← Chapters

ပြန်လည် မွေးဖွားခြင်း(3)

Vol. 11 Ch. 102

ပြန်လည် မွေးဖွားခြင်း(3)

Vol. 11 Ch. 102

ဒေစီ သူမ၏  အိတ်ထဲမှ မှန်၊ ဖယောင်းတိုင်နှင့် အခြားအရာများအား ထပ်မံထုတ်ယူလိုက်ပြီးနောက်  အနက်ရောင်ဖယောင်းတိုင်ကို မီးညှိကာ ပါးစပ်မှ ဂါထာတစ်ခုကို မန်းမှုတ်နေခဲ့သည်။ ထို့နောက်တွင် လူငယ်လေးဆီသို့ လှမ်းကြည့်၍  ပြောလိုက်လေ၏။

“ကောင်လေး၊ မင်း ငါ့လက်ကို ကိုင်လိုက်၊ မင်းဆီမှာ ဘာတွေ ဖြစ်ပျက်ခဲ့တာလဲဆိုတာကို သိရဖို့အတွက် ငါ တခြားကမ္ဘာဘက်ကို သွားကြည့်ရမယ်”

ရှောင်ချန် ခေါင်းကုတ်ကာ အနည်းငယ်ရှက်ရွံ့စွာဖြင့် သူမ၏လက်ကို လှမ်းကိုင်လိုက်သည်။

“ကောင်းပြီ”

ဒေစီက ဖယောင်းစက်များအား မှန်ပေါ်သို့ ချလိုက်ပြီး သူမ၏နှုတ်မှ ထွက်လာသော စကားလုံးများမှာ အက်ကွဲနေခဲ့ကာ မြွေတစ်ကောင် သီချင်းဆိုနေသကဲ့သို့ ထူးဆန်းသည့် အသံများဖြစ်လာခဲ့သည်။

ဖယောင်းစက်များက မှန်တစ်ဝက်ခန့်သို့ ဖုံးအုပ်သွားချိန်တွင် သူမက ဖယောင်းတိုင်ကို ဘေးသို့ချလိုက်ကာ မှန်ကို ကိုင်လိုက်ပြီး သူမ၏ ကျောက်စိမ်းရောင်မျက်ဝန်းများဖြင် တည့်တည့် စိုက်ကြည့်လိုက်လေ၏။

သူမ၏ ဖြူဖွေးနူးညံ့နေသော လက်များတွင် အနီရောင်အဆီဖြင့် ဆေးချယ်ထားခဲ့သည်။

သူမ ရွတ်ဖတ်နေသော မန္တာန်၏အသံရှိန် ရုတ်တရက်မြင့်လာချိန်တွင်တော့ ရှောင်ချန်တစ်ယောက် သူ၏ လက်မှ အရိုးများပင် ကျိုုးကြေသွားတော့မည်ဟု ခံစားလိုက်ရသည်။

နာကျင်မှုကြောင့် သူ၏မျက်နှာကရှုံ့တွနေပြီး တစ်ချိန်တည်းမှာပင် အနီးကပ်ရွတ်ဖတ်နေသော မန္တာန်၏ အသံသည်လည်း အလွန်အမင်း စူးရှလှသောကြောင့် သူ၏နှလုံးများပင် တုန်ယင်လာခဲ့သည်။

ဤအနက်ရောင်စုန်းမနှင့် တိုက်ရိုက်ထိတွေ့လိုက်ရချိန်တွင်တော့ ရှောင်ချန်မှာ ဤသည်က  အင်တာနက်ပေါ်တွင် ပြောနေကြသကဲ့သို့ ဟန်ဆောင်လိမ်ညာကာ ၊သရုပ်ဆောင်နေခြင်းမဟုတ်ဘဲ အမှန်တကယ်ပင်အစစ်အမှန်ဖြစ်ကြောင်းကို နားလည်သဘောပေါက်သွားခဲ့ရတော့သည်။

