အစစ်အမှန် အရောင်ဖြင့် သရုပ်ဆောင်ခြင်း(2)
Vol. 12 Ch. 113
သူတို့ ပြည်နယ်၏ အိမ်တော်သို့ ဝင်ရောက်လာပြီးနောက် ရက်စက်ကြမ်းကြုတ်နေပြီးဖြစ်သော ပြည်နယ်၏ သခင်မ စစ်ယွီချင်းဖြင့် တွေ့ဆုံခဲ့ကြသည်။
သူတို့က သူမအား အနီးအနားရှိတိုင်းပြည်များသို့ တိုက်ခိုက်ဖို့အတွက် စစ်တပ်များကို မစေလွှတ်ရန် နားချဖျန်ဖြေချင်ခဲ့ကြသည်။
သို့သော် ငယ်ရွယ်ကာ အားနည်းနေဆဲဖြစ်သော သူတို့အဖွဲ့မှာ ပလ္လင်ပေါ်တွင် ထိုင်နေသော အမျိုးသမီးအား မြင်ပြီးနောက် စစ်ယွီချင်း၏ အရှိန်အဝါအား ကြောက်ရွံ့တုန်လှုပ်သွားခဲ့ကြလေသည်။
သူတို့အားလုံးက ဖျန်ဖြေသူများသာ ဖြစ်သော်ငြား နောက်ပိုင်းတွင် ယွီချင်း၏ နှုတ်ပိတ်ခြင်းအား ခံခဲ့ရသည်။
ဤအပိုင်းက အရေးကြီးရသည့် အကြောင်းအရင်းမှာ စစ်ယွီချင်းအား ပထမဆုံးအကြိမ် မြင်တွေ့ပြီးနောက် ဇာတ်လိုက်တို့အဖွဲ့မှ ပထမဆုံးအနေဖြင့် စိတ်ပိုင်းဆိုင်ရာ ချိုးဖျက်ခံလိုက်ရခြင်းကြောင့်သာဖြစ်ချေသည်။
ဤအချက်ကြောင့်ပင် သူတို့က ပို၍ သန်မာလာအောင် လေ့ကျင့်ရန် ဆုံးဖြတ်ခဲ့ကြခြင်းပင် ဖြစ်သည်။
စာအုပ်ထဲတွင် ရေးသားထားသော ဖိနှိပ်တင်းကြပ်သည့် ကိုယ်အရှိန်အဝါဆိုသည်က မျက်နှာကို သုန်မှုန်ပြပြီး အကြည့်စူးစူးဖြင့် စိုက်ကြည့်နေရုံမျှနှင့် ပီပြင်အောင် သရုပ်ပေါ်လွင်စေမည့် အရာမျိုးမဟုတ်ပေ။
စစ်ယွီချင်း၏ ကိုယ်အရှိန်အဝါမှ လုံလောက်သောစွမ်းအင်မရှိပါလျှင် ထိုစွမ်းအင်ကြောင့် ဖိနှိပ်ခံလိုက်ရသည့် ဇာတ်လိုက်တို့အဖွဲ့သည် လူပြက်များသာသာပင် ဖြစ်သွားပေလိမ့်မည်ဖြစ်သည်။
ယန်ချီက ကုကျစ်စုန့်၏ သရုပ်ဆောင်ပညာအား မမြင်ဖူးသည်တော့ မဟုတ်ပေ။
စာလုံးအနည်းငယ်ကိုပင် ဒါရိုက်တာလျို့မှ ထပ်ခါထပ်ခါ သင်ပေးခဲ့ရပြီး လှုပ်ရှားမှုများသည်လည်း အသက်မပါဘဲ တောင့်တောင့်တင်းတင်း ဖြစ်နေတတ်သည်။
သူ့အနေဖြင့် ဤအပိုင်းကဲ့သို့ ပညာသားပါပါ စွမ်းအားပြင်းပြင်းဖြင့် သရုပ်ဆောင်ရမည့် အပိုင်းမျိုးအား ကုကျစ်စုန့်တစ်ယောက် အဆင်ပြေချောမွေ့စွာ သရုပ်ဆောင်နိုင်လိမ့်မည်ဟု မထင်ပါချေ။
လက်ထောက်ဖြစ်သူသည်လည်း အံ့ဩသွားခဲ့သည်။
