← Chapters

  အခေါင်းတလားပတ်လည်တွင် ပန်းကျဲခြင်း (2)

Vol. 11 Ch. 108

  အခေါင်းတလားပတ်လည်တွင် ပန်းကျဲခြင်း (2)

Vol. 11 Ch. 108

ရှောင်ချန်တစ်ယောက် အတိတ်ဟောင်းများအား ပြန်လည်အမှတ်ရလာခဲ့ရပြီး ငယ်စဉ်က ခံစားခဲ့ရသည့် အဖြစ်များအား ပြန်လည်အောက်မေ့ရင်း ဒေါသကြီးစွာ အော်ဟစ်လိုက်သည်။

“အဲလိုလူတွေကို ဆွေမျိုးတွေလို့ခေါ်ရမှာလား? ကျွန်တော်တို့ရဲ့ မိဘတွေ ဆုံးသွားပြီးတဲ့နောက် သူတို့တွေ ကျွန်တော်တို့ကို ဘယ်လို ဆက်ဆံခဲ့လဲ? ကျွန်တော်တို့အတွက် ဘာတွေများလုပ်ပေးခဲ့လို့လဲ? သူတို့တွေက ကျွန်တော်တို့ရဲ့မိဘတွေ သေပြီးတဲ့နောက်မှာ နောက်ကျောကနေ ဓားနဲ့ထိုးရမှာကိုရော၊ ကလဲ့စားချေခံရမှာကိုရော ဘာကိုမှ ကြောက်တဲ့သူတွေ မဟုတ်ဘူး၊ ကျွန်တော်က ဘာကို ကြောက်နေရမှာလဲ!?”

ထိုစကားများက သူ အသုဘအခမ်းအနားတွင် အမှန်ကတယ်ပင်တစ်ခုခုလုပ်ခဲ့ကြောင်း သွယ်ဝိုက်၍ ဝန်ခံလိုက်ခြင်းပင်ဖြစ်ပေသည်။

“နင်!”

ရှောင်ရှီ၏ မျက်လုံးများက ဒေါသကြောင့် ပြူးကျယ်သွားရကာ မောင်ဖြစ်သူ၏ ပုခုံးအား နှစ်ချက်ရိုက်လိုက်သည်။

“ငါတို့အရင်က ပြောထားတယ်မဟုတ်ဘူးလား? နောက်ဆိုရင် သူတို့နဲ့ ဘယ်တော့မှ မဆက်သွယ်တော့ဘူး ဒီတစ်ကြိမ်ကိုသည်းခံပေးလို့ ပြောထားတယ်လေ၊ ဘာလို့ စကားကို နားမထောင်ရတာလဲ!?”

“ငါ့ကို နင့်ရဲ့အစ်မလို့ သတ်မှတ်သေးတယ်ဆိုရင် နင်ဘာတွေလုပ်ခဲ့တာလဲဆိုတာကို မှန်မှန်ပြောစမ်းပါ၊ နင် အခု မပြောရင် နင်က ငါ့ရဲ့မောင်မဟုတ်တော့ဘူးလို့ သတ်မှတ်လိုက်မယ်!”

သူ၏ တစ်ယောက်တည်းသော မိသားစုဝင်ဖြစ်သည့် အစ်မဖြစ်သူ ဒေါသထွက်နေသည်ကို မြင်ရသော် ရှောင်ချန်လည်း အနည်းငယ် စိတ်ပူပန်သွားသည်။

“ပြောပါ့မယ်၊ ဟုတ်ပြီလား? ကျဲ အဲလောက်ထိလည်း ဒေါသထွက်ဖို့မလိုပါဘူး”

သူခေတ္တတွေဝေကာ ကင်မရာကို ကြည့်လိုက်ရင်း အံကိုကြိတ်၍ ပြောလိုက်သည်။

“ကျွန်တော်လုပ်ခဲ့တာက မလုပ်သင့်ဘူးဆိုတာကို သိပါတယ်၊ ဒီအစီအစဉ်လွှင့်တာပြီးတာနဲ့ ကြည့်ရှုနေကြတဲ့အင်တာနက်သုံးစွဲသူတွေက  ကျွန်တော်ရဲ့ဝန်ခံစကားကြောင့် ဆူပူကြိမ်းမောင်း ဆဲဆိုကြမယ်ဆိုတာကို သိတယ်၊

