ရေသရဲကို ဖယ်ရှားခြင်း (1)
Vol. 11 Ch. 105
ရှင်းယိချင်း၏ တိကျသော အဖြေအား ကြားရပြီးသည့်နောက်တွင် သူမ၏ မောင်ငယ်မှာ သူမအတွက်နှင့် ရေသရဲ၏ ချုပ်ကိုင်ခြင်းကို ခံထားရကြောင်း သိလိုက်ရသောကြောင့် ရှောင်ရှီတစ်ယောက် ကိုယ့်ကိုယ်ကိုယ် ပို၍ပင် အပြစ်တင်လာတော့သည်။
ရှောင်ချန် သူမ၏ ခေါင်းအား အသာပွတ်သပ်ပေးရင်း ချော့မော့နေခဲ့သည်။
“ကျဲ၊ ထပ်ပြီးငိုနေပြန်ပြီလား? ကျွန်တော် အဆင်ပြေပါတယ်လို့ပြောထားတယ်လေ၊ အခု ကျွန်တော်တို့တွေ ဒီအစီအစဉ်မှာတောင် ပါနေပြီပဲကို၊ ဒီမှာရှိတဲ့ ဆရာသခင်တွေ အများကြီးက သေချာပေါက် ဒီမကောင်းဆိုးရွားကို ဖယ်ရှားလိုက်နိုင်မှာပါ!”
ရှောင်ရှီ အငိုတိတ်သွားပြီးနောက် ဆက်ပြောလာခဲ့သည်။
“ကျွန်မရဲ့ မောင်လေးနဲ့ ကျွန်မတို့က ရွာကိုမပြန်ဖြစ်တာ နှစ်တွေ အတော်ကြာနေပါပြီ၊ ကျွမ်မတို့တွေ ရွာထဲက လူတွေကိုလဲ သိပ်ပြီးမသိတော့ဘူး၊
ကျွန်မတို့ မြစ်ဘက်ကို မသွားခင်တုန်းက ဒီလိုအကြောင်းအရာတွေကိုလည်း ဘာတစ်ခုမှ မကြားခဲ့ရတော့ ဒါမျိုးနဲ့တွေ့လိမ့်မယ်လို့ ထင်မထားဘူး! ရွာမှာရှိတဲ့ မြစ်ထဲမှာ အခုလိုကပ်ဆိုးရှိနေမှန်းကို ကျွန်မတို့ ဘယ်လိုလုပ်သိနေခဲ့မှာလဲ?”
သူတို့မောင်နှမနှစ်ယောက် ရွာထဲမှ ထွက်သွားပြီးချိန်တွင် ရွာထဲမှ လူတစ်ယောက် မြစ်ထဲတွင် ရေနစ်ကာသေဆုံးသွားခဲ့သည်။
၎င်းမှာ သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးဖြစ်လေ၏။
ထိုလူသည်ကား ရွာထဲတွင် နာမည်ကြီးသည့် လူဆိုးလူမိုက်တစ်ယောက်သာဖြစ်ပေသည်။
ထိုသူမှာ အရက်သောက်၊ ဖဲရိုက် လောင်းကစားလုပ်ခြင်းနှင့် လူမှုရေးကို နားမလည်သည့်နေရာတွင် တစ်ဖက်ကမ်းသို့ရောက်သည်အထိ ဆိုးရွားသည့်သူဖြစ်ခဲ့သည်။
အရက်မူးလာလျှင် မိန်းမနှင့် ကလေးများကိုလည်း ရိုက်နှက်တတာကာ ရွာထဲမှ အမျိုးသမီးများကိုလည်း ထိကပါး၊ရိကပါး ပြောဆိုစော်ကားတတ်သေးသည်။
တစ်ညတွင် မိသားစုများမှ တားမြစ်နေသော်လည်း ထိုသူမှာ တခြားရွာမှ သူငယ်ချင်းများအိမ်သို့ အရက်သောက်ရန် ထွက်သွားခဲ့သည်။