“ငါထင်တာတော့ ဒါရိုက်တာလျို့လည်း ကြိုပြီး လေ့ကျင့်ချင်တဲ့ သဘောမျိုးဖြစ်မယ်ထင်ပါတယ်၊ သိပ်ပြီး စိတ်လှုပ်ရှားနေဖို့ မလိုပါဘူး၊ သူ့ဘာသာသူ သရုပ်ဆောင်ပါစေ”
ယန်ချီလည်း ထိုသို့ပင် တွေးမိသည်။
အစပိုင်းမှ ဇာတ်လိုက်များမှာ မြေစာမြက်ပေါက်လေးများသာဖြစ်သည်ကြောင့် သူတို့က အနည်းငယ် ပုံစတကျမရှိကြသေးပေ။
မိတ်ကပ်နှင့် ဆံပင် အနည်းငယ်ပြုပြင်ရုံလောက်သာ လိုအပ်ပြီး အချိန်သိပ်မကြာလိုက်ပါချေ။
သူ ယွီထုန်လျှို့နှင့် အခြားဇာတ်ပို့များနှင့် အတူ ဇာတ်ညွှန်းအနည်းငယ်တိုက်လိုက်ပြီးနောက် လျို့ကျင်းမှ စတင်ကြောင်း အော်လိုက်ပြီး ပြည်နယ်အုပ်ချုပ်သူထံသို့ လျှောက်သွားရန် ပြောလာသည်ကို ပြားလိုက်ရသည်။
နောက်လိုက်ကင်မရာများ ဝန်းရံထားသည်ကို မြင်လျှင် ယန်ချီတစ်ယောက် သရုပ်ဆောင်နေရင်းဖြင့် ဇာတ်ကွက်အတိုင်း စကားပြောနေလျက် စိတ်ထဲတွင် တွေးလိုက်မိသည်။
‘ဒါက တကယ်ကို အတည်ရိုက်နေတာလား? ဒါရိုက်တာလျို့က ခံစားချက်တစ်ခုခု ရှာချင်လို့များလား?’
ဇာတ်လိုက်အဖွဲ့ ခန်းမထဲသို့ လျှောက်ဝင်သွားကာ အလယ်တွင် ရှိနေသော ပလ္လင်ထံသို့ လျှောက်သွားချိန်တွင် ယန်ချီတစ်ယောက် အဝေးမှ ပလ္လင်ပေါ်ရှိ အနီရောင်အရိပ်လေးကို မြင်တွေ့လိုက်ရသည်။
အမျိုးသမီးငယ်မှာ ပုခုံးနေရာတွင် အဖြူရောင်ငှက်မွှေးများဖြင့် အလှဆင်ထားသော အနီရောင်ဝတ်ရုံအား ဝတ်ဆင်ထားသည်။
လျို့ကျင်းဖန်တီးပြင်ဆင်ထားသော အလင်းနှင့် အမှောင်ထိတွေ့မှုတို့ကြောင့် အရောင်များကြားမှ ခြားနားမှုအား သိသာပေါ်လွင်နေစေခဲ့သည်။
ယန်ချီစိတ်ထဲတွင် တီးတိုးပြောလိုက်မိသည်။
ဒါရိုက်တာလျို့မှာ နိုင်ငံတကာတွင် ကျော်ကြားသည့် ဒါရိုက်တာဖြစ်သည်မှာ မထူးဆန်းတော့။ ယခု ဤနေရာ၏ အနေအထားသည် ရုတ်တရက်ကြည့်လိုက်လျှင်ပင် အရှိန်အဟုန် ပြင်းထန်လာသကဲ့သို့ပင် ခံစားရစေသည်။
ထိုအချိန်တွင် သူသည်လည်း ပလ္လင်ပေါ်မှ ‘စစ်ယွီချင်း’အား စိတ်ထဲတွင် သဘောမကျ၊ မနှစ်မျို့စိတ်သာလျှင် ရှိပြီး ဇာတ်ညွှန်းစာသားအား ပြောလိုက်သည်။
“ကျွန်တော်မျိုးတို့ ပြည်နယ်ရဲ့ အရှင်မနဲ့ တွေ့ခွင့်ရပါပြီ၊ ကျွန်တော်မျိုးက အရှေ့ပြည်နယ်က….”
