်ဘူးလို့ ထင်ပါတယ်။”
“ဘာလို့တုန်း...အရှင်မင်းသားရဲ့..” ဖိုက်သွန်၏ အပြုံးက “အရှင်မင်းသား” ဟု ပြောသောအခါတွင် အနည်းငယ် မရိုးမရွ ဖြစ်နေခဲ့သည်။ “ငါက မင်းကို တကယ် ကျေးဇူးတင်သင့်တာပါ။”
“ခင်ဗျား ဆိုလိုတာကို ကျုပ် နားလည်ပြီ။ ခင်ဗျားကို ကျုပ်ကို ခြိမ်းခြောက် နေတာပဲ။” ချန်လွေ့လည်း ပြုံးလိုက်သည်။ “ကံဆိုးချင်တော့ ဒီသရုပ်နဲ့ ဒီသရုပ်နဲ့ ပတ်သက်တဲ့သူတွေက ကျုပ်နဲ့ ဘာမှမဆိုင်ဘူး။ ကျုပ်က အရေးကြီးတဲ့ အရာအချို့အတွက် ဒီမင်းသား ဖြစ်လာခဲ့တာ။ အဲဒါကြောင့် သိပ်မကြာခင်က အတော်လေး အကျိုးအမြတ် ရနိုင်တဲ့ လက်ထပ်ပွဲကို ငြင်းခဲ့တယ်။ အခု အခြေအနေက အရေးပေါ် ဖြစ်နေပြီ။ ကျုပ် မကြာခင် ထွက်သွားရတော့မယ်။ ခင်ဗျားက အဲဒီမဆိုင်တဲ့သူတွေကို “ကျေးဇူးတင်” ပြီးတော့ ကျုပ်ကို “ကျေးဇူး” တင်ချင်လည်း ရပါတယ်။ ကျုပ်မှာ ဘာမှ ပြောစရာ မရှိပါဘူး။”
ထိုသို့ပြောလိုက်သော်လည်း ဖိုက်သွန်က နဂါးလင်းလက် အင်ပါယာကို အမှန်တကယ် တိုက်ခိုက်ချင်သည်ဆိုလျှင် သူက ရပ်ကြည့်နေမည် မဟုတ်ပေ။ သို့သော် အရေးကြီးဆုံးက လူသားလောက မဟုတ်ဘဲ နတ်ဆိုးဘုံ ဖြစ်သည်။ ဖိုက်သွန်က နတ်ဆိုးဘုံမှ သူ၏ နောက်ခံကိုလည်း သိသည်။ သူက နတ်ဆိုးဘုံသို့ ပြန်လာပြီး လက်စားချေမည်ဆိုလျှင် အဆိုးရွားဆုံး ဖြစ်သွားပေလိမ့်မည်။ ရှီရာနှင့် ကတ်သရင်းကဲ့သို့သော သရုပ်များက အခြေခံအားဖြင့် ရှောင်တိမ်း၍ မရနိုင်ပေ။ အသီနာလည်း ကိုယ်ဝန်ရှိနေ၏။ အကျိုးဆက်များက စိတ်ကူကြည့်၍ မရနိုင်အောင်ပင်။
ထိုသို့ စဉ်းစားမိသည့်အခါ ချန်လွေ့၏ နှလုံးသားထဲ၌ ဖိုက်သွန် အပေါ် ပြင်းထန်သော သတ်ဖြတ်ချင်စိတ်တစ်ခု လှိမ့်တက်လာခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့မိသားစုနဲ့ မိတ်ဆွေတွေအတွက် ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်နိုင်တဲ့ ဒီရန်သူကို သတ်ပစ်ဖို့ ကြိုးစားရမယ်။
“စိတ်ထင်တာလားတော့ မသိဘူး။ ဒါပေမဲ့ မင်းရဲ့ သတ်ဖြတ်ချင်စိတ်ကို ငါ တကယ် ခံစားနေရသလိုပဲ။”
