ရေသရဲ(2)
Vol. 11 Ch. 104
(T/n : နှလုံးပျို့တတ်တဲ့သူတွေ စားသောက်နေရင်း၊ စားသောက်ခါနီးဆိုရင် မဖတ်ကြနဲ့ဦးနော်
သိပ်တော့မဆိုးပေမဲ့ ကိုယ့်လိုမျိုးနှလုံးမကောင်းလွန်းတဲ့သူတွေပါနေမှာစိုးလို့)
ထိုညက သူတို့ ထိုနတ်ဝင်သည်အား ပင့်ဖိတ်ခဲ့သည်။ ဆေးသောက်ပြီးနောက် အဖျားနှင့် ရောင်ရမ်းခြင်းတို့ သက်သာသွားသော်လည်း သူ၏ ခန္ဓာကိုယ်မှာ နဂိုကဲ့သို့ အကောင်းအတိုင်းမဟုတ်တော့ပေ။
အမြဲလိုလို သူ၏လည်ချောင်းထဲတွင် ယားယံနေတတ်ပြီး သတိမပြုလိုက်ခင်မှာပင် ချောင်းနှစ်ခါဟန့်ပြီးဖြစ်နေခဲ့တတ်သည်။
သူ ဆေးရုံသို့ သွားရောက်စစ်ဆေးခဲ့သော်လည်း ပြသနာရှာမတွေ့ခဲ့ပေ။ ဆရာဝန်ကတော့ ယခင်က အပြင်းအထန်ဖျားခဲ့သောကြောင့် အဖျားသွေးအနည်းငယ်ရှိ၍ဖြစ်နိုင်ကြောင်းပြောခဲ့သည်။
ပိုင်စစ်ခေါင်းငြိမ့်လိုက်သည်။
“ဒီရောဂါရဲ့ အရင်းအမြစ်က သိပ္ပံနည်းလမ်းတွေနှင့် ရောဂါရှာလို့ ရမှာ မဟုတ်ဘူး၊ မင်း မြစ်ထဲကို ပြုတ်ပြီး ရေနစ်တုန်းက ရေတွေနှင့်အတူ အဲဒါတွေက မင်းရဲ့ကိုယ်ထဲကို ဝင်လာခဲ့တာပဲ”
“မင်းတို့ ဖိတ်ခေါ်ခဲ့တဲ့ နတ်ဝင်သည်ကတော့ တကယ်ပညာတတ်ကျွမ်းတယ်၊ သူက လူသေရဲ့ အငွေ့အသက်တွေ တော်တော်များများကို လောင်ကျွမ်းပေးလိုက်ပြီး မင်းကို ပြန်လည်ကုသပေးခဲ့တယ်၊
ဒါပေမဲ့ အကုန်အစင် မသန့်စင်နိုင်ခဲ့တဲ့အတွက် တချို့ကတော့ မင်းရဲ့ကိုယ်ထဲမှာ ကျန်နေသေးတယ်၊ ဒါပေမဲ့ ဒီအတိုင်းသာ ဆက်ထားမယ်ဆိုရင် ဘယ်အချိန် ထွက်ပေါ်လာမလဲမသိတဲ့ ဖုံးကွယ်နေတဲ့ အန္တရာယ်လိုမျိုး ဖြစ်နေမှာပဲ”
မောင်နှမ နှစ်ယောက်လုံး၏ အမူအရာများ ပြောင်းလဲသွားသည်။
“လူသေရဲ့ အငွေ့အသက်??”
“ဟုတ်တယ်၊ မင်း ရေနစ်ခဲ့တဲ့ မြစ်ထဲမှာ ရေနစ်သေဖူးတဲ့သူတွေ ရှိတယ်မလား?”
“ရှိပါတယ်……”
တင်ဆက်သူလျို့က ဝင်ရောက် မေးခွန်းထုတ်လိုက်သည်။
“ဒါဆို ပိုင်စစ်အနေနဲ့ ဒီပြဿနာအတွက် အဖြေရှိပါသလား?”