ဒါပေမယ့် ဒီနေ့ တော့အဲဒီလူတွေရဲ့ မျက်နှာဖုံးကို ခွာချပြီး တစ်နိုင်ငံလုံးကလူတွေ သူတို့ကို  သိုးရေခြုံထားတဲ့ဝံပုလွေတွေ ဆိုတာကို သိအောင် အကုန်ဖော်ထုတ်ပစ်ရလိမ့်မယ်!!”

ရှောင်ချန်၏ နှုတ်မှ သူတို့မောင်နှမ၏ ငယ်စဉ်ကလေးဘဝအကြောင်းကို လူတိုင်း ခရေစေ့တွင်းကျ သိလိုက်ကြရသည်။

သူတို့မိသားစုမှာ တစ်အိမ်တည်းတွင် မိသားစု လေးခု နေထိုင်နေခဲ့ကြသည်။

သူတို့၏ ဖခင်ဖြစ်သူတွင် မွေးချင်းငါးယောက်ရှိကာ ညီငယ်သုံးယောက်နှင့် ညီမငယ်တစ်ယောက်ရှိသည်။

ထိုငါးယောက်ထဲမှ ဖခင်ဖြစ်သူတစ်ဦးသာလျှင် ရွာမှထွက်၍ မြို့တွင် အခြေချခဲ့သည်။ ထိုအချိန်တွင် သူတို့မိသားစု၏ အခြေအနေမှာအကောင်းဆုံးဖြစ်ခဲ့သည်။

ပုံမှန်ကဲ့သို့ပင် ဆွေမျိုးများမှ သူတို့၏ မောင်နှမနှစ်ဦးအား နှစ်သစ်ကူးပိတ်ရက်တွင် ကူထိန်းပေးလေ့ရှိသည်။ မိခင်ဖြစ်သူမှာ ထိုဆွေမျိုးများအား သိပ်၍ မနှစ်သက်သော်လည်း အဆက်အသွယ်တော့ မဖြတ်ခဲ့ပေ။

သူတို့၏ အဘိုးအဘွားများတွင် အဘိုးဖြစ်သူက တစ်ဦးတည်းသော သားဖြစ်ခဲ့ကာ မိသားစု၏ ထိုစဉ်က ခေါင်းဆောင်လည်း ဖြစ်ပေသည်။

သူတို့၏မိဘများ မတော်တဆမှုဖြစ်ပြီးချိန်တွင် ရှောင်ရှီမှာ အသက်ကိုးနှစ်ပြည့်ပြီးစဖြစ်ကာ ရှောင်ချန်သည်လည်း ခြောက်နှစ်သားအရွယ်သာ ရှိသေးသည်။

ကလေးနှစ်ယောက်မှာ ဆွေမျိုးသားချင်းများ ရှိသော ကြောင့် မိဘမဲ့ဂေဟာသို့ ပို့၍ မရပေ။ အဘိုးနှင့် အဘွားမှ မိသားစုဝင်များအားခေါ်ကာ ကလေးနှစ်ယောက်အား မည်သို့ ပျိုးထောင်မည်ကို ဆွေးနွေးခဲ့ကြသည်။

အတိတ်တွင် အကူအညီလိုခဲ့စဉ်က သူတို့ ၏အဖေအား မောင်နှမဆိုသည့်ခေါင်းစဥ်ကို နှုတ်က မချခဲ့သည့် ဦးလေးနှင့် အဒေါ်များမှာ သူတို့၏ မိဘများသေဆုံးပြီးနောက် ထိုကလေးငယ်နှစ်ဦးအား ပျိုးထောင်ရမည်ဟု ကြားရချိန်တွင် အသံပင် မထွက်ကြတော့ပေ။