မူးလာပြီးနောက် ဖြတ်လမ်းမှ ပြန်လာကာ မြစ်ကမ်းစပ်ဘေးဘောင်ပေါ်မှ လမ်းလျှောက်လာခဲ့သည်။
လမ်းတစ်ဝက်သို့ရောက်ချိန်တွင် မိုးများရွာချလာခဲ့သောကြောင့် မြစ်ကမ်းဘေးမှ ရွံ့များက ကပ်စေးကာ ချော်လာခဲ့ပြီးနောက် ပတ်ဝန်းကျင်သည်လည်း မှောင်မှိုင်းအုံ့ဆိုင်းနေခဲ့သည်။
ရလဒ်သည်ကား မည်သို့ဖြစ်မည်နည်း? ထိုသူမှာ ရွံ့မြေတွင် ချော်လဲကာ မြေပေါ်တွင် တစ်ပိုင်းတစ်စပေါ်နေသော ကျောက်တုံးတစ်တုံးနှင့် ခလုပ်တိုက်မိခဲ့ပြီးနောက် မြစ်ကမ်းပါးမှ အောက်သို့ပြုတ်ကျသွားခဲ့တော့သည်။
ကမ်းပါးယံအောက်ဘက်တွင် သူ၏ ဦးခေါင်းက ချွန်ထက်သော ကျောက်တုံးနှင့် ရိုက်မိသွားခဲ့သည်။သန်းခေါင်ယံညလယ်တွင် မိုးများ သည်းထန်စွာ ရွာသွန်းနေခဲ့ပြီး မြစ်ရေလည်း တက်လာခဲ့သည်။
သို့နှင့် မြင့်တက်လာသော မြစ်ရေစီးကြောင်းမှာ ထိုလူ၏ ရုပ်အလောင်းအား မြစ်ထဲသို့ ပြန်ဆွဲချသွားခဲ့လေသည်။
ထိုလူ မည်သည့်အချိန်တွင် သေဆုံးသွားကြောင်းကို မည်သူမျှပင် မသိလိုက်ကြပေ။
အိမ်အပြင်တွင်သာ အမြဲတစေ လျှောက်သွားနေတတ်ကာ ဖဲရိုက်၊ အရက်သောက်၍ တစ်ခါတစ်ရံ မြို့ပေါ်သို့ပင် အပျော်ကြူးရန် တက်သွားတတ်သောကြောင့် သူ (၃)ရက်၊(၄)ရက်ခန့် ပျောက်နေတတ်သည်မှာ အိမ်သားများအတွက်တော့ ပုံမှန်ပင်ဖြစ်နေခဲ့သည်။
မိသားစုကလည်း လိုက်၍ မရှာရဲကြပါချေ။ လိုက်ရှာခဲ့ပါလျှင် ဆူပူဆဲဆိုခံရကာ အရိုက်ခံရသည်ဖြစ်သောကြောင့် မည်သူကမှ သူ့အား လိုက်မရှာခဲ့ကြ။
ပျောက်ဆုံးသွားပြီး (၅)ရက်၊(၆)ရက်ခမ့်ကြာပြီးမှ မိသားစုများလည်း ထူးဆန်းနေသည်ဟုထင်ခဲ့ကာ ထိုသူ၏ သူငယ်ချင်းများထံသို့ ဆက်သွယ်ခဲ့သည်။
ထိုအခါမှသာလျှင် အရက်သမားသည်ကား သူတို့နှင့် အတူမရှိနေဘဲ လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက အိမ်သို့ပြန်သွားကြောင်း သိခဲ့ရသည်။
မိသားစုဝင်များလည်း ရွာမှ လူများကို အကူအညီတောင်းကာ လူပျောက်ရှာဖို့ထွက်ခဲ့ကြပြီးနောက် လူနေသည့်ရွာများနှင့်ဝေးကွာနေသည့် မြစ်၏ တခြားတစ်ဖက်ကမ်းတွင် သူ၏ အလောင်းအား ရှာတွေ့ခဲ့သည်။