မောင်နှမနှစ်ယောက်၏ မျှော်လင့်တကြီး ကြည့်နေသော မျက်လုံးများအောက်တွင် ပိုင်စစ်က ဖြည်းညင်းစွာ ပြောလာခဲ့သည်။
“ငါ့အနေနဲ့ မင်းရဲ့ကိုယ်ထဲက လူသေရဲ့ အငွေ့အသက် အကြွင်းအကျန်တွေကိုတော့ ဖယ်ပေးလို့ရတယ်၊ဒါပေမဲ့ တခြားကျန်ရှိနေတဲ့အရာတွေတော့ ဘာမှ လုပ်ပေးလို့ မရဘူး”
သူက ရှောင်ချန်ကို အနားသို့ ခေါ်လိုက်ကာ ရှောင်ချန်၏ ရင်ဘတ်မှ မီလီမီတာ အနည်းငယ်အကွာတွင် လေထဲ၌ လက်ကို ဖြန့်ထားကာ ဝမ်းဗိုက်ဆီမှ တဖြည်းဖြည်းရွေ့လိုက်ပြီးနောက် လက်ကို အပေါ်ဘက်သို့ ပြန်တက်လာစေခဲ့သည်။
ရှောင်ချန်တစ်ယောက် ပထမတွင် မည်သည့်အရာကိုမျှ မခံစားရသော်လည်း မကြာလိုက်ခင်အချိန်အတွင်း အစာအိမ်တွင်းမှ ယားကျိကျိဖြစ်လာရသည်။
ပိုင်စစ်၏ လက်ဖဝါးအောက်တွင် ရှိနေသော သူ၏ ကြွက်သားများနှင့် ကိုယ်တွင်းအင်္ဂါများမှာ ကုတ်ခြစ်ခံနေရသကဲ့သို့ ထင်လာရသည်။
ခဏအကြာတွင် ဗိုက်ထဲမှ ပျို့တက်လာပြီးနောက် အန်ချင်စိတ်များက တဖြည်းဖြည်း ပိုဆိုးလာခဲ့သောကြောင့် သူ ပိုင်စစ်၏ လက်ကို တွန်းဖယ်ကာ ပါးစပ်ကို အုပ်၍ အမှိုက်ပုံးရှိရာသို့ ခပ်သွက်သွက် လျှောက်သွားခဲ့သည်။ ထို့နောက် ဆက်တိုက်ဆိုသလိုပင် ထိုးအန်တော့သည်။
ပြိုင်ပွဲကာလအတွင်း သန့်စင်ခန်းမသွားချင်၍ သူ မည်သည့်အရာကိုမျှပင် မစား၊မသောက်ခဲ့ပါသော်လည်း သူ့၏ဝမ်းဗိုက်အတွင်းမှ နံစော်နေသော အညစ်အကြေးများကို ဆက်တိုက်အန်ထုတ်နေခဲ့မိသည်။
ရိုက်ကူးရေးအဖွဲ့မှ ရေနှင့် တစ်သျှူးများကို အလျှင်အမြန် ကမ်းပေးလာခဲ့ပွကာ ပါးစပ်ဆေးရန် ပြောလိုက်ပြီး အမှိုက်ပုံးအား လွှင့်ပစ်ရန် ယူသွားကြလေ၏။
ထိုသို့ယူသွားချိန်တွင် ရှောင်ရှီ သူမ၏ဘေးမှဖြတ်သွားစဥ် မြင်လိုက်ရသည်မှာ မောင်ငယ်ဖြစ်သူ အန်ထုတ်လိုက်သည်များမှာ ရေအကြည်များပင်ဖြစ်သော်ငြား ထိုရေထဲတွင်လှုပ်ရွနေသောအမည်းရောင်အမျှင်များ ပေါလောပေါ်နေခဲ့သည်။
သူမ စိတ်လှုပ်ရှားစွာမေးလိုက်သည်။
“အခု ဘယ်လို ခံစားရလဲ?”
