အပေးအယူလား ရွေးချယ်စရာလား
Vol. 62 Ch. 1006
ခန်းမထဲမှ အခြေအနေ ရုတ်တရက် တင်းမာသွား၏။
အားလုံးသိကြသည့်အတိုင်း မင်းသား‘အာသာ’ က နဂါးလင်းလက် အင်ပါယာမှ ထွက်ခွာပြီး ယန်ရှောင် အင်ပါယာကို ဝင်ရောက်ခဲ့သည်။ ဥယျာဉ်မြို့ကိုသွားသောအခါ ကျောက်နက်တောင် နယ်မြေတွင် လုပ်ကြံခံခဲ့ရသည်။ ပထမအကြိမ် လုပ်ကြံမှု မအောင်မြင်သည့်အတွက် လုပ်ကြံသူများက လူပုများကို ခေါ်ယူပြီး ‘အာသာ’ကို လူပုများ၏ စွမ်းအားဖြင့် သတ်ရန် ကြိုးစား ခဲ့ကြသည်။ နောက်ဆုံး မင်းသား အာသာ၏ ကြားဝင်စေ့စပ်မှု အောက်မှာ အထင်အမြင်လွဲမှုက ပြေလည်သွားခဲ့သည်။
ထိုလုပ်ကြံသူများ၏ နည်းဗျူဟာက ထက်မြက်ပြီး ဆိုးယုတ်လှ၏။ လူအများက ထိုလုပ်ကြံမှု နောက်ကွယ်မှ ကြိုးကိုင်သူသည် ‘အာသာ’နှင့် ပြဿနာရှိသော ဒုတိယမင်းသား ဂါဖီးလ် သို့မဟုတ် အေးဆေး နေတတ်သော လုခ် ဖြစ်မည်ဟု ထင်ကြေးပေးခဲ့ကြသည်။ အချို့က ကျက်သရေပြာအင်ပါယာမှ လန်ဘိစ် ဖြစ်မည်ဟူ၍ပင် ထင်ကြေးပေးခဲ့ကြ သော်လည်း အမှန်တကယ်၌ ‘အာသာ’၏ ခမည်းတော်ဖြစ်သော နဂါးလင်းလက်အင်ပါယာမှ မဟာလက်ဇ် ဖြစ်မည်ဟု မည်သူမှ ခန့်မှန်းမိကြမည် မဟုတ်ပေ။
လက်ဇ် မပြောခင်မှာပင် ချန်လွေ့က နာမည်တစ်ခုကို ပြောလိုက်သည်။
“ပရိုယို...”
လက်ဇ်၏ မျက်လုံး ပြူးကျယ် သွားခဲ့သည်။ “ပရိုယို ဟုတ်လား။”
“ကျောက်နက်တောင်တိုက်ပွဲမှာ ပရိုယိုက အသက်ကို စွန့်ပြီးတော့ ကျုပ်ကို ထွက်သွားဖို့ ကာကွယ်ပေး ခဲ့တယ်... ဒါပေမယ့် ဒီကိစ္စထဲမှာ ကိုယ့်ကိုယ်ကိုယ် လုံးဝမထည့်ဘဲ ဘေးကနေ ကြည့်နေတဲ့သူ တစ်ယောက်အနေနဲ့ ကျုပ် ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့တာက သူ့ရဲ့အမိန့်တွေနဲ့ စကားတွေဟာ ကျုပ်နဲ့ ကျုပ်ရဲ့ အစောင့်အရှောက်တွေရဲ့ အမြင်ကို တစ်ဆင့်ပြီးတစ်ဆင့် လမ်းမှားအောင် ညွှန်ပြနေပြီးတော့ ကျုပ်တို့နဲ့ လူပုတွေကြားက အထင်လွဲမှားမှုကို ဖြစ်စေဖို့ ကြိုးစားနေတာပါပဲ။ ကံကောင်းစွာနဲ့ပဲ ကျုပ်ရဲ့ အစောင့် အရှောက်တွေက ထင်ထားတာထက် ပိုကြီးတဲ့ စွမ်းအားတွေ ရှိနေသလို ကျုပ်ကလည်း လူပု မဟာ ဆရာသခင်နဲ့ ရင်းနှီးမှုဟောင်းတွေ ရှိနေတဲ့အတွက် ဒီလုပ်ကြံမှုက ပြေလည်သွားခဲ့တယ်။ အဲဒီအချိန် တုန်းက ကျုပ် စဉ်းစားခဲ့တာက တကယ်လို့ ဒီထင်ကြေးသာ မှန်ခဲ့ရင် ပရိုယိုက ဘာလို့ ဒီလိုလုပ်ရတာလဲ ဆိုတာပဲ။ သူဟာ မရဏနက် နောက်လိုက် တစ်ယောက်လား။ မဟုတ်ဘူးဆိုရင်တော့ ဘယ်သူက သူ့ကို မင်းသမီးလေးရဲ့ စေ့စပ်ထားသူ ဆိုတဲ့ တာဝန်ကို