သူပြောနေသည့်အချိန်အတွင်း ပလ္လင်ပေါ်မှ အမျိုးသမီးက သူ၏စကားသံကြောင့် ပိတ်ထားသည့် မျက်လုံးအား ဖြည်းညင်းစွာ ဖွင့်ဟလာခဲ့သည်။
ပုခုံးနှင့် လည်ပင်းအား ညင်သာစွာ ရွေ့လိုက်ချိန်တွင် သူမ မျက်နှာဘေးမှ ဆံမြိတ်လေးများ လှုပ်ခါသွားလေ၏။
သူမ၏ ခေါင်းအား မော့လိုက်ချိန်၌ အေးစက်နေသော ဖီးနစ်ငှက်မျက်လုံးများက ပလ္လင်အောက်မှ အမျိုးသားငယ်နှင့် အမျိုးသမီးငယ်တို့အား စိုက်ကြည့်နေခဲ့သည်။
ထိုအချိန်တွင် သူမ၏ ပတ်လည်၌ဝိုင်းရံနေသော ကိုယ်ရှိန်ကိုယ်ဝါများက စီးဆင်းနေသကဲ့သို့ ခံစားနေရကာ သူမ၏ မျက်ဆံများက နက်ရှိုင်းကာ မည်းနက်လွန်းနေခြင်းကြောင့်ပေလောမသိသော်လည်း ယန်ချီတစ်ယောက် တောရိုင်းတိရိစ္ဆာန်တစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံနေရသကဲ့သို့ ထိတ်လန့်သည့် ခံစားချက်များက ဦးရည်မှတဆင့် အရိုးများထဲအထိ စိမ့်ဝင်သွားကာ တောင့်တင်းအေးစက်သွားရသည်။
ယန်ချီ၏ မျက်နှာအမူအယာများပျက်သွားရကာ ခေတ္တခန့် သူ စကားများ ဆွံ့အသွားခဲ့သည်။
သူ၏ ပရိသတ်များက သူ့ဇာတ်ကောင်များ၏ ဗီဒီယိုများအား edit လုပ်ကာ သူ၏ သရုပ်ဆောင်စွမ်းရည်မှာ ကောင်းမွန်လွန်းသည်ကြောင့် စာအုပ်ထဲမှ ကာရိုက်တာ ခုန်ထွက်လာသည်ဟုပင် ထင်ရကြောင်း မကြာခဏပြောဆိုခဲ့ကြသည်။
ယခုအချိန်တွင် သူလည်း ထိုကဲ့သို့ ခံစားနေရသည်။
စာအုပ်ထဲတွင် ပြည်နယ်၁၃ခုအား စစ်မီးရှို့ကာ နှောင့်ယှက်ခဲ့သူ၊ ကျက်သရေရှိစွာ အဆင့်အတန်းမြင့်သည့် မိန်းမလှ စစ်ယွီချင်းသည် သူတို့အား တည်ငြိမ်၍ ပျင်းရိစွာ၊ အိပ်နေရာမှ နိုးလာသော ခြင်္သေ့တစ်ကောင်ကဲ့သို့ ကြည့်နေခဲ့ကာ သူတို့၏ အဓိပ္ပါယ်မရှိသော ဖျောင်းဖြစကားများအား နားထောင်နေခဲ့သည်။
ထိုကဲ့သို့သော ဖိနှိပ်ခံရသည့် ခံစားချက်မျိုးက သူ တိတ်တဆိတ် အထင်သေးခဲ့သော ကုကျစ်စုန့်ထံမှ ထွက်ပေါ်နေခဲ့သည်။
ဇာတ်ဝင်ခန်းမန်နေဂျာနှင့် ဒါရိုက်တာတို့မှ ဘေးဘက်ကနေ၍ အမူအယာများ ပြနေမှသာလျှင် ယန်ချီ အသိပြန်ဝင်လာကာ ခေါင်းကိုငုံ့၊ လက်ကို ဆုတ်၍ သူ၏ ဇာတ်ညွှန်းစာသားများ ဆက်၍ ပြောတော့သည်။