ဒေစီ၏ ရွတ်ဖတ်သံများ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

သူမ မည်သည့်အရာများကို မြင်တွေ့ခဲ့ရသည်ကို မည်သူမှ မသိနိုင်ပေ။  သို့သော် သူမက ရှောင်ချန်၏ လက်ဖဝါးကို ခါထုတ်လိုက်ကာ သူမ၏အသားအရည်သည်လည်း သိသိသာသာပင် ဖြူဖျော့သွားသည်ကိုတော့ လူတိုင်း မြင်တွေ့လိုက်ရလေ၏။

သူမ၏ လက်ထဲမှ မှန်ကလည်း မြေပေါ်သို့ ပြုတ်ကျလုမတတ်ဖြစ်သွားခဲ့ရကာ သူမက အလျင်အမြန်ပင် ခေါင်းကိုငုံ့ကိုင်း၍ အနက်ရောင် ဖယောင်းတိုင်အား မီးမှုတ်လိုက်တော့သည်။

တင်ဆက်သူလျို့ : “ဘာဖြစ်တာလဲ?”

“ဒီကောင်လေးရဲ့ ဘေးနားမှာ နတ်ဆိုးတစ်ကောင်ရှိနေတယ်”

[အား… မြန်မြန်လေး အနီးကပ်ဆွဲရိုက်ပြပါဦး!]

[စုန်းမလေးဒေစီပြောတာက ရှားနိုင်ငံက လူတွေပြောတဲ့ သရဲကို ပြောတာဖြစ်မယ်၊ ဘုရားရေ! ကြည့်ရတာ ဒီကောင်လေးလည်း မကောင်းဆိုးရွားဝိဥာဥ် တွေ့နေရပြီထင်တယ်]

ဒေစီက အလေးအနက်ပြောလာခဲ့သည်။

“ကျွန်မ တခြားကမ္ဘာမှာ မြင်ခဲ့ရတယ်၊ သူ့ရဲ့ အငွေ့အသက်က အရမ်းကို အေးစက်ပြီး ဆိုးရွားလွန်းတယ်၊ အနောက်တိုင်းရဲ့ မကောင်းဆိုးဝါးတွေထဲက မယ်ဒူဆာလိုပဲ၊

သူ့ကို ရေတွေနဲ့ ဝန်းရံထားပြီး သူ့ခန္ဓာကိုယ်ကလည်း အေးစက်ပြီး ကပ်စေးလွန်းတယ်၊ ပင်လယ်မြွေတွေနဲ့ ငါးတွေက သူ့အသားကို စားနေပြီး ခန္ဓာကိုယ်ထဲထိ ဝင်တိုးခဲ့တာကြောင့် သူ့ကို ပိုပြီးဂနာမငြိမ်ဖြစ်နေစေတယ်”

“အဲဒါကြောင့်ပဲ သူက အရမ်းကို နာကျင်နေပြီး သူ့ရဲ့ နှလုံးသားထဲမှာလည်း မုန်းတီးမှုအပြည့်ဖြစ်နေတယ်၊  သူ့ရဲ့ အသက်ရှူတဲ့ လေတွေက မြွေတစ်ကောင်လို လိမ်ကောက်နေပြီး မင်းကို ချုပ်နှောင်ထားတာပဲ”

သူမ၏ စကားကို ကြားလိုက်ရပြီးနောက်တွင် အလုံးစုံနားမလည်နိုင်သော်လည်း ရှောင်ချန်၏ မျက်နှာ ကြောက်ရွံ့တုန်လှုပ်မှုကြောင့် ပြာနှမ်းသွားသည်။

သူ ဆက်တိုက် ခေါင်းကို ငြိမ့်ကာ ခက်ခက်ခဲခဲပြောလိုက်သည်။

“အဲလိုမျိုးပဲ၊ ကျွန်တော်က တကယ်ပဲတစ်ခုခုနဲ့ ချုပ်ခံထားရပြီး၊ အဲဒါက ရေကြောင့် ဖြစ်နေတာပါ…”