အသက်နဲ့ရင်းပြီး ဘယ်သူက ဒီတာဝန်ကို လုပ်ခိုင်းတာလဲ။ ဒီအတွေးနဲ့ပဲ ကျုပ်က ဇိုလာကို ညီမတော်ရဲ့ စေ့စပ်ထားသူကို စမ်းသပ်ကြည့်ဖို့ ပြောခဲ့တယ်။ ပရိုယိုက ဝိညာဉ် စာချုပ်တစ်မျိုးကြောင့် လျှို့ဝှက်ချက်တွေကို ထုတ်ဖော်ပြောမှာ မဟုတ်ပေမယ့် ဒီကမ္ဘာမှာ စွမ်းအားတွေဟာ အံ့သြစရာ ကောင်းလွန်းတယ်။ အချို့အရာတွေဟာ ကျုပ်ရဲ့ စိတ်ကူးထက် အများကြီး ကျော်လွန် နေသလိုမျိုးပဲပေါ့... ‘ခမည်းတော်’!”
အမှန်တကယ်၌ ပရိုယိုကို ‘စမ်းသပ်’ ခဲ့သည်က ဇိုလာ မဟုတ်ပေ။ ချန်လွေ့က မိစ္ဆာမျက်ဆံ စွမ်းအားကို အသုံးပြုပြီး စမ်းသပ်ခဲ့ခြင်းပင်။
“ဒါ အစ်အောက်တာ မဟုတ်ဘူး။ မင်းအတွက် စမ်းသပ်ချက် တစ်ခုပဲ။” လက်ဇ်၏ မျက်လုံးများ လှုပ်ရှား သွားခဲ့သည်။ သူက နောက်ဆုံးတွင် ထိုကိစ္စကို မငြင်းတော့ဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ “တကယ်လို့ မင်းသာ ဒီစမ်းသပ်မှုကိုတောင် မအောင်မြင်နိုင်ဘူးဆိုရင် ရာဇပလ္လင်ရဲ့ အရိုက်အရာကို ဆက်ခံဖို့ အရည်အချင်း မရှိသေးဘူး။ ကံကောင်းစွာပဲ မင်းက ငါ့ရဲ့ မျှော်လင့်ချက်အတိုင်းပဲ။”
“ဒီလို စမ်းသပ်ချက်မျိုးက တကယ်တော့ မျှော်လင့်ချက်တွေနဲ့ သတ်ဖြတ်ချင်စိတ်တွေရဲ့ ဒွိဟဖြစ်မှု ရလဒ်တစ်ခုပဲ။ ကျုပ် ကံကောင်းလို့ ဒီစမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခဲ့ရင်တောင် အနာဂတ်မှာ ဒုတိယ၊ တတိယ စမ်းသပ်ချက်တွေ ရှိလာဦးမှာပဲ...” ချန်လွေ့ ခေါင်းခါလိုက်သည်။ “ဘယ်အချိန်မှာ ‘စမ်းသပ်ချက်’ က တကယ့်သတ်ကွင်းအဖြစ် ပြောင်းသွားမလဲဆိုတာ ကျုပ် မသိဘူး။ ဒီကိစ္စတွေထဲက တစ်ခုမှ ကျုပ်အတွက် အာရုံစိုက်စရာ မဟုတ်ဘူး။ အရှင်မင်းကြီး။ ကျုပ် အခု အာရုံအစိုက်ဆုံးက တစ်ခုပဲ ရှိတယ်။”
“မင်းရဲ့ တည်ငြိမ်မှုကို ငါ တန်ဖိုးထားပေမယ့် မင်း ငါ့ကို ပိုပြီး အံ့သြစေတယ်။ မင်းက ရာဇပလ္လင် ဆက်ခံဖို့ကိုတောင် လျစ်လျူရှု နိုင်တယ်ဆိုတော့ မင်း တကယ် ဘာကို စိုးရိမ်နေတာလဲ။”
ချန်လွေ့က ရာဇပလ္လင်ပေါ်မှ အုပ်စိုးသူကို တည့်တည့်စိုက်ကြည့်ပြီး ပြောလိုက်သည်။ “အရှင်မင်းကြီး အသုံးချနေတဲ့ အာဏာကို လုံးဝ ထိန်းချုပ်ထားနိုင်ပြီဆိုတာ သေချာလား။”
“မင်းပြောတာ ငါ နားမလည်ဘူး။”
“အရှင်မင်းကြီး နားလည်ပါတယ်။ ဒါပေမယ့် အရှင်မင်းကြီး နားမလည်တာက အဲဒီအင်အားကို ထိန်းချုပ် အောင်မြင်ပြီး ကန့်သတ်နိုင်ပြီလို့ ထင်နေတဲ့အချိန် တကယ်တော့ အရှင်မင်းကြီး ရှုံးနိမ့်ခဲ့တယ် ဆိုတာပဲ!”