သူ၏ ကောင်းမွန်သော သရုပ်ဆောင်စွမ်းရည်နှင့် လျှင်မြန်သော တုံ့ပြန်မှုတို့ကြောင့်သာ ပုံမှန်ကဲ့သို့ ပြောဆိုသရုပ်ဆောင်နိုင်နေသော်လည်း ယန်ချီတစ်ယောက် သူဖိနှိပ်ခံလိုက်ရကြောင်းကို သူသာလျှင် အသိဆုံးဖြစ်ပေသည်။
မည်သို့သော အကြောင်းရင်းကြောင့် ဖြစ်ပါစေ၊ ရွှေတံဆိပ်ဆု ၃ဆုရှင်၊ ရုပ်ရှင်တို့၏ ကြယ်ပွင့်ဖြစ်သည့် သူသည် တက်သစ်စမင်းသမီးနှင့် သရုပ်ဆောင်ရာတွင် အမှားအယွင်းဖြစ်တော့မလို ဖြစ်ခဲ့ရသည်။
ပြောရမည်ပင် ရှက်ရွံ့ဖွယ်ကောင်းလွန်းပေသည်။
ယန်ချီတစ်ယောက် ဆက်၍ ရိုက်ကူးနေသော်လည်း အနည်းငယ် စိတ်လွတ်နေခဲ့သည်။
လျို့ကျင်းလည်း သူ၏ ပြဿနာအား မြင်ခဲ့ပြီး လက်ကို မြှောက်၍ ရပ်ခိုင်းလိုက်ပြီးနောက် သူ့အား လက်ယပ်ခေါ်လိုက်သည်။
ယန်ချီ အနားရောက်လာချိန်တွင် လက်ထောက်ဒါရိုက်တာနှင့် အခြားသူများက ယခုရိုက်ကူးလိုက်သော အပိုင်းအား ပြန်ကြည့်နေကြသည်ကို မြင်လိုက်ရသည်။
မျက်နှာပြင်တွင် ပေါ်နေသည်မှာ ကုကျစ်စုန့်အား မျက်နှာမူထားသော အခြားကင်မရာမှ အနီးကပ်ဆွဲရိုက်ထားခြင်းပင်ဖြစ်သည်။
သူမက ခေါင်းကို အေးဆေးတည်ငြိမ်စွာ မော့လိုက်ချိန်၊ ဇာတ်လိုက်အဖွဲ့နှင့် စကားပြောနေချိန်တို့တွင် သူမ၏ သရုပ်ဆောင်စွမ်းရည်သည် သဘာဝကျလွန်းလှသည်။
ကင်မရာထဲတွင် ကုကျစ်စုန့်၏ မျက်နှာအား အနီးကပ်ချဲ့မြင်နေရသော်ငြား သူမ၏ အလှမှာ မပျက်ယွင်းသည့်အပြင် ပို၍ပင် သက်ရောက်မှု ပြင်းထန်လှသည်။
မျက်လုံးများက အေးစက်ကာ ဖိနှိပ်သည့် ဟန်ပန်၊ အမူအယာသေးသေးများ၊ တုံ့ပြန်မှုနှင့် လေသံတို့သည် သူမသည်က မွေးကတည်းမှ ပြည်နယ်တစ်ခုလုံးအား အုပ်ချုပ်အမိန့်ပေးရန် မွေးဖွားလာသကဲ့သို့ သဘာဝကျလွန်းလှသည်။
သူမ၏ ဟန်ပန်က မာနကြီးကာ ဂုဏ်မောက်နေသယောင်ပင်။
ယန်ချီအား သူမ စိုက်ကြည့်နေလေလေ၊ သူပို၍ ထိတ်လန့်လာလေပင်ဖြစ်သည်။
ထိုအချိန်တွင် လျို့ကျင်းမှ :
“ယန်ချီ၊ မင်းအခု ဘယ်လို ဖြစ်သွာလဲ? နောက်ကနေ ဒီစကားနဲ့ ဒီအပိုင်းတွေကို ပြောရမယ်လေ”