ရှောင်ချန်တစ်ယောက် သူ ကင်မရာရှေ့တွင် အန်လိုက်မိသည်ဖြစ်၍ တစ်နိုင်ငံလုံးက လူများ မြင်နေသည်ကို တွေးမိကာ ရှက်ရွံ့ဝမ်းနည်းသွားသော်လည်း စကားပြောရန် ပါးစပ်ဟလိုက်ချိန်တွင် သူ၏မျက်လုံးများက အရောင်တောက်ပသွားခဲ့သည်။
သူမ လည်ပင်းကို ကိုင်လိုက်ရင်း စိတ်လှုပ်ရှားစွာ ပြောခဲ့လေ၏။
“ကျဲ၊ ကျွန်တော့် လည်ချောင်းတွေ မယားတော့ဘူး!!”
သူ အန်ထုတ်လိုက်သည့် အရာများအကြောင်းကို တွေးမိလျှင် ကြက်သီးပင် ထမိသည်။
သူက ချက်ချင်းဆိုသလို ပိုင်စစ်အား ကျေးဇူးတင်စကား ဆိုလိုက်လေသည်။
“ကျေးဇူးအများကြီးတင်ပါတယ်၊ ပိုင်တောက်ကျန့်!!”
ပိုင်စစ် တိတ်တဆိတ် ခေါင်းကို ရမ်းကာ ရှောင်ချန်အား ပြန်ကြည့်နေသည်။
“မင်းရဲ့ ခန္ဓာကိုယ်ထဲကအရှိန်အဝါက ထူးဆန်းတယ်၊ မင်းက အခု အရမ်းကို အားနည်းနေပြီ”
မသေမျိုးဖြူကောင်ဖြစ်သည့်အလျောက် သူသည်ကား ရောဂါများကို ကုသနိုင်ကာ ငွေကြေးရှာဖွေနိုင်ပြီး လူများ၏ ကောင်းချီးနှင့် ကြွယ်ဝမှုအား ကောင်းစွာအာရုံခံနိုင်သည်။
ရှောင်ချီ၏ ကြွယ်ဝမှုကြမ္မာသည် ယခုကာလတွင် အရမ်းမကောင်းလှချေ။ ‘ထိုအရာ’များ၏ သက်ရောက်မှုကြောင့်လည်း ဖြစ်နိုင်သည်။
သို့သော် ပိုင်စစ်အတွက် ထူးဆန်းနေသည်မှာ ထိုကဲ့သို့သော ကံဆိုးမှုမျိုးမှာ လူအား သေစေနိုင်သည်မဟုတ်ပေ။ သို့သော်လည်း ရှောင်ချန်၏ ကိုယ်ထဲသို့ ဝင်ရောက်လာသော သေသူ၏ အငွေ့အသက်ကတော့ သေစေနိုင်သည်။
ထိုနှစ်ခုမှာ သူ၏ကိုယ်ထဲတွင် အပြန်အလှန် ထိပ်တိုက်တွေ့နေကြသည်။
ပိုင်စစ် ပြောပြီးသည်နှင့် ခေါင်းငြိမ့်ကာ ရိုက်ကူးရေးနေရာမှ ထွက်ခွာသွားသည်။
သူ့နောက်မှ ပြိုင်ပွဲဝင်သည်ကား ရှင်းယိချင်းဖြစ်သည်။
ရှင်းယိချင်းမှာ မီးခိုးရောင် တောက်ကျန့်ဝတ်စုံဝတ်ဆင်ကာ ဓားကို စလွယ်သိုင်းထားခဲ့ပြီး ရှောင်ချန်၏ရှေ့တွင် တည့်မတ်စွာ ရပ်လိုက်ပြီး သူ့ကိုစိုက်ကြည့်လိုက်သည်။
ခေါင်းစ၊ခြေဆုံး ကြည့်လိုက်ပြီးနောက် ရှင်းယိချင်း မျက်မှောင်ကြုတ်လျက်ဆိုလာသည်။
“မင်းက ရေသရဲတစ်ကောင်ရဲ့ အသက်ချုပ်နှောင်ခြင်းကို ခံထားရတာပဲ၊ သူက မင်းကို အစားထိုးလုပ်ချင်နေတာ ၊ မင်းက မကြာသေးခင်က မြစ်နားမှာများ မတော်တဆတစ်ခုခုဖြစ်သေးလား?”