အင်ပါယာကို လုံးဝထိန်းချုပ်နိုင်ခြင်းက မဟာလက်ဇ် အမြဲ ဂုဏ်ယူနေသော အမြင့်ဆုံး အောင်မြင်မှု ဖြစ်သည်။ ထိုမေးခွန်းကို ကြားလိုက်ရသောအခါ ရာဇပလ္လင် လက်ရန်းပေါ်မှ လက်ညှိုးက ပို၍ ပြင်းပြင်းထန်ထန် ခေါက်လာသည်။ သူက သုန်မှုန်လျက် ပြောလိုက်၏။ “မင်းက အင်ပါယာအပေါ် ငါ့ရဲ့ ထိန်းချုပ်နိုင်စွမ်းကို သံသယ ဝင်နေတာလား။”
“ကျုပ်က အင်အားစု တစ်ခုရဲ့ ကြောက်စရာကောင်းတာကို ပိုယုံတယ်။” လက်ဇ်က ဒေါသတကြီး ပေါက်ကွဲထွက်တော့မည့် အချိန်တွင် ချန်လွေ့က နောက်ထပ်စကားတစ်ခွန်း ထပ်ပြောသည်ကို ကြားလိုက်ရ၏။ “ကျုပ်ရဲ့ အစောင့်အရှောက် သုံးဦးက အဲဒီအင်အားစု နောက်ကွယ်က စွမ်းအားကြောင့် သေဆုံးခဲ့ရတာပါ။”
လက်ဇ်က ရုတ်တရက် အေးစက်သွားတဲ့ ချန်လွေ့၏ အကြည့်ကို ကြည့်လိုက်သောအခါ သူ၏ရင်ထဲတွင် ထူးခြားသော တဒုတ်ဒုတ် အသံ ဖြစ်ပေါ်လာပြီး ရာဇပလ္လင်အောက်က သားဖြစ်သူက သူတကယ် လေးစားရမည့် တကယ့် ဘုရင် ဖြစ်နေသလိုမျိုးပင်။ သူက အလိုလို ပြောလိုက်မိသည်။ “ငါက တိမ်စီးနင်းအင်ပါယာ အကြွင်းအကျန် တွေကိုပဲ ထိန်းချုပ်တာပါ။ သူတို့နဲ့ မရဏနက်နောက်လိုက်နဲ့ မဆိုင်ဘူး။ အရင်တုန်းက ငါ သူတို့ရဲ့စွမ်းအားကို အသုံးပြုပြီး ဆိုဖေးလ်လို ပြိုင်ဘက်ကို အနိုင်ယူပြီး ရာဇပလ္လင်ကို ရယူခဲ့တယ်။ အုပ်ချုပ်မှုကို တစ်ဆင့်ပြီး တစ်ဆင့် ခိုင်မာအောင် လုပ်ခဲ့တယ်။ အခု အချိန်အထိ အဲဒီလူတွေ သူတို့ရဲ့ အသုံးဝင်မှုကို တဖြည်းဖြည်း ဆုံးရှုံးခဲ့ရတယ်။ ငါ သူတို့အားလုံးကို ရှင်းထုတ်လိုက်ပြီ။ ကျန်နေတဲ့ စွမ်းအားတွေက ငါ့ရဲ့ လက်ထဲမှာ ခိုင်မာစွာ ရှိနေတယ်။ မရဏနက်နောက်လိုက်တွေရဲ့ အန္တရာယ်ကို ငါသိတယ်။ နဂါးလင်းလက်အင်ပါယာကို တိမ်စီးနင်းအင်ပါယာရဲ့ အမှားတွေ ထပ်လုပ်မိအောင် ငါ ဒီလောက် မိုက်မဲမှာ မဟုတ်ဘူး။ အရာအားလုံး ငါ့ရဲ့ ထိန်းချုပ်မှု အောက်မှာပဲ!”