ယန်ချီ ချက်ချင်းမတုံ့ပြန်နိုင်ပေ။
သို့သော် လျို့ကျင်းနားလည်သည်။
သူကိုယ်တိုင်လည်း အံ့အားသင့်ခဲ့ရသည်လေ။
ကုကျစ်စုန့်အား ကင်မရာမှ ကြည့်လိုက်မိလျှင် သူမသည်ကား သရုပ်ဆောင်စွမ်းအင်မြင့်သည့် တော်ဝင်မျိုးနွယ်တစ်ဦးဟု ထင်မှတ်မိစေသည်။
သူမတွင် သရုပ်ဆောင်စွမ်းရည်မရှိဟု မည်သူက ပြောသည်နည်း။
ယခင်က ဒါရိုက်တာများက သင်ပြမပေးနိုင်သည့် လူများသာလျှင် ဖြစ်ရမည်။
“ယန်ချီ၊ မင်းက ဝါရင့်သရုပ်ဆောင်လေ၊ ပြန်ပြီး တွေးကြည့်ပါဦး၊ ဒါကို ပြန်ရိုက်သင့်၊မရိုက်သင့်ဆိုတာကို.. လူသစ်တွေတောင် တိုးတက်နေပြီဆိုတော့ ငါတို့က နောက်ကောက်ကျကျန်ခဲ့လို့ မဖြစ်ဘူးလေ”
တဖြည်းဖြည်း အသိပြန်ဝင်လာသော ယန်ချီတစ်ယောက် အနည်းငယ်ရှက်သွားသည်။ အမှန်တကယ်ပင် သူ့ကြောင့်သာ ပြန်လည်ရိုက်ကူးရမည့်အခြေအနေ ဖြစ်နေခဲ့သည်။
ထိုအချိန်တွင် သူ၏ ကုကျစ်စုန့်အပေါ်ထားသည့် အတွေးအမြင်တို့ ပြောင်းပြန်လှန်သွားခဲ့သည်။
ယန်ချီထင်သည်မှာ ဤမျှ အချိန်တိုလေးတွင် ကုကျစ်စုန့် ဤမျှ တိုးတက်လာသည်မှာ သူမသည် အနားယူနေသော အချိန်တစ်လတွင် သရုပ်ဆောင်စွမ်းရည်မြင့်မားစေရန် သေချာကြိုးစားအားထုတ်ခဲ့ခြင်းသာ ဖြစ်လိမ့်မည်ဟုပင်။
ယွီထုန်လျို့ ပြောသည်မှာ အမှန်ပင်ဖြစ်သည်။ ကုကျစ်စုန့်မှာ အင်တာနက်ပေါ်မှ ပြောကြသည့်စကားများအတိုင်း မဟုတ်ပေ။
ရုပ်ရှင်အသိုင်းအဝိုင်းမှ သရုပ်ဆောင်ဟောင်းအနေဖြင့် သူသည်ကား ရရှိခဲ့သော ဆုလာဘ်များကြောင့် ယခုနှစ်များတွင် အားထုတ်မှုနည်းကာ သူ၏ အတွေးများသည်လည်း စိတ်လောနေခဲ့သည်။
ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက သူ့အနေနဲ့ လူသစ်များ၏ ကျော်တက်ခြင်းခံရမည်မှာ ဧကန်မုချပင်ဖြစ်သည်။
“ဒါရိုက်တာလျို့၊ ကျွန်တော် ခုနတုန်းက သိပ်ပြီး အသေအချာမလုပ်လိုက်ရဘူး၊ ကျွန်တော်တို့ ပြန်ရိုက်ကြရအောင်လေ၊ ဒီတစ်ခေါက်တော့ မမှားစေရတော့ပါဘူး”
လျှို့ဂျင် ပြုံးနေရင်း လက်ခါပြသည်။