သူတို့၏ မိဘများအား တိုက်ခဲ့သည့် ယာဉ်ပိုင်ရှင်မှာ နယ်ခံစက်ရုံပိုင်ရှင်တစ်ဦးဖြစ်ခဲ့သည်။ သူက သူတို့၏ မိသားစုများထံသို့ သွားကာ သီးသန့်ဆွေးနွေးချင်ကြောင်း ပြောခဲ့လေ၏။

ထို့နောက် လျော်ကြေးအနေဖြင့် ယွမ်နှစ်သိန်းပေးမည်ဖြစ်ကြောင်း ပြောလာခဲ့သည်။

ယွမ်တု ရွာသားများအတွက်တော့ လွန်ခဲ့သည့် ဆယ်နှစ်ကျော်က ယွမ်နှစ်သိန်းဆိုသည်မှာ များပြားလှသည့် ငွေပမာဏပင်ဖြစ်ခဲ့သည်။

အစပိုင်းတွင် အဘိုးဖြစ်သူက ရဲစခန်းတိုင်ရန်သာ အားသန်ခဲ့သော်လည်း ဦးလေးများနှင့် အဒေါ်တို့က ဇွတ်အတင်းငြင်းဆန်ခဲ့ကြသည်။ သူတို့၏ မိဘများကလည်း သေပြီးဖြစ်ကာ ပြန်မလာနိုင်ကြောင်း၊ ကလေးနှစ်ဦးကို ပျိုးထောင်ရန်အတွက် ငွေလိုအပ်ကြောင်း ဇွတ်ပြောခဲ့ကြသည်။

နောက်ဆုံးတော့ အဘိုးအိုသည်လည်း အသံတိတ်သွားခဲ့ကာ ဆင်းရဲနွမ်းပါးသော အိမ်ငယ်လေးနှင့် ပိန်လှီချိနဲ့နေသော မြေးငယ်များကို ကြည့်ကာ ခေါင်းငြိမ့်ခဲ့တော့သည်။

မည်သည်ကိုမျှ မသိနားမလည်သေးသည့် ရှောင်ရှီနှင့် ရှောင်ချန်တို့၏ အနာဂတ်သည်ကား ထိုသို့ ဆုံးဖြတ်ခံခဲ့ရသည်။

ထိုဆွေမျိုးမိသားစုများက သူတို့မိဘများ၏သေဆုံးခြင်းမှရရှိခဲ့သည့်လျော်ကြေးငွေဖြင့် ကလေးငယ်များအား အတူပျိုးထောင်ဖို့ပြောခဲ့ပြီး အစ်ကိုဖြစ်သူ၏ ကလေးနှစ်ဦးကို မည်သည့်အချိန်တွင်မှ ဒုက္ခမရောက်စေရဟု ကတိကဝတ်များ အထပ်ထပ်ပြုခဲ့ကြသည်။

သို့သော် ကလေးငယ်နှစ်ဦးမှာ မသေရုံတမယ်သာ ဝတ်ရ၊စားရခဲ့ကြသည်။ ဝမ်းကွဲမောင်နှမများ အသားစားနေချိန်တွင် သူတို့ကတော့ ဆန်ပြုတ်သာ သောက်ခဲ့ရသည်။

မုန့်ဖိုးဆိုသည်မှာ အဝေးကြီးတွင်သာရှိ၍ အဝတ်အစားများသည်လည်း စုတ်ပြဲနွမ်းဖတ်နေခဲ့သည်။

သူတို့နှစ်ယောက်က အိမ်သန့်ရှင်းရေး၊ ကြက်နှင့်ဘဲများ အစာကျွေးခြင်း စသည့်အလုပ်တို့ကို လုပ်ခဲ့ရသည်။

ထို့အပြင် ထိုမိသားစုများထဲမှ ကလေးများ၏ လှောင်ပြောင်နှိမ့်ချခြင်းကိုလည်း ခံခဲ့ရသည်။