ထိုစကားကြားရပြီးနောက် မောင်နှမ နှစ်ယောက်လည်း သူ့အပေါ်ယုံကြည်သွားကာ ခေါင်းငြိမ့်ပြလာကြသည်။
“ဟုတ်ပါတယ်၊ ကျွန်မတို့ရဲ့ရွာက နတ်ဝင်သည်ကလည်း ရေသရဲကြောင့်လို့ ပြောလိုက်တယ်!!”
သူတို့၏ စကားများအရ ကြည့်ရှုသူများလည်း နောက်ဆုံးတွင် အကြမ်းဖျင်းကို သိရတော့သည်။
လွန်ခဲ့သည့် နှစ်ပတ်ခန့်က ရှောင်ရှီနှင့် ရှောင်ချန်တို့မောင်နှမနှစ်ယောက် မွေးရပ်မြေမြို့သို့ ပြန်ခဲ့ကြသည်။
ထိုနေရာသည်ကား တောင်ကြိုတောင်ကြားတွင်ရှိသော ရွာငယ်လေးဖြစ်လေသည်။
ဝင်ထွက်သွားလာရန်လည်း ခက်ခဲကာ ခေတ်နောက်ကျလွန်းသည့် နေရာလေးဖြစ်သော်ငြား ရှုခင်းများက လှပကာ လေထုသည်လည်း သန့်ရှင်းလွန်းသည်။
အရေးအကြီးဆုံးအချက်မှာ ရွာထဲတွင် ကြည်လင်နေသော မြစ်ငယ်လေးရှိသည်။
မောင်နှမနှစ်ယောက်က ငယ်စဉ်အချိန်တွင် ရွာတွင် နေထိုင်ခဲ့ပြီး မြစ်ထဲမှ ငါးပေါက်လေးများ ဖမ်းလေ့ရှိကြပြီး ၎င်းအချိန်များမှာ ငယ်စဉ်ဘဝ၏ အမှတ်တရများဖြစ်ခဲ့သည်။
သို့နှင့် မွေးရပ်မြေအား ပြန်ရောက်လာပြီးနောက်တွင် စိတ်အပန်းဖြေသည့်အနေနဲ့ မြစ်ထဲတွင် ကျောက်တုံးကောက်၍ ကစားချင်ခဲ့ကြသည်။
ထိုအချိန်တွင် ရှောင်ရှီ၏ ပိုက်ဆံအိတ်မှာ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့သည်။ သူတို့ တစ်လမ်းလုံး ရှာဖွေပါသော်လည်း အစအနရှာမရလောက်အောင် ပျောက်သွားခဲ့လေသည်။
အချိန်က မှောင်ရိပ်သန်းလာပြီဖြစ်သောကြောင့် သူတို့လည်း ရှာဖွေခြင်းကိုရပ်လိုက်ကြကာ အိမ်သို့ပြန်ရန် ပြင်ဆင်လိုက်ကြသည်။
သို့သော် သူတို့ ပြန်တော့မည့်အချိန်မှာပင် အဝေးထဲ ရေထဲတွင် ရင်းနှီးနေသော ပိုက်ဆံအိတ်လေးက ရေပေါ်၌ပေါလောမျောနေသည်ကို သူမ မြင်လိုက်ရသည်။
၎င်းမှ် သူမ ပျောက်ဆုံးသွားသည့် ပိုက်ဆံအိတ်ပင်!!