“မင်းတို့ ပထမဆုံးတွေ့တဲ့ အပိုင်းကိုတော့ ပြန်ရိုက်ဖို့မလိုဘူး၊ မင်းရဲ့ အမှန်တကယ်ကို အံ့ဩသွားတဲ့ အမူအရာက သရုပ်ဆောင်တာတွေထက် ပိုပြီးတော့ ကောင်းတယ်၊ ဇာတ်လိုက်တွေ စစညယွီချင်းကို ပထမဆုံးစတွေ့တဲ့ အချိန်မှာ အဲဒီလို အမူအယာမျိုး ဖြစ်နေရမှာ၊ စိတ်မပူနဲ့ အဲဒါက လုံးဝအိုဗာမဖြစ်ဘူး”
“ဒါပေမယ့် ကျန်တဲ့ စကားပြောခန်းတွေကတော့ ပြန်ရိုက်ရမယ်”
ယန်ချီ ရိုက်ကူးရေးသို့ ပြန်ဝင်လာသည်နှင့် ပြင်ဆင်ရပ်နားခြင်းများ ပြုလုပ်ပြီးနောက် အရေးအကြီးဆုံးအပိုင်းအား ရိုက်ကူးခြင်း အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။
ကုကျစ်စုန့် သက်ပြင်းချကာ ထိုင်စရာနေရာ ရှာမတွေ့သေးခင်မှာပင် ဘေးမှ တစ်ယောက်ယောက်ခေါ်သံအား ကြားလိုက်ရလေသည်။
သူမ ခေါင်းလှည့်ကြည့်လိုက်ချိန်တွင် ရိုက်ကူးရေးအဖွဲ့မှ စီနီယာသရုပ်ဆောင်က သူမအား လေးစားသည့် အကြည့်များဖြင့်ကြည့်ကာ ပြောလိုက်သည်။
“ရှောင်ကု၊ မင်းက သရုပ်ဆောင်ကောင်းသားပဲ၊ အနုပညာလောကထဲ မင်းလိုမျိုး အကြမ်းခံပြီး ကြိုးစားတဲ့ တက်သစ်စတွေ များများရှိရင် သိပ်ကောင်းမှာပဲ”
ကုကျစ်စုန့် : “…?”
သူမ ပုခုံးပေါ်သို့ ပြန်ရောက်နေပြီဖြစ်သော တုန်ယင်းသည်လည်း ချီးကျူးစကားဆိုသည်။
“စုန့်စုန့်၊ မင်းဒီအပိုင်းသရုပ်ဆောင်တာ တော်တော်လေး ကောင်းတယ်၊ မင်းရဲ့ စွမ်းရည်က တော်တော်ကောင်းတာပါပဲ”
သူမ စိတ်ထဲမှ စနစ်ကတော့ ရယ်လွန်း၍ သီးပင်သီးနေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ကုကျစ်စုန့် သရုပ်ဆောင်နေခြင်းမဟုတ်ကြောင်း သူသာ အသိဆုံးပင်ဖြစ်သည်။
သူမ၏ အတိတ်ဘဝတွင် ကုကျစ်စုန့်သည်ကား တောက်ဓမ္မဂိုဏ်း၏ ခေါင်းဆောင်၊ အုပ်ချုပ်သူအစစ်အမှန်ပင်ဖြစ်သည်။
သဘာဝလွန်ပညာရပ်၏ ရှားပါးသော ဉာဏ်ကြီးရှင်၊ ကပ်ဆိုးများအားခြေတစ်ချက်ကန်ရုံဖြင့် ကျော်လွှားနိုင်သူဖြစ်သောကြောင့် တောက်ဓမ္မဂိုဏ်းတစ်ခုလုံးက သူမအား လေးစားကြရသည်။
သူမသည်က သူမ၏ သဘာဝအတိုင်း အမှန်တကယ် သရုပ်ဆောင်နေခြင်းသာဖြစ်သည်။