အမှန်တရားက ဒီလိုကိုး! လက်ဇ် ရာဇပလ္လင်တက်ခဲ့တုန်းက တိမ်စီးနင်း အင်ပါယာ ‘အကြွင်းအကျန်’ တွေရဲ့ စွမ်းအားကို အသုံးပြုခဲ့တာပဲ။ ဒါဆို ဗာရိုနီကာရဲ့ လက်ထပ်ပွဲနဲ့ အဲဒီ မင်းသား ဆိုဖေးလ်ရဲ့ မတော်တဆ သေဆုံးမှုက...
ချန်လွေ့၏ အတွေးများ လှည့်ပတ် သွားပြီး သူ့မျက်လုံးထဲရှိ မိစ္ဆာမျက်ဆံ ထံမှ ထူးဆန်းသောအလင်းရောင်က အနည်းငယ် မှေးမှိန်သွားသည်။ သူက အနည်းငယ် ရှေ့ကို တိုးလာပြီး ပြောသည်။ “မရဏနက်နောက်လိုက် တွေက အမြဲတမ်း တိမ်စီးနင်း အင်ပါယာရဲ့ နောက်ကွယ်မှာ ရှိနေတာပဲ! ဒါဟာ ကံကောင်းတာ မဟုတ်ဘူး! အရှင်မင်းကြီး အမှား လုပ်ခဲ့ပြီ။ အမိုက်မဲဆုံး အမှားပဲ! အရှင်မင်းကြီးက ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းတယ်။ အရာ အားလုံးကို ထိန်းချုပ်နိုင်ပြီလို့ ထင်နေတဲ့ အချိန်မှာ တကယ်တော့ အတော်များများက အရှင်မင်းကြီးရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘူး။ ကျုပ်လည်း အရင်က အရှင်မင်းကြီးကို အထင်ကြီးခဲ့ဖူးတယ်။ အခုတော့ ဒီ နဂါးလင်းလက်အင်ပါယာတောင်မှ အရှင်မင်းကြီး ထိန်းချုပ်မှုအောက်မှာ အကြွင်းမဲ့ မရှိတော့ဘူးလို့ ကျုပ် ထင်တယ်!”
“အတင့်ရဲလှချည်လား။” လက်ဇ်က ခုနက နှလုံးသား တုန်လှုပ်မှုမှ ပြန်လည် ကောင်းမွန်လာခဲ့ပြီး ဒီစကားများက သူ့၏ စိတ်ထဲကို ထိမှန်သွား၏။ “အစောင့်တွေ!”
နန်းတွင်းအစောင့်တပ် ခေါင်းဆောင် ယူဆယ်က နန်းတွင်းအစောင့်များနှင့် အတူ ချက်ချင်း ပြေးဝင်လာသည်။ ခန်းမထဲတွင် ပျောက်ဆုံးနေသော မင်းသား ‘အာသာ’ကို တွေ့လိုက် ရသောအခါ သူ အံ့အားသင့်သွား၏။
ချန်လွေ့က နန်းတွင်း စောင့်များကို မမြင်သကဲ့သို့ပင် မဟာလက်ဇ်ကို စိုက်ကြည့်ပြီး တစ်ယောက်တည်း ပြောလိုက်၏။ အာသာရိုလန်ရဲ့ နာမည်နဲ့... မဟုတ်ဘူး၊ အာသာရဲ့ မယ်တော် အီခရီနာ ရိုလန်ဒိုရာရဲ့ နာမည်နဲ့ ကျိန်ဆိုတယ်။ ကျုပ် ပြောတာတွေက မှန်ကန် ပြီးတော့ စစ်မှန်တယ်။ ဒီအင်ပါယာရဲ့ အကောင်းဆုံး အကျိုးစီးပွားအတွက် ဆိုရင် အရှင်မင်းကြီးကိုတောင် တစ်ခုခု အတွက် အပေးအယူ လုပ်နိုင်တဲ့ အရာအဖြစ် သုံးလို့ရတယ်ဆိုရင်တော့ ဒီစကားဝိုင်းကို ဆက်ပြောသင့်တယ်။ မနှစ်မြို့စရာ စကားတွေနဲ့ တကိုယ်ကောင်းဆန်ပြီးတော့ စကား ဖြတ်ပြောတာမျိုး မလုပ်သင့်ဘူး။ ဒါက ကျုပ်တို့ နှစ်ယောက်ကြား နောက်ဆုံး စကားပြောတာလည်း ဖြစ်နိုင်တယ်။”