ဒေစီထပ်ပြောသည်။

“ငါ သူ့ရဲ့မျက်လုံးတွေကို မှန်ထဲမှာ မြင်လိုက်ရတယ်၊ သူ မင်းကို လွှတ်ပေးမှာမဟုတ်ဘူး၊ ပြောရရင် မင်းက အရမ်းကို အန္တရာယ်များတဲ့ နတ်ဆိုးတစ်ကောင်ကို ရန်စလိုက်မိတာပဲ”

“ခဏလေး.. ငါ တစ်ခု ထပ်မြင်လိုက်တယ်” 

သူမ မျက်မှောင်ကြုတ်ကာ ခေါင်းကို လှည့်၍ ဘေးနားမှ မိန်းကလေးကို ကြည့်ကာ ပြောလိုက်သည်။

“မဟုတ်သေးဘူး၊ မင်းဆီမှာလည်း အဲလို မကောင်းတဲ့ စွမ်းအင်တွေရှိနေတယ်ဆိုတာကို ငါ မတွေ့မြင်နိုင်လုနီးပါးပဲ၊ 

မင်းကလည်း အဲဒီနတ်ဆိုးရဲ့ ချုပ်ကိုင်မှုအောက်ကို ရောက်နေတာပဲ၊ ဟုတ်တယ်မလား? ဒါပေမယ့် မင်းက မင်းရဲ့မောင်လေးထက်စာရင် အများကြီး လျော့နည်းနေသေးလို့ ငါ မင်းကို သတိလက်လွတ်ဖြစ်သွားတော့မလို့”

ရှောင်ရှီ၏ မျက်လုံးများတွင် မျက်ရည်များစို့နစ်လာကာ ရှိုက်ငိုလျက် ပြောလာခဲ့သည်။

“ဟုတ်ပါတယ်၊ အစက ကျွန်မတစ်ယောက်တည်း ခံစားရမှာဆိုပေမယ့် ကျွန်မရဲ့မောင်လေးက ကျွန်မကို ကယ်တင်လိုက်တဲ့အတွက် သူ့ကိုပါ ချုပ်နှောင်ခံလိုက်ရတာပါ”

ရှောင်ချန်က အဆောတလျင်ဝင်ပြောလိုက်သည်။

“ကျဲ၊ မငိုပါနဲ့ ၊ ဒီကိစ္စက ကျဲနဲ့ ဘာဆိုင်လို့လဲ”

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ဒေစီက ကိုယ့်ကိုကိုယ် အပြစ်တင်ကာ ဝမ်းနည်းနေခဲ့သည့် မိန်းကလေးအား ပွေ့ဖက်ကာ ချော့မော့ပေးလိုက်သည်။

“မငိုပါနဲ့၊ ဒါကိုဖြေရှင်းနိုင်ဖို့ နည်းလမ်းတစ်ခုခုရှိနေမှာပါ”

နောက်ဆုံးတွင် ဒေစီက သူမ၏ စွမ်းအင်က ရှားနိုင်ငံ၏ တစ္ဆေများတွင် အလုပ်မဖြစ်ကြောင်း ပြောခဲ့သည်။ သူမက အချို့အရာများကိုသာ မြင်နိုင်ပြီး မဖြေရှင်းနိုင်ပေ။

ယခင်ကကဲ့သို့ သူမက ရှောင်ရှီထံမှ ယင်စွမ်းအင်အား ညနတ်ဘုရား Zambeto ၏ စွမ်းအင်ဖြင့် သန့်စင်ပေးခဲ့သည်။

ရှောင်ချန်အတွက်တွင်မူ သူမ မကူညီနိုင်ကြောင်း ပြောခဲ့လေသည်။

“ကောင်လေးရဲ့ အခြေအနေက တော်တော်လေးပြင်းထန်တယ်၊ အရင်းအမြစ်ကို ရှာတွေ့မှပဲ ဖြေရှင်းလို့ရလိမ့်မယ်”