ဖိုက်သွန်၏ အာရုံခံက အလွန်ပင် လေးနက်ကြောင်း ချန်လွေ့ သိသည့်အတွက် ချက်ချင်းပင် ခေါင်းကို ခါလိုက်သည်။ “ဒါပေါ့။ စိတ်ထင်တာ နေမှာပါ။ ပြိုင်ဘက်ကင်းလုနီးပါးဖြစ်တဲ့ နတ်ဘုရား-ယောင်အဆင့် ထိပ်သီးပိုင်းကို ရင်ဆိုင်ရတဲ့ အချိန် ကျုပ်မှာ ဘယ်လိုလုပ် ဒီလိုမျိုး အဓိပ္ပာယ်မရှိတဲ့ အကြံမျိုး ရှိနိုင်မှာလဲ။ ကျုပ်က ဘယ်လို အသက်ရှင်အောင် လုပ်ရမလဲဆိုတာ စဉ်းစားနေရုံပါ။”
“ဒီအကြံက အဓိပ္ပာယ်မရှိဘူးလို့ ငါ မထင်ဘူး။ မင်းက သိဒ္ဓိအလင်းတောင်ကနေ ကပ်တိုးလေး လွတ်မြောက်ခဲ့တယ်။” ဖိုက်သွန်က ချန်လွေကို စိုက်ကြည့်လိုက်သည်။ “ပြီးတော့ မင်းကို ငါ သတ်နိုင်မယ်လို့ မထင်ဘူး။ ငါ နည်းနည်းလေး သတိလက်လွတ် ဖြစ်သွားရင် မင်းရဲ့ “အဓိပ္ပာယ်မရှိတဲ့ အကြံ”က တကယ် ဖြစ်လာနိုင်တယ်။”
“မဒမ်-ဖိုက်သွန်က ကျုပ်ကို အထင်ကြီးလွန်းနေပါပြီ။” ချန်လွေ့က အိမ်ရှေ့ရောက်လာသော ထိုလူဆိုးကို မည်သို့ ရှင်းပစ်ရမည်ဖြစ်ကြောင်း အမြန်တွေးနေရင်း တုံ့ပြန်လိုက်၏။
“ငါမင်းကို အထင်ကြီးတာ မဟုတ်ဘူး။ ဒါပေမဲ့ သိဒ္ဓိအလင်း တောင်ထိပ်တိုက်ပွဲက ငါ့ကို သင်ခန်းစား ကောင်းကောင်း ပေးခဲ့တယ်။” ဖိုက်သွန်၏ မျက်လုံးက ဂရုမစိုက်သော အမူအရာ ပြသနေ၏။ “မင်းက ဘယ်လို ပြောရမလဲ မသိဘူး။ မင်းရဲ့ စွမ်းအားက နိမ့်ကျပေမဲ့ ဒီလို နိမ့်ကျတာက ယာယီပဲ၊ ပြီးတော့ အပြောင်းအလဲတွေ အမျိုးမျိုးလည်း ဖြစ်နိုင်တယ်။ ပြီးတော့ စိတ်ကူးလို့ မရနိုင်တဲ့ စွမ်းရည်မျိုးလည်း ရှိတယ်။ မင်းမှာ မြေတံဆိပ် ရှိပြီးတော့ စိတ်ရှိသလို အသက်သွင်းနိုင်တယ်။ မင်းမှာ ကျက်သရေမျှာ်စင်၊ ပျက်စီးခြင်း ဇစ်မြစ်နဲ့ တခြား မယုံနိုင်စရာ အရာတွေ ရှိတယ်။ အခု ငါ့ရဲ့ အကြီးမားဆုံး မေးခွန်းကို မေးမယ်။ မင်းက နတ်ဆိုးလား၊ လူသားလား၊ ဒါမှမဟုတ် အထူး ပြန်ဝင်စားတဲ့...သူလား။ ငါ့ရဲ့ ကိုယ်ပွားကို သတ်ပစ်ခဲ့တဲ့ နတ်ဘုရား တိုင်းပြည်က ပုံရိပ်ယောင်လို့တော့ ငါ့ကို လာမပြောနဲ့...”