တစ်နှစ်ကြာပြီးနောက်တွင် မောင်နှမနှစ်ယောက်မှာ သူတို့၏ ဦးလေးများ ပြောနေသည့် စကားအား တစ်စွန်းတစ်စကြားလိုက်ရသည်။

ရွာတွင်ရှိနေသည့် လူပျိုကြီးတစ်ဦးက ရှောင်ချန်အား သားအဖြစ်မွေးစားချင်ကြောင်း၊ မွေးစားသည့် အဖိုးအခအနေဖြင့် မိသားစုများအား ယွမ်ငါးသောင်းပေးမည်ဖြစ်ကြောင်း ပြောနေခဲ့ကြသည်။

ထိုဦးလေးနှင့် ဤကလေးနှစ်ဦးက စကားများခဲ့ကြကာ နောက်ဆုံးတွင်ကလေးငယ်နှစ်ဦးက အားကိုးရာအဖြစ် အဘိုးဖြစ်သူထံသို့ ပြေးလွှား၍ တိုင်ခဲ့ကြသည်။

သူတို့ မောင်နှမနှစ်ယောက် မည်သည့်အချိန်တွင်မှ ခွဲခွာမည်မဟုတ်ကြောင်း ငိုယို၍ ပြောခဲ့ကြသည်။

အဘိုးဖြစ်သူသည်လည်း ဒေါသထွက်ကာ ထိုကိစ္စအား သဘောမတူခဲ့ပေ။

သို့သော် ကလေးငယ်များ၏ ဘဝသည် ထိုအချိန်မှစ၍ ပို၍ပင် ခက်ခဲကြမ်းတမ်းခဲ့ရသည်။

ကျောင်းစာအုပ်ဖိုးတောင်းသည့်အချိန်က ရှက်စရာအကောင်းဆုံးအချိန်ဖြစ်ခဲ့ရသည်။

ဦးလေးနှင့် အဒေါ်တို့က ကလေးနှစ်ဦးအား ပိုက်ဆံများခိုးယူတတ်ကြောင်း၊ ကလေးတစ်ယောက်ကို ပျိုးထောင်ရသည်မှာ ငွေအင်မတန်ကုန်ကြောင်း လူအများကြား အော်ဟစ်ဆူပူကြသည်။

သို့သော် ထိုဦးလေးများနှင့်အဒေါ်က လွန်ခဲ့သည့် နှစ်အနည်းငယ်တုန်းက ‘သူတို့ရှာဖွေခဲ့သည့် ငွေများ’ဖြင့် အိမ်အသစ်ဆောက်၊ ပစ္စည်းအသစ်များ ဝယ်ယူခဲ့ကြသည်ကို သူတို့ မြင်နေခဲ့ရသည်။

‘ကလေးများ၏ အနာဂတ်’အတွက် မိဘများမှ ချန်ထားခဲ့သော ငွေများသည်လည်း အခြားသော မြေးများအတွက် ‘ချေးငှား’ပေးလိုက်ရသည်။

အဘိုးဖြစ်သူမှာ အခြားမြေးများအတွက် စိတ်မကောင်းသောကြောင့် ထိုအပြုအမူများကို လျစ်လျူရှုထားခဲ့သော်လည်း ကူရာကယ်ရာမဲ့သည့် မောင်နှမနှစ်ယောက်၏ နှလုံးသားများကတော့ အသည်းခိုက်အောင် နာကျင်ခဲ့ရသည်။

ရှောင်ရှီအထက်တန်းကျောင်း ပြီးဆုံးချိန်တွင် သူမ၏ အဆင့်ကကောင်းမွန်လွန်းသောကြောင့် တက္ကသိုလ်ကောင်းကောင်းတွင် တက်ခွင့်ရနိုင်သည်။