တစ်ပတ်ခန့် ရေစိမ်ထားသကဲ့သို့ ဖြစ်နေသည့် သူ၏ ခန္ဓာကိုယ်သည်ကား ကမ်းစပ်နားမှ ရေတိမ်တွင် ပေါလောပေါ်နေခဲ့ပြီး ရှာတွေ့ခဲ့ချိန်တွင် ရောင်ရမ်းပုတ်ပွကာ လူရုပ်ပင် မပေါ်တော့ပေ။
ရေ၏အပေါ်ဘက်ကို တစ်ဝက်တစ်ပျက်ရောက်နေသော အပိုင်းသည်ကား မြွေများ၊ ပိုးကောင်များ အပြည့်ဖြစ်နေပြီး ရေအောက်တွင် မြှုပ်နေသော အပိုင်းမှာလည်း ငါးနှင့် အခြားသတ္တဝါများက ကိုက်ဖြတ်စားထားကြသည်။
ထိုမြင်ကွင်းအား မြင်ရပြီးနောက် ရွာသားများမှာ အလောင်းဆယ်ရန်အတွက် အနားသို့ပင် မကပ်ရဲခဲ့ကြပေ။
အရက်သမား၏ မိသားစုဝင်များမှာ သတ္တိရှိသည့် ရွာသားတစ်ယောက်အား ယွမ်၁၀၀၀ ပေးကာ အလောင်းကို ဆယ်ခိုင်းခဲ့ရသည်။
ထိုသတ္တိရှိသောရွာသားသည်လည်း အရက်သမား၏ အလောင်းအား ဆယ်ပြီးနောက် ကျန်းမာရေးချို့တဲ့ကာ ကံဆိုးနေခဲ့သည်။
ထိုသူမှာ ဆရာဝန်နှင့် အမျိုးသမီးနတ်ဝင်သည်တို့ဖြင့် ပြန်လည် ကုသလိုက်ရပြီး သူ ယွမ် (၈၀၀)ပင် ကုန်ကျသွားခဲ့သောကြောင့် နောင်တရ၍ မဆုံးဖြစ်နေခဲ့သည်။
ထို့နောက် ရွာမှ ကလေးများမှာ ရေစပ်တွင် ကစားနေချိန်တွင် အရုပ်နှင့် ဘောလုံးများ ရေပေါ်ပေါ်နေသည်ကို မကြာခဏ မြင်လာရတတ်သည်။
တချို့ကလေးများမှာလည်း ခရုခွံများကောက်ရင်း ချော်လဲကာ ရေထဲသို့ ပြုတ်ကျတတ်သေးသည်။
တဖြည်းဖြည်းနှင့် ရွာထဲမှလူများက ရေထဲတွင်ရှိနေသည့် တစ်စုံတစ်ခုသည် လှည့်ကွက်များ သုံးကာ လူအများအား ထိခိုက်စေရန် ကြံစည်နေခဲ့သည်ဟု တွေတောလာခဲ့ကြသည်။
အချိန်အတော်ကြာပြီးချိန်တွင် ထိုရေ၏အရောင်များပင် ပြောင်းလဲသွားခဲ့သောကြောင့် ရွာထဲမှမိသားစုတိုင်းက ကလေးများအား ရေစပ်သို့ မသွားခိုင်းရဲကြတော့ချေ။
နောက်ဆုံးတွင် ပြဿနာကို ဖြေရှင်းပေးခဲ့သည်မှာ ရွာမှ နတ်ဝင်သည်ပင်ဖြစ်ခဲ့သည်။
“အဲ ဒီလူက မသေခင်ကတောင် ဒေါသကြီးပြီး ရက်စက်ကြမ်းတမ်းတဲ့သူလေ၊ သူက ရေထဲမှာ အငြိုးအတေးတွေ အများကြီးနဲ့ သေခဲ့ရပြီး ရွာကလူတွေပေါ်မှာလည်း အကြင်နာတစ်ရားတစ်စက်မှ မရှိဘူး၊ ဒီတော့ ရွာသားတစ်ယောက်လောက်ကို ညို့ခေါ်ပြီး လူစားလဲချင်နေတာ၊