ပြန်ဝင်စားတာမဟုတ်ဘူး။ လောက ကူးပြောင်းလာတာပဲ။ ချန်လွေက စိတ်ထဲ၌ စကားတစ်ခွန်း ထပ်ပြောပြီး ခေါင်းခါလိုက်သည်။ “အဲဒါက ပစ္စည်း တစ်ခုနဲ့ ပေါင်းစပ်ထားတဲ့ အထူး တိုင်းပြည် သက်ရောက်မှု တစ်ခုပဲ။ အဲဒါက တကယ့် နတ်ဘုရား တိုင်းပြည်သာဆိုရင်တော့ ကျုပ်ရဲ့ တဲ့တိုးပြောတာကို ခွင့်လွှတ်ပေးပါ၊ အခု ထွက်ပြေးချင်နေမှာ ကျုပ် မဟုတ်ဘဲနဲ့ ခင်ဗျား ဖြစ်သွားလိမ့်မယ်။”
“ဟုတ်လား။” ဖိုက်သွန် ပြုံးလိုက်ပြီး ပတ်ပတ်လည်မှ လေထုက ရုတ်တရက် အေးစက်သွားခဲ့သည်။ “မင်းကိုငါ လျှော့တွက်ခဲ့မိတာ ဝန်ခံပါတယ်။ မင်းက ဘယ်သူပဲ ဖြစ်ဖြစ် ငါ ဒီတစ်ခေါက်တော့ အရင်က အမှားမျိုး ထပ်လုပ်မှာ မဟုတ်ဘူး။”
ယှဉ်မရအောင် ဖိနှိပ်ထားသော အားစက်ကွင်းက ချန်လွေ့၏ စွမ်းအားကို ပစ်လွှတ်ရန် အသင့် ဖြစ်နေသော လေးကြိုးတစ်ခုကဲ့သို့ အဆုံးစွန်အထိ ရောက်နေစေသည်။ သိဒ္ဓိအလင်းတောင်ထိပ် တိုက်ပွဲတွင် ဖိုက်သွန်၏ ဝိညာဉ် တည်ရှိမှုက မိုက်ကယ်ကြောင့် အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။ သူက ယခုတွင် အပြည့်အဝ ပြန်မကောင်းလောက် သေးပေ။ သို့သော်လည်း နတ်ဘုရား-ယောင်အဆင့် ထိပ်သီးပိုင်း စွမ်းအားက ယခုတွင် ချန်လွေ့ ခုခံနိုင်သောအရာအမျိုး မဟုတ်ပေ။ ထွက်ပြေးနိုင်သော “မှော်လက်နက်များ” ဖြစ်သည့် [နတ်ဆိုးယင်ကောင်အသွင်ပြောင်းခြင်း]၊ ကျက်သရေမျှော်စင်နှင့် [ကြယ်ဂိတ်] တို့ဖြင့်ပင် တစ်ဖက်လူ၏ အပြည့်အဝ သတိထားနေခြင်းကြောင့် လွတ်မြောက်နိုင်ရန် မလွယ်ကူလှပေ။
ဖိုက်သွန်က ချန်လွေ့၏ လက်ထဲ၌ လုံးဝန်းသော အရာတစ်ခုကို မြင်လိုက်ရာ ရုတ်တရက် မျက်မှောင် ကြုတ်လိုက်သည်။ အလယ်တွင် အဖြူရောင် ပိုလီဟီဒရွန် ရှိနေပြီး ရှေးမှော်စာ အမှတ်အသားများ ထွင်းထားကာ ပတ်ပတ်လည်တွင် ရောင်စုံအလင်း၆ခုကို ရေးရေးလေး မြင်နိုင်ပေသည်။