သူမ၏ အရေးကြီးစသည့်စာရွက်စာတမ်းများနှင့် ဘဏ်ကဒ်များ ပါဝင်သောကြောင့် ထိုပိုက်ဆံအိတ်သာပျောက်ဆုံးသွားခဲ့ပါက အစားထိုးဆောင်ရွက်ရန်အတွက် အလုပ်ရှုပ်လာလိမ့်မည်ဖြစ်ကာ ရှောင်ရှီမှာ တွေးမိရုံနှင့်ပင် စိတ်ညစ်မိသည်။
ထို့ကြောင့် ပိုက်ဆံအိတ်အား မြင်လိုက်ရချိန်တွင် သူမ အပျော်လွန်ကာ ရေထဲသို့ လျှောက်သွားခဲ့သည်။
သူမ ရေစပ်နားသို့ရောက်သွားချိန်တွင် ပိုက်ဆံအိတ်အောက်မှ ပူဖောင်းလေးများ ပလုံစီနေသည်ကို မြင်လိုက်ရသည်။
ရေအောက်မှ လေတိုးမှုကြောင့် ပိုက်ဆံအိတ်လေး ရေပေါ်တွင် ပေါလောပေါ်နေသယောင်ပင်။
ထိုအချိန်က သူမ၏ စိတ်ထဲတွင် တစ်ခုခုတော့ လွဲမှားနေကြောင်း တွေးလိုက်မိသည်။
သားရေပိုက်ဆံအိတ်ဆိုတာက ရေထဲကိုပြုတ်ကျမယ်ဆိုရင် ရေအောက်ထဲကို မြှုပ်သွားရမှာ မဟုတ်ဘူးလား?
ဘာလို့ ရေပေါ်မှာ ပေါ်နေရတာလဲ?
သူမ စိတ်ကို ပြန်ထိန်းကာ ကြည့်လိုက်ချိန်တွင် ပထမဆုံး မြင်လိုက်ရစဉ်က ရေစပ်နားတွင် ရှိနေသော ပိုက်ဆံအိတ်သည် တဖြည်းဖြည်း ရေနက်ပိုင်းဘက်သို့ ရွေ့သွားသည်ကို သတိပြုမိခဲ့ရသည်။ ပိုက်ဆံအိတ်ကို ပြန်ယူရန်အတွက် သူမ မသိလိုက်ခင်မှာပင် ရေနက်ထဲသို့ လျှောက်လာမိခဲ့ပြီဖြစ်သည်။
ထိုသို့ သတိထားလိုက်မိချိန်တွင် ရေမှာ သူမ၏ ခါးလယ်ခန့်သို့ပင် ရောက်နေခဲ့ပြီ။
ရှောင်ရှီလည်း အနည်းငယ်ကြောက်ရွံ့သွားကာ မြစ်ကမ်းစပ်သို့ ပြန်သွားရန် ခြေထောက်အား ကြွလိုက်ချိန်တွင် သူမ၏ ခြေထောက်မှာ တစ်စုံတခုနှင့် ငြိနေကြောင်းကို သိလိုက်ရသည်။ သူမမည်သို့ ရုန်းစေကာမူ လှုပ်၍ မရတော့ပေ။
သူမ ကြောက်လန့်စွာ အော်ဟစ်လိုက်ချိန်တွင် တစ်ချိန်လုံး သူမအား ရေတိမ်ပိုင်းသို့ ပြန်လာရန် အော်ပြောနေခဲ့သည့် မောင်ငယ်သည်လည်း စိတ်ပူပန်စွာဖြင့် ချက်ချင်း ပြေးလာခဲ့သည်။