အားနည်းတဲ့ ကလေးတွေကတော့ အသတ်ခံနိုင်ရချေများတယ်၊ ဒီတော့ မင်းတို့ ရေထဲကို ဆင်းတော့မယ်ဆိုရင် ခြေထောက်မှာ ‘အသက်ချုပ်ကြိုး’ကို သေချာပေါက် ဝတ်ထားရမယ်”
‘အသက်ချုပ်ကြိုး’ဆိုသည်မှာ အနီရောင်ကြိုးတစ်ချောင်းသာဖြစ်ချေသည်။ နတ်ဝင်သည်၏စကားအရ ထိုကြိုးသည်ကား ရေသရဲများ၏ အသက်ချုပ်ခြင်းမှ ကာကွယ်ပေးနိုင်သည်။
အနီရောင်ကြိုးတစ်ချောင်းအား လက်၊ခြေထောက်၊ ခါးတစ်နေရာရာတွင် ချည်နှောင်ထားပါက ရေသရဲကပ်ခြင်းမှ ကာကွယ်တားဆီးပေးနိုင်သည်။
ရွာာသားများလည်း နတ်ဝင်သည်၏ စကားအတိုင်း တသဝေမတိမ်း လိုက်နာဆောင်ရွက်ကြပြီးနောက် ကလေးများမှာ ထပ်မံ၍ ရေထဲသို့ပြုတ်ကျခြင်း မဖြစ်ကြတော့ပေ။
အိမ်တိုင်းအိမ်တိုင်း အနီရောင်ကြိုးလေးများအား မချွတ်တမ်း ဝတ်ဆင်ထားကြသည်။
ရွာထဲတွင် ကလေးငယ်တစ်ယောက်မွေးတိုင်း မိသားစုဝင်များမှ ကလေးငယ်အား အနီရောင်ကြိုးလေး ဝတ်ဆင်ပေးလာခဲ့တတ်ကြသည်။
ရွာထဲမှ ကလေးများကတော့ ရေထဲတွင် ရေသရဲ ရှိသည်ဟု ကြားဖူးကြသော်လည်း ငယ်ရွယ်၍ အကြောက်အလန့်မဲ့ကြသည်။
‘ရေသရဲ’နှင့် တွေ့လျှင် ထွက်မပြေးကြသည့်အပြင် ဆဲဆိုကာ မြစ်ကမ်းပါးပေါ်မှတဆင့် ရေသရဲအား တံထွေးဖြင့် ထွေးခဲ့တတ်ကြသည်။
ထိုစကားအား ကြားရပြီးနောက် ရှင်းယိချင်းက ဆိုသည်။
“မင်းရဲ့စကားအရဆိုရင် ရေသရဲက မသေခင်ကလည်း မကောင်းမှုတွေ ကျူးလွန်ခဲ့တယ်၊ သေပြီးတော့လည်း အညိုးကြီးသရဲဖြစ်လာပြန်တယ်၊
ဒါ့အပြင် သူက ရွာသားတွေကိုလည်း သေအောင် ညှို့ခေါ်ခဲ့ချိန်မှာ ခေါ်လို့က မရတဲ့အပြင် အရှက်တောင် ခွဲခံလိုက်ရသေးတယ်၊
ဒီတော့ သေချာပေါက် သူ့ရင်ထဲက အမုန်းတရားတွေက ပိုပိုတိုးလာတော့မှာပေါ့၊ ဒီလိုအချိန်မျိုးမှာမှ ရေထဲက အန္တရာယ်တွေအကြောင်းကို ဘာမှ မသိတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရတယ်လေ၊ ဒါမျိုးအခွင့်အရေးကိုမှ မင်းရဲ့မောင်က ဖျက်ဆီးလိုက်တာဆိုတော့ သူ့ကို မမုန်းတီးမှပဲ ထူးဆန်းလိမ့်မယ်”
“မင်း ညဘက်တွေမှာဆိုရင် ကောင်းကောင်း အိပ်မပျော်တာ၊ ချွေးထွက်တာတွေနဲ့ အားနည်းတာမျိုးတွေ ဖြစ်သေးလား?”