ထိုအရာက ကြောက်မက်ဖွယ်ရာ လက်နက်တစ်ခု ဖြစ်ကြောင်း အားကောင်းသည့်အာရုံခံက ဖိုက်သွန်ကို ပြောနေသည်။ ၎င်းကို အသက်သွင်းလိုက်သည်နှင့် သူက မျှော်မှန်းနိုင်သည်ထက် ကျော်လွန်သော တိုက်ခိုက်မှု တစ်ခုဖြင့် အပြင်းအထန် ထိသွားမည် ဖြစ်သည်။
“အလင်းမိုးကြိုးတောက်ပ။ ဒါက ကောင်းကင်တမန် ရာဖယ်ရယ် လုပ်ထားတဲ့ အစွမ်းထက် ပေါက်ကွဲ လက်နက် တစ်ခုပဲ။ ဒါပေမဲ့ ဒါက နတ်ဘုရား-ယောင်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်ကို ဖြေရှင်းနိုင်ဖို့ လုံလောက်မယ်လို့ မထင်ဘူး။ အဲဒါကြောင့် ပိုပြီးတော့ အစွမ်းထက်အောင် ဒြပ်စင် အရင်းအမြစ် စွမ်းအား ၆ခုကို သုံးပြီးတော့ ‘စကြဝဠာပျက်သုဉ်း’ကို ဖန်တီးခဲ့တယ်။” ချန်လွေ့က ဖိုက်သွန်၏ မျက်လုံးထဲမှ ထိတ်လန့်မှုကို အမိအရ ဖမ်းနိုင်ခဲ့ပြီး ရယ်လိုက်သည်။ “မဒမ်-ဖိုက်သွန်က အများကြီး သိမှာ သေချာပါတယ်။ ‘စကြဝဠာပျက်သုဉ်း’က ဘာလဲ ဆိုတာကို ရှင်းပြစရာ မလိုတော့ဘူး ထင်ပါတယ်။”
“ဒြပ်စင်၆ခုရဲ့ အစွမ်းအထက်ဆုံး အနှိုင်းမဲ့ ပေါင်းစည်းခြင်းပဲ။ ဒြပ်စင် လောကရဲ့ အဓိကသက်ရှိ ၆ဦးက ပူးပေါင်းပြီး အသက်သွင်းရင် နတ်ဘုရားတောင် ကြောက်ရတယ်။ ဒါပေမဲ့ မင်းက ဒါကို အစွမ်းတိုးတဲ့ အရန်သဘောမျိုး သုံးတာက လွန်တာပေါ့။” ဖိုက်သွန်က သရော်ပြုံး ပြုံးလိုက်သည်။ “မင်းက ဒြပ်စင် အရင်းအမြစ်စွမ်းအား ၆ခုကို စုဆောင်း နိုင်ပြီးတော့ အဲဒါကို အောင်အောင်မြင်မြင် ဖန်တီးနိုင်တယ် ဆိုတော့ ဒြပ်စင်ဘုရင် ၆ပါးနဲ့ တစ်ခုခု ပတ်သက်ရမယ်။ ဒါက ဒြပ်စင်လောက ဆိုရင်တော့ ထွက်ပြေးရမှာ ငါ ဖြစ်သွားလိမ့်မယ်။ ကံဆိုးချင်တော့ ဒြပ်စင်လောကကို ချိပ်ပိတ်ထားတယ်။ အဓိကကုန်းမြေမှာ ပေါ်လာတဲ့ ဒြပ်စင် ဘုရင်တွေကလည်း စွမ်းအား ၀.၀၀၀၀၀၁% တောင်မရှိတဲ့ စိတ်ပုံရိပ် တစ်ခုပဲ။”