တင်ဆက်သူ လျို့က နားလည်ကြောင်း‌ ခေါင်းကို အသာငြိမ့်သည်။

“ပထမဆုံး ကူညီပေးတဲ့ ဒေစီကတော့ မောင်နှမတွေနဲ့ ပတ်သတ်ပြီး ထူးဆန်းတဲ့ အရာတွေကို မြင်တွေ့နိုင်ပေမယ့် မဖြေရှင်းနိုင်ခဲ့ပါဘူး၊ ဒီတော့ ဒုတိယကူညီပေးသူ ပြိုင်ပွဲဝင် နံပါတ်( ၉ )ရှုဖူ ကို ဖိတ်ခေါ်လိုက်ပါတယ်”

ရှုဖူ ရောက်လာချိန်တွင် မျက်လုံးထောင့်မှ မျက်လုံးများနီရဲကာ ရှိုက်ငိုနေသော မိန်းမငယ်လေးနှင့် ချော့နေသော လူငယ်လေးတစ်ဦးအား မြင်လိုက်ရသည်။

သူက ထိုနှစ်ယောက်ကြားမှ ဆက်ဆံရေးအား ချက်ချင်းနားလည်ပြီဟု တွေးလိုက်ရင်း လက်ကို မြှောက်ကာ တွက်ချက်နေသည့် ဟန်အမူအရာလုပ်လိုက်ပြီးနောက် ပြောလာခဲ့သည်။

“မင်းတို့ရဲ့ မျက်နှာတွေကို ဖတ်လိုက်ပြီး မြင်လိုက်ရတာက မင်းတို့က ချစ်သူစုံတွဲတွေပဲ၊ မိန်းကလေးမှာ တစ်ခုခု ဖြစ်သွားခဲ့တာကြောင့် မင်းတို့က ပရိုဂရမ်အဖွဲ့ကို အကူအညီတောင်းလာခဲ့တာဖြစ်လိမ့်မယ်”

တင်ဆက်သူလျို့: “… …”

မောင်နှမနှစ်ယောက်: “… …”

စတူဒီယိုတွင်းမှ ကြည့်နေကြသော ဒါရိုက်တာနှင့် ပရိုဂရမ်အဖွဲ့သည်လည်း ပါးစပ်အဟောင်းသားဖြင့် ပြောစရာစကားမဲ့နေခဲ့ရသည်။

လီချန်ဟဲ မိုက်ကရိုဖုန်းမှ တစ်ဆင့် လှမ်းပြောလိုက်သည်။

“အခြားပြိုင်ပွဲဝင်တစ်ယောက်ကို တိုက်ရိုက်ခေါ်ပြီး မြန်မြန်ဝင်ခိုင်းလိုက်တော့၊ ဒါမှ အစီအစဉ်က ရှေ့ဆက်နိုင်တော့မှာ”

သို့သော် တစ်ဖက်မှ ရိုက်ကူးရေးအဖွဲ့သားကလည်း စိတ်လှုပ်ရှားစွာ ပြန်ပြောလာခဲ့သည်။

“ဒါရိုက်တာကြီး၊ ပြိုင်ပွဲဝင်နံပါတ်(၂) ပိုင်စစ် ပျောက်သွားပြီ! သူက အရင်ပွဲတုန်းက ဗီလာဂိတ်ပေါက်ကနေ ထွက်သွားပြီးပတည်းက ကမ္ဘာပေါ်ကနေ အငွေ့ပျံသွားသလိုမျိုး ပျောက်သွားတာ၊ သူ့ကို ဘယ်နေရာမှာမှ ရှာလို့မရတော့ဘူး”

“ဘာလဲ!!?”