သို့သော် ကျူရှင်ကြေးများ သွင်းရမည့်အချိန်တွင် မိသားစုမှ အဒေါ်ဖြစ်သူက သူမအား ကောလိပ်ဆက်မတက်သင့်တော့ကြောင်းနှင့် ရွာထဲတွင် သူမနှင့် လက်ဆက်ရန် သတို့သားကောင်းကောင်း ရှာထားပေးကြောင်း ဆိုလာခဲ့သည်။

အန်တီ: “ငါတို့က အဲဒီလောက်ပိုက်ဆံကို ပေးနိုင်မယ်လို့ ထင်နေတာလား? ညည်းတို့ မောင်နှမနှစ်ယောက်ကို ပျိုးထောင်ရတာ ဘယ်လောက်အကုန်အကျများလည်းဆိုတာကိုရော သိရဲ့လား? အဲဒီယွမ်နှစ်သိန်းကို ထည့်ပြောမနေနဲ့တော့၊ ယွမ်နှစ်သိန်းက အခုချိန်မှာ ဘာမှ လုပ်မရတော့ဘူး၊

ပြီးတော့ ညည်းက မိန်းမပဲလေ၊ စာအုပ်တွေ အများကြီးဖတ်လို့ ဘာအကျိုးရှိမှာလဲ? နောက်ဆုံးကျရင်လည်း ယောင်္ကျားယူမှာပဲကို၊ ငါ ညည်းကို မိတ်ဆက်ပေးမယ့် သူက ဒုတိယအဆင့်တက္ကသိုလ် ဘွဲ့ရတာကိုပဲ မကြည့်နှင့် ၊ သူ့ရဲ့ မိသားစုက ကျိကျိတက်ချမ်းသာတာ၊ ညည်းရဲ့ရုပ်လေးက နည်းနည်းလောက်လှပနေတယ်ဆိုရင်တောင်မှ ဟိုက ညည်းထက်အများကြီးသာတယ်..”

ထိုစကားကို ကြားလိုက်ရသည့် ရှောင်ရှီမှာ ဒေါသများထွက်လွန်း၍ အသားများပင် ဆတ်ဆတ်တုန်ကာ မျက်ရည်များ စီးကျလာခဲ့သည်။

ထို့နောက်တွင် သူမ အံကို ကြိတ်ရင်း မောင်ဖြစ်သူ၏ လက်ကိုဆွဲကာ တောင်ပေါ်ရွာမှ ထွက်လာခဲ့တော့သည်။

သူမ၏ ယခင်အထက်တန်းကျောင်းဆရာထံမှ ငွေချေးကာ မောင်နှမနှစ်ယောက် နေထိုင်ရန် အခန်းငှား၍ သူမ နွေရာသီတွင် အချိန်ပိုင်းအလုပ်လုပ်ခဲ့ပြီး  ကျူရှင်ကြေးအတွက် ငွေရှာခဲ့သည်။

ထိုနှစ်များတွင် သူမ၏ ကျူရှင်ကြေးနှင့် ရှောင်ချန်၏ ကျူရှင်ကြေးတို့အား သူမ၏ အချိန်ပိုင်းအလုပ်များနှင့် နွေရာသီအလုပ်တို့မှ ရှာဖွေခဲ့ရသည်။

ရှောင်ချန်က မျက်ရည်များကြောင့် မောဟိုက်နေကာ အသံများသည်လည်း တုန်ယင်နေခဲ့သည်။

“ကျွန်တော့်ရဲ့အစ်မနဲ့ ကျွန်တော်က ငယ်တည်းက အသားတစ်ဖတ်လေးတောင် မစားခဲ့ရဘူး၊ အိမ်အလုပ်တွေ အကုန်လုပ်ပေးခဲ့တာတောင် သူတို့က ကျဲကို အသုံးချချင်ကြသေးတယ်၊

အဲလိုလူမျိုးတွေကို ကျွန်တော်က ဆွေမျိုးအဖြစ်သတ်မှတ်ထားရမှာလား? သူတို့ကို မြင်တာနဲ့ရွံလွန်းလို့ အန်ချင်မိတယ်၊ ဘာလို့ သူတို့သေတယ်ဆိုတာနှင့် ကျွန်တော်က သွားပြီး ငိုပြနေရမှာလဲ!?”