ဒြပ်စင်လောကက ချိပ်ပိတ်ခံထား ရတာလား။ ချန်လွေ့၏စိတ်က လှုပ်ရှား သွားသော်လည်း သူက မရပ်တန့်ပြီး ပုခုံးတွန့်လိုက်သည်။ “ကျုပ်က ကိစ္စတွေ အများကြီးအတွက် ဒီတစ်ခေါက် လူသားလောကကို လာခဲ့တာလို့ ပြောခဲ့တယ်။ လေတံဆိပ်က အဲဒါတွေထဲက တစ်ခုပဲ။ အခု မဒမ်အတွက် အထူး အဓိပ္ပာယ်ရှိတဲ့ အရာတစ်ခုကို ပြချင်တယ်။ ဒါက ဘာလိုဆိုတာကို တွေးကြည့်ပါ။”
ထိုသို့ပြောလိုက်ပြီးနောက် သူ၏ အခြားလက်တစ်ဖက်တွင် ငွေဖြူရောင် ခွက်တစ်ခွက် ပေါ်လာခဲ့ပြီး သတ္တုခွက် မျက်နှာပြင်က တောင်ပံပုံစံ ထွင်းထားပြီး နူးညံ့သော အလင်းရောင် ထွက်နေလေသည်။
“ဒါက...” ဝိညာဉ် တည်ရှိမှု ဖြစ်သည့် အလျောက် ဖိုက်သွန်က ခွက်ထဲမှ ထွက်လာနေသော မယုံနိုင်စရာ အငွေ့အသက်ကို သေသေချာချာ ခံစားမိသည်။ အဝေးမှ အာရုံခံရင်းနှင့်ပင် သူ၏ ဝိညာဉ် စွမ်းအားက အများကြီး ပိုမို ငြိမ်းအေးသွားကြောင်း ခံစားမိသည်။
“ဒါက အလင်းသိဒ္ဓိအမွေအနှစ် သုံးခုထဲက တစ်ခုဖြစ်တဲ့ သိဒ္ဓိခွက်ပဲ။” ချန်လွေ့က ဖိုက်သွန်၏ အမူအရာ ပြောင်းလဲသွားကြောင်း သတိထားမိ သွားသောအခါ ပို၍ပင် ပြုံးလိုက်၏။ “ဒါက ခင်ဗျား ရင်းနှီးတဲ့ နာမည် တစ်ခုလည်း ရှိတယ်။ အဲဒါက ငွေသေတ္တာပဲ။ ဖန်တီးခြင်း ဇစ်မြစ်ကို ဆုပ်ကိုင်ထားတဲ့ ငွေသေတ္တာတွေထဲက တစ်ခု။”
“ဒါက ဖန်တီးခြင်း အခွံလွတ်ဆိုတာ အသေအချာပဲ။” ဖိုက်သွန်၏ မျက်လုံးက ထပ်မံ၍ လင်းလက်သွားပြန်သည်။ “သူ့ရဲ့ စွမ်းအားက...”
“ဟုတ်တယ်။ ဒီသိဒ္ဓိဝိညာဉ်က ထိခိုက်နေတဲ့ ဝိညာဉ် တည်ရှိမှုတွေကို နွေးထွေးပြီးတော့ ပြန်ပြင်ပေး နိုင်တယ်။” ထိုသို့ပြောပြီးနောက် ချန်လွေ့၏ လက်ထဲမှ သိဒ္ဓိခွက်က ပျောက်ကွယ်သွားပြန်သည်။ “ပြီးတော့လည်း အဲဒါက ဖန်တီးခြင်း ဇစ်မြစ် နားလည်မှုကို ထပ်ပြီးတော့ တိုးမြှင့်ပေးနိုင်တဲ့ အထူး လုပ်ဆောင်ချက် တစ်ခုလည်း ရှိတယ်။”
“မင်းက လက်တစ်ဖက်မှာ ဓားသွေး နေပြီးတော့ တခြားတဖက်ကနေ ပိုက်ဆံအိတ်နဲ့ မျှားနေသလိုပဲ။” ဖိုက်သွန်က ရယ်လိုက်သည်။ လေထဲမှ သတ်ဖြတ်ချင်စိတ်က ပျောက်ကွယ်မသွားဘဲ ပို၍ပင် ပြင်းထန် လာခဲ့သည်။ “ဒီလို လှည့်ကွက်မျိုးနဲ့ ငါ့ကို ခြောက်နိုင်မယ် ထင်တာလား။”