အီခရီနာ၏ နာမည်ကြောင့် လက်ဇ် တုန်လှုပ်သွားပြီး နောက်ဆုံး ထပ်ပြီး အမိန့်မပေးတော့ဘဲ ထိုင်လိုက်သည်။ သူက ယူဆယ် ကို လက်ဝှေ့ယမ်း ပြလိုက်သည်။ ထိုနန်းတွင်း အစောင့်များက လက်ဇ် ဘေးမှာတွင် ရှိသော အကြောက်တရား မရှိသည့် စစ်သည်များ ဖြစ်ကြပြီး သူတို့၏ သစ္စာရှိမှုက မေးခွန်း ထုတ်စရာ မရှိသည့်အတွက် လျှို့ဝှက်ချက်များ အတွက် ရှင်းပြနေစရာ မလိုပေ။
နန်းတွင်းအစောင့် ခေါင်းဆောင်က ချန်လွေ့ကို ဒုတိယ အကြိမ် မကြည့်တော့ဘဲ သူ့လူများကို ချက်ချင်း ဆုတ်ခွာခိုင်းလိုက်သည်။
“လုံးဝ လွှမ်းမိုးတာ၊ ကြီးကျယ် ခမ်းနားတဲ့ ရည်မှန်းချက် ဒါမှမဟုတ် လောကကို ပေါင်းစည်းတာပဲ ဖြစ်ဖြစ်၊ အရှင်မင်းကြီးရဲ့ စံသတ်မှတ်ချက်က လူသားသမိုင်းမှာ နာမည်ကျော်ကြား ကျန်ရစ်ခဲ့ဖို့ပဲ။ ဒါပေမယ့်... လူသား အဖွဲ့အစည်းတစ်ခုလုံး ပျက်သုဉ်း သွားရင် အဲဒီနာမည်ကျော်ကြားမှုက ဘာများ အဓိပ္ပာယ် ရှိတော့မှာလဲ။”
“လူသားအဖွဲ့အစည်း ပျက်သုဉ်းမှာ ဟုတ်လား။” ထိုအခေါက် လက်ဇ်က ဒေါသမထွက်တော့ပေ။ သူက အေးစက်စက် ပြောလိုက်သည်။ “ခြောက်လှန့်မနေနဲ့!”
“ကျုပ် ဆက်ခံခဲ့တဲ့ ရှေးအဂ္ဂိရတ် အဖွဲ့အစည်းက အစိတ်အပိုင်း အသေးလေး တစ်ခုပဲ။ အဂ္ဂိရတ် အဖွဲ့အစည်းက လူသားလောကကို အင်အားကြီးမားတဲ့ လူမှု အဖွဲ့အစည်း လောကတစ်ခုပါပဲ။ ဒါပေမယ့် သူတို့ရဲ့ ပျက်စီးမှုက မရဏနက် နောက်လိုက်တွေ ကိုးကွယ်တဲ့ မိစ္ဆာနတ်ဘုရား လက်ထဲမှာ ရှိခဲ့တယ်။ ဒီနေ့ အဂ္ဂိရတ် အဖွဲ့အစည်းရဲ့ နှစ်သန်းပေါင်းများစွာ သမိုင်းကြောင်း တစ်လျှောက် ဘယ်လို ကြီးကျယ်တဲ့ ဘုရင်တွေ၊ ဘယ်လို စွမ်းဆောင်မှုတွေ ရှိခဲ့လဲ ဘယ်သူမှ မသိတော့ဘူး။ ဘာလို့လဲ ဆိုတော့ အဖွဲ့အစည်း တစ်ခုလုံး လုံးဝ ပျောက်ကွယ် သွားလို့ပဲ။”
လက်ဇ် နောက်ဆုံး စိတ်လှုပ်ရှား သွားတော့သည်။ ‘ဘယ်သူမှ မသိ တော့ဘူး’ ဟူသော နောက်ဆုံး စကားက သူ့ရင်ထဲကို ဓားသွားကဲ့သို့ ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။ အကယ်၍ အဖွဲ့အစည်းတစ်ခုလုံး အမှန်တကယ် ပျက်စီးသွားခဲ့လျှင် အုပ်စိုးခြင်း ဆိုသည်နှင့် သမိုင်းတွင် နာမည်ကျော်ခြင်းတို့က မည်သည့် အဓိပ္ပာယ် ရှိတော့မည်နည်း။
“မရဏနက်နောက်လိုက်တွေ အခု လုပ်နေတာက မိစ္ဆာနတ်ဘုရားကို ဒီလောကဆီ ခေါ်ဆောင် လာဖို့ပဲ။ အရှင်မင်းကြီးရဲ့ အာဏာကို လွှမ်းမိုးချုပ်ကိုင်မှုက မရဏနက် နောက်လိုက်တွေကို အခွင့်အရေးတွေ၊ ဟာကွက်တွေ အများကြီး ပေးနေတယ်။ ဒါက နဂါးလင်းလက် အင်ပါယာတစ်ခုလုံးကို ပျက်စီးစေဖို့ အပြင် လူသားလောက အနာဂတ်ကိုပါ ပျက်စီးစေတာနဲ့ အတူတူပါပဲ!”