ထိုသူတို့က သူတို့၏ သေဆုံးသွားသည့် မိဘများအကြောင်းကို တွင်တွင်ပြောကာ သူတို့မောင်နှမတွင် အရိုအသေမရှိကြောင်း၊ ဝတ္တရားကို မသိတတ်ကြောင်း၊ သူတို့၏မိဘများမှာ သူတို့ကြောင့် မြေအောက်ကမ္ဘာတွင် ဘိုးဘေးများ၏ ဆူပူဆဲဆိုခြင်းကို ခံရမည်ဖြစ်ကြောင်း အဆက်မပြတ် ပြောဆိုနေခဲ့ကြခြင်းကြောင့်သာ သူတို့ ရွာပြန်ခဲ့ကြခြင်းဖြစ်သည်။

“ဒီတော့ မင်းရင်ထဲမှာ အမုန်းတရားက အမြဲရှိနေခဲ့တယ်၊ မင်း သူတို့ကို မုန်းတယ်၊ အဲ့ဒီအမုန်းတွေက မြေမမြှုပ်ခင် တစ်ရက်အလို၊ အခေါင်းတလားကို လှည့်ပတ်ချိန်မှာ ထိပ်ဆုံးကိုရောက်သွားခဲ့တာပဲ”

ရှောင်ချန် ကုကျစ်စုန့်အား စိုက်ကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။

“အမှန်ပါပဲ၊ သူတို့တွေ တစ်ယောက်ချင်းစီက အရှက်မရှိဘဲနဲ့ ရွံမုန်းစရာကောင်းတယ်လို့ ခံစားရတယ်!”

သူတို့၏ တောင်ပေါ်ရွာလေးတွင် အခေါင်းတလားအား လှည့်ပတ်ခြင်း အခမ်းအနား၌ နောက်ထပ်အခမ်းအနားတစ်မျိုး ရှိနေသေးသည်။

ထိုအရာသည်ကား သေဆုံးသူ၏ အခေါင်းရှေ့တွင် ကြေးဖလားတစ်လုံးချထားခြင်းဖြစ်သည်။

တောက်ကျန့်၏ ဦးဆောင်မှုဖြင့် အခေါင်းတလားအား လှည့်ပတ်နေချိန်တွင် မျိုးဆက်သစ်များသည် ဖလားတွင်းသို့ လှည့်ပတ်နေရင်း ငွေသားများ ထည့်ခဲ့ကြရသည်။

ထိုဓလေ့မှာ သေဆုံးသူအား မြေအောက်ကမ္ဘာတွင် ချမ်းသာကြွယ်ဝစေရန် ကောင်းချီးပေးခြင်းအတွက် ဖြစ်သည်။

ဖလားထဲသို့ ငွေများများထည့်လေ၊ ချမ်းသာလေလေဖြစ်သည်။

ထို့ကြောင့် ဤနည်းကို ရွှေဖလားသို့ ပြောင်းလဲခြင်းဟုလည်း ခေါ်ကြသည်။

နောက်ပိုင်းတွင် တောက်ကျန့်မှ ရွှေဖလားတွင်းရှိ ငွေသား သုံးဆယ်ရာခိုင်နှုန်းအား လုပ်အားခအဖြစ် ယူမည်ဖြစ်ကာ ကျန်ငွေများကိုတော့ အခေါင်းထမ်းရာတွင်၊ သို့မဟုတ် ဧည့်သည်များအား ဧည့်ခံရန် ငွေအဖြစ် အသုံးပြုမည်ဖြစ်သည်။

ရွာ၏ ရှေ့တွင် မိသားစုမှာ မည်မျှချမ်းသာကြောင်း၊ အဘိုးဖြစ်သူအပေါ်တွင် မည်မျှသိတတ်ကြောင်းကို ကြွားဝါချင်၍လည်း ဖြစ်ကောင်းဖြစ်နိုင်လိမ့်မည်။

*

All Chapters