ထို့အပြင် သူမက သဘာဝလွန်ဖြစ်ရပ်တွင် တစ်ဘက်ကမ်းကျွမ်းကျင်သူဖြစ်သည့်အလျောက် သူမ၏ အသက်ရှူသံနှင့် ပတ်ဝန်းကျင်မှ အရှိန်အဝါတို့က သာမန်လူများထက် တည်ငြိမ်ကာ ထက်မြက်သည်။
သူမက ပုံမှန်ဆိုလျှင် အခြားသူများ မထိခိုက်စေရန် သူမ၏ စွမ်းအားကို သိမ်းထားလေ့ရှိသည်။
ရိုက်ကူးနေစဉ်အတွင်း သူမ၏ စွမ်းအား အနည်းငယ်မျှသာ ထုတ်လွှင့်လိုက်ရဖြင့် သရုပ်ဆောင်စွမ်းရည်ဖြင့် ပြသရခက်ခဲသော ကိုယ်ရောင်အရှိန်အဝါသည်လည့် သဘာဝကျကျ ပေါ်ထွက်လာခဲ့သည်။
အပိုင်းအနည်းငယ် ထပ်မံရိုက်ကူးပြီးနောက် မိတ်ကပ်လိမ်းခြယ်ရသည့် အပိုင်းများ အားလုံးပြီးချိန်တွင် လျို့ကျင်းနှင့် အခြားသူများ ရှာဖွေတွေ့ရှိခဲ့သည်မှာ ကုကျစ်စုန့်သည်ကား နေရာအမြင့်မှ လူတစ်ဦးအနေဖြင့် ‘ဒရမ်မာခံစားချက်’ဝင်သွားပါက သူမသည် အခြားသရုပ်ဆောင်များနှင့် မတူဘဲ ဇာတ်ကောင်နေရာသို့ ချက်ချင်း ဝင်ရောက်စီးမြောနိုင်သည်။
သူမ၏ လုပ်ဆောင်ချက်များနှင့် ဆက်တိုက်ရိုက်ကူးသော အပိုင်းများတွင်လည်း ကောင်းမွန်လွန်းလှသည်။
ကုကျစ်စုန့်မှ မသိသော်ငြား လျို့ကျငနှင့် ဒါရိုက်တာအဖွဲ့တို့၏ စိတ်ထဲတွင် ကုကျစ်စုန့်အပေါ်ထားသည့် အထင်အမြင်များ လုံးဝပြောင်းလဲသွားကာ သူမအား ‘လူသစ်ပါရမီရှင်’အဖြစ် သမုတ်လိုက်ကြပေပြီ။
ကုကျစ်စုန့် မျက်နှာပေါ်မှ မိတ်ကပ်များ ဖျက်ကာ ပုံမှန် အဝတ်အစားများ လဲလှယ်ဝတ်ဆင်ပြီးချိန်တွင် လျို့ကျင်းင အပြုံးပန်းဝေဆာစွာဖြင့် ဝင်လာကာ ပြောလိုက်သည်။
“စုန့်စုန့်၊ ဒီနေ့ ပင်ပန်းသွားရပြီ၊ ငါရိုက်ခဲ့ဖူးသမျှ သရုပ်ဆောင်တွေထဲမှာ မင်းရဲ့ လုပ်ဆောင်နိုင်ရည်ကတော့ အမြန်ဆုံးပဲ၊ ဒါက မင်းက တကယ်တော်တာကို ပြနေတာပဲ”
ကုကျစ်စုန့်: “… …မဟုတ်ပါဘူး၊ ဒါရိုက်တာလျို့ ချီးကျူးလွန်းနေပါပြီ”
“ငါ အခုလာတာက မင်း နောက်ပိုင်းကျရင် ရိုက်ရမယ့် အပိုင်းတွေအကြောင်း ဆွေးနွေးချင်လို့ပဲ၊ စစ်ယွီချင်းရဲ့ အပိုင်းတွေက အချိန်အပိုင်းအခြားနဲ့ ခွဲထားတာလေ၊ ဒီတော့ အချိန်ကာလတစ်ခုရဲ့ ဇာတ်ဝင်ခန်းတွေ အကုန်လုံးကို တစ်ချိန်တည်းမှာ ရိုက်တာက အကောင်းဆုံးဖြစ်လိမ့်မယ်”
*