ချန်လွေ့ ထိုစကားများ ပြောနေချိန် ဒိုရူဒါထံမှ အဂ္ဂိရတ် အဖွဲ့အစည်းကို ဖျက်ဆီးနေသော ပုံရိပ်များကို ပြသ နေခဲ့သည်။ မှိတ်တုတ် မှိတ်တုတ် ပုံရိပ်များက လက်ဇ်၏ မျက်လုံးထဲ၌ ကခုန်နေပြီး ကြောက်လန့်မှုနှင့် ထိတ်လန့်မှုကို ပေါ်လွင်နေသည်။
“တိမ်စီးနင်း အင်ပါယာရဲ့ အင်အားစုတွေကို လုံးဝဖယ်ရှားပစ်ပါ! အရှင်မင်းကြီး ဒီလို အစီအစဉ်မျိုး လုပ်ထားပြီးသား ဖြစ်နိုင်ပေမယ့် ကျုပ် ဒီအခြေအနေကို တင်ပြရပါမယ်။” ပုံရိပ်များ ပြီးသွားရာ ချန်လွေ့က လက်ဝှေ့ယမ်း လိုက်ပြီးနောက် စာရွက် တစ်ရွက်က လက်ဇ်ဆီကို လွင့်ပျံ သွားသည်။ “ဒါက အရှင်မင်းကြီး အတွက်ပါ။ ဒါကို အလဲအလှယ် တစ်ခုအဖြစ် သတ်မှတ် လိုက်ပါ။ ရှင်းရှင်းလင်းလင်း ရေးထားတာမို့လို့ အများကြီး ပြောနေစရာ မလိုဘူး ထင်ပါတယ်။”
လက်ဇ်က စာရွက်ကို ယူပြီး ကြည့်လိုက်ရာ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး မယုံကြည်နိုင်သော အမူအရာကို ပြသလိုက်သည်။ “ငါနားမလည်ဘူး။ မင်း တကယ် ဘာလိုချင်တာလဲ။”
ချန်လွေ့ ခဏလောက် စဉ်းစားပြီး သူ တကယ် လိုချင်နေသောအရာကို နောက်ဆုံး ပြောလိုက်လေသည်။ “သိဒ္ဓိအလင်းဝတ်ရုံ...”
လက်ဇ်က မျက်ခုံး ပင့်လိုက်ပြီး သူ့လက်ထဲမှ စာရွက်ကို မြှောက်လိုက်၏။ “သိဒ္ဓိအလင်းဝတ်ရုံလား။ မင်း တကယ် အဲဒါကို လိုချင်နေတာပဲ! မင်းနဲ့ သိဒ္ဓိကျောင်းတော်နဲ့ ဘယ်လို ဆက်ဆံရေးရှိတာလဲ။ မင်းမှာ ကျောင်းတော်ရဲ့ အကူအညီ ရှိနေပြီး နယ်မြေကို အခုလက်ရှိအဆင့်အထိ ရောက်အောင် ကြိုးစားခဲ့တယ်ဆိုရင် မင်းဘာလို့ ဒီလို ရွေးချယ်မှုမျိုး လုပ်ရတာလဲ။”
“လူတိုင်းမှာ ကိုယ်ပိုင်အိပ်မက် တွေနဲ့ တာဝန်တွေ ရှိကြတယ်။ ကျုပ်အမြင်မှာ အရှင်မင်းကြီး စွဲလမ်းနေတဲ့အရာက လုံးဝ တန်ဖိုး မရှိနိုင်ဘူး။ ကျုပ် စွဲလမ်းနေတဲ့ အရာကိုလည်း အရှင်မင်းကြီးက ရယ်စရာကောင်းပြီး ကလေးဆန်တယ် လို့ ထင်နေမှာပါ။” ချန်လွေ့က အနည်းငယ် ပြုံးလိုက်သည်။ “ကျောင်းတော်နဲ့ ကျုပ်ကြားမှာ ရှိတဲ့ ဆက်ဆံရေးက အရှင်မင်းကြီး ထင်သလို မဟုတ်ဘူး။ အချိန်တန်ရင် သူ့အလိုလို ပေါ်လာပါလိမ့်မယ်။”