ရှောင်ချန်က ရေထဲသို့ ဆင်းလာပြီးနောက် အသက်အောင့်လျက် ရေငုပ်လိုက်ကာ အစ်မဖြစ်သူ၏ ခြေထောက်တွင် ငြိနေသော အမှိုက်သရိုက်များနှင့် အပင်များအား ဖယ်ရှားလိုက်သည်။
ထိုအချိန်တွင် သိပ်ပြီး အားမစိုက်လိုက်ရပေ။
မမျှော်လင့်ထားစွာပင် သူတို့နှစ်ဦး ရေစပ်နားသို့ ရောက်ခါနီးတွင် ရှောင်ချန်၏ ခန္ဓာကိုယ်မှာ ရေထဲသို့ လဲကျသွားခဲ့လေသည်။
သူလည်း ရုတ်တရက်အခြေအနေတွင် ထိတ်လန့်သွားခဲ့ရပြီး မြစ်ရေအေးများမှာ သူ၏ အဆုတ်နှင့် အစာအိမ်ထဲသို့ ဝင်ရောက်သွားခဲ့လေသည်။
ရှောင်ချန်:
“အဲဒီအချိန်တုန်းက ကျွန်တော့်ရဲ့ခြေထောက်တွေကို တစ်ယောက်ယောက်က ဆွဲထားသလိုပဲ၊ အားသန်လွန်းလို့ ဘယ်လိုမှကို ရုန်းလို့မရခဲ့ဘူး၊ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကို ရေထဲရောက်ရအောင် ဆွဲချသွားသလိုမျိုး ခံစားလိုက်ရတယ်…”
ထိုအချိန်တွင် ရှောင်ချန်မှာ အသက်ရှူကြပ်နေခဲ့ကာ နှာခေါင်းနှင့် အဆုတ်ထဲတွင်လည်း ရေများ ဝင်ရောက်ကည မွန်းနေခဲ့ရပြီး ဆက်တိုက် ရုန်းကန်နေခဲ့မိသည်။
ရှောင်ရှီလည်း မောင်ငယ်၏ လက်နှင့် ကော်လံအား အတင်းဆွဲထားခဲ့ကာ လွှတ်မပေးရဲခဲ့ချေ။
သူမက ဆက်တိုက်အော်ဟစ်ကာ အကူအညီတောင်းနေခဲ့သောကြောင့် နောက်ဆုံးတွင် အနီးအနားမှ ရွာသားများ ကြားသွားခဲ့ပြီး သူတို့ထံသို့ ရောက်လာခဲ့ကြသည်။
နောက်ဆုံးတွင် အားကောင်းမောင်းသန် လူကြီးများ အတူတကွ ရေထဲသို့ဆင်းကာ ရှောင်ချန်အား ဆွဲထုတ်ခဲ့ရသည်။
ရှောင်ချန် ဖြူဖျော့သော မျက်နှာဖြင့် ဆက်ပြောခဲ့သည်။
“ကျွန်တော် ကမ်းစပ်ကိုလည်း ရောက်ရော၊ အရမ်းကိုအေးစိမ့်လာခဲ့တယ်၊ ဘောင်းဘီကို မ,ကြည့်လိုက်တော့ ခြေကျင်းဝတ်နှစ်ဖက်လုံးမှာ ခရမ်းပြာရောင်တောင် ဖြစ်နေတဲ့ အကွက်တွေကို တွေ့လိုက်ရတယ်၊
အဲ့တာက လူလက်နဲ့ ကုတ်ခြစ်ထားသလိုမျိုးပဲ ! နောက်တော့ ညဘက်မှာ အပြင်းဖျားပြီး အဆုတ်အအေးပတ်တော့မလို ဖြစ်ခဲ့တာ..”