“မဒမ်-ဖိုက်သွန်။ ကျုပ် အချင်းချင်း သိပ်မသိကြဘဲ “မိတ်ဆွေဟောင်းတွေ” ပါ။” ချန်လွေ့၏ အမူအရာ မပြောင်းလဲပေ။ “မဒမ်။ အရင်တစ်ခေါက် ကျုပ်ပြောခဲ့တာကို မှတ်မိလား။ သိဒ္ဓိအလင်းတောင်မှာ ကျုပ်ရှာနေတဲ့ လူတစ်ယောက် ရှိတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ အရင်တစ်ခေါက်က စုံစမ်းဖို့ အချိန်အများကြီး မရှိခဲ့ဘူး။ အခုတော့ သိဒ္ဓိအလင်းတောင်မှာ သူ့ရဲ့ နေရာ အတိအကျကို သိသွားပြီ။ ကျုပ်က ဒီအကြံကို လုံးဝ လက်မလျှော့ခဲ့ဘူး။”
ဖိုက်သွန် မျက်မှောင်ကြုတ်လိုက်၏။ ချန်လွေ့ ချက်ချင်းပင် သူ၏ မျက်လုံးကို စိုက်ကြည့်လိုက်သည်။ သိဒ္ဓိအလင်းတောင်မှ ဖန်တီးခြင်းက အမြဲပင် ဖိုက်သွန်၏ အကြီးမားဆုံး ပန်းတိုင် ဖြစ်ခဲ့သည်။ ၎င်းကို အလွယ်တကူ လက်လျှော့ရန် မဖြစ်နိုင်ပေ။
ဖိုက်သွန်က အသာလေး ခေါင်းညိတ်လိုက်သည်။ “မင်းက တကယ် ပါးနပ်တာပဲ။ ငါ့ရဲ့အကြံကို မင်း ခန့်မှန်းနိုင်တယ်။ ငါတို့မှာ ပန်းတိုင်အတူတူ ရှိတယ်ဆိုတော့ ထပ်ပြီးတော့ အဆင့်တူချင်း ပူးပေါင်း ကြတာပေါ့။ ဒါပေမဲ့ အရင်တစ်ခေါက် သိဒ္ဓိအလင်းတောင်ရဲ့ အကာအကွယ် စွမ်းအားကို မင်းလည်း မြင်ခဲ့မှာပဲ။ ထပ်ပြီးတော့ သွားနိုင်မယ်ဆိုတာ သေချာလား။”
“သေချာပါတယ်။ သိဒ္ဓိခွက်က အလင်းသိဒ္ဓိအမွေအနှစ် သုံးခုထဲက တစ်ခုပဲ ဆိုတာကို မေ့သွားပြီလား။” ချန်လွေ့က လက်ထဲမှ အလင်း မိုးကြိုးတောက်ပကို အသာလေး မြှောက်ပြလိုက်သည်။ “ပြီးတော့ ဒါကို ရာဖယ်ရယ်ကိုယ်တိုင် ပေးခဲ့တာ။”
“မင်းသား သရုပ်က ငါထင်ထားတာထက် ပိုပြီးတော့ အလေးချိန်စီးတဲ့ပုံပဲ။” ဖိုက်သွန်၏ အပြုံးက ပို၍ပင် ဆွဲဆောင်မှု ရှိသွားပြီး အေးစက်သော သတ်ဖြတ်ချင်စိတ်က နောက်ဆုံးတွင် စတင် ကွယ်ပျောက်လာခဲ့သည်။