“မင်းရဲ့ တာဝန်က ဘာလဲ ဆိုတာ ငါမသိဘူး။ ဒါပေမယ့်... အပေးအယူ ပြီးမှ မင်းရဲ့ ‘အပေးအယူ’ တွေကို ပေးသင့်တာ၊ မပေးခင် မဟုတ်ဘူး။” လက်ဇ်က စာရွက်ပေါ်မှ အစီအစဉ်များကို ကြည့်ပြီး ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။ “အခု ငါက ဒီအရာတွေကို ကြိုရထားပြီဆိုတော့ မင်းမှာ အပေးအယူ လုပ်စရာ မရှိတော့ဘူး။ ငါက အင်ပါယာရဲ့ အနာဂတ်ပြဿနာတွေကို ကာကွယ်ဖို့ အတွက် တိမ်စီးနင်းအင်ပါယာရဲ့ ကျန်ရှိနေသေးတဲ့ စွမ်းအားတွေကို လုံးဝဖယ်ရှားပစ်နိုင်တယ်။ ဒါပေမယ့် မင်းက သိဒ္ဓိအလင်းဝတ်ရုံကို ဘယ်လို ရနိုင်မှာလဲ။”
“ဒါက အပေးအယူ မဟုတ်ဘူး။ ဒါက ရွေးချယ်စရာ တစ်ခု။ ဒါက မျှော်လင့်ချက် တစ်ခုလည်း ဟုတ်တယ်။” ချန်လွေ့က လက်ဇ်ကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်သည်။ “ကျုပ် ပြောခဲ့သလိုပဲ။ ဒါက အရှင်မင်းကြီးရဲ့ အုပ်ချုပ်မှုကို လှုပ်ခါစေမှာ မဟုတ်ဘူး။ ပိုပြီးတော့ အားကောင်းလာအောင် လုပ်ပေးမှာ။ ဒီစကားက အပြော သက်သက်ပဲ မဟုတ်ဘူး။ ဒါက “အာသာ”ရိုလန် ဆီကနေ လက်ဇ်ရိုလန်ဆီကို ပေးတဲ့ ကတိတစ်ခုနဲ့ ဆန္ဒတစ်ခုပဲ။”
လက်ဇ်က သူ့၏ ဆိုလိုရင်းကို နားလည်သွားပြီး ဂရုမထားသော အကြည့်ထဲတွင် ဒေါသမီးလျှံတစ်ခုက လျှပ်တစ်ပြက် လက်ခနဲ ဖြစ်သွား၏။ ‘အပေးအယူ’ ဆိုတာ အဖေနဲ့သား ကြားက စကား မဟုတ်ဘူး။ ‘ရွေးချယ်စရာ’၊ ‘မျှော်လင့်ချက်’၊ ‘ကတိ’၊ ‘ဆန္ဒ’... ဒါတွေမှ အမှန်။
“ဒီနေ့ စကားဝိုင်းက ဒီမှာပဲ ပြီးဆုံးသွားပြီ။ ကျုပ် အခု ထွက်သွား တော့မယ်။ ကျုပ် ဒီမှာ နှစ်လ ရှိနေမယ်။ အဲဒီအချိန်ကျရင် အရှင်မင်းကြီးရဲ့ ရွေးချယ်မှုကို ကျုပ် သိချင်တယ်။”
ချန်လွေ့က အရိုအသေပြုပြီး လှည့်ထွက် သွားခဲ့သည်။ သူက နှစ်လှမ်းသာ လှမ်းပြီးချိန်တွင် လက်ဇ်၏ အသံက နောက်မှ ထွက်ပေါ်လာ၏။ “မင်းက တိမ်စီးနင်းအင်ပါယာကို လုံးဝဖယ်ရှား ပစ်မယ်လို့ ပြောခဲ့တယ်။ မင်းသိလား။ အဲဒီအကြွင်းအကျန်တွေ ထဲမှာ...”
“ကျုပ် သိပါတယ်။ ရှီအွန် နန်းတော်.. အဲဒါကို ကျုပ် ကိုယ်တိုင် အပြီးသတ်ပါ့မယ်။” ချန်လွေ့ ခဏ ရပ်လိုက်သည်။ “အချိန် မကျသေးဘူး။ ဒါပေမဲ့ မကြာခင် ရောက်လာတော့မှာပါ...”