သူက ပြောနေဆဲမှာပင် သူ၏ ဘောင်းဘီစအား ဆွဲတင်ပြလာသောကြောင့် ကြည့်ရှုသူပရိသတ်များနှင့်၊ ဝန်ထမ်းများပါလျှင် သူ့ခြေကျင်းဝတ်မှ အညိုအမည်းစွဲနေသည်ကို မြင်တွေ့လိုက်ရသည်။
နှစ်ပတ်ကြာပြီးဖြစ်သော်လည်း မပျောက်သွားသေးပေ။
ထိုအချိန်တွင် ပရိုဂရမ်အဖွဲ့မှ တိုက်ရိုက်ထုတ်လွှင့်ခန်းသို့ ဓာတ်ပုံအနည်းငယ် တင်ပေးလိုက်သည်။
တင်ဆက်သူလျို့ကလည်း အချိန်ကိုက်ဝင်ပြောခဲ့သည်။
“ ပရိသတ်ကြီးတို့ အခုမြင်နေရတဲ့ ပုံတွေကတော့ အကူအညီတောင်းခံသူတွေ ရိုက်ကူးထားတဲ့ ပုံတွိဖြစ်ပါတယ်။း၊ ပရိုဂရမ်အဖွဲ့လည်း ဒါတွေကို မြင်တော့ အတော်လေး လန့်သွားခဲ့ရတယ်”
ဓာတ်ပုံထဲမှ လက်ချောင်းရာများက သိသာထင်ရှားလွန်းကာ ယခုပုံထက် ပို၍ ပြင်းထန်ကြောင်း မြင်တွေ့လိုက်ရသည်။ ရှောင်ချန်၏အရေပြားပေါ်တွင် ထိုသို့ အညိုအမည်းများစွဲထင်နေသည်ကိုကြည့်၍ ထိုအချိန်က မည်ကဲ့သို့သော အားအင်မျိုးဖြင့် ဆွဲထားကြောင်းကို သိသာထင်ရှားစွာ တွေးတောနိုင်သည်။
ရှင်းယိချင်း ပုံကို ကြည့်၍ ပြောလိုက်သည်။
“ရေသရဲဆိုတာက ရေထဲမှာ ရုတ်တရက် သေဆုံးသွားပြီး နောက်ဘဝကို ပြန်ဝင်စားဖို့ သွားခွင့်မရတဲ့လူမျိုးတွေက ဖြစ်လာတာပဲ၊ သူတို့က လူစားထိုးရှာပြီး၊ အဲဒီလူကို ရေနှစ်သတ်ပြီးမှ သူတို့ကတော့ ပြန်လည်ဝင်စားဖို့သွားနိုင်ကြတယ်၊
မင်းမြင်လိုက်တဲ့ ပိုက်ဆံအိတ် ရေပေါ်မှာ ပေါ်နေတယ်ဆိုတာကလည်း သာမန်မဟုတ်ဘူး၊ အဲဒါက ငါတို့ဂိုဏ်းတွေမှာဆိုရင် ‘ရေသရဲရဲ့ ချိန်ခွင်’ လို့ခေါ်တယ်”
ရှေးပုံပြင်များတွင် လူအချို့က ကမ်းဘေးတွင် လမ်းလျှောက်သွားနေစဥ် ရေပေါ်တွင် တစ်စုံတစ်ခုပေါ်နေသည်ကို မြင်ရတတ်သည်။
ထို ‘တစ်စုံတစ်ခု’သည်ကား ရေသရဲများမှ ကမ်းစပ်မှ လူများအား ငြို့ယူရန် အသုံးပြုသည့် ပစ္စည်းများပင်ဖြစ်ပေသည်။
ရှင်းယိချင်း:
“မင်းရဲ့ ပိုက်ဆံအိတ်က ရေပေါ်မှာ ပေါ်လာတယ်၊ အဲဒါက ဘာလို့လဲဆိုတော့ ရေသရဲက သူ့နေရာမှာ အစားထိုးဖို့အတွက် မင်းကို ရွေးလိုက်တာကြောင့် မင်းက အငြို့ခံလိုက်ရတာပဲ၊ အဲဒီအချိန်မှာ မင်းရဲ့ မောင်လေးက မင်းကို ပြေးလာပြီး ကယ်သွားတယ်လေ၊
ဒါက ရေသရဲရဲ့ အကြံအစည်ကို ဖျက်ပစ်လိုက်တာနဲ့ အတူတူပဲ၊ သူ့ရဲ့ အစားထိုးခံကို ယူသွားတာဆိုတော့ သူက မောင်ဖြစ်သူကို သေချာပေါက် မုန်းမှာပဲလေ”
“အခု ရေသရဲက မင်းရဲ့ မောင်လေးကို အစားထိုးခံအဖြစ်ရွေးထားရုံတင်မက၊ သူ့ရဲ့ အမုန်းတရားကလည်း အဆပေါင်းများစွာ ပိုပြီးများသွားခဲ့ပြီ”
*