ရှောင်ချန် ဆက်တိုက် ခေါင်းငြိမ့်ပြခဲ့သည်။
“ဟုတ်ပါတယ်၊ ကျွန်တော် ရွာထဲက ထွက်လာပြီးကတည်းက ညတိုင်း အိပ်မက်ဆိုးတွေ မက်ပြီး ချွေးစေးတွေ ပြန်နေတတ်တယ်၊ တစ်ကိုယ်လုံးလည်း စေးထိုင်းနေတာပဲ၊ ပြီးတော့ အိပ်မက်ထဲမှာ အမြဲတမ်း တစ်ယောက်ယောက်က စောင့်ကြည့်နေသလိုဖြစ်နေခဲ့တယ်…”
“ဟုတ်မှာပဲ၊ မင်းက ရေသရဲရဲ့ ချိန်ခွင်ကို ထိလိုက်မိတာကြောင့် သူက မင်းကိုယ်ပေါ်မှာ အမှတ်အသားချန်ရစ်ခဲ့လိမ့်မယ်၊ အဲဒီအမှတ်အသားနဲ့ မင်းရဲ့ခြေကျင်းဝတ်က လက်ရာတွေကြောင့် သူက ရေထဲကနေ တွားတက်လာနိုင်ပြီး မင်းရဲ့နောက်ကို လိုက်လာခဲ့တာပဲ”
“အခုတော့ မင်းရဲ့ဘေးမှာ သူမရှိဘူး၊ဘကြည့်ရတာ သူက မင်း အကူအညီတောင်းဖို့ လာမှန်းကိုသိပုံရပြီး တစ်နေရာကို ခဏထွက်ပြေးသွားတာပဲ”
ရှောင်ရှီ ချက်ချင်းမေးမြန်းလိုက်သည်။
“ဒါဆို ကျွန်မတို့ ဘာလုပ်ရမလဲ ရှင်းတောက်ကျန့်၊ သူနဲ့ ညှိနှိုင်းပြီး စက္ကူမီးရှို့တာမျိုး ဘာတွေများ လုပ်ပေးရမှာလားဟင်?”
ရှင်းယိချင်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“သေချာပေါက် မလိုအပ်ဘူးပေါ့၊ လူတွေကို ဒုက္ခပေးတာက စည်းမျဉ်းကို ချိုးဖောက်တာနဲ့ တူတူပဲ၊ မင်းနဲ့ အဲ့မကောင်းဆိုးဝါးကြားက ဆက်သွယ်မှုကို ဖြတ်တောက်ပေးမယ်၊ နောက်ဆို သူနှောင့်ယှက်တာ ခံရမှာ မဟုတ်တော့ဘူး”
“ဒါတောင်မှ မင်းတို့နှစ်ယောက်ကို ဆက်ပြီးနှောင့်ယှက်နေမယ်၊ နယ်ဘက်က အခြားသူတွေကို ဒုက္ခပေးနေဦးမယ်ဆိုရင်တော့ ငါကိုယ်တိုင် သူ့ကို နှင်ပစ်မယ်!!”
ရှင်းယိချင်းက ပြောပြီးသည်နှင့် သူ၏ လက်စွဲတော်ဓားကို လက်ပြန်ဆွဲထုတ်လိုက်ကာ အင်္ကျီလက်ထဲမှ အဆောင်ကျမ်းစာရွက် နှစ်ရွက်ကို ထုတ်ယူလိုက်သည်။
ထို့နောက် ‘နတ်ဆိုးနှိမ်နင်းခြင်းမန္တာန်’အား စတင်ရွတ်ဖတ်တော့သည်။
“ကပ်ဘေးများနှင့် နောင်တများအား ဖယ်ရှားရှင်းလင်းသင့်သည်၊ ကပ်ဆိုးများနှင့် ကံဆိုးမှုများအား သန့်စင်ကာ ရက်စက်ယုတ်မာ ကြမ်းကြုတ်သော သရဲများအား ဖမ်းဆီးမည်၊ ကောင်းမှုလိုက်စားသူက အသက်ရှင်ကာ ကောင်းမှုဆန့်ကျင်သူများက သေစေရမည်..”
သူ့၏အသံက တဖြည်းဖြည်း ကျယ်လာပြီးနောက် အဝါရောင် ကျမ်းစာရွက် နှစ်ရွက်အား လေထဲသို့ ပစ်လိုက်ကာ လက်ထဲမှ ဓားအား လှည့်၍ အဝါရောင်ကျမ်းစာရွက်အား ဓားထိပ်ချွန်ဖြင့် ထိုးဖောက်လိုက်လေ၏။ ဓား၏ထိပ်ဖျားမှာ ရှောင်ချန်၏ မျက်နှာတည့်တည့်ဆီသို့ ချိန်ရွယ်နေခဲ့သည်။
**