ထိုသို့ ပြောပြီးနောက် သူက ရှေ့သို့ တိုးသွားပြီး ရာဇပလ္လင်ပေါ်တွင် ထိုင်လျက် လက်ရန်းပေါ် လက်ညှိုးကို ဖြည်းဖြည်းချင်း ခေါက်နေသော အတွေးများထဲ နစ်မြုပ်နေသည့် လက်ဇ်ကိုသာ ထားရစ်ခဲ့လေသည်။
ချန်လွေ့က [တိတ်တဆိတ်] သို့မဟုတ် အခြား စွမ်းအားများကို အသုံးမပြုဘဲ လမ်းတလျှောက်ရှိ နန်းတွင်း အစောင့်များ၏ အံ့အားသင့်သော အကြည့်အောက်မှ ခန်းမအပြင်ဘက်သို့ တည့်တည့် လျှောက်သွားခဲ့သည်။ ရှီအွန် နန်းတော်ဘေးမှ ဖြတ်သွားတဲ့အခါ နန်းတော်ဝင်ပေါက် လှေကားထစ်ပေါ်ရှိ လှပချောမောသော အမျိုးသမီး တစ်ဦးကို မြင်လိုက်ရသည်။
ပင်လယ်ပြာ မျက်လုံးများက လရောင်အောက်တွင် ပေါ်လာသော ရင်းနှီးသော ပုံရိပ်ကို ကြည့်ရင်း မယုံနိုင်စရာ အမူအရာကို ပြသနေ၏။
နန်းတော် အတွင်း နက်နက်ထဲတွင် ရှိနေသော်လည်း မကြာသေးခင်က “အာသာ” ပျောက်ဆုံးသွားခြင်းမှာ ကမ္ဘာတစ်ခုလုံးကို လှုပ်ခါစေခဲ့ကြောင်း သူ သိရှိခဲ့ရပြီး ယနေ့တွင် “အာသာ” က နန်းတော်ထဲတွင် ပေါ်လာခဲ့သည်။
ပျောက်ဆုံး မသွားခင်ကလည်း သူသည် စေ့စပ်ပွဲ အခမ်းအနားမှာ မင်္ဂလာပွဲကို ငြင်းပယ်ပြီး လောကကို အံ့အားသင့်စေခဲ့သည်။
“တောင်းပန်ပါတယ်။ ငါ ဘယ်သူ့ကို ချစ်လဲဆိုတာ မင်း သိပါတယ်။ ငါ မင်းကို လက်ထပ်မှာ မဟုတ်ဘူး” ဆိုသော စကားစုက လူသိများသော စကားတစ်ခု ဖြစ်သွားခဲ့သည်။
ထိုယောက်ျား ‘ချစ်သော’ သူကိုလည်း လူတိုင်း သိသွားကြ၏။
ဗာရိုနီကာ ထိုသတင်း ကြားရာ သက်ပြင်းသာ ချနိုင်ခဲ့သည်။
ဗာရိုနီကာ ထိုပုံရိပ်ကို ယခုတစ်ခါ ပြန်မြင်ရသော အခါတွင်လည်း သူက သက်ပြင်းချနေဆဲပင်။
“အာသာလေး...” နာမည်တစ်ခုက မျက်နှာလွှားနောက်မှ တိုးတိုးလေး ထွက်ပေါ်လာသည်။
ငါတို့မှာ အနာဂတ် မရှိနိုင်ဘူး။
မဟုတ်ဘူး၊ မင်းမှာ ရှိသေးတယ်။
ငါ့မှာ မရှိတော့တာ ကြာပြီ။
ထိုပုံရိပ်က သူ့ဘက်ကို မလာဘဲ လမ်းမကြီးတလျှောက် ဆက်လျှောက် သွားသည်မှာ အနည်းငယ် အံ့သြစရာ ကောင်းသော်လည်း မျက်လုံးများက သူကို ဆက်ကြည့်နေခဲ့သည်။
သူ လျှောက်သွားနေရင်း သူတို့က တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့ကြသည်။
“အာသာ”၏ ပါးစပ်က အနည်းငယ် လှုပ်ရှားသွားသည်။ ဗာရိုနီကာ မကြားရလျှင်ပင် သူ၏ ပါးစပ်ပုံစံမှနေ၍ ထိုစကားကို မြင်နိုင်ခဲ့သည်။
ကျုပ်ကို စောင့်နေပါ။
ဗာရိုနီကာက အတိတ်ကို ပြန်ရောက် သွားသလို ရုတ်တရက် မှိုင်သွားခဲ့သည်။
ငေးငိုင်နေရင်း ပုံရိပ် တဖြည်းဖြည်း ဝေးသွားပြီး လရောင်ထဲ ပျောက်ကွယ် သွားတော့သည်။