“မင်းသားပဲ မဟုတ်ဘူး။ တခြား ကိစ္စတွေလည်း ရှိသေးတယ်။ မဒမ် နောက်တော့ နားလည်လာမှာပါ။” ချန်လွေ့က လက်ကောက်ဝတ်မှ ကြယ်၆ပွင့် အမှတ်အသားကို မြှောက်ပြလိုက်သည်။ “မဒမ်ရဲ့ နည်းလမ်းတွေက ကျုပ်ထင်ထားတာထက် ပိုပြီးတော့ အစွမ်းထက်တယ်။ ဒါကို ဖယ်ရှားနိုင်ခဲ့ပြီဟု ကျုပ်ထင်ခဲ့တာ။ ဒီမှာ ရှိနေဦးမယ်လို့ မထင်ထားခဲ့ဘူး။”
“ဒါက အသက်စွမ်းအား နည်းလမ်း တစ်ခုပါပဲ။ ငါ့ရဲ့ဝိညာဉ် ဖြစ်တည်မှုက အဲဒီမှာ သိမ်းထားခဲ့တာလေ။ စိတ်မပူပါနဲ့။ ဒါက မင်းကို ဘာမှ သက်ရောက်မှုရှိမှာ မဟုတ်ဘူး။ မဟုတ်ရင် မင်း တစ်ခုခုကို အာရုံခံမိမယ်ဆိုတာ ငါသိတယ်။ အခု မင်း ကျန်တဲ့ “ပိတ်ပင်ခြင်း” အရှိန်အဝါကို နှစ်ခေါက် ထပ်သုံးလို့ရပြီ။”
ချန်လွေ့က ခေါင်းညိတ်လိုက်ပြီး ဖိုက်သွန်၏ မျက်နှာကို ကြည့်ကာ ပြောလိုက်သည်။ “အလင်းမိုးကြိုးတောက်ပ၊ သိဒ္ဓိခွက်၊ မင်းသားနဲ့ သိဒ္ဓိအလင်းတောင်ကြားက ထူးခြားတဲ့ ပတ်သက်မှုတွေက ကျုပ်ရဲ့ စိတ်ရင်းကို ပြသဖို့ လုံလောက်တယ်။ အဆင့်တူခြင်း ပူးပေါင်းတယ်လို့ မဒမ် ပြောခဲ့တာဆိုတော့ မဒမ်ရဲ့ စိတ်ရင်းက ဘာများဖြစ်မလဲဆိုတာကို ကျုပ် သိချင်မိတယ်။”
“ကျက်သရေမျှော်စင်ကို အပြည့်အဝ ထိန်းချုပ်နိုင်အောင် ငါ ကူညီပေးနိုင်တယ်။ မင်းမှာ လုံလောက်တဲ့စွမ်းအား မရှိရင်တောင် လွတ်လွတ်လပ်လပ် သုံးနိုင်မယ်။ မင်းက ကျက်သရေမျှော်စင်ကို တကယ် ကျွမ်းကျင်သွားမယ်ဆိုရင် တိုက်ခိုက်ရေးစွမ်းအားကို ပိုပြီးတော့ တိုးတက်အောင် လုပ်နိုင်မယ်။ ပြီးတော့လည်း အဲဒီမှာ ထူးခြားတဲ့ နေရာလွတ် လုပ်ဆောင်ချက်တစ်ခု ရှိတယ်။ သိဒ္ဓိအလင်းတောင်မှာတောင် လူတစ်ယောက်ကို ခေါ်သွားဖို့ မခက်ဘူး။ ငါတို့ကြားမှာ ဖြစ်ခဲ့တဲ့ အရင်က ကိစ္စတွေကိုတော့ မေ့လိုက်တော့။ သိဒ္ဓိအလင်းတောင်ကို မသွားခင် ငါ့ရဲ့ ဒဏ်ရာတွေနဲ့ ဝိညာဉ် နလန်ပြန်ထူအောင် မင်းရဲ့သိဒ္ဓိခွက် လိုတယ်။”
ချန်လွေ့က မျက်ခုံးပင့်လိုက်ပြီး ခဏ စဉ်းစားကာ ပြုံးလိုက်သည်။ “သဘောတူတယ်။”