လီချန်ဟဲ ထရပ်လိုက်သည်။

“ဒီလို အရေးကြီးတဲ့ကိစ္စကို ဘာကြောင့် အစောကြီးကတည်းက မပြောရတာလဲ!?”

“နံပါတ်(၂)က အရင်ကလည်း လူစုလူဝေးဆိုရင် ရှောင်တတ်တဲ့သူဆိုတော့ သူ ဘယ်သူမှ မရှိတဲ့ နေရာကိုများ ရှောင်နေတာလားလို့ …”

ဒါရိုက်တာ တခြားတစ်ယောက်ကို လိုက်ရှာခိုင်းရန် ပြင်နေစဉ်မှာပဲ ရှောင်ကျိုးက အပြေးရောက်လာကာ ပြောလိုက်သည်။

“ဒါရိုက်တာလီ၊ စုန့်ကျဲက ပိုင်စစ်ကောကောနဲ့ သီးသန့်စကားပြောစရာရှိလို့ သူ့အလှည့်ကို ခဏလောက် နောက်ဆုတ်ပေးဖို့ ပြောခိုင်းလိုက်လို့ပါ”

လီချန်ဟဲ: “???”

ခဏမျှ တိတ်ဆိတ်နေပြီးသည့်နောက် သူ၏ အတွေးအာရုံတစ် တခြားတစ်ခုဆီသို့ ရောက်ရှိသွားခဲ့သည်။

“သူတို့နှစ်ယောက်က ဘယ်တုန်းက အချင်းချင်း တွေ့ဆုံသွားကြတာလဲ?”

ရှောင်ကျိုး: “ကျွန်မလည်း မသိပါဘူး…”

သူမ ကုကျစ်စုန့်၏ဘေးတွင် ပိုင်စစ်ရှိနေသည်ကို မမြင်လိုက်ပေ!

တခြားပြိုင်ပွဲဝင်များဆိုလျှင်တော့ လီချန်ဟဲက အော်ဟစ်ဆူပူကာ ငြင်းဆန်လိမ့်မည်ဖြစ်သည်။

သို့သော် ပြောလာသူက ကုကျစ်စုန့်ဖြစ်နေသောကြောင့် သူ ခေါင်းငြိမ့်ကာ ပြောလိုက်လေ၏။

“အိုခေ၊ ငါသဘောပေါက်ပြီ၊ သူတို့ကို မြန်မြန်တော့ လုပ်ဖို့ ပြောလိုက်၊ ရိုက်ကူးရေးနောက်မကျစေနဲ့လို့”

“ကောင်းပါပြီ! ကျေးဇူးတင်ပါတယ် ဒါရိုက်တာလီ!”

* 

အနားယူခန်းထဲတွင် ကုကျစ်စုန့် ခုံပေါ်တွင်ထိုင်ကာ သူမ၏ မေးဖျားကို လက်ချောင်းများဖြင့် ထောက်ထားရင်း ပျင်းရိလေးတွဲစွာ ပြောလိုက်သည်။

“မင်း.. ဘယ်အချိန်ထိ ပုန်းနေဦးမှာလဲ”

အခန်းတွင်းတွင်ကား မည်သူမျှမရှိနေသကဲ့သို့ လှုပ်ရှားမှုလည်းမရှိပါချေ။

တစ်ယောက်ယောက်မြင်သွားပါက သူမက လေဟာနယ်ဖြင့် စကားပြောနေသကဲ့သို့ ထင်မြင်သွားနိုင်သည်။

“မင်းက လူ မဟုတ်ဘူးဆိုတာကို ငါသိထားပြီးသားပဲ”

ထိုစကားကိုပြောပြီး တစ်ခဏမျှအကြာတွင်တော့ ဆိုဖာအောက်ဘက်မှ မီးခိုးရောင် ဖြူကောင်လုံးလုံးလေးတစ်ကောင်၏ ဦးခေါင်းလေးက သတိကြီးစွာဖြင့် ပြူထွက်လာခဲ့တော့သည်။

